← Chapters

မစ္စတာဇက်

Vol. 11 Ch. 104

မစ္စတာဇက်

Vol. 11 Ch. 104

ပထမ အိတ်ကပ်။

ဒုတိယ အိတ်ကပ်။

တတိယ အိတ်ကပ်။

ကလိုင်းဟာ မကြာခင်မှာပဲ သွေးစွန်းနေတဲ့ ပိုက်ဆံအိတ်တစ်လုံး၊ ဒူဝီဗိုစာကြည့်တိုက်ကဒ် တစ်ကဒ်၊ ကြေးသော့နှစ်ချောင်း၊ ဆေးတံတစ်ချောင်း၊ ဓားမြှောင်တစ်ချောင်းနဲ့ သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့ စာစောင်တချို့ကို ရှာတွေ့သွားပါတယ်။

သူဟာ စာစောင်တွေကလွဲလို့ ကျန်တာတွေ အကုန်လုံးကို မြေကြီးပေါ်ချလိုက်ပါတယ်။ အဲဒီနောက် မတ်တတ်ရပ်ပြီး ပိုက်ဆံအိတ်ထဲ စစ်ကြည့်လိုက်တဲ့အခါ ဆယ်ဆိုလီနဲ့ ပဲနိတချို့ပဲ တွေ့လိုက်ရပါတယ်။

‘ပိုက်ဆံအိတ်ကတော့ အကောင်းစား... ပိုက်ဆံကျတော့... ဟင်း...’ ကလိုင်းဟာ နည်းနည်း စိတ်မချမ်းမသာ ဖြစ်သွားပြီး သက်ပြင်းချလိုက်ပါတယ်။

‘ငါ ပိုက်ဆံအများကြီး သုံးလိုက်လို့ မဟုတ်ရင် ဒီနေ့ ငါ ပိုက်ဆံအိတ် အသစ် ဝယ်ပြီးနေပြီ’

ကလိုင်းဟာ ခေါင်းခါပြီးနောက် စာစာင်တွေကို ဖွင့်ဖတ်ပါတယ်။

“လေးစားရပါသော မစ္စတာဇက်...”

“ကျေးဇူးပြုပြီး ကျွန်တော်ကိုယ် ကျွန်တော် ထုချေခွင့်တော့ ပေးပါ... ကျွန်တော်နဲ့ ဟန်းနစ် အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို ရောင်းလိုက်တာက တုံးအလို့ မဟုတ်သလို သစ္စာဖောက်တာလည်း မဟုတ်ပါဘူး... ကျွန်တော်တို့ လက်ထဲမှာတုန်းက အဲဒီစာအုပ်က ထူးခြားတာ မရှိဘူး”

“ကျွန်တော့်အထင် အဲဒီမှတ်စုစာအုပ်က အသက်ဝင်နေတာ ဖြစ်လိမ့်မယ်... အတိုင်းအတာ တစ်ခုအထိ အသက်နဲ့ ဉာဏ်ပညာရှိတဲ့ မကောင်းဆိုးဝါး ပစ္စည်းတစ်ခု ဖြစ်လိမ့်မယ်... အဲဒီစာအုပ်က အန္တရာယ်များတော့ ချိပ်ပိတ်ဖို့ လိုတယ်လို့ ကျွန်တော် ထင်တယ်”

“အဲဒီမှတ်စုစာအုပ်က လူမတူရင် အခြေအနေမတူရင် သူပြတဲ့ စာတွေကလည်း မတူဘူး”

“အဲဒါ ကျွန်တော် ရဲဌာနက သိုးတစ်ကောင်ဆီကနေ သိခဲ့ရတဲ့ သက်သေပြထားပြီးသား အချက်တစ်ချက်ပဲ”

“မှတ်စုစာအုပ်က အကြိမ်တိုင်းမှာ သက်သေ အလုံအလောက်နဲ့ မှန်တဲ့စာတွေ ပြတယ်ဆိုပေမဲ့ တကယ့် အန်တီဂိုနပ်မိသားစုရဲ့ မျိုးဆက်လက်ထဲ ရောက်မှပဲ အကုန်လုံးကို ပြလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

“ဟန်းနစ်နဲ့ ကျွန်တော် အဲဒီမှတ်စုစာအုပ်ကို ရတုန်းက အန်တီဂိုနပ်မိသားစုရဲ့ သာမန်ကိစ္စတွေ၊ ဟွန်းနာဆစ်တောင်တန်းရဲ့ အဓိကတောင်ထိပ်ပေါ်က ထာဝရညနိုင်ငံတော်ရဲ့ ယေဘုယျ အခြေအနေတွေနဲ့ ကျွန်တော်တို့ လူကြီးမင်းဆီ ပေးခဲ့တဲ့ ဆုံမှတ်ဆေးရည် ဖော်မြူလာ သုံးခုကိုပဲ တွေ့ရတယ်”

“လူကြီးမင်း သိတဲ့အတိုင်းပဲ... လျှို့ဝှက်ဂိုဏ်းက အမြင်ဆရာလမ်းကြောင်းကို ပိုင်ဆိုင်တာဆိုတော့ သူတို့ရဲ့ ခြေရာကောက်နိုင်စွမ်းက သူမတူအောင် ထူးခြားထက်မြက်တယ်... အဲဒါကြောင့် မှတ်စုစာအုပ်ကို ဆက်သိမ်းထားတာက အန္တရာယ်များလွန်းတယ်လို့ ကျွန်တော်နဲ့ ဟန်းနစ်က ယူဆတယ်... သူ့ဆီကရတဲ့ အကျိုးအမြတ်က ဒီစွန့်စားမှုကိုလုပ်ဖို့ မတန်ဘူး”

“ကျွန်တော်တို့တွေ လူကြီးမင်းဆီက ပြန်စာကို မစောင့်နိုင်တော့ ကျွန်တော်တို့ အချင်းချင်း ဆွေးနွေးပြီး မှတ်စုစာအုပ်ကို တစ်လမ်းတည်းမှာနေတဲ့ ဝဲလ်ဆီ ရောင်းဖို့ ဆုံးဖြတ်လိုက်တယ်... သူက အမွေအနှစ်တွေနဲ့ ရှေးဟောင်းစာအုပ်ကို စု‌ဆောင်းရတာ ဝါသနာပါတယ်... ဈေးကောင်းလည်း ပေးတယ်... အဲဒီနောက်ပိုင်း ကိစ္စတွေကိုတော့ လူကြီးမင်းလည်း သိပြီး ဖြစ်လောက်မှာပါ”

“ဒါက ကျွန်တော် ပထမဆုံး ရှင်းပြချင်တဲ့အရာပဲ... ကျွန်တော် ဒီစာကို ရေးနေတုန်းမှာ ဟန်းနစ်က သေသွားပြီ... အိမ်နေတုန်း နှလုံးဖောက်ပြီး သေတယ်လို့ ပြောတာပဲ... ဒါက ဘုရားသခင် ကောင်းချီးပေးတာ ဖြစ်ရမယ်... မဟုတ်ရင် သူ မိစ္ဆာဒိဋ္ဌိတွေ လက်ထဲကျပြီး ဒုက္ခခံရမှာ”

“ကျွန်တော်လည်း ရွေးချယ်စရာမရှိတာကြောင့် ပိုလုံခြုံပြီး ပုန်းလို့ ပိုကောင်းတဲ့နေရာကို ရွှေ့လိုက်ရတယ်... အိမ်ထဲကနေ အိမ်ပြင်တောင် မထွက်ရဘူး... ကံကောင်းချင်တော့ သိုးဆီကနေ သတင်းကောင်း ရတယ်... ဟန်းနစ်ကို အဲဒီမိစ္ဆာဒိဋ္ဌိတွေ မျက်စိကျသွားတာက အန်တီဂိုနပ်မိသားစု မှတ်စုစာကြောင့်လည်း မဟုတ်သလို သူ ဘယ်သူလဲဆိုတာ ပေါ်သွားလို့လည်း မဟုတ်ဘူးတဲ့... ကျွန်တော်တို့ထဲက တစ်ယောက်ဖြစ်အောင် သိမ်းသွင်းမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ လက်ခံထားခဲ့တဲ့ တပည့်ငတုံးမတစ်ယောက်ကြောင့်တဲ့...”

“သူ့တပည့်မက သူ့ရဲ့ လျှို့ဝှက်မန္တန်ကို ခိုးကြည့်ပြီး အဲဒါကို မိစ္ဆာဒိဋ္ဌိ ညသိမ်းငှက်ရှေ့မှာ သွားစမ်းသပ်တယ်လေ... ဘာဆက်ဖြစ်လဲဆိုတာ လူကြီးမင်း ခန့်မှန်းနိုင်မှာပါ... ကျွန်တော် ရေးပြဖို့ မလိုဘူး ထင်ပါတယ်”

“နှမြောဖို့ကောင်းတာက သိုးရဲ့ ရာထူးက သိပ်မမြင့်တာဘဲ... မဟုတ်ရင် အသေးစိတ် သိရမှာ...”

“တုံ့ပြန်ချက် အသီးသီးအရ မိစ္ဆာဒိဋ္ဌိတွေက အခုထိ ကျွန်တော်ကို သံသယ မဝင်သေးဘူး... သူတို့တွေ စုံစမ်းထောက်လှမ်းတာက ဟန်းနစ်ရဲ့ ရုတ်တရက် သေဆုံးမှုကြောင့် တန့်သွားရတယ်”

“အဲဒါကြောင့် ကျွန်တော် အရင်နေရာကို ပြန်ပြီး သဲလွန်စ ပိုရဖို့အတွက် ဒူဝီဗိုစာကြည့်တိုက်ကနေ ဂျာနယ်တွေ ထပ်ငှားဖတ်ဖို့ စီစဉ်ထားတယ်”

“အမြင်ဆရာ လမ်းကြောင်းကို ပိုင်ဆိုင်တဲ့ အင်အားစုတစ်ခုအနေနဲ့ အန်တီဂိုနပ်မိသားစုက သူတို့တွေ သေကျေပျက်စီးမှာကို တွက်ချက်နိုင်ခဲ့လောက်တယ်... သူတို့မိသားစု ပြန်ရှင်သန်ထမြောက်လာဖို့ လျှို့ဝှက်ရတနာတွေလည်း ချန်ထားခဲ့လောက်တယ်”

“အဲဒီရတနာတွေကို ထာဝရညနိုင်ငံတော်ရဲ့ အမွေအနှစ်တစ်ခုဖြစ်တဲ့ ဟွန်းနာဆစ်တောင်တန်းရဲ့ အဓိကတောင်ထိပ်မှာ ဝှက်ထားတယ်ဆိုတာ ယုံကြည်ဖို့ အကြောင်းအရင်း လုံလုံလောက်လောက် ရှိတယ်...”

ဒီအရောက်မှာ ကလိုင်းရဲ့ မျက်ဆံတွေဟာ အလျင်အမြန် ကျုံ့ဝင်သွားပြီး စာရွက် လွတ်ကျလုနီး ဖြစ်သွားပါတယ်။

‘အန်တီဂိုနပ်မိသာစု ပိုင်ဆိုင်တဲ့ လမ်းကြောင်းကလည်း အမြင်ဆရာ လမ်းကြောင်းပဲလား...’

‘တော်တော် တိုက်ဆိုင်တာပဲ...’

...

ကလိုင်းဟာ ငယ်ထိပ် မိုးကြိုးကျသလို ခံစားလိုက်ရပြီး ကြောင်သွားပါတယ်။ ကံကြမ္မာလို့တောင် ခံစားလိုက်ရပါတယ်။

‘အရင်ကလိုင်းကို သေစေခဲ့တဲ့ မှတ်စုစာအုပ်က ငါဘဝကူးပြောင်းလာတာကို သွယ်ဝိုက်ပြီး ကူညီပေးခဲ့တယ်... ဒီမှတ်စုစာအုပ်က အမြင်ဆရာ လမ်းကြောင်းကို ပိုင်ဆိုင်တဲ့ အန်တီဂိုနပ်မိသားစုဆီကနေ ဆင်းသက်လာတာ... ငါ အမြင်ဆရာ ဆေးရည်ကို ရွေးချယ်ခဲ့မိတာကလည်း ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီကြောင့်ပဲ... ဧကရာဇ်ရစ်ဆဲလ်ကလည်း လျှို့ဝှက်ဆန်းကြယ် မစ္စတာဇာရဒိုရဲ့ စကားကြောင့် အမြင်ဆရာ လမ်းကြောင်းကို အထင်ကြီးသွားတာ... အဲဒီဇာရဒိုကလည်း အမြင်ဆရာ လမ်းကြောင်းကို ပိုင်ဆိုင်တဲ့ လျှို့ဝှက်ဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ’

‘ကံကြမ္မာက ရက်ထားတဲ့ ပိုက်ကွန်လိုပဲ’

‘ဒါတွေ အကုန်လုံးရဲ့နောက်ကွယ်မှ တကယ်ကို ဘာရှိနေတာလဲ’

ကလိုင်းဟာ စာစောင်ကို ကိုင်ရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပါတယ်။ သူ တခြားရင်းမြစ်က အချက်အလက်တွေနဲ့ ဒီအကြောင်းအရာတွေ မှန်မမှန်ဆိုတာကို အတည်ပြုဖို့ လိုနေပါတယ်။

‘ဟုတ်တယ်... ဇာရဒိုမိသားစု ထိန်းချုပ်ထားတဲ့ လျှို့ဝှက်ဂိုဏ်းက အန်တီဂိုနပ်မိသားစု ချန်ထားတဲ့ ပစ္စည်းတွေကို လိုက်ရှာနေတယ်... သူတို့ မိသားစုနှစ်စုလုံးက သာလွန်သူ လမ်းကြောင်း အတူတူပဲ ပိုင်တာဆိုရင် လုံလောက်တဲ့ အကြောင်းပြချက်နဲ့ ရည်ရွယ်ချက် ရှိသွားပြီ... လိုနေတဲ့ ဆုံမှတ်တွေကို ဖြည့်ဖို့ ဒါမှမဟုတ် အဆင့်မြင် ဆုံမှတ်အတွက် ရှားပါပစ္စည်းတွေ ရဖို့ အဲဒီလိုမှ မဟုတ်ရင်လည်း တစ်ဖက်လူ စုဆောင်းထားတဲ့ အတွေ့အကြုံတွေကို လိုချင်တာ ဖြစ်နိုင်တယ်...’

‘ဒီအတွေးအတိုင်း ဆက်စဉ်းစားရင် အန်တီဂိုနပ်မိသားစုက အမြင်ဆရာ ဆုံမှတ်လမ်းကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်တယ်ဆိုတာ ကျိုးကြောင်းဆီလျော်သွားပြီ’

‘ဟုတ်တယ်... ငါ လူရွှင်ဆေးရည်နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို တွက်ချက်တုန်းက ပေါ်လာတဲ့ ပုံရိပ်တွေ အကုန်လုံးနီးပါးက အန်တီဂိုနပ်မိသားစုနဲ့ ပတ်သက်နေတယ်... လျှို့ဝှက်ဂိုဏ်းက ဝတ်စုံနဲ့လူပြက်ပဲ ခြွင်းချက် ရှိတယ်... အဲဒီတော့ ဒီနိမိတ်ရဲ့ အဓိပ္ပာယ်က မြင်ကွင်းတိုင်းမှာ လူရွှင်ဆေးရည်ကို ရဖို့ သဲလွန်စတစ်ခု ပါတယ်လို့ ပြောနေတာပဲ... ဒါပေမဲ့ ငါက ဒါကို နားမလည်နိုင်လို့ လွဲသွားရတယ်’

သက်သေနှစ်ခုရဲ့ အတည်ပြုချက်ကြောင့် ကလိုင်းဟာ ဆီးရီးယပ် စာထဲက ကိစ္စတွေကို ၉၉ ရာခိုင်နှုန်း ယုံကြည်သွားပါတယ်။ ရေရွတ်ညည်းတွားသံတွေထဲမှာ ဘာဖြစ်လို့ ဟွန်းနာဆစ်ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါ ကြားနေရလဲ ဆိုတာလည်း နားလည်သွားပါတယ်။

‘အဲဒီလို ပထမဆုံး စဖြစ်တာက ငါ အမြင်ဆရာ ဆေးရည်ကို စသောက်တုန်းက...’

သူဟာ လေးလေးနက်နက် တွေးတော ဆင်ခြင်ပါတယ်။

တစ်ချိန်တည်းမှာပဲ ဟွန်းနာဆစ်ဆိုတဲ့ ရေရွတ်သံတွေကို ကြားနိုင်ဖို့က အန်တီဂိုနပ်မိသားစု အမွေအနှစ်တွေနဲ့ ထိတွေ့မိပြီး ရှင်သန်ကျန်ရစ်ဖို့နဲ့ အမြင်ဆရာ လမ်းကြောင်းပေါ်က သာလွန်သူဖြစ်မှလို့ ခန့်မှန်းချက် ထုတ်လိုက်ပါတယ်။

‘ဟွန်းနာဆစ်တောင်တန်းရဲ့ အဓိကတောင်ထိပ်ပေါ်က ရှေးဟောင်း အပျက်အစီးတွေထဲမှာ တစ်ကယ်ပဲ အန်တီဂိုနပ်မိသားစု မြှုပ်နှံထားခဲ့တဲ့ လျှို့ဝှက်ရတနာ ရှိနေတာလား... မဟုတ်သေးဘူး... ငါ ဒီအကြောင်းကို တွေးလို့ မဖြစ်ဘူး... မှတ်စုစာအုပ် တစ်အုပ်တည်းနဲ့တင် လူသေတာ မနည်းဘူး... လျှို့ဝှက်ရတနာသာဆိုရင် ဒီထက် ပိုကြောက်ဖို့ကောင်းမှာ‌ သေချာတယ်’

ကလိုင်းဟာ ခေါင်းခါပြီး စာရွက်သုံးရွက်ထဲက နောက်ဆုံးစာရွက်ဖြစ်တဲ့ တတိယစာရွက်ကို ကြည့်လိုက်ပါတယ်။

“ဂုဏ်သရေရှိ လူကြီးမင်း မစ္စတာဇက်... ကျွန်တော် လူကြီးမင်းရဲ့ အကူအညီကိုရဖို့ မျှော်လင့်ပါတယ်... လူကြီးမင်းလည်း အဲဒီရတနာကို စိတ်ဝင်စားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

“အဲဒီမတိုင်ခင် ကျွန်တော်ကိုယ် ကျွန်တော် သမိုင်းစိတ်ဝင်စားတဲ့ သာမန်လူတစ်ယောက်နဲ့ တူအောင် နေထိုင်မယ်”

“နောက်ဆုံးနေ့ရက်ကို ရောက်လာရင် ထင်းဂန်မြို့မှာရှိတဲ့ သိုးတွေအကုန်လုံးကို ဘုရားသခင်ဆီမှာ ယဇ်ကောင်အဖြစ် ပူဇော်ပါ့မယ်”

“အညတရ ဆီးရီးယပ် အဲရက်ဗစ်”

ဆီးရီးယပ်ရဲ့ စာကို ဖတ်လို့ပြီးသွားတဲ့အခါ ကလိုင်းဟာ ရယ်ချင်သွားပါတယ်။

‘ဟီးဟီး... ငါ ဘာဖြစ်လို့ ထင်းဂန်မြို့ကို ကယ်တင်လိုက်တယ်လို့ ခံစားရတာလဲ... ဒီကောင်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ... မိစ္ဆာဒိဋ္ဌိတွေက တကယ်ကို မယုံနိုင်စရာပဲ...’

‘ဒီမစ္စတာဇက်ဆိုတဲ့ လူကရော ဘယ်သူလဲ... သူ့ ကြည့်ရတာ ရာထူးမြင့်တဲ့လူနဲ့ တူတယ်... အနည်းဆုံး ကပ္ပတိန်တို့နဲ့ ဆုံမှတ်အဆင့် တူလောက်တယ်...’

‘ဆီးရီးယပ်က ဒီစာကို ဘယ်ပို့မှာလဲ... လိပ်စာလည်း မပါဘူး... ဒီမိစ္ဆာဒိဋ္ဌိတွေက သတိတော့ ကြီးသားပဲ... နောက်ဆုံး မပို့ခင်အချိန်အထိ လိပ်စာကို ချမရေးဘူး...’

‘ဟုတ်ပြီ... အန်တီဂိုနပ်မိသားစုက အမြင်ဆရာ လမ်းကြောင်းကို ပိုင်ဆိုင်တာဆိုရင် ဆီးရီးယပ် ပို့လိုက်တဲ့ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ထဲက ဖော်မြူလာသုံးခုထဲမှာ လူရွှင်ဆေးရည် ပါလောက်တယ်... ပါဖို့ ရာခိုင်နှုန်း များတယ်...’

ကလိုင်းဟာ ချက်ချင်းဆိုသလိုပဲ လူရွှင်ဆေးရည်အတွက် သဲလွန်စ ရသွားပါတယ်။

ဆီးရီးယပ်က ဖော်မြူလာကို သူနဲ့အတူ သယ်မထားပေမဲ့ သူပုန်းနေတဲ့နေရာမှာ မှတ်တမ်းပုံစံ တစ်မျိုးမျိုးနဲ့ ချန်ထားခဲ့နိုင်ပါတယ်။ သူ့ခေါင်းထဲ သူ့မှတ်ဉာဏ်ထဲမှာလည်း ရှိနေမှာပါ။

ကလိုင်းဟာ သူ့ရှေ့က အလောင်းကို ကြည့်ပြီး လူသေကို စကားပြောခိုင်းမဲ့ ကိစ္စကို စဉ်းစားပါတယ်။ ချက်ချင်းဆိုသလိုပဲ သူ့ခေါင်းထဲကို အကြံတစ်ခု တိုးဝင်လာပါတယ်။

“နတ်ပူးတာ”

နတ်ဝင်သည်တွေက မပျောက်ကွယ်သေးတဲ့ စိတ်ဝိညာဉ်တွေနဲ့ တိုက်ရိုက် ဆက်သွယ်နိုင်ပါတယ်။ အမြင်ဆရာ၊ လျှို့ဝှက်ဆန်းကြယ် စပ်စုသမားနဲ့ တခြားလူတွေကလည်း ဒီလိုကိစ္စမျိုးကို အစီအရင်သုံးပြီး အကြမ်းဖျင်း လုပ်ဆောင်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ဝတ်စုံနဲ့လူပြက်ရဲ့ အလောင်းတုန်းက သူ နတ်ပူးတာကို မသုံးခဲ့တာက အကြောင်းရင်း ရှိပါတယ်။ ပထမတစ်ချက်အနေနဲ့ အဲဒီတုန်းက သူ ကျန်တဲ့လူတွေကို ကယ်ဖို့ အလျင်လိုနေခဲ့ပါတယ်။ ဒုတိယက သူ့မှာ အစီအရင်လုပ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ ရှိမနေခဲ့ပါဘူး။ နောက်ဆုံးအချက် အနေနဲ့ သူ့မှာ ယုံကြည်ချက် လုံလုံလောက်လောက် မရှိခဲ့ပါဘူး။

အဲဒါကြောင့် နတ်ပူးတာကို မစဉ်းစားခဲ့တာပါ။ အဲဒါကြောင့်ပဲ သူ့ရဲ့ အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ သူတို့တွေ ဆူးနက်လုံခြုံရေး ကုမ္ပဏီကို ပြန်ရောက်တော့ စိတ်ဝိညာဉ်က ပျောက်ကွယ်သွားလောက်ပါပြီ။ မပျောက်ကွယ်ဘူးဆိုရင်တောင် တော်တော်ကို အားနည်းသွားလောက်ပါပြီ။ အဲဒီလို အခြေအနေမှာ နတ်ဝင်သည်ဆိုရင်တောင် အပေါ်ယံ သတင်းအချက်အလက်လောက်ပဲ ရနိုင်တော့မှာပါ။

ဒါပေမဲ့ အခုတော့ ကလိုင်းဆီမှာ လိုအပ်တဲ့ပစ္စည်းတွေ အကုန်ရှိပါတယ်။ အိပ်မက်ဗေဒင်ရဲ့ အကူအညီနဲ့ အငြိုးအတေးရှိတဲ့ စိတ်ဝိညာဉ်တွေနဲ့ ဆက်သွယ်တဲ့ အတွေ့အကြုံလည်း ရှိထားပါတယ်။

သူ စိုးရိမ်ရမှာက မိစ္ဆာဒိဋ္ဌိရဲ့ စိတ်ဝိညာဉ်နဲ့ ဆက်သွယ်တဲ့အခါမှာ ကပ္ပတိန် ဟန်းနစ်ရဲ့ အိပ်မက်ထဲ ဝင်ကြည့်တုန်းကလိုမျိုး ကြောက်စရာကောင်းတဲ့ တည်ရှိမှုနဲ့ တွေ့ရမှာကိုပါ။ ဒါပေမဲ့ ကပ္ပတိန်က နှစ်ရက်ပဲ အားနည်းသွားတာဆိုတော့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတာလို့ ပြောလို့မရပါဘူး။

‘ဟုတ်တယ်... ဘာပဲဖြစ်ဖြစ် ငါ စမ်းကြည့်သင့်တယ်...’

သူဟာ စက္ကန့်နှစ်ဆယ်လောက် တုံ့ဆိုင်းနေပြီးမှ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သူဟာ ဒီအခွင့်အရေးကို လက်လွှတ်မခံချင်ပါဘူး။

သူဟာ ခေါင်းမော့ပြီး လှည့်ကြည့်လိုက်တဲ့အခါ ပြတင်းပေါက် ကွဲသွားတဲ့နေရာမှာ လူတွေ စုဝေးပြီး ရပ်ကြည့်နေတာ တွေ့လိုက်ရပါတယ်။

အဲဒါကြောင့် သူဟာ သက်သေခံကဒ်ပြားနဲ့ တံဆိပ်ကို ထုတ်ပြီး ပြတင်းပေါက်ကွဲဆီ လျှောက်သွားပါတယ်။ အဲဒီနောက် ကွဲသွားတဲ့ ပြတင်းပေါက်ကနေ ကြည့်နေတဲ့လူတွေကို ပြောလိုက်ပါတယ်။

“ငါက အာဝါခရိုင် ရဲစခန်း အထူးစစ်ဆင်ရေးဌာနက အစမ်းခန့်ရဲအုပ်ပဲ... လူဆိုးကို အသေပစ်ဖမ်းလိုက်ပြီ... ဒီတံဆိပ်ကို အနီးစပ်ဆုံး ရဲစခန်းဆီ ယူသွားပြီး အကူလွှတ်ပေးဖို့နဲ့ နောက်ပိုင်းကိစ္စတွေ ဆက်လက်ဆောင်ရွက်ဖို့ အကြောင်းကြားပေးပါ”

“ကျန်တဲ့လူတွေက ဒီနေရာတစ်ဝိုက်ကို ပိတ်ထားဖို့ ကူညီပေးကြပါ... ဘယ်သူ့ကိုမှ အနားမကပ်စေနဲ့... အခင်းဖြစ်တဲ့နေရာ ပျက်သွားလိမ့်မယ်”

“ဟုတ်ကဲ့ပါ ရဲအုပ်...” ကလိုင်းကို ပြဿနာပေးခဲ့တဲ့ စာကြည့်တိုက် ဝန်ထမ်းဟာ တံဆိပ်ကို ခပ်သွက်သွက်ပဲ ယူလိုက်ပါတယ်။

အခင်းဖြစ်တဲ့နေရာတစ်ခုလုံး ပိတ်လိုက်တဲ့အခါ ဘယ်သူမှ မြက်ခင်းပြင်ကို ဝင်လို့ မရတော့ပါဘူး။ ဒီတော့မှ ကလိုင်းဟာ ထောင့်နေရာကို ပြန်သွားပြီး အလောင်းဘေးမှာ ရပ်လိုက်ပါတယ်။

ရိုးသားတဲ့လူအုပ်က လူတစ်ယောက်ထက် မွန်းစတားနဲ့ ပိုတူတဲ့ လူသေအလောင်းကို မမြင်နိုင်တာ ကျေးဇူးတင်ရပါမယ်။

သူဟာ လက်ကိုင်တုတ်နဲ့ ခြောက်လုံးပြူးကို အောက်ချပြီး လေကာအင်္ကျီနက်ရဲ့ အတွင်းအိတ်ကပ်ထဲ နှိုက်ကာ သတ္တုပုလင်းတစ်လုံးကို ထုတ်ယူလိုက်ပါတယ်။

သူဟာ နတ်ပူးတဲ့ နည်းလမ်းကို အိပ်မက်ဗေဒင်နဲ့ တွဲသုံးပြီး လူသေကို စကားပြောလာအောင် လုပ်မှာပါ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters