← Chapters

ပန်းချီဆရာ ကလိုင်း

Vol. 11 Ch. 106

ပန်းချီဆရာ ကလိုင်း

Vol. 11 Ch. 106

ည ၈ နာရီ၊ မိုရက်တီ မိသားစု ထမင်းစားခန်း။

ပန်းကန်လုံးထဲမှာ နည်းနည်းပဲ ကျန်တော့တဲ့ စွပ်ပြုတ်ကို ကြည့်ရင်း ဘန်ဆင်ဟာ ပါးစပ်ကို လက်နဲ့အုပ်ပြီး လေချဉ်တက်ပါတယ်။

“သုံးကြိမ်မြောက် စားတာတောင် အရသာ ရှိနေတုန်းပဲ... ခရမ်းချဉ်သီး ချိုချိုချဉ်ချဉ်လေးနဲ့ ကြာကြာဝါးရတဲ့ အမဲမြီးရဲ့ အရသာ ပေါင်းလိုက်တော့ လုံးဝ တစ်မူထူးခြားတဲ့ အရသာသစ်တစ်မျိုး ထွက်လာတယ်... စိတ်မကောင်းစရာပဲ ကလိုင်း... ဆူးနက်လုံခြုံရေး ကုမ္ပဏီက ထင်းဂန်မြို့မှာ ဒီလောက် ထူးချွန်ထက်မြက်တဲ့ စားဖိုးမှူးတစ်ယောက် လျော့သွားအောင် လုပ်လိုက်တယ်”

မလီဆာကလည်း ကုလားထိုင်ကို မှီပြီး ခေါင်းညိတ်ကာ သူ့အစ်ကိုစကားကို တိတ်တဆိတ် ထောက်ခံပါတယ်။

“အဲဒါက အစ်ကို တကယ့်ဟင်းတွေ မစားဖူးသေးလို့ပါ” ကလိုင်းဟာ ထောင်လွှားမှုမပါတဲ့ အပြုံးနဲ့ ပြောပါတယ်။

“နောက်ကျလို့ အခွင့်အရေးရခဲ့ရင် ကျွန်တော်တို့တွေ ဟောက်လမ်းက ဘိုနာပါ့တ်စားသောက်ဆိုင်မှာ အင်းထစ်ဟင်းလျာတွေ သွားစားကြတာပေါ့... ရွှေရောင်စက်မှုန်ဇုန် မြို့နယ်မှာရှိတဲ့ ကမ်းရိုးတန်း စားသောက်ဆိုင်က တောင်ပိုင်း စားသောက်ဖွယ်ရာတွေရောပဲ”

ဒီစားသောက်ဆိုင်တွေက သတင်းစားထဲမှာ အမြဲတမ်းပါပြီး တစ်ယောက်ကို တစ်ပေါင်ခွဲလောက် ပျှမ်းမျှကျပါတယ်။

“ညီမက အစ်ကိုချက်တာကို ပိုကြိုက်တယ်” မလီဆာဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ အဖြေပေးပါတယ်။

ဘန်ဆင်ကတော့ တဟားဟားရယ်ပြီး စကားလမ်းကြောင်း ပြောင်းပါတယ်။

“ဒါပေမဲ့ ငါ ဒီအမဲမြီးစွပ်ပြုတ်မှာ တစ်ခုခုလိုနေတယ်လို့ ခံစားရတယ်... ပေါင်မုန့်နဲ့ စားရတာက မလိုက်ဘူး ထင်တယ်”

ကလိုင်းဟာ ခေါင်းညိတ်ပြီး သဘောတူပါတယ်။

“ထမင်းနဲ့ဆို အကောင်းဆုံးပဲ”

“ထမင်း...” မလီဆာရဲ့ မျက်နှာမှာ မျှော်လင့်တောင့်တတဲ့ ခံစားချက် ယှမ်းသမ်းသွားပါတယ်။

မြောက်ပိုင်းမှာ တည်ရှိတဲ့ ထင်းဂန်မြို့က မြို့ကြီးတစ်မြို့ မဟုတ်ပါဘူး။ အဲဒါကြောင့် တချို့ စားသောက်ဆိုင်တွေကလွဲရင် ထမင်းစားရဖို့က တော်တော်လေး ခက်ခဲပါတယ်။

ဘန်ဆင်နဲ့ မလီဆာအတွက်တော့ ဒီလိုအစားအစာမျိုးက သတင်းစာနဲ့ ပုံနှိပ်စာအုပ်ထဲမှာပဲ ရှိတဲ့ အစားအစာပါ။

သူ့ညီမရဲ့ မျက်နှာကို ကြည့်ပြီး ကလိုင်းဟာ ရယ်လိုက်ပါတယ်။

“နောက်ခြောက်လ ပိုက်ဆံ စုပြီးတဲ့အထိ စောင့်ဦး... အဲဒီကျရင် ကျွန်တော်တို့တွေ အားလပ်ရက်ယူပြီး ဒေစီကမ်းခြေကို သွားလည်ကြမယ်... အဲဒီမှာ အစားကောင်း အသောက်ကောင်းတွေ စားကြတာပေါ့”

ဒေစီကမ်းခြေက လိုအင်နိုင်ငံရဲ့ တောင်ဘက်စွန်မှာ တည်ရှိပြီး ကမ်းခြေရဲ့ သုံးပုံတစ်ပုံကို ဖေးနာပေါ်တာ နိုင်ငံထဲမှာပါ။ အဲဒီမှာ နေရောင် ပိုပိုသာသာရပြီး လှပတဲ့ရှုခင်းတွေ ရှိသလို အဲဒီက စပိန်ထမင်းဟင်းဟာ နာမည် တော်တော်ကြီးပါတယ်။

မလီဆာ ပါးစပ်မဟခင်မှာပဲ ကလိုင်းဟာ ဖြည့်ပြောပါတယ် “နောက်သုံးလဆိုရင် ကျွန်တော် လစာက ထပ်တိုးတော့မှာ... အဲဒီကျရင် လိုအပ်တာတွေ ဝယ်ဖို့ရော ခရီးသွားဖို့ရော ပိုက်ဆံ ထပ်စုလို့ရပြီ”

“ဘာဖြစ်လို့လဲ”

သူ ထင်ထားတဲ့ အတိုင်းပါပဲ။ ဘန်ဆင်နဲ့ မလီဆာရဲ့ မျက်လုံးတွေဟာ သူ့ဆီကို ချက်ချင်း ရောက်လာပါတယ်။

ကလိုင်းဟာ ချောင်းအသာဟန့်ပြီး အပြုံးနဲ့ ရှင်းပြပါတယ်။

“ကျွန်တော်ရဲ့ ကျွမ်းကျင်မှုကြောင့် ကျွန်တော်တို့ ကုမ္ပဏီနဲ့ အမြဲတမ်း ပူးပေါင်းဆောင်ရွက်နေတဲ့ ရဲဌာနက ကျွန်တော့်ကို အချိန်ပိုင်း သမိုင်းအကြံပေးအဖြစ် ငှားရမ်းဖို့ ကမ်းလှမ်းလာတယ်... သူတို့တွေက လုပ်အားခ ထပ်ပေးတယ်... အနည်းဆုံး တစ်ပတ်ကို နှစ်ပေါင်ပဲ... အဲဒီတော့ နောက်ကျလို့ အစ်ကိုတို့တွေ ကျွန်တော့်ကို ရဲဝတ်စုံနဲ့မြင်ရင် လန့်မသွားနဲ့နော်”

“အဲဒီလို ဆိုပေမဲ့ အစ်ကိုတို့ သိတဲ့အတိုင်းပဲ... အစိုးရဌာနရဲ့ အလုပ်လုပ်ပုံက လိပ်ခြေကျင်း ခတ်ထားတာဆိုတော့ တော်တော်ကြာဦးမှာ... ကျွန်တော်ကိုလည် စုံစမ်းစစ်ဆေးဦးမှာ... အဲဒါကြောင့် ကျွန်တော် ဒီနှစ်လရဲ့ အလုပ်ပိတ်ရက်တွေမှာ ခွိုင်းတက္ကသိုလ်က ကျွန်တော့်ဆရာဆီသွားပြီး စာလေ့လာရလိမ့်မယ်”

သူ့အစ်ကိုနဲ့ ညီမရဲ့ မျက်လုံးထဲက အံ့အားသင့်မှုကို မြင်လိုက်ရတာကြောင့် ကလိုင်းဟာ စကားရပ်ပြီး ထူးဆန်းတဲ့မျက်နှာနဲ့ ပြောပါတယ် “ဧကရာဇ်ရစ်ဆဲ ပြောဖူးတယ်လေ... ပညာလို အိုသည်မရှိတဲ့”

ဘန်ဆင်ဟာ လေးငါးဆယ်စက္ကန့်လောက် တိတ်ဆိတ်နေပြီးမှ သူ့ကိုယ်သူ သရော်သံတစ်ဝက် ခံစားချက်တစ်ဝက်နဲ့ ပြောပါတယ် “ငါ တက္ကသိုလ်တက်ဖို့ နောက်မကျသေးဘူးမလား... အသိပညာက တကယ်ကို ရွှေတွင်းပဲ”

‘ရွှေတွင်းတင် မကဘူး... အာဏာရောပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ ဖြည့်စွက်ပြောပါတယ်။

“အစ်ကိုကြီး... အစ်ကိုကြီး အစ်ကိုလတ်ရဲ့ သဒ္ဒါစာအုပ်တွေနဲ့ ဂန္တဝင်စာပေ ပုံနှိပ်စာအုပ်တွေ လိုတယ်” မလီဆာက ဗြုန်းစားကြီး ဝင်ပြောပါတယ်။

ဘန်ဆင်ရဲ့ အမူအရာဟာ ချက်ချင်း ပြောင်းသွားပါတယ်။ ဒါပေမဲ့ သူဟာ အံကြိတ်ပြီး ပြောပါတယ် “ကလိုင်း... ငါ့ကို အဲဒီစာအုပ်တွေ ဒီညပေးကွာ”

“ဘယ်လောက်ပဲ အိပ်ချင်အိပ်ချင် ငါ တစ်နာရီတော့ ရအောင် ဖတ်မယ်... မဟုတ်ဘူး... တစ်နေ့ကို တစ်နာရီခွဲ ဖတ်မယ်”

“အရှင်မရဲ့ နာမတော်နဲ့ ငါ ကျိန်ဆိုတယ်... ငါ မလုပ်နိုင်ဘူးဆိုရင် အမွှေးထူမျောက်ကြီး ဖြစ်ပါစေ”

ချက်ချင်းဆိုသလို ကလိုင်းရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ချက် ယှက်သမ်းသွားပါတယ်။

“ရတယ်”

...

နောက်နေ့ မနက်ခင်းမှာ ကလိုင်းဟာ ကုတ်အင်္ကျီနဲ့ ဦးထုပ်ကို နားနေခန်းရဲ့ အဝတ်စင်မှာ ချိတ်လိုက်ပါတယ်။ အဲဒီနောက် ရိုဇန်းရဲ့ စကားအတိုင်း မြေအောက်ထပ်မှာရှိတဲ့ ချန်စီဂိတ် အပြင်ဘက်က တာဝန်အခန်းဆီ လျှောက်သွားပါတယ်။

ကပ္ပတိန် ဒန်းစမစ်၊ ဖရိုင်း၊ စီကာ၊ ရိုင်ရွယ်၊ လန်နာ့ဒ်နဲ့ ကင်လီတို့အားလုံး အခန်းထဲမှာ ရှိနေပါတယ်။

မီးခိုးရောင်မျက်လုံးတွေနဲ့ ညသိမ်းငှက် အသစ်စက်စက်လေးကို တစ်ချက်ကြည့်ပြီးနောက် ဒန်းစမစ်ဟာ အပြုံးနဲ့ ပြောပါတယ် “ငါတို့တွေ အပတ်စဉ် ကြာသပတေးနေ့တိုင်းမှာ အစည်းအဝေးရှိတယ်... ပြီးခဲ့တဲ့ တာဝန်တွေကို အကျဉ်းချုံးပြီး စိန်ခေါ်မှုအမျိုးမျိုးကို ဆွေးနွေးတာ”

‘ဒီလို အစည်းအဝေးမျိုးတွေကို ငါ အံတိုနေပြီ...’ ကလိုင်းဟာ စိတ်ထဲမှာ သရော်လိုက်ပါတယ်။ အဲဒီနောက် နေရာတစ်နေရာရှာ ဝင်ထိုင်ပြီး နောက်လိုက်ပါတယ် “ကျွန်တော်ကိုယ် ကျွန်တော် မိတ်ဆက်ရဦးမလား”

ဒန်းစမစ်ဟာ ပြုံးပြီး ကင်လီကို ကြည့်ပါတယ်။

“ဆီးရီးယပ် အဲရက်ဗစ်အကြောင်း စုံစမ်းထားတာတွေကို အကြမ်းဖျင်း ပြောပြချည်...”

ကင်လီကလည်း အရပ်ဘက်ဝန်ထမ်းကနေ ညသိမ်းငှက် ဖြစ်လာသူပါ။ သူက အရပ် သိပ်မရှည်ပေမဲ့ အညိုရောင် ဆံသားတွေက တော်တော်ထူပြီး သာမန်ခန္ဓာကိုယ် အရွယ်အစားနဲ့ သန်မာတဲ့ ကြွက်သားတွေ ရှိပါတယ်။ သူ့ကြည့်ရတာ ထက်မြက်ပြီး အရည်အချင်းရှိပုံ ပေါ်ပါတယ်။

သူဟာ တွေးပြီး ပြောပါတယ် “လူအိုကြီးနီးလ်ရဲ့ ကူညီမှုနဲ့ ကျွန်တော်တို့တွေ ဆီးရီးယပ် ပုန်းနေတဲ့နေရာကို ရှာတွေ့တယ်... အဲဒီမှာ စာအုပ်တွေနဲ့ ပစ္စည်းတွေ အများကြီးပဲ... အဲဒါတွေကို ကြည့်ပြီး ဆီးရီးယပ်က မြေအောက် လျှို့ဝှက်အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ အော်ရိုရာဂိုဏ်းဝင်ဆိုတာ သေချာတယ်... သူက လျှို့ဝှက်ချက် တောင်းခံသမားလည်း ဟုတ်တယ်”

“သူနဲ့ ဟန်းနစ်က အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကို ဝဲလ်ဆီ ရောင်းခဲ့တယ်ဆိုတာ သက်သေ လုံလုံလောက်လောက် ရှိတယ်... ဝဲလ်ကို မမှတ်မိရင် ကလိုင်းကို သူ့အကြောင်း မေးလို့ရတယ်”

“ကျွန်တော်တို့တွေ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရှာတွေ့တယ်... အဲဒီမှာ ဆုံမှတ် ဆေးရည် ဖော်မြူလာ သုံးခုပါတယ်... ဆုံမှတ် ၉ အမြင်ဆရာ၊ ဆုံမှတ် ၉ ပညာသင်နဲ့ ဆုံမှတ် ၈ လူရွှင်ပဲ...”

“နောက်ဆက်လုပ်ရမှာက ဆီးရီးယပ်ရဲ့ လူ့မှုအသိုင်းအဝိုင်းနဲ့ ကျွန်တော်တို့ ရှာတွေ့ထားတဲ့ စာတွေကို သုံးပြီး တခြား အော်ရိုရာဂိုဏ်းရဲ့ အပြင်ဂိုဏ်းသားတွေကို ရှာဖွေဖို့ပဲ... ကျွန်တော်တို့ရဲ့ အဓိက ပစ်မှတ်က ရဲဌာနထဲ စိမ့်ဝင်နေတဲ့ မိစ္ဆာဒိဋ္ဌိတွေပဲ”

“ဟန်းနစ်နဲ့ အဆက်အဆံရှိတဲ့ လူတွေကိုလည်း ပြန်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ လိုတယ်”

ဒန်းစမစ်ဟာ ခေါင်းအသာ ညိတ်ပြီး ကလိုင်းကို ကြည့်ပါတယ်။

“မင်း ကြားတဲ့အတိုင်းပဲ... ငါတို့တွေ လူရွှင်ဆေးရည် ဖော်မြူလာကို ရထားပြီးပြီ... ဒါပေမဲ့ ဖော်မြူလာက အစစ်လားဆိုတာကို ငါတို့တွေ အတည်မပြုနိုင်သေးဘူး... သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်က စာပြန်တာကို စောင့်ရလိမ့်မယ်”

“အော်ရိုရာဂိုဏ်းနဲ့ ပတ်သက်တဲ့ တာဝန်မှာ မင်း အကျိုးထူးဆောင်ခဲ့တယ်... လျှို့ဝှက်ဂိုဏ်းသား တစ်ယောက်ကိုပါ ဖမ်းမိထားတာ ပေါင်းလိုက်ရင် မင်း အဆင့်တက်ဖို့ အကျိုးဆောင်မှု သိပ်မလိုတော့ဘူး... ဒါပေမဲ့ ငါ မင်းကို တစ်ခုတော့ သတိပေးရလိမ့်မယ်... လူတိုင်းက ဒေလီလို မဟုတ်ဘူး... မင်းရဲ့ ဆန္ဒကို နှိပ်ကွပ်ပြီး သုံးနှစ်စောင့်... ငါတို့တွေ လူရွှင်ဆေးရည်ကို ရှာတွေ့သွားတာက မင်းရဲ့ စိတ်နေသ‌ဘောထားကို လွှမ်မိုးမသွားစေနဲ့... မဟုတ်ရင် မင်း စိတ်လွတ်သွားလိမ့်မယ်”

‘ကပ္ပတိန်... သရုပ်ဆောင်တာက ဘယ်လောက် အံ့ဩဖို့ကောင်းတယ် ဆိုတာကို ကပ္ပတိန် မသိသေးပါဘူး... လူရွှင်ဆေးရည် ဖော်မြူလာ စစ် မစစ် ဆိုတာက ကျွန်တော် မီးခိုးရောင် မြူခိုးထက်က လောကမှာ ဗေဒင်တွက်ပြီး အတည်ပြုပြီးပြီ’ ကလိုင်းဟာ စိတ်ထဲမှာ ဘယ်လိုပဲ ဖြစ်နေပါစေ အပြင်ပန်းမှာတော့ ကျိုးကျိုးနွံနွံပဲ ခေါင်းညိတ်လိုက်ပါတယ်။

“ကျွန်တော်ရဲ့ ခံစားချက်တွေကို အမြဲ စောင့်ကြည့်နေပါ့မယ်”

အဲဒီနောက် အဖြူရောင် ဆံပင်နဲ့ အနက်ရောင် မျက်လုံးတွေရှိတဲ့ သန်းခေါင်ယံ ကဗျာဆရာ စီကာထရွန်က ပြောပါတယ်။

“ကျွန်တော်တို့တွေ လှုံ့ဆော်သူ ထရစ်နဲ့ ပတ်သက်တဲ့ ဘာသဲလွန်စကိုမှ ရှာမတွေ့သေးဘူး... ကျွန်တော် အထင် သူ ထင်းဂန်မြို့ကနေ ထွက်ပြေးသွားပြီနဲ့ တူတယ်”

...

သူတို့ရဲ့ သတင်းအချက်အလက်တွေကို တင်ပြပြီးတဲ့အခါ ကလိုင်းဟာ တာဝန်အခန်းထဲက ထွက်ပြီး လူအိုကြီးနီးလ်ဆီသွားကာ ဂမ္ဘီရသင်ခန်းစာတွေကို ဆက်လေ့လာပါတယ်။ နေ့လည်ခင်းမှာတော့ သူဟာ တိုက်ခိုက်ရေးနည်းပြ ဂဝန်းဆီသွားပြီး အခြေခံ ခွန်အားကောင်းစေတဲ့ သက်လုံကောင်းစေတဲ့ အကုန်လုံးကို ခြုံငုံမိတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။

...

ညနေစောင်းအချိန် ငါးနာရီမှာ ကလိုင်းဟာ တိုက်ခိုက်ရေး ဝတ်စုံကိုချွတ် ရေအမြန်ချိုးပြီး သူဝတ်လာတဲ့ အဝတ်အစားကို ပြန်ဝတ်ပါတယ်။ အဲဒီနောက် အများသုံး မြင်းလှည်းစီးပြီး ဘက်ဆစ်လမ်းဆီ သွားပါတယ်။

သူဟာ အိပ်မက်ဗေဒင် တွက်တုန်းက မြင်ခဲ့ရတဲ့ အနီရောင် မီးခိုးခေါင်းတိုင်ကို မမေ့သလို မြေအောက်ဈေးမှာ ပွဲကြည့်သမား ဆေးရည်ရဲ့ အားဖြည့် ပစ္စည်းတွေ ဝယ်သွားတဲ့ စိတ်ပညာ အဂ္ဂိရတ်သမား အဖွဲ့ဝင်လို့ သံသယရှိရတဲ့ လူကိုလည်း မမေ့ပါဘူး။ ဒီကိစ္စတွေက ညသိမ်းငှက်အနေနဲ့ စုံစမ်းလို့ အဆင်မပြေပါဘူး။

“အမှတ် (၂၇) ဟင်နရီ ပုဂ္ဂလိက စုံထောက်ကုမ္ပဏီ... အင်း... ဒီနေရာပဲ” ကလိုင်းဟာ သတင်းစာထဲမှာ ကြော်ငြာထားတဲ့ ပုဂ္ဂလိက စုံထောက် ကုမ္ပဏီကို ရှာတွေ့သွားပါတယ်။ သတင်းစာထဲမှာတော့ ယုံကြည်ရတယ်လို့ ရေးထားတာပါပဲ။

သူဟာ မျက်နှာဖုံးစွပ် ဦးထုပ် နှိမ့်ဆောင်းပြီး ကော်လာကို လှန်လိုက်ပါတယ်။ အဲဒီနောက် လှေကားအတိုင်း အပေါ်တက်ပြီး ဒုတိယထပ်က ကုမ္ပဏီရှေ့ ရောက်သွားပါတယ်။

“ဒေါက်... ဒေါက်... ဒေါက်...”

သူဟာ တစ်ဝက်ပိတ်ထားတဲ့ တံခါးကို သုံးချက် ခေါက်ပါတယ်။

“ဝင်လာခဲ့ပါ” ချွဲကပ်နေတဲ့ အသံတစ်သံ ပေါ်လာပါတယ်။

ကလိုင်းဟာ လက်ကိုင်တုတ်နဲ့ တံခါးကို တွန်းဖွင့်ပြီး အထဲဝင်လိုက်တဲ့အခါ ဟင်းလင်းပွင့်နီးပါး အခင်းအကျင်းကို တွေ့လိုက်ရပါတယ်။ အလုပ်သမား လေးယောက်ဟာ သူတို့ရဲ့ အခန်းငယ်လေး အသီးသီးမှာ ထိုင်နေကြပါတယ်။

“ဟိုင်း... ကျွန်တော်က ဟင်နရီပါ... ဘာများကူညီပေးရမလဲ” အဖြူရောင် ရှပ်အင်္ကျီ အနက်ရောင် စွပ်ကျယ်နဲ့ အမျိုးသားတစ်ယောက်က သူ့ကို ဆီးကြို နှုတ်ဆက်ပါတယ်။

လက်ထဲမှာ ဆေးတံကိုင်ထားပြီး ပေါ်လွင်တဲ့ မေးရိုး၊ ဓားသွားလို မျက်ခုံးနဲ့ ပြာနက်ရောင် မျက်လုံးတွေ ရှိတဲ့ ဟင်နရီဟာ သူ့ဖောက်သည်ကို အကဲခတ်ပါတယ်။

ကလိုင်းဟာ စကားပြောရင်း အနက်ရောင် လေကာအင်္ကျီရဲ့ ကော်လာကို သုံးပြီး မျက်နှာတစ်ဝက်ကို ဖုံးပါတယ်။

“ငါ့မှာ မင်းကို စုံစမ်းခိုင်းစရာ ကိစ္စနှစ်ခု ရှိတယ်... ဘယ်လိုယူလဲ”

“တာဝန်အပေါ် မူတည်တယ်...” ဟင်နရီဟာ အကြည့်ပြန်ရုပ်ပြီး ဧည့်ကြိုနေရာက ဆိုဖာကို ထိုးပြပါတယ် “ထိုင်ပြီး ပြောကြရအောင်”

ကလိုင်းဟာ ဟင်နရီနောက်ကနေ တစ်ဝက်ဖွဲ့ထားတဲ့ အခန်းဆီ လျှောက်သွားပြီး တစ်ယောက်ထိုင် ဆိုဖာပေါ်မှာ ထိုင်ပါတယ်။ သူဟာ ကုတ်အင်္ကျီကို မချွတ်သလို မျက်နှာဖုံးနဲ့ ဦးထုပ်ကိုလည်း မချွတ်ပါဘူး။

သူဟာ အသံကို တမင်ဩအောင် လုပ်ပြီး။

“ပထမတာဝန်က ဒီလိုပုံစံမျိုး မီးခိုးခေါင်းတိုင်ရှိတဲ့ အိမ်ကို ရှာပေးရမယ်... အဲဒီအိမ်ရှင်က ဘယ်သူလဲဆိုတာနဲ့ လက်ရှိ ဘယ်သူငှားနေလဲ ဆိုတာပါ စုံစမ်းပေးရမယ်”

ပြောပြောဆိုဆို သူဟာ သပ်သပ်ရပ်ရပ် ခေါက်ထားတဲ့ စက္ကူတစ်ရွက်ကို ထုတ်လိုက်ပါတယ်။ စာရွက်ကို ဖြန့်လိုက်တဲ့အခါ ပတ်ဝန်းကျင် မြင်ကွင်းနဲ့ အရောင်ကို ချရေးထားတဲ့ မီးခိုးခေါင်းတိုင်ပုံ ပေါ်လာပါတယ်။

ဒါက ကလိုင်း မီးခိုးရောင် မြူခိုးထက်က လောကမှာ သူ့ကိုယ်သူ ပြန်ဆုတောင်းပြီး ဆွဲထားတဲ့ပုံပါ။

“ကောင်းလိုက်တဲ့ ပန်းချီကား...” စုံထောက် ဟင်နရီဟာ အလိုလို ချီးကျူးမိလိုက်ပါတယ်။ အဲဒီနောက် သူဟာ မျက်မှောင်ကြုတ်သွားပါတယ် “ဒီအလုပ်က မရှုပ်ပေမဲ့ တော်တော် ပင်ပန်းမှာ... အချိန်အကြာကြီးနဲ့ လူအင်အား အများကြီးလိုတယ်”

“ငါ သိတယ်” ကလိုင်းဟာ ခေါင်းအသာ ညိတ်ပါတယ်။

စုံထောက်ဟင်နရီဟာ တစ်ခဏ တွေးတောပြီး ပြောပါတယ် “ခုနစ်ပေါင်... ဒီတာဝန်အတွက်ဈေးက ခုနစ်ပေါင်ပဲ... နောက်ပြီး အနည်းဆုံး အချိန်နှစ်ပတ် ပေးရမယ်”

“ရတယ်... ဒုတိယတာဝန်က ဒီအမျိုးသားနဲ့ သူ ဘယ်သူဘယ်ဝါလဲ ဆိုတာကို ရှာပေးရမယ်... ငါ သိတာဆိုလို့ သူ ဆိပ်ကမ်းမြို့နယ်က မိစ္ဆာနဂါးဘားမှာ မကြာမကြာ ပေါ်လာတယ် ဆိုတာပဲ... နောက်ပြီး သူ မင်းလွှတ်လိုက်တဲ့ လူတွေကို ရိပ်မိသွားလို့ မဖြစ်ဘူး... သူ့အာရုံက တော်တော်လေး စူးရှပြီး သာမန်ထက် အဆများစွာ မြင့်မားတဲ့ အကဲခတ်နိုင်စွမ်း ရှိတယ်” ကလိုင်းဟာ ဒုတိယ ပုံတူပန်းချီကို ထုတ်လိုက်ပါတယ်။

သူဟာ စိတ်ဝိညာဉ် အဂ္ဂိရတ်သမားနဲ့ ထိတွေ့ဖို့ စိတ်ကူးထားပါတယ်။ တန်ဖိုးရှိတဲ့ သတင်းအချက်လက်နဲ့ ပစ္စည်းတွေ ရလိုရငြားပေါ့။ တရားမျှတမှုနဲ့ လဲလှယ်နိုင်မဲ့ ဆေးရည် ‌ဖော်မြူလာကို ရရင်တော့ အကောင်းဆုံးပါ။

“သုံးပေါင်... အဲဒီလိုတာဝန်မျိုးက သုံးပေါင် လေးပေါင်လောက် ကျတယ်... ခင်ဗျားရဲ့ ထူးချွန်ထက်မြက်တဲ့ ပန်းချီစွမ်းရည်က ကျွန်‌တော်တို့ကို အချိန်ကုန် သက်သာစေတယ်” စုံထောက် ဟင်နရီဟာ ကျွမ်းကျွမ်းကျင်ကျင် ပြန်ဖြေပါတယ်။

“အကုန်လုံး ဆယ်ပေါင်ပေါ့” ကလိုင်းဟာ ဈေးက များလွန်းတယ်လို့ ခံစားလိုက်ရပါတယ်။

စုံထောက် ဟင်နရီဟာ ဆေးတံကို တစ်ချက်ဖွာပြီး။

“ဟုတ်တယ်... စရန်အနေနဲ့က နှစ်ပေါင် ပေးထားခဲ့ရလိမ့်မယ်... တိုးတက်မှုရှိရင် နောက်ထပ် သုံးပေါင်ကနေ ငါးပေါင်ကြား ပေးရမယ်... ကျန်တာကိုတော့ တာဝန်ပြီးမှ ပေးလို့ရတယ်”

“အဲဒါဆို ငါ နောက်တစ်ပတ်လာပြီး တိုးတက်မှုရှိလား လာကြည့်မယ်” ကလိုင်းဟာ လူကဲခတ်နိုင်စွမ်း မြင့်မားတဲ့ စုံထောက်က သူ့ရဲ့အမူအကျင့်ကို သတိထားမိသွားမှာ စိုးတဲ့အတွက် ဈေးမဆစ်ပါဘူး။

စာချုပ် ချုပ်ပြီးတာနဲ့ သူဟာ တစ်ပေါင်တန် နှစ်ရွက်ထုတ်ပြီး ကမ်းပေးလိုက်ပါတယ်။ အခုဆိုရင် သူ့စုငွေက တစ်ပေါင်နဲ့ ၁၇ ဆိုလီပဲ ကျန်ပါတော့တယ်။

စုံထောက် ဟင်နရီဟာ ဆေးတံဖွာရင်း ပိတ်ကျဲ မျက်နှာဖုံးနဲ့ အနက်ရောင် လေကာအင်္ကျီ ဝတ်ဆင်ကာ ကော်လာထောင်ထားတဲ့ သူ့ဖောက်သည် အလျင်စလို ထွက်ခွာသွားတာကို သံသယမျက်လုံးနဲ့ ကြည့်ပါတယ်။

‘သူက ဒီလိုမျိုး မီးခိုးခေါင်းတိုင်ရှိတဲ့ အိမ်ကို ဘာလို့ ရှာရတာလဲ’

‘သူက ပန်းချီဆရာဖြစ်မယ်... အနည်းဆုံးတော့ ပုံကြမ်းဆွဲတဲ့နေရာမှာ တော်တော် ကျွမ်းကျင်တယ်’

...

နေ့လည်ခင်း။

မြို့နယ်စား ဂလင့်ရဲ့ ခမ်းနားထည်ဝါတဲ့ စံအိမ်တော်။

အော်ဒရီဟာ သူမရဲ့ အစေခံနဲ့အတူ ရောက်လာပြီး ယဉ်ကျေးမှုအတိုင်း သူမရဲ့လက်ကို အိမ်ရှင်ဆီ ကမ်းပေးပါတယ်။ အဲဒီနောက် သူမဟာ လက်ကို ဆတ်ခနဲ ပြန်ရုပ်ပါတယ်။

“မင်းရဲ့အလှတရားက ငါ့စံအိမ်တော်ကို ကျက်သရေ တိုးသွားစေတယ်”

ဂလင့်ဟာ ထုံးစံအတိုင်း ချီးကျူးစကားဆိုပြီး အသံတိုးတိုးနဲ့ ပြောပါတယ် “အဲဒီမိန်းမပျို ရောက်နေပြီ... သူက သာလွန်သူတင် မကဘူး... စာရေးဆရာလည်း ဟုတ်တယ်”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters