ငါ့ကို မခြောက်ပါနဲ့တော့
Vol. 9 Ch. 120
အကိုလင်း က သူ့ရဲ့ ထူးဆန်းတဲ့ အတွေ့အကြုံကို ပြောပြခဲ့တယ်။
အရင်တုန်းက သေဆုံးသွားခဲ့တဲ့ ငါးမျှားဝါသနာအိုးတစ်ယောက်က အကိုလင်း၏ ငါးမျှားတဲ့ဝါသနာတူ သူငယ်ချင်းတစ်ယောက် ဖြစ်လာခဲ့သည်။
ဒီနေရာမှာ ထူးဆန်းတာတွေ အများကြီးပဲ ရှိနေခဲ့တယ်။ ကျန်းရီက လောလောဆယ် ယန်တိုင်းမင် သေဆုံးရတဲ့ အကြောင်းအရင်းကို မမေးသေးဘဲ အခြားဟာကို အရင်မေးလိုက်တယ်။
"အကို ယန်တိုင်းမင် ကို ဘယ်လိုတွေ့ခဲ့တာလဲ၊ အဲဒီနေ့ည မတိုင်ခင် အကိုတို့ တစ်ယောက်နဲ့တစ်ယောက် ဘယ်နှစ်ရက်လောက်ကတည်းက စသိခဲ့တာလဲ"
“လွန်ခဲ့တဲ့ လေးငါးရက်လောက်က လူသိများတဲ့ ငါးဖမ်းနေရာတစ်ခုမှာ သူနဲ့စတွေ့ခဲ့တာ။ အဲဒီညက လူတွေများတယ်၊ ဒါပေမယ့် နောက်တော့ ကျွန်တော်တို့ နှစ်ယောက်ပဲ ကျန်တော့တယ်။ နောက်တော့ သူက ကျွန်တော်နဲ့ လမ်းအတူလျှောက်ပြီး လမ်းမှာ စကားစမြည်ပြောခဲ့ပြီးတော့ နောက်တစ်ကြိမ် အတူတူ ငါးမျှားဖို့ ချိန်းခဲ့တယ်”
"ဒီလိုနဲ့ လောင်ယန်နဲ့ ကျွန်တော် ရက်အနည်းငယ်ကြာတော့ ခင်မင်လာခဲ့တယ်။ ဒါပေမယ့် ဒီရေကန်ကို ကျွန်တော် အမှတ်တမဲ့ ရှာတွေ့ခဲ့တာ။ နေ့ခင်းကြောင်တောင် ဖြစ်နေသေးတော့ ရေက ကြည်လင်နေရင် ငါးမရှိဘူး ရေကန်ရဲ့ ရေအနေအထားကို တစ်ချက်ကြည့်လိုက်တော့ အဲဒီ့မှာ ငါးတွေအများကြီးရှိမယ်ဆိုတာ ကျိန်းသေ သွားခဲ့တယ်။ အဲ့ဒါနဲ့ လောင်ယန်ကို လှမ်းဆက်သွယ်ပြီး ဒီည ငါးအတူတူ မျှားကြဖို့ ခေါ်ခဲ့လိုက်တယ်၊ လောင်ယန်ကလည်း သဘောတူခဲ့တယ်”
"ဒါဆို လောင်ယန် မတော်တဆမှုဖြစ်ပြီးတော့ မင်း သူ့ကို ဖုန်းထပ်ခေါ်ခဲ့သေးလား"
"ဟုတ်တယ်၊ ငါခေါ်ခဲ့တယ်...ဒါပေမယ့် နံပါတ်က ဗလာဖြစ်နေပြီး လုံးဝ ခေါ်လို့မရဘူး!"
ကျန်းရီ က အနည်းငယ် ရပ်ဆိုင်းလိုက်ပြီး "အဲဒီတုန်းက ရဲတွေ ဘာပြောခဲ့လဲ"
"သူတို့က လောင်ယန် အကြောင်းကို ငါ့ကို ပြောပြခဲ့တယ်၊ ဒါပေမယ့် ဒါက မဖြစ်နိုင်ဘူးလို့ ငါ ပြောခဲ့တယ်၊ ပြီးတော့ လောင်ယန်နဲ့ ငါနဲ့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေ အကုန်လုံးကို ရဲတွေက မယုံဘူး။ ပြီးတော့ ငါ့ခြေထောက်မှာ ကပ်နေတဲ့ လူ့ဦးခေါင်းကလည်း ပျောက်သွားခဲ့တယ်။ သူတို့က ငါ့ကို စိတ်တွေ ဂယောင်ခြောက်ခြား ဖြစ်နေတယ်လို့ပဲ ပြောခဲ့တယ်"
“ဒါပေမယ့် ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? ငါ့စိတ် ဂယောင်ခြောက်ခြား ဖြစ်နေရင်တောင်မှ အကြာကြီး မဖြစ်နိုင်ဘူးလေ၊ အဲ့နေ့က သူနဲ့ငါ နှစ်နာရီကြီးများတောင် ငါးအတူ မျှားနေခဲ့တာ”
“ငါသူတို့ကို အချိန်အတော်ကြာအောင် ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဘယ်သူမှ မယုံခဲ့ကြဘူး။ ဒါကြောင့် ဘာတွေဖြစ်နေတာလဲဆိုတာကို ကိုယ့်ဘာသာပဲ သွားရှာခဲ့တယ်။ ဒါကြောင့် သူ့မိန်းမဆီကို သွားခဲ့လိုက်တယ် ပြီးတော့ လောင်ယန် ဘယ်လို သေခဲ့တာလဲဆိုတာ မေးခဲ့တယ်”
“သူ့မိန်းမပြောတာက အဲ့ဒီ ငါးကန်ကို သူတစ်ယောက်တည်း သွားခဲ့တာတဲ့ ဒါပေမယ့် ညခင်းဘက် သွားခဲ့တာတော့ မဟုတ်ဘူး နေ့ခက်ဘက်မှာတဲ့။ အဲ့နေ့က သူငါးတွေ အများကြီး ရခဲ့တယ်လို့လည်း ပြောတယ်။ သူ့ကို ရှာတွေ့တဲ့အချိန်မှာ ငါးထည့်တဲ့ ပုံးထဲမှာ ငါးတွေအများကြီး ရှိနေခဲ့တယ် သူကတော့ ရေပေါ်မှာ ပေါလောကြီး ပေါ်နေခဲ့တယ်။ အဲ့ဒါနဲ့ ငါ သူမကို အသေအချာ မေးခဲ့တယ်။ အဲ့တာက အဲ့အချိန်မှာ လောင်ယန်းက ပက်လက်ပေါ်နေတာလား မှောက်ယက်ကြီး ပေါ်နေခဲ့တာလားလို့ပဲ။ သူမကလည်း မှောက်ယက်ကြီးလို့ အသေအချာကို ပြန်ပြောခဲ့တယ်”
“သူ့မိန်းမက အဲ့တာတွေ ဖြေပြီးတော့ ငါ့ကို သူ့ယောကျာ်းကို တကယ်တွေ့ခဲ့တာလားလို့ ပြန်မေးခဲ့တယ်။ ငါကလည်း ဟုတ်တယ်လို့ ပြန်ဖြေခဲ့တယ်။ အဲ့လိုမှ မဟုတ်ရင် ယန်တိုင်းမင်ကို ငါက ဘယ်လိုလုပ် သိနေရမှာလဲ? သူနဲ့ ငါနဲ့ အရင်က တွေ့တောင် တွေ့ဖူးတာ မဟုတ်ဘူးလေ!”
“သူ့မိန်းမဆီကနေ အသုံးဝင်တဲ့ အချက်အလက်တွေ ဘာမှမရခဲ့တော့ မတက်သာပဲ ပြန်လာခဲ့ရတယ်။ ဒါ့အပြင်ကို ရဲတွေကလည်း ယန်တိုင်းမင် သေတဲ့ကိစ္စနဲ့ ငါနဲ့ ဘာမှပတ်သတ်မှု မရှိတာကို အတည်ပြုခဲ့တော့ ဒီကိစ္စတွေကို ရင်ထဲမှာပဲ သိမ်းထားခဲ့ရတယ်။ အဲ့တာသာ သရဲတွေနဲ့ ပတ်သတ်နေခဲ့ရင် ဒီလိုမျိုး ငါ့မှာ နောက်ထပ်ဖြစ်မလာဖို့ပဲ မျှော်လင့်ရတာပေါ့”
“ငါ သတိကြီးကြီးထားပြီး နေခဲ့တယ်။ ဒါပေမယ့် ငါ တစ်စုံတစ်ခုကို သတိမထားမိ လိုက်ခဲ့ဘူး။ အဲ့တာက ငါဖမ်းမိခဲ့တဲ့ ဦးခေါင်းကိုပဲ။ ငါအစက ထင်ခဲ့တာက အဲ့ဒီခေါင်းက သရဲဖြစ်သွားတဲ့ လောင်ယန်က ငါ့ကို ခြောက်ချင်လို့ သုံးခဲ့တဲ့ ဟာပဲပေါ့။ ဒါပေမယ့် နောက်ဆက်ပြီးတော့ အဲ့ခေါင်းက ငါ့ကို လိုက်ခြောက်နေတုန်းပဲ”
အကိုလင်းက ပြောနေရင်းနဲ့ သူ့ရဲ့ စိတ်ကို တည်ငြိမ်သွားအောင် အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။
“အဲ့အဖြစ်အပျက်ပြီးတဲ့ နောက်နှစ်ရက်မြောက်နေ့မှာပေါ့ ငါက ညတိုင်း အိမ်မက်ဆိုးတွေ မက်နေပေမယ့် ကိုယ့်ဘဝနဲ့ကိုယ် နေပြီးတော့ စိတ်ကို တည်ငြိမ်အောင် ထားဖို့ကို ကိုယ့်ကိုယ်ကို ပြောနေခဲ့ရတယ်။ တတိယမြောက်ညမှာပေါ့ ဘေးအိမ်က မိန်းမတစ်ယောက်က ငါ့မိန်းမကို ညဘက်အပြင် လမ်းလျှောက်ထွက်ဖို့ လာခေါ်ခဲ့တယ်။ အဲ့တုန်းက သူမက ငါ့ကို စောင့်ကြည့်နေရတာနဲ့ပဲ ပင်ပန်းနေပုံရလို့ သူ့ကို စိတ်ပြေလက်ပြောက်ဖြစ်ဖို့ ငါ သွားခွင့်ပြုခဲ့လိုက်တယ်၊ အဲ့တာကြောင့် ညစာစားပြီးတော့ ငါသူ့ထက်အရင်ပဲ ပန်းကန်တွေ ဆေးခဲ့လိုက်တယ်”
“ အဲ့ဒီတော့မှပဲ သူက ငါ့အနားမှာရှိနေပြီး ဘယ်မှ မသွားခဲ့ဘူးဆိုတာကို သိခဲ့လိုက်ရတယ်။ အဲ့အချိန်တုန်းက ငါက ဟင်းချိုပန်းကန်ကို အတွင်းအပြင်ကို ဆေးနေခဲ့တာ။ ဒါပေမယ့် ငါ ဆေးနေရင်းနဲ့ စိတ်က ဟိုတွေးဒီတွေး တွေးနေခဲ့တာပေါ့။ နည်းနည်းလည်း ကြောက်နေခဲ့တယ်။ ဒါပေမယ့် တဖြည်းဖြည်းနဲ့ ငါ့လက်က အေးသထက်အေးလာခဲ့တယ်။ ခေါင်းကို ငုံ့ကြည့်လိုက်တော့ ငါကိုင်ထားတာက ဟင်းချိုပန်းကန် မဟုတ်နေဘဲ အဲ့ဒါက ဦးခေါင်းကြီး ငါဖမ်းမိခဲ့တဲ့ လူ့ခေါင်းကြီး ဖြစ်နေတယ်”
“အဲ့ခေါင်းကို တွေ့လိုက်ရတော့ တစ်ခုခုကို တွေးမိသွားခဲ့တယ်။ လောင်ယန်ကို သတ်တာ ဒီခေါင်းများ ဖြစ်နေမလားပေါ့? ပိုပြီးတွေးလေလေ ပိုဖြစ်နိုင်ချေရှိတယ်လို့ ထင်ရလေပဲ။ ငါ့ကို ရေကန်ကို ရောက်စေခဲ့တာက လောင်ယန်မဟုတ်ဘဲ သူများဖြစ်နေမလားလို့တောင် သံသယ ဖြစ်မိခဲ့တယ်”
“ ငါ အရာအားလုံးကို နားလည်သွားတဲ့ပုံ ရလိုက်တော့ ငါသိပ်မကြောက်တော့ဘူး။ ငါအိမ်ကနေထွက်ပြီး ရဲစခန်းကို သွားခဲ့တယ်။ အရင်က တွေ့ခဲ့တဲ့ ရဲတွေဆီ သွားပြီးတော့ အဲ့ကန်ထဲမှာ အလောင်းတစ်ခု လုံးဝကို ရှိရမယ်လို့ ပြောခဲ့တယ်။ သူတို့က မယုံဘဲ ငါ့ကို ရူးနေတယ်လို့ပဲ ထင်ခဲ့ကြတယ်။ ငါက မရူးဘူးလေ။ သူတို့မသွားရင် အလောင်းရှာဖွေတဲ့ အသင်းတစ်ခုကို အကုန်ကျခံငှားပြီးတော့ ငါ့ဘာသာ သွားရှာခဲ့တယ်”
“နောက်နေ့ ငါငှားထားတဲ့ အသင်းက အဲ့ကန်မှာ မနက်ကနေ ညထိ ရှာတာတောင် ဘာမှ မတွေ့ခဲ့ရဘူး။ ဘာမှ မတွေ့ခဲ့ရဘူး။ ဘာလို့ ဘာမှ မရှိခဲ့ရတာလဲ? အဲ့လို မဖြစ်သင့်ဘူးလေ။ ဟုတ်တယ်မလား? အဲ့မှာ အလောင်းတစ်ခုတော့ ရှိသင့်တယ်လေ။ ဘာလို့ ရှာလို့မတွေ့ရတာလဲ? အောက်ခြေ ရွှံဗွက်တွေအထိပါ ရှာခဲ့တယ် ဒါပေမယ့် ဘာမှ မတွေ့ခဲ့ဘူး”
ဖုန်းရဲ့ အခြားတစ်ဖက်က အကိုလင်းသည် ကျန်းရီကို ဘာလို့လဲ ဟု အကြိမ်ကြိမ်မေးနေခဲ့သည်။ ကျန်းရီက သူ့ကို သတိပေးလိုက်ကာ “အကိုလင်း သိပ်လည်း စိတ်မပူပါနဲ့။ အလောင်းကို ရှာမတွေ့တာက အရင်ကတည်းက ရှာတွေ့ခဲ့တာများ ဖြစ်နိုင်နေမလား”
“မဟုတ်ဘူး အဲ့ပတ်ဝန်းကျင်က လူတွေကို မေးပြီးသွားပြီ။ ရဲစခန်းကိုတောင် မေးပြီးသွားပြီ။ အဲ့ကန်မှာ လောင်ယန် တစ်ယောက်ပဲ သေခဲ့တာ နောက် ဘယ်သူ့မှ မသေခဲ့ဘူး တဲ့”
“ဒါပေမယ့် ဘယ်သူ့မှ မသေခဲ့လို့ရှိရင်။ ငါဘာလို့ အဲ့ခေါင်းကို ဖမ်းမိခဲ့တာလဲ? ဘာလို့ ငါ့အိမ်ထိတောင် ရောက်လာရတာလဲ? ငါပန်းကန်ဆေးတော့လဲ ပန်းကန်က အဲ့ခေါင်းပြောင်းသွားတယ်။ အဝတ် ဗီရိုကို ဖွင့်လိုက်တော့လဲ သူက အဲ့မှာ ရှိနေခဲ့တယ်”
“တစ်ညမှာ ငါအိပ်နေတုန်း အဝတ်ဗီရိုတံခါးက သူ့ဘာငါ ပွင့်လာခဲ့တယ်။ ပြီးတော့ သူက အထဲကနေ တိတ်တိတ်လေး ငါ့ကို ကြည့်နေခဲ့တယ်”
“အား…..အား….”
“ငါ့ကို မခြောက်ပါနဲ့တော့ ကျေးဇူးပြုပြီး ငါ့ကို ထပ်မခြောက်ပါနဲ့တော့ကွာ၊ မင်းဘယ်သူလည်းသာ ငါ့ကိုပြော ငါ ကုသိုလ်ကောင်းမှုပြုပြီး အမျှဝေပေးပါ့မယ်ကွာ၊ နှစ်တိုင်း နှစ်တိုင်း ကုသိုလ်တွေ ပြုပေးပါ့မယ်၊ ငါ့ကို သာ ထပ်မခြောက်ပါနဲ့တော့ကွာ”
ဖုန်းရဲ့ အခြားတစ်ဖက်က အကိုလင်းသည် ကြောက်လန့်စွာ ငိုနေခဲ့သည်။ ကျန်းရီက ချက်ချင်းပဲ ဗီဒီယိုခေါ်ဆိုမှု ပို့လိုက်သည်။ ဒါပေမယ့် အကိုလင်းကတော့ မကိုင်ပဲ ငိုနေခဲ့သည်။
အော်ငိုနေရင်းနဲ့ သူက ရုတ်တရက် “ လှေကားမှာ လှေကားပေါ်ကနေ သူလာနေပြီ။ ခေါင်းက လှေကား တစ်ထစ်ခြင်း ခုန်ပြီး လာနေပြီ။ မလာနဲ့…..”