ငါလည်း ဟိုတယ်လိုက်မယ်
Vol. 96 Ch. 1440
“ အတု အစစ်ကို သံသယ ရှိမနေနဲ့… ဒီလိုဟာမျိုးကို အတုလုပ်ဝံ့ရင် တစ်သက်လုံး ထောင်ထမင်းဟင်း စားနေရုံပဲ…”
လင်းရီ ပြောရန်ပင် မလိုဘဲ ချိန်လီရှန်းသည် အိုင်ဒီ၏ စစ်မှန်မှုကို ယုံကြည်ထားခဲ့ကာ လင်းရီအပေါ် သတိချပ်နေမှုလည်း လုံးဝ ဖြေလျော့ပစ်လိုက်လေသည်။
သို့သော် သူ အလေးပြုတော့မလို လုပ်သည့် အချိန်မှာပဲ လင်းရီက သူ့ကို တားမြစ်လိုက်၏။
“ ရေးကြီးခွင်ကျယ် လုပ်မနေနဲ့… ခင်များ အဲ့လိုလုပ်စရာ မလိုဘူး…”
လင်းရီ အခန်း ၇၀၆ ကို လက်ညိုးထိုးပြလိုက်ပြီး “ ခင်များ ရောက်လာလက်စနဲ့ အထဲက လူတွေကိုပါ တစ်ခါတည်း ခေါ်သွားလိုက်ပါလား.. ဒါပေမယ့် ကျုပ်ရဲ့ အထောက်အထားကို လူတိုင်း သိသွားမှာ မလိုချင်ဘူး… ဒီတော့ လျှို့ဝှက်ထားပေးမယ်လို့ မျှော်လင့်ပါတယ်…”
“ ဒါပေါ့… ဘာလုပ်ရမလဲ ဆိုတာ ငါနားလည်တယ်…”
“ ကောင်းပြီ… ခု ဒီလောက်ပဲ..” လင်းရီ ပြောလိုက်ပြီး “ စကားမစပ် ခင်များတို့ကို ဘယ်သူက ခေါ်လိုက်တာလဲ… ခေါ်တဲ့လူက ဘယ်သူပါဆိုတာ နာမည်ပြောသွားသေးလား…”
“ အဲ့လို ပြောသွားတယ်လို့တော့ မထင်ဘူး… သူပြောသွားတာ ဒီမှာ ဓားကိုင်တဲ့လူ တစ်ယောက်ရှိတယ်… အန္တရာယ် အရမ်း ရှိတယ်… လူလွှတ်ပေးပါ ဆိုပြီး ပြောသွားတာ … ဒါပေမယ့် ဖုန်းဆက်လာတဲ့လူက အမျိုးသားပဲ…”
“ အမျိုးသားလား…” လင်းရီ ရေရွတ်လိုက်ပြီး တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားမိလိုက်သည်။
“ သူ ဖုန်းဆက်လာတုန်းက သံနေသံထား ဘယ်လိုရှိလဲ…”
“ ဘယ်သိမှာ… ရုံးချုပ်က တဆင့် ပြန်ညွှန်ကြားလာခဲ့တာလေ..”
“ အခု ဆက်ပြီး မေးကြည့်လိုက်… ဖုန်းဆက်တဲ့ နံပါတ်ပိုင်ရှင်က ဘယ်သူလဲ ကျုပ်သိချင်တယ်…”
“ အိုကေ…” ချိန်လီရှန်း ဖုန်းထုတ်၍ ရုံးချုပ်ထံ ဖုန်းခေါ်လိုက်သည်။ သူလည်း ဘယ်သူက ရဲခေါ်လိုက်လဲဆိုတာကို သိချင်နေလေသည်။
လင်းရီကတော့ တိတ်ဆိတ်စွာ စဉ်းစားနေလျက် ရှိ၏။
သူသာ စွန်းမန်ကျားနှင့် စကားပြောခဲ့ခြင်း မရှိဘူးဆိုပါက ဤကိစ္စကို ထွေထူးလုပ်၍ ဂရုစိုက်နေမိမည် မဟုတ်ချေ။
သို့သော် စွန်းမန်ကျားတို့ကို ခေါ်လိုက်သည့်လူက နီကျန်းရန် ဖြစ်ကြောင်း သိလိုက်ရတော့ သူ စတင်ပြီး သင်္ကာ မကင်း ဖြစ်လာသည်။ ဤကိစ္စကလည်း နီကျန်းရန်နှင့် တစ်မျိုးတစ်ဖုံ ဆက်စပ်နေလိမ့်မည်လို့ သူ့စိတ်က ခံစားနေရ၏။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ချိန်လီရှန်း ပြန်စာတစ်စောင်ကို ရရှိလိုက်သည်။
“ ခေါင်းဆောင်.. ငါတို့ စုံစမ်းပြီးသွားပြီ…” ချိန်လီရှန်း ပြောလိုက်ပြီး “ ဖုန်းခေါ်လာတဲ့လူက နီကျန်းရန်လို့ ခေါ်တယ်… သူက ပင်းချိန် ဆေးတက္ကသိုလ် ဆေးရုံက နှလုံးခွဲစိတ် ဆရာဝန် တစ်ယောက်ပဲ … သူပြောတာ ဒီမှာ ဓားကိုင်ပြီး လူသတ်မှု ကျူးလွန်နေတဲ့လူကို မြင်တယ်တဲ့ … အဲ့တာကြောင့် ရဲခေါ်လိုက်တာ ပြောတယ်…”
“ တကယ်ကြီး သူကိုး…” လင်းရီ ရေရွတ်လိုက်သည်။
“ ခေါင်းဆောင်… အဲ့လူက ပြဿနာ ရှိနေလို့လား…”
“ အဲ့ဒီ ရဲခေါ်လိုက်တဲ့လူကလည်း လူကောင်းတော့ မဟုတ်ဘူး… သူ့ကိုပါ ဖမ်းပြီး နောင်ကြဉ်သွားအောင် ဒဏ်ခတ်ပေးလိုက်…”
“ မလွယ်လောက်ဘူး ထင်တယ်…”
ချိန်လီရှန်း အခက်တွေ့နေဟန် ရပြီး “ သူရဲခေါ်တာ မှားမှ မမှားတာ…. သူ့ကို ဒီအတွက် ဖမ်းတာကတော့ အဓိပ္ပာယ် ဘယ်ရှိမှာလဲ…”
“ အဲ့ဒီ လူနာခန်းထဲက လူတွေကို သူကပဲ ဆက်သွယ်ခဲ့တာ… သူက တစ်ယောက်ယောက်ကို ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ လူမိုက်တွေကို ဒီခေါ်ခဲ့တာ.. ဒီလောက်ဆို လုံလောက်ပြီလား…”
ချိန်လီရှန်း သုန်မှုန်သည့် မျက်နှာထားဖြင့် ဖြစ်သွားခဲ့ပြီး “ ခေါင်းဆောင် … ဒီကို လာတဲ့လူက လေးယောက်၊ နှစ်ယောက်က မင်း ဓားနဲ့ထိုးထားတယ်… နောက်နှစ်ယောက်ကလည်း ဆိုးဆိုးရွားရွား အရိုက်ခံထားရလို့ သတိလစ်နေတယ်… ဘယ်သူက ဘယ်သူ့ကို ထိခိုက်စေတာ…”
“ အင်း… ဒါက နည်းနည်းတော့ ကိုးရို့ကားယား နိုင်စရာပဲ …” လင်းရီ ရယ်မောလိုက်ပြီး “ ဘာပဲဖြစ်ဖြစ် သူ့ကို အဲ့ဒီ အကြောင်းပြချက်နဲ့ ဖမ်းလို့ ရတာပဲလေ… စစ်မှန်တဲ့ လူမှု အသိုင်းအဝိုင်းကြီးရဲ့ ကြမ်းတမ်းမှုကို ဒီကောင် သဘောပေါက်သွားရတာပေါ့….”
“ အဲ့တာဆိုရင်တော့ ပြဿနာ မရှိဘူး…” ချိန်လီရှန်း မကောင်းဆိုးဝါး ဆန်ဆန် ပြုံးလိုက်သည်။
“ မဆိုးဘူး မဆိုးဘူး… ကျုပ် ခင်များကို မြင့်မြင့်မှန်းထားတယ်…. အနာဂတ်ကျ ရာထူးတိုးမှာ သေချာသလောက်ပဲ…”
သူ ချိန်လီရှန်း၏ ပခုံးကို အားတက်သရော ပုတ်ပေး၍ အန်းနင်ထံ လျှောက်သွားလိုက်သည်။
လင်းရီ ရောက်လာနေသည်ကို မြင်တော့ ကျန်သည့် ရဲအရာရှိများက ရန်လိုလာပြီး လင်းရီကို စူးရဲစွာ စိုက်ကြည့်လိုက်ကြသည်။
“ မင်းတို့ရဲ့ သေနတ်တွေ ချထားလိုက်ကြ… ဒါက အထင်လွဲမှု သပ်သပ်ပဲ… ငါ့နောက်လိုက်ပြီး အထဲက လူတွေကို ဖမ်းကြမယ်…”
ချိန်လီရှန်း၏ စကားလုံးများက ကျန်ရစ်နေခဲ့သည့် ရဲသား တစ်ဒါဇင်ကျော်ကို ကြက်သေသေသွားစေသည်။
ဘာတွေ ဖြစ်သွားခဲ့တာလဲ…
သူက ဒီကိစ္စကို ဆက်မလိုက်တော့ဘူးလား…
“ မင်းတို့ကောင်တွေ ဘာရပ်လုပ်နေကြတာ.. ငါ ပြောတာ မကြားကြဘူးလား… ငါ့နောက် လိုက်ပြီး အထဲက လူတွေကို ဖမ်းဆိုနေ….”
ချိန်လီရှန်း ထပ်မံ အော်ငေါက်လိုက်၏။ ထိုအခါမှပဲ ကျန်သူများက သတိပြန်ဝင်လာကြကာ အထဲသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။ သို့သော် အနည်းငယ်တော့ ကြောင်စီစီ ဖြစ်နေကြလေသည်။
“ အားလုံး ပြီးပြီ.. သွားကြစို့…” လင်းရီ အန်းနင်ကို ပြောလိုက်၏။
ဟင်…
အန်းနင် နှင့် ကျန်းသရုံတို့ မတိုင်ပင်ထားပဲ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်မိကြသည်။
စောနတုန်းကပဲ သူတို့တွေက သေနတ်ကြီးတွေ ဆွဲထုတ်ပြီး လင်းရီကို ဖမ်းမယ် ပြောနေကြတာ မဟုတ်ဘူးလား… ခုက ဘာဖြစ်သွားခဲ့တာလဲ…
ဒါကြီးက ယုတ္တိမတန်လိုက်တာ..
“ နင် အဆင်ပြေသွားပြီဆိုတာ သေချာလို့လား…”
“ တကယ်လို့ တစ်ခုခု မှားယွင်းနေရင် သူတို့က ငါ့ကို လွှတ်ပေးလိုက်ပါ့မလား…”
“ ဒါပေမယ့် သူတို့ သဘောထား ပြောင်းလဲတာကြီးက အရမ်းမြန်လွန်းတယ်.. နင် ဘာတွေ လုပ်လိုက်တာလဲ…”
“ ကောင်းကင်ရဲ့ လျှို့ဝှက်ချက်ဆိုတာ ဖော်ထုတ်လို့ မကောင်းဘူး… မေးခွန်းတွေ သိပ်မမေးနဲ့…”
“ ဟုတ်ပါပြီ… နင် အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ…”
ဤနေ့က အန်းနင် အဖို့ ရိုလာကိုစတာ စီးရသလို အတက်အကျ အတော်လေး များလှ၏။ အန်းနင် အကြိမ်ပေါင်းများစွာ အတွေ့အကြုံရှိထားပြီး ဖြစ်ရာ ယခုလို ကိစ္စမျိုးကို အငြင်းအခုန်ပြုရန် စိတ်မဝင်စားတော့ချေ။
လင်းရီ အဆင်ပြေနေသရွေ့ သူမ စိတ်ကျေနပ်ပါသည်။
တစ်ချိန်တည်းတွင် စွန်းမန်ကျားနှင့် ကျန်သူများက အပြင်သို့ ခေါ်ထုတ်ခံခဲ့ရပြီး လင်းရီကို စူးရဲစွာ ကြည့်လိုက်၏။
“ မင်း ဒါ ဘာသဘောတုန်း…”
“ ငါလည်း မင်းကို မဖမ်းစေချင်ပါဘူးကွာ… ဒါပေမယ့် ထင်မှတ်မထားတာက ဖြစ်သွားခဲ့တယ်… ငါနဲ့ ဘာမှမဆိုင်ဘူး… ကံမကောင်းတဲ့ မင်းကိုယ်မင်းသာ အပြစ်တင်လိုက်တော့…” လင်းရီ ပခုံးတွန့်ပြလိုက်သည်။
စွန်းမန်ကျား ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည်များအား ပြန်ပြောင်း အောက်မေ့ကြည့်တော့ လင်းရီ ရဲထံ လုံးဝ ဖုန်းမဆက်သည်ကို သတိထားမိလိုက်သည်။ ပြီးတော့ ၎င်း၏ အဆင့်အတန်းဖြင့် သူ့စကားသူ ပြန်ရုတ်သိမ်းစရာ အကြောင်းမရှိချေ။
စွန်းမန်ကျား ဘာမျှ မပြောတော့ပဲ ရဲများ ခေါ်သွားရာနောက် အသာတကြည်နှင့် လိုက်ပါသွားခဲ့၏။
ထိုစဉ် လင်းရီနှင့် အန်းနင်တို့က အန်းကော်ဟွား၏ လူနာခန်းထဲသို့ ရောက်ရှိလာလေသည်။
“ သမီး… နင်တို့ နှစ်ယောက် အဆင်ပြေကြရဲ့လား….” လျိုကွေ့ချင် ရှေ့သို့ တက်လာပြီး သူ့သမီး လက်ကို ကိုင်လျက် မေး၏။
“ ပြေသွားပြီ အမေ… အခု အားလုံး ဖြေရှင်းပြီးပြီ… နောင်ကျ ဘာမှ ပူစရာ မလိုတော့ဘူး…”
သူမ အမေ စိတ်ချလက်ချ ဖြစ်စေရန်အတွက် အန်းနင် အဖြစ်အပျက် တစ်ခုလုံးကို ဆီလျော်သလို ပြန် ရှင်းပြလိုက်သည်။
“ ဒါပေမယ့် အမေ ခုနလေးတင် ရဲတွေ ရောက်လာခဲ့တာ မြင်လိုက်ပါတယ်…”
“ အင်း… အဲ့ရဲတွေက လူဆိုးတွေကို လာပြီး ဖမ်းတာလေ…”
“ အင်းနော် ကြည့်စမ်း… ငါ့မှတ်ဉာဏ်ကလည်း…. ဘယ်လိုလုပ်ပြီးများ အဲ့အကြောင်းကို မေ့သွားခဲ့တာပါလိမ့်…”
ကိစ္စက ဖြေရှင်းပြီးသွားပြီဆိုတော့ အန်းမိသားစုဝင်များအားလုံး စိတ်သက်သာ ရသွားခဲ့ကြသည်။
သူတို့ ထပ်ပြီး စိတ်ပူစရာ မရှိတော့ချေ။
“ ကောင်းပြီ… ညလည်း ၁၁ ကျော်နေပြီ… နင်တို့နှစ်ယောက် ဒီမှာ မနေနဲ့တော့.. ပြန်ပြီး နားကြတော့…. အမေကတော့ နင့်အဖေနဲ့ ဒီမှာပဲ နေမယ်…” လျိုကွေ့ချင် ပြောလိုက်သည်။
“ မရဘူး… သမီး အမေနဲ့ နေမှာပဲ…” အန်းနင် ပြန်ပြောလိုက်၏။
“ မလိုဘူး… နင့်အဖေကို ခုချိန် ပြုစုလို့ အဆင်မပြေသေးဘူး… တစ်လှည့်စီ လူလဲကြတာပေါ့.. နင် နောက်သုံးလေးရက်လောက် နေမှ ပြန်လာခဲ့…”
“ ဒါဆို သမီး စင်တာကို ခွင့်တင်ပြီး မနက်ဖြန် နေ့လည်ကျရင် လာခဲ့မယ်…”
“ ဘာခွင့်မှ ယူမနေနဲ့… နင့် အဖေက အခု အချိန်ပြည့် ကြည့်ပေးနေစရာ မလိုတော့ဘူး… ငါ မရတော့ဘူးဆိုရင် နင့်ကို ခေါ်လိုက်မယ် ဟုတ်ပြီလား… အလုပ်ကို မနှောင့်နှေးစေနဲ့…”
“ အိုကေလေ… မနက်ဖြန်ကျ ထပ်ကြည့်ကြတာပေါ့…”
အန်းနင် အနည်းငယ် စိုးရိမ်နေဆဲပင်။ သို့သော် လျိုကွေ့ချင်က သူမကို ပေးမနေဘဲ မောင်းထုတ်လိုက်၏။ အမေကြီးက သူမ တတ်နိုင်သည့် အရာကို ကလေးအား ဒုက္ခမပေးချင်ပေ။
လူနာခန်းထဲကနေ ထွက်လာပြီးနောက် အန်းနင်ရဲ့ ခံစားချက်တို့ ပိုမို ကောင်းမွန်သွားခဲ့ပြီး သူမ၏ နဂို ကြောင့်ကြမဲ့သည့် အသွင်က ပြန်ပြီး အစားထိုးလာသည်။
“ ငါ အရင်ပြန်နှင့်တော့မယ်..”
လင်းရီ သန်းဝေလိုက်ပြီး တက္ကစီ ငှားရန် လက်ပြလိုက်၏။
“ နင်က ဘယ်မှာလဲ နေနေတာ…”
“ လေးရာသီ ဟိုတယ်မှာလေ… ဌာနနဲ့ သိပ်မဝေးဘူး…”
“ ဘယ်နေရာမှာလဲ ငါသိတယ်…” အန်းနင် ပြောလိုက်ပြီး “ အိမ်မှာလည်း ဘယ်သူမှ မရှိဘူးဆိုတော့ ဒီည နင်နဲ့ အတူလိုက်နေမယ်လေ… မနက်ဖြန် မနက်ကျ ငါတို့ အတူ အလုပ်သွားလို့ ရတာပေါ့…”
“ ဒါပေမယ့် မင်းက ဖျားနေတာ မဟုတ်ဘူးလား… ငါနဲ့ လိုက်နေပြီး ဘာလဲ လုပ်မှာ…”
“ ဖျားတာက ငါ ဟိုတယ်မှာ မနေနိုင်ဘူးလို့ မပြောဘူးလေ…”
“ အာ…. ကောင်းပြီလေ… ဒါဆိုလည်း အတူသွားကြတာပေါ့..”
အန်းနင် လင်းရီ၏ ဆိုလိုရင်းကို သိပ်ပြီးမှ သဘောမပေါက်ချေ။ အကယ်၍ လျန်ရူရွှယ် ဒါမှမဟုတ် ဝမ်ရင်းသာ ဆိုပါက ဆိုလိုရင်းကို ချက်ချင်း နားလည်သဘောပေါက်ကြလောက်လေသည်။
သူတို့၏ နောက်ခြေလှမ်းကို ဆုံးဖြတ်ပြီးသည်နှင့် နှစ်ယောက်မှာ တက္ကစီငှား၍ ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။
………
နှလုံးခွဲစိတ်ဌာနထဲတွင် နီကျန်းရန်သည် ပြတင်းပေါက် ရှေ့တွင် ညမြင်ကွင်းကို ရှုစားရင်း ဆေးလိပ်သောက်နေသည်။ ထို့နောက် သူ၏ အကြည့်က ပြင်ပ လူနာ ဌာနသို့ ဝင်ပေါက်ဝသို့ ကျရောက်သွားခဲ့ပြီး ရဲကားများ၏ မီးအလင်းရောင်က နေရာတစ်ဝိုက်ကို လှုပ်လှုပ်ရှားရှား ဖြစ်နေစေတော့သည်။
“ မထင်ထားဘူးမလား… မင်း အခုတော့ ခေါ်သွားခံရပြီပေါ့….”
စာစဉ် (၉၆) ပြီး၏။