စိတ်ဝိညာဉ်နဲ့ ဆက်သွယ်ခြင်း
Vol. 11 Ch. 105
ကလိုင်းဟာ ပုလင်းအဖုံးကိုဖွင့်ပြီး နှာခေါင်းနားကပ်ကာ တစ်ချက် ရှူကြည့်လိုက်တဲ့အခါ ရနံ့သင်းသင်းလေးက သူ့ကို အားအင် ပြည့်ဖြိုးသွားစေပါတယ်။
ဒါက ညအိပ်ပန်း၊ နဂါးသွေးမြက်၊ စန္ဒကူး၊ ပင်စိမ်းနဲ့ တခြားဆေးပင်တွေ သုံးပြီး ဖော်စပ်ထားတဲ့ သိဒ္ဓိဝင် ညပေါင်ဒါမှုန့်ပါ။ ဒီပေါင်ဒါမှုန့်က ဖော်စပ်ရတာ လွယ်ကူတဲ့အတွက် ကလိုင်းဟာ မြေအောက်ဈေးက ပါဝင်ပစ္စည်းတွေ ရရချင်းပဲ တစ်ဖုံ ဖော်စပ်လိုက်ပါတယ်။ အခု အဲဒီသိဒ္ဓိဝင် ညပေါင်ဒါမှုန့်ကို အသုံးပြုမှာပါ။
သူဟာ သိဒ္ဓိဝင်ညပေါင်ဒါမှုန့်ကို လက်ဖဝါးပေါ် နည်းနည်းထည့်ပြီး သူ့စိတ်ကို ထိန်းချုပ်လိုက်ပါတယ်။ သူ့မျက်ဆံတွေဟာ အနက်ရောင် ပြောင်းသွားပါတယ်။
အဲဒီနောက် ကလိုင်းဟာ သတ္တုပုလင်းကို ပြန်သိမ်းပြီး သူ့စိတ်ဝိညာဉ်စွမ်းအားကို ပေါင်ဒါမှုန့်တွေထဲ ထည့်ကာ မြေကြီးပေါ် ကြဲချလိုက်ပါတယ်။ သူဟာ ဆီးရီးယပ်ရဲ့ အလောင်းကို တစ်ပတ်ပြည့်အောင် ပတ်ပြီး ပေါင်ဒါမှုန့်တွေ ကြဲချပါတယ်။
သဏ္ဍာန်မဲ့နံရံတစ်ခု ဖြစ်ပေါ်လာပြီး သူတို့ကို အပြင်လောကနဲ့ ခွဲခြားလိုက်ပါတယ်။
ကလိုင်းဟာ လက်ဖဝါးပေါ်မှာ ကျန်နေသေးတဲ့ သိဒ္ဓိဝင် ညပေါင်ဒါမှုန့်ကို ပွတ်ချပြီး တခြား သတ္တုပုလင်းတွေကို ထုတ်လိုက်ပါတယ်။ သူဟာ အမန်ဒါနဲ့ တခြားအရည်တွေကို ပတ်ဝန်းကျင်မှာ ပက်ဖြန်းပါတယ်။
သူလုပ်နေတဲ့ အစီအရင်က လူအိုကြီးနီးလ် ရေးဘီဘာအိမ်မှာ လုပ်ခဲ့တာနဲ့ မတူပါဘူး။ ရည်ရွယ်ချက်ချင်းက မတူဘူး မဟုတ်ပါလား။
အဲဒီမှာတုန်းက လူအိုကြီးနီးလ်ဟာ အရည်တွေ အရင်ဆုံး လောင်းချပြီးမှ သိဒ္ဓိဝင် ညပေါင်ဒါမှုန့်ကို သုံးခဲ့ပါတယ်။ အဲဒါက တကယ့် ယဇ်ခုံကလွဲရင် အကောင်းဆုံးဖြစ်တဲ့ ငြိမ်သက်အေးချမ်း မြင့်မြတ်တဲ့ အခြေအနေကို ဖြစ်ပေါ်စေပါတယ်။
သူကတော့ သိဒ္ဓိဝင် ညပေါင်ဒါမှုန့်ကို အရင်ဆုံးသုံးပြီးမှ တခြားအရည်တွေကို လောင်းချပါတယ်။ အဲဒါက ဆီးရီးယပ်ရဲ့ လက်ကျန် စိတ်ဝိညာဉ်ကို ပတ်ဝန်းကျင်ရဲ့ နှောင့်ယှက်မှုရန်ကနေ ကာကွယ်ပေးပြီး အစီအရင်အတွက် လိုအပ်တဲ့ ပတ်ဝန်းကျင် အနိမ့်ဆုံး သတ်မှတ်ချက်ကို ထိန်းထားပေးပါတယ်။
သူသာ လူအိုကြီးနီးလ်အတိုင်း လိုက်လုပ်ရင် ဆီးရီးယပ်ရဲ့ လက်ကျန် စိတ်ဝိညာဉ်က လုံးဝ သန့်ရှင်းခံလိုက်ရမှာပါ။ ဆက်သွယ်လို့ ရတော့မှာ မဟုတ်ပါဘူး။
ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လို့ ပြီးတဲ့အခါ ကလိုင်းဟာ ပစ္စည်းတွေ ပြန်သိမ်းပြီး တွေးခေါ်မှု အခြေအနေထဲ ဝင်ပါတယ်။ အဲဒီနောက် ဟားမီးဘာသာစကားနဲ့ တိုးတိုးညင်းညင်း ရွတ်ဆိုပါတယ်။
“ညအမှောင်ထုရဲ့ စွမ်းအားကို တောင်းဆိုပါတယ်”
“ဆန်းကြယ်မှုရဲ့ စွမ်းအားကို တောင်းဆိုပါတယ်”
“အရှင်မရဲ့ ချစ်ခြင်းမေတ္တာကို တောင်းဆိုပါတယ်”
“ကျွန်တော်မျိုးကို ဒီယဇ်ပွဲအတွင်းမှာရှိတဲ့ မိစ္ဆာဒိဋ္ဌိရဲ့ စိတ်ဝိညာဉ်နဲ့ ဆက်သွယ်ခွင့် ပေးတော်မူပါ”
...
သူရွတ်ဆိုတဲ့ မန္တန်ဟာ ချိပ်ပိတ်ထားတဲ့ ကွက်လပ်ထဲမှာ ပဲ့တင်ထပ်သွားပါတယ်။ ကလိုင်းဟာ ရုတ်တရက်ဆိုသလို သူ့အပေါ်ကျဆင်းလာတဲ့ အားကြီးပြီး ကြောက်ဖို့ကောင်းကာ လျှို့ဝှက်ဆန်းကြယ်တဲ့ စွမ်းအင်တစ်ခုကို ခံစားမိလိုက်ပါတယ်။
သူ့မျက်လုံးတွေဟာ မျက်ဆံမဲ့သွားသလိုမျိုး လုံးဝမည်းနက်သွားပါတယ်။
သူဟာ အခွင့်အရေးကို လက်လွှတ်မခံဘဲ ဗေဒင်တွက်တဲ့ စာကြောင်းကို ရင်ထဲမှာ ရွတ်ဆိုလိုက်ပါတယ် “လူရွှင်ဆေးရည် ဖော်မြူလာ”
“လူရွှင်ဆေးရည် ဖော်မြူလာ”
...
ဒီစာကြောင်းကို ရွတ်နေတုန်းမှာ သူဟာ တွေးခေါ်မှုသုံးပြီး အိပ်မက်မက်နေသလိုမျိုး အခြေအနေထဲ ယာယီ ဝင်ရောက်ပါတယ်။
ကောင်းကင်ရော မြေကြီးရော မရှိဘဲ ဝေဝါးနေတဲ့ မီးခိုးရောင် လောကတစ်ခုဆီ သူ ရောက်သွားပါတယ်။ သူဟာ ပုံမှန်ထက် သတိပိုထားပြီး ကြည်လင်ပြတ်သား သိမ်မွေ့တဲ့ ရုပ်သွင်ကို သေသေချာချာ အကဲခတ်ပါတယ်။
သူဟာ ညာလက်ဆန့်ပြီး ဆီးရီးယပ်ရဲ့ လက်ကျန် စိတ်ဝိညာဉ်ကို ထိလိုက်ပါတယ်။ ဒီအခါမှာ သူ့ရှေ့က မြင်ကွင်းဟာ ရုတ်ခြည်း ပြောင်းလဲသွားပါတယ်။
နီမှောင်ရောင် ဆေးသုတ်ထားတဲ့ စားပွဲတစ်လုံး ပေါ်လာပါတယ်။ စားပွဲပေါ်မှာ ဖယောင်းတိုင် သုံးတိုင် ထွန်းထားတဲ့ ငွေရောင် ဖယောင်းတိုင် ထွန်းခုံနဲ့ စာရွက်အလွတ်တွေ ရှိနေပါတယ်။
ဆီးရီးယပ်ရဲ့ လက်ထဲမှာ ဖော့ပင်တစ်ချောင်း ကိုင်ထားပါတယ်။ သူဟာ လိုအင်ဘာသာစကားနဲ့ ချရေးပါတယ်။
“ဒါက ဒုတိယဖော်မြူလာပဲ... မှတ်စုစာအုပ်ထဲမှာ ရေးထားတာတော့ ဆေးရည်နာမည်က လူရွှင်တဲ့”
“ရေသန့် ၈၀ မီလီလီတာ၊ ဆူးပန်းသီးရည် ၅ စက်၊ နေကြာနက်မှုန့် ၇ ဂရမ်၊ ရွှေဝတ်ရုံမြက်မှုန့် ၁၀ ဂရမ်၊ ထင်းရှူးပန်းပွင့်ဖြူအဆိပ် ၃ စက်... ဒါတွေက အားဖြည့်ပစ္စည်းတွေပဲ”
“အဓိက သဘာဝလွန်ပစ္စည်းတွေက အရွယ်ရောက်ပြီးသား ဟွန်းနာဆစ် မီးခိုးရောင် တောင်ဆိတ်ရဲ့ တစ်ချောင်းတည်းရှိတဲ့ ဦးဂျိုက ပုံဆောင်ခဲ တစ်ခဲနဲ့ လူမျက်နှာရှိတဲ့ ရိုးညှာတံပါ နှင်းဆီးပန်းတစ်ပွင့်”
ဆီးရီးယပ်ဟာ လူရွှင်ဆေးရည် ဖော်မြူလာကို အလွတ်ကျက်ထားတယ်နဲ့ တူပါတယ်။ ခပ်သွက်သွက်ပဲ ရေးလို့ ပြီးသွားပါတယ်။ အဲဒီနောက် သူဟာ ခဏရပ်ပြီး ကော်ဖီတစ်ငုံ သောက်ပါတယ်။ ပြီးတဲ့အခါမှာတော့ လက်ကောက်ဝတ်က ငွေချိန်သီးကြိုးကို ဖြုတ်ပါတယ်။
သူဟာ ငွေချိန်သီးကြိုးကို ကိုင်ပြီး မျက်စိမှိတ်ကာ ‘အဆုံးသတ်နေ့’ ‘စိတ်အေးချမ်းပါစေ’ ‘အရှင်ရဲ့ ကောင်းချီးကို တောင့်တပါတယ်’ ‘ဝန်ခံပါတယ်’ စတဲ့ စကားစုတွေကို ရေရွတ်ပါတယ်။
ဆီးရီးယပ် ဆုတောင်းလို့ ပြီးသွားတဲ့အခါမှာတော့ ကလိုင်းဟာ ငွေချိန်သီးကြိုးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတယ်။ ငွေချိန်းကြိုးရဲ့ အစွန်းနှစ်ဖက်ကို ဆက်ထားတဲ့ ကွင်းအောက်မှာ လက်မအရွယ် လူသားရုပ်သွင်လေး တွဲလောင်းကျနေပါတယ်။
ဒီရုပ်သွင်ဟာ ဘီလူးတွေလိုမျိုး မျက်လုံး တစ်လုံးတည်း ရှိပြီး အောက်ကို စိုက်ကြည့်နေပါတယ်။ သူ့ခြေထောက်တွေကို အပေါ်နဲ့ သွယ်တန်းထားတဲ့ သံကြိုးတွေက ချည်နှောင်ထားပါတယ်။
အဲဒီအချိန်မှာ ဒီဘီလူးရဲ့ တစ်လုံးတည်းရှိတဲ့ မျက်လုံးကနေ ရုတ်တရက်ဆိုသလို အနီရောင်ရေးရေး တောက်လာပါတယ်။
“ခွမ်း”
သူ့ရှေ့က မြင်ကွင်းဟာ ကွဲကြေသွားပြီး ကလိုင်းဟာ ခြေထောက်တွေ အားပျက်သွားတယ်လို့ ခံစားလိုက်ရပါတယ်။ သူဟာ မြေကြီးပေါ် ဒူးထောက်ကျလုနီး ဖြစ်သွားပါတယ်။ တစ်စုံယောက်က သူ့ခေါင်းကို နံပါတ်တုတ်နဲ့ အားကုန်ရိုက်လိုက်သလိုမျိုး နာကျင်မှုကိုလည်း ခံစားလိုက်ရပါတယ်။
သူ့မြင်ကွင်းတစ်ခုလုံး သွေးလို နီရဲသွားပြီး သူ့လက်တွေဟာ ဒူးဆစ်ဆီ အလိုလို ရောက်သွားပါတယ်။
လေးငါးဆယ်စက္ကန့် ကြာတဲ့အခါမှာတော့ သူဟာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး မတ်တတ် ပြန်ရပ်ပါတယ်။ သူ့စိတ်ဝိညာဉ်ဟာ ပုံမှန်ထက် အားနည်းသွားပြီး ရေရွတ်ညည်းတွားသံတွေကို ကြားလာရသလိုမျိုး ခံစားလိုက်ရပါတယ်။
ဒါပေမဲ့ ဆေးရည်ကို ချေဖျက်တဲ့နေရာမှာ တော်တော်လေး ခရီးရောက်နေတာကြောင့် ဒီတုံ့ပြန်မှုတွေဟာ ခပ်မြန်မြန်ပဲ ပြန်ပျောက်ကွယ်သွားပါတယ်။
‘ဘီလူးဇောက်ထိုး... ဖန်တီးရှင်စစ်... ဆီးရီးယပ်နဲ့ ဟန်းနစ် နှစ်ယောက်စလုံးက အော်ရိုရာဂိုဏ်းသားတွေလား... ဒါပေမဲ့ ကပ္ပတိန် ဟန်းနစ်ရဲ့ အိပ်မက်ထဲမှာ မြင်ခဲ့တာက ဧရာမကြက်ခြေခတ်ကြီး... အဲဒီ ကားစင်တင်ခံထားရတဲ့ ကြောက်စရာ တည်ရှိမှုက အော်ရိုရာဂိုဏ်းရဲ့ ဘီလူးဇောက်ထိုး မဟုတ်ဘူး...’
ကလိုင်းဟာ အသက်အရှည်ကြီး နှစ်ခါရှူပြီး သူ့စိတ်ဝိညာဉ် ဖြည်းဖြည်းချင်း နာလန်ပြန်ထလာတာကို စောင့်ဆိုင်းပါတယ်။
အော်ရိုရာဂိုဏ်းက လွန်ခဲ့တဲ့ နှစ်နှစ်ရာ သုံးရာမှာ ထွက်ပေါ်လာတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခုပါ။ သူတို့တွေက ဘီလူးဇောက်ထိုး သင်္ကေတထားတဲ့ ဖန်တီးရှင်စစ်ကို ကိုးကွယ်ကြပါတယ်။ သူတို့တွေဟာ လူသားတိုင်းက ဘုရားသခင် ဂုဏ်ရည် ရှိပြီး စမ်းသပ်မှု မြောက်မြားစွာကို ဖြတ်ကျော်နိုင်ရင် ဘုရားသခင်ဂုဏ်ရည် လုံလုံလောက်လောက် စုမိကာ နတ်သားတွေ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ကြပါတယ်။
ညသိမ်းငှက်ရဲ့ အတွင်းမှတ်တမ်းတွေအရ အော်ရိုရာဂိုဏ်းရဲ့ ဆုံမှတ် ၉ ဟာ လျှို့ဝှက်ချက် တောင်းခံသမားပါ။ ဒီသာလွန်သူတွေဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းတဲ့ တည်ရှိမှုတွေကို အာရုံခံနိုင်ကာ ယဇ်ပွဲနဲ့ အစီအရင်ပိုင်းမှာ အတော်အတန် ပိုင်နိုင်ကြပါတယ်။
ဒါပေမဲ့ အကြီးတန်း လျှို့ဝှက်ချက် တောင်းခံသမားတွေက လောကကိုရှုမြင်ပုံ ပျက်ယွင်းပြီး စိတ်လွတ်ဖို့ လွယ်ကူပါတယ်။ ဒီအချက်ကို ထောက်ကန်ပေးတဲ့ သက်သေတွေကလည်း တစ်ပုံကြီး ရှိပါတယ်။
အော်ရိုရာဂိုဏ်းက ပိုင်ဆိုင်တဲ့ ဆုံမှတ် ၇ အကြောင်းကိုတော့ သိပ်မသိရပါဘူး။ ဆုံမှတ် ၈ ကတော့ သောတရှင်ပါ။ ဒီအလုပ်က သာလွန်သူတစ်ယောက် အတွက် တော်တော်ကို ကြောက်စရာကောင်းတဲ့ အလုပ်လို့ ပြောလို့ရပါတယ်။
သောတရှင်တိုင်းက လျှို့ဝှက်တည်ရှိမှုတွေရဲ့ တီးတိုးပြောသံတွေကို တိုက်ရိုက် နားထောင်နိုင်ပါတယ်။ အဲဒါကြောင့် သူတို့တွေမှာ စွမ်းအားကြီးပြီး ပုံမှန်မဟုတ်တဲ့ ထူးခြားစွမ်းအားတွေကို မကြာခဏ တွေ့ရတတ်ပါတယ်။ ဒါပေမဲ့ အကျိုးဆက်အနေနဲ့ သူတို့တွေ ရှေ့ဆက်မတက်နိုင်ဘဲ နောက်ငါးနှစ် အသက်ရှင်ဖို့ ခက်သွားပါတယ်။
ဒါ့အပြင် ညသိမ်းငှက်ရဲ့ မှတ်တမ်းထဲမှာ သောတာရှင်တိုင်းကို စိတ္တဇတွေလို့ မှတ်ချက်ပေးထားပါတယ်။ သူတို့တွေက အပေါ်ယံမှာ သာမန်ပဲလို့ ထင်ရရင်တောင် အတွင်းထဲမှာ အမြဲတမ်း ရူးသွပ်နေတယ်လို့ ဖော်ပြထားပါတယ်။။
အော်ရိုရာဂိုဏ်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာက ကလိုင်းရဲ့ ခေါင်းထဲမှာ လျှပ်တစ်ပြက် ပေါ်လာပါတယ်။ သူ့ရဲ့ ကနဦးသီအိုရီအရဆိုရင် ဆီးရီးယပ်က လျှို့ဝှက်ချက် တောင်းခံသမားပါ။
‘စာထဲကအတိုင်းဆိုရင် လျှို့ဝှက်ချက် တောင်းခံသမားကလည်း အမြင်ဆရာလိုပဲ တိုက်ပွဲထဲမှာ သုံးစားမရဘူး... ဒီအချက်က ခုနက ဆီးရီးယပ် လှုပ်ရှားတာနဲ့ ဆီလျော်တယ်... နောက်ပိုင်း မွန်းစတား ဖြစ်သွားတာက ဒဏ်ရာကြောင့် စိတ်လွတ်သွားတာလား... ဟုတ်တယ်... ဖရိုင်း တစ်ခါက ပြောဖူးတယ်... သာလွန်သူတိုင်းက သေသွားရင် အနည်းနဲ့အများတော့ ထူးထူးဆန်းဆန်း ပြောင်းလဲသွားတတ်တယ်တဲ့’
ကလိုင်းဟာ တွေးရင်းနဲ့ ရင်ဘက်မှာ လေးချက်ထိပြီး အရှင်မကို ချီးကျူးစကား ဆိုပါတယ်။ စိတ်ဝိညာဉ်စွမ်းအား အနည်းငယ် ပြန်ရလာတဲ့အချိန်မှာ သူဟာ အစီအရင်ကို အဆုံးသတ်ပြီး စိတ်ဝိညာဉ်နံရံကို ဖျက်လိုက်တဲ့အခါ ဝှစ်ခနဲ လေပြင်းတစ်ချက် တိုက်ခိုက်လာပါတယ်။
ကလိုင်းဟာ သူ့ကိုယ်သူ ထိန်းသိမ်းပြီး ဆီးရီးယပ်ရဲ့ အလောင်းကို ကြည့်လိုက်တဲ့အခါ ဆီးရီးယပ်ရဲ့ ရုပ်ပျက်ဆင်းပျက် မျက်နှာမှာ ကြွက်နို့တစ်ခုက သိသိသာသာ ထင်ရှား ရှိနေသေးတာကို တွေ့လိုက်ရပါတယ်။ ဒီကြွက်နို့က ခရမ်းနက်ရောင်ရှိပြီး အမည်းရောင် ပြောင်းလုနီးနီးပါပဲ။ အဲဒ့ါအပြင် ဖောင်းကားပြီး အလင်းရောင်ဖျော့ဖျော့ တောက်ချင်နေပါတယ်။
‘ဒါက ဘယ်လို ပြောင်းလဲမှုမျိုးလဲ...’ ကလိုင်းဟာ နားထင်ကို နှိပ်လိုက်ပါတယ်။ သူဟာ ဒီဟာကို မထိရဲပါဘူး။
သူဟာ ခါးကုန်းပြီး လက်ကိုင်တုတ်ကို ကောက်ယူပါတယ်။ စောစောက အဖြစ်အပျက် အပြီးမှာ ဆီးရီးယပ်ရဲ့ စိတ်ဝိညာဉ်က လုံးဝ ပျက်စီးသွားပြီဆိုတာ သူ သိလိုက်ပါတယ်။ နတ်ဝင်သည် ဒေလီတောင် ဆက်သွယ်နိုင်တော့မှာ မဟုတ်ပါဘူး။
အတန်အကြာမှာတော့ သူဟာ ကပ္ပတိန် ဒန်းစမစ်၊ လန်နာ့ဒ်နဲ့ ကင်လီတို့ကို တွေ့လိုက်ရပါတယ်။
“မင်းရဲ့ကံကြမ္မာက သာလွန်သူတွေ မိစ္ဆာအင်အားစုတွေနဲ့ ချည်နှောင်မိနေတယ်နဲ့ တူတယ်... ဘယ်နှပတ်မှ မရှိသေးဘူး... မင်း ကြုံရတဲ့ သဘာဝလွန် အဖြစ်အပျက်တွေက ငါတို့တွေ လစဉ်ပုံမှန် ကြုံရတာထက် ပိုများနေတယ်” လန်နာ့ဒ်ဟာ မြေကြီးပေါ်က အလောင်းကို ကြည့်ရင်း နောက်ပါတယ်။
“ဒါက တိုက်ဆိုင်မှု မဟုတ်လောက်ဘူး” ကလိုင်းဟာ အိပ်မက်ဗေဒင် တွက်တုန်းက မြင်ခဲ့ရတဲ့ အနီရောင် မီးခိုးခေါင်းတိုင်၊ ဟွန်းနာဆစ် တောင်တန်း အဓိကတောင်ထိပ်ပေါ်က ခမ်းနားထည်ဝါတဲ့ နန်းတော်ကြီးနဲ့ တစ်စုံတစ်ခုရဲ့ အာရုံစိုက်ခံရတာတွေကို ရုတ်တရက် တွေးမိပြီး ပြောလိုက်ပါတယ်။
ဒန်းစမစ်ဟာ ပတ်ဝန်းကျင်ကို စစ်ကြည့်ပြီးနောက် ကလိုင်းကို ပြန်ကြည့်ကာ မေးပါတယ် “မင်း သူ့စိတ်ဝိညာဉ်နဲ့ ဆက်သွယ်ထားတာလား”
သိဒ္ဓိဝင်ညပေါင်ဒါမှုန့်က ခြေရာကျန်ခဲ့သလို အမွှေးဆီ ရနံ့ကလည်း ခုထိ မပျောက်သေးပါဘူး။
“ဟုတ်တယ်” ကလိုင်းဟာ အမှန်အတိုင်း ဖြေပါတယ် “ကပ္ပတိန်တို့ နောက်ကျမှ ရောက်လာရင် သူ့စိတ်ဝိညာဉ် ပျောက်သွားမှာစိုးလို့ ကျွန်တော် လုပ်လိုက်တာ”
“မင်းကြည့်ရတာ မဟန်ဘူး... အဆင်ပြေရဲ့လား” ကင်လီက စိုးရိမ်စိတ်နဲ့ မေးပါတယ်။
ကလိုင်းဟာ ဆီးရီးယပ် မပို့ရသေးတဲ့ စာကို ကပ္ပတိန်ဆီ ကမ်းပေးပြီး အဖြစ်အပျက်ကို အစကနေ ရှင်းပြပါတယ်။
“ကျွန်တော် မြေအောက်ဈေးကို အစီအရင်အတွက် လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်တော့ ဆယ်လီနာကလည်း မိစ္ဆာနဂါးဘားကို ရောက်ဖူးတာ သွားတွေးမိတယ်... ဆယ်လီနာကို ခေါ်သွားတာက ဟန်းနစ်ဗင်းဆင့်... အဲဒီတော့ ဟန်းနစ်က မြေအောက်ဈေးကို မကြာခဏ ရောက်တယ်လို့ ယူဆလို့ရတယ်... အဲဒီမှာ ပုံတူပန်းချီထဲက လူက ဟန်းနစ်နဲ့ သေချာပေါက် အဆက်အဆံရှိတဲ့လူဆိုတော့ မြေအောက်ဈေးကို ရောက်ကောင်း ရောက်ခဲ့မှာပဲလို့ တွေးမိတယ်”
“အဲဒါနဲ့ သူဌေးဆွင်းကို မေးကြည့်တော့ ကျွန်တော် ထင်တဲ့အတိုင်းပဲ... သူဌေးဆွင်း ပြောတာတော့ အဲဒီလူက ဟွန်းနာဆစ်တောင်တန်းနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေ ပစ္စည်းတွေ ဝယ်ဖို့ ကြိုးစားခဲ့တယ်တဲ့... အဲဒီမှာ ကျွန်တော် စာကြည့်တိုက် သွားတုန်းက စာကြည့်တိုက် ဝန်ထမ်း ပြောတာကို သွားသတိရလိုက်တယ်... ကျွန်တော် ငှားချင်တဲ့ ဂျာနယ်တွေကို လူတစ်ယောက်က ပြန်လာအပ်သွားရုံပဲ ရှိသေးတယ်တဲ့”
လန်နာ့ဒ်ဟာ ဘေးမှာရပ်ပြီး အပြုံးနဲ့ နားထောင်ရင်းက ရုတ်တရက် ဖြတ်မေးပါတယ် “အဲဒီတော့ မင်းက သက်သေခံကဒ်နဲ့ တံဆိပ်ယူလာပြီး ဒီနေရာမှာ ငှာရမ်းမှတ်တမ်းတွေ လာကြည့်တာလား... ငါ အရမ်း သိချင်နေတာ တစ်ခု ရှိတယ်... မင်း ဘယ်လိုလုပ်ပြီး ဒီနေရာမှာ ဒီလူနဲ့ တိုက်ခိုက်မိတာလဲ... မျက်နှာချင်းဆိုင် တွေ့တယ်ဆိုရင်တောင် မင်း လုပ်နေကျအတိုင်းဆို မသိချင်ယောင်ဆောင်ပြီး ဇိုးတလန်လမ်းကို အကူအညီ လာတောင်းရမှာ မဟုတ်ဘူးလား”
“ဟုတ်တယ်... မင်း စွန့်စားဖို့ မလိုဘူး... မင်း ပစ်မှတ်ကို အတည်ပြုနိုင်တာနဲ့ သူ ထင်းဂန်မြို့က ထွက်မသွားဘူးဆိုရင် ငါတို့မှာ သူ့ကို ရှာနိုင်တဲ့ နည်းလမ်း အမြဲတမ်း ရှိတယ်” ဒန်းစမစ်ဟာ စာဖတ်ရင်းက ဖြည့်ပြောပါတယ်။
ကလိုင်းဟာ ရှက်ရှက်နဲ့ပဲ ဖြေပါတယ် “စာကြည့်တိုက်ဝန်ထမ်းက သူ့ကို မှတ်မိသွားပြီး အကူအညီ အော်တောင်းတယ်လေ”
“မင်းနေရာမှာ ငါသာဆိုရင်လည်း မကြားချင်ယောင် ဆောင်နိုင်မှာ မဟုတ်ဘူး...”
လန်နာ့ဒ်နဲ့ ကင်လီဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပါတယ်။ တစ်ယောက်က ပြုံးချင်စိတ်ကို အတတ်နိုင်ဆုံး ဖုံးကွယ်ပြီး တစ်ယောက်ကတော့ ခေါင်းကို တစ်ဖက် လှည့်လိုက်ပါတယ်။
ဒန်းစမစ်ဟာ ခေါင်းညိတ်ပြီး စာရွက်တွေကနေ အကြည့်ခွာလိုက်ပါတယ်။
“မင်း သူ့စိတ်ဝိညာဉ်နဲ့ ဆက်သွယ်တော့ ဘာသိရသေးလဲ”
“ကျွန်တော် ဘီလူးဇောက်ထိုးပုံ ငွေချိန်သီးကြိုးကို မြင်တယ်... အဲဒီဘီလူးရဲ့ တစ်လုံးတည်းရှိတဲ့ မျက်လုံးက သွေးနီရောင်တောက်လာပြီး ကျွန်တော်ကို အစီအရင်ထဲကနေ တွန်းထုတ်တယ်” ကလိုင်းဟာ ရိုးရိုးသားသားပဲ ဖြေပါတယ်။
သူဟာ လောလောဆယ်မှာ လူရွှင်ဆေးရည်အကြောင်း မပြောချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စဉ်းစားစရာနှစ်ခု ရှိလို့ပါ။
ပထမတစ်ချက်အနေနဲ့ ဒန်းစမစ်တို့တွေ ဆီးရီးယပ် ပုန်းတဲ့နေရာမှာ အဲဒီမှတ်တမ်းကို တွေ့ရင် သူပြောပြော မပြောပြော ဘာမှမထူးပါဘူး။ သူ အကျိုးထူး ဆောင်တယ်လို့လည်း သတ်မှတ်ခံရမှာ မဟုတ်ပါဘူး။
ဒုတိယက ဒန်းစမစ်တို့တွေ ဆေးရည်ဖော်မြူလာကို ရှာမတွေ့ရင် သူ နောက်ကျ အစီရင်ခံလို့ ရပါတယ်။ အဲဒီလိုဆိုရင် သူ နောက်ထပ် အကျိုးဆောင်တာ ဖြစ်သွားပြီးတော့ ဆေးရည် ဖော်စပ်ဖို့ လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကို ရယူနိုင်မှာပါ။
ဒီလိုဆို တာဝန်တစ်ခုတည်းကနေ ဆုနှစ်ဆ ရပါပြီ။ ဒါ သူ့ကို လူအိုကြီးနီးလ် မကြာသေးခင်ကမှ သင်ပေးထားတာပါ။
“အော်ရိုရာဂိုဏ်းလား...” ဒန်းစမစ်ဟာ တစ်ကိုယ်တည်း ရေရွတ်ပြီး ဆက်စပ် မေးခွန်းအချို့ မေးပါတယ်။
ကလိုင်းက သူ့မေးခွန်း အကုန်လုံးကို ဖြေပြီးတဲ့အခါ ကလိုင်း မျက်လုံးထဲက ပင်ပန်းနွမ်းနယ်မှုကို မြင်သွားတာကြောင့် ဒန်းစမစ်ဟာ လက်ကိုင်တုတ် ဝှေ့ယမ်းပြီး ပြောပါတယ်။
“မဆိုးဘူး... မင်းက ထင်းဂန်မြို့ကို ပစ်မှတ်ထားတဲ့ ထောင်ချောက်တစ်ခုကို ဖော်ထုတ်လိုက်တာပဲ... မင်း ပြန်သွားပြီး နားလို့ရပြီ... ကင်လီ.. လူအိုကြီးနီးလ်ကို သွားခေါ်ချည်”
ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီးနောက် ဒန်းစမစ်ဟာ မချိပြုံးပြုံးကာ ခေါင်းခါပါတယ်။
“ဆုံမှတ် ၆ မတိုင်ခင်မှာ အအိပ်မဲ့ လမ်းကြောင်း သာလွန်သူတွေက အကူအစွမ်းအစတွေ တော်တော် နည်းတယ်... အစီအရင်တောင် အရိုးရှင်းဆုံးပဲ လုပ်နိုင်တယ်”
“ကပ္ပတိန်... ကပ္ပတိန် ပြောချင်တာက ဆုံမှတ် ၆ ကစပြီး အအိပ်မဲ့လမ်းကြောင်း သာလွန်သူက အဲဒီဘက်မှာ တိုးတက်မှု တချို့ရှိတယ်လို့ ပြောချင်တာလား” ကလိုင်းက သိချင်စိတ်နဲ့ မေးပါတယ်။
“ဟုတ်တယ်...” ဒန်းစမစ်ဟာ ခေါင်းညိတ်ပြီး အတည်ပြုပါတယ်။
...
စာကြည့်တိုက်ကနေ ထွက်ခွာလာပြီးနောက် အိမ်အပြန်လမ်းမှာ ကလိုင်းဟာ မြင်းလှည်းပေါ် အိပ်ပျော်လုနီး ဖြစ်ဖြစ်သွားပါတယ်။ သူဟာ အိမ်ထဲကို အိပဲ့အိပဲ့နဲ့ ဝင်ပြီး ဦးထုပ်နဲ့ ကုတ်အင်္ကျီကို ချွတ်လိုက်ပါတယ်။ အဲဒီနောက် ဆိုဖာပေါ်မှာ တစ်ခါတည်း အိပ်ပျော်သွားပါတယ်။
အချိန်တစ်ခုကြာတဲ့အခါမှာတော့ သူဟာ ဆတ်ခနဲ နိုးလာပါတယ်။ အဲဒီနောက် သူဟာ အိတ်ဆောင်နာရီ ထုတ်ပြီး ကလစ်ခနဲ ဖွင့်ကြည့်လိုက်ပါတယ်။
‘နာရီဝက်ဆိုရင် မလီဆာ ပြန်ရောက်လာတော့မှာ... ဘန်ဆင်က ၄၅ မိနစ်လောက်ဆို ပြန်ရောက်ပြီ... အခု ငါ ထမချက်ရင် ငါတို့တွေ ညစာစားဖို့ နောက်ထပ် တစ်နာရီကျော် စောင့်ရလိမ့်မယ်...’ ကလိုင်းဟာ မီးဖိုချောင်ထဲဝင်ရင်းက နဖူးကို ပွတ်လိုက်ပါတယ်။
သူဟာ ရေအေးနဲ့ မျက်နှာသစ်ပြီး သူ နေ့ခင်းက ဝယ်ထားတဲ့ နွားမြီး၊ ခရမ်းချဉ်သီး၊ မုန်လာဥနဲ့ ကြက်သွနီကို ထုတ်လိုက်ပါတယ်။
ဟင်းချက်စရာတွေကို ပြင်ဆင်ပြီးတဲ့အခါမှာတော့ သူဟာ ရုတ်တရက် ခဲသွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စောစောက သူ့လှုပ်ရှားမှုဟာ နေ့ခင်းက အဖြစ်အပျက်နဲ့ ထူးထူးဆန်းဆန်း ကျောချင်းကပ် ဆက်စပ်နေတယ်လို့ ခံစားမိလိုက်ရတာကြောင့်ပါ။
“ငါက ထင်းဂန်မြို့ကို ကယ်လိုက်တဲ့လူပဲ...” ကလိုင်းဟာ ပြုံးမိသွားရင်းက အဖြူရောင် ရှေ့ဖုံးခါးစည်းဝတ်ကာ ညစာချက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။