ဖာ့စ်
Vol. 11 Ch. 107
“စာရေးဆရာလား...” အော်ဒရီဟာ ဂလင့်ရဲ့ အမူအရာကို အကဲခတ်ရင်း ဒီအတိုင်း မေးလိုက်ပါတယ်။
သာမန်အကြောင်းပဲ ပြောတာမလို့ သူမဟာ အိမ်ဖော်အန်နီ ရှိနေတာကို စိတ်ထဲ မထည့်ပါဘူး။
ဂလင့်ဟာ ခါးမတ်ပြီး တစ်ချက် ရယ်ပါတယ်။
“ဟုတ်တယ်... မင်းလည်း သူ့စာအုပ်တွေ ဖတ်ဖူးမှာပါ... ပြီးခဲ့တဲ့နှစ်လမှာ နာမည်ကြီးနေတဲ့ လေပြင်းမုန်တိုင်း တောင်ပေါ်စံအိမ်ကို သူ ရေးတာ”
“ကျွန်မ အဲဒီစာအုပ်ကို ကြိုက်တယ်... အထူးသဖြင့် တည်ငြိမ်တဲ့ မိန်းမပျို စစ်စီပဲ” အော်ဒရီဟာ ခပ်ယဲ့ယဲ့ပြုံးလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ အော်ဒီဟာ စိတ်ထဲမှာ သူ့ကိုယ်သူ သရုပ်ဆောင် ကောင်းလွန်းတယ်လို့ မှတ်ချက်ချပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနောက်ပိုင်းမှာ သူမဟာ ဝတ္ထုရှည်တွေကို လုံးလုံး စိတ်မဝင်စားတော့လို့ပါပဲ။ သူမဟာ အရင်တစ်လကတည်းက လေပြင်းမုန်တိုင်း တောင်ပေါ်စံအိမ်ကို ဆက်မဖတ်တော့တာမလို့ ရှေ့ပိုင်း သုံးပုံတစ်ပဲ ဖတ်ပြီးပါသေးတယ်။
သူမဟာ တဲရော့ကလပ်ထဲ ရောက်ပြီး စွမ်းအားကြီးတဲ့ မစ္စတာအရူးနဲ့ သိကျွမ်းမိကာ သာလွန်သူစစ်စစ် ဖြစ်လာကတည်းက ဂမ္ဘီရပညာကိုပဲ လေ့လာနေခဲ့တာပါ။ စိတ်ပညာကိုလည်း စနစ်တကျကျ လေ့လာနေတဲ့အတွက် တခြားအရာတွေကို စိတ်ဝင်စားဖို့ အချိန်မရှိတော့ပါဘူး။
အပြုံးနဲ့ ဂလင့်ဟာ အော်ဒရီကို ခန်းမထဲက ဆိုဖာဆီ ဦးဆောင် ခေါ်သွားပါတယ်။
“မစ္စဖာ့စ်ဝေါလ်ကို မင်း သဘောကျမှပါ... သူက လေပြင်းမုန်တိုင်း တောင်ပေါ်စံအိမ်ထဲက မိန်းမပျို စစ်စီလိုပဲ... တည်ငြိမ်တယ်... ပညာရှိတယ်... ပျင်းတယ်”
“ဒါနဲ့ အချစ်လေး အော်ဒရီ... နောက်ပြီးကျရင် ငါတို့ကို စန္ဒရားတီးပြပါ့လား... အဲဒါက စာပေနဲ့ ဝတ္ထုကို အကောင်းဆုံး ချီးမြှောက်တာပဲ”
အော်ဒရီဟာ ဂလင့်ရဲ့ မျက်နှာကို ဘေးကနေ ကြည့်လိုက်တဲ့အခါ သူ့အမူအရာ သူ့လေသံနဲ့ သူ့အပြုအမူ အကုန်လုံးက သူ့ရဲ့ ကြွားဝါလိုစိတ်ကို ဖော်ပြနေတယ်ဆိုတာ တွေ့လိုက်ရပါတယ်။
‘သူက ငါ့ကိုသုံးပြီး ကြွားချင်နေတာပဲ...’ အော်ဒရီဟာ ဂလင့်ကို အခုမှတွေ့တဲ့ သူငယ်ချင်းလိုမျိုး သဘောထားပြီး တွေးပါတယ်။
သူမဟာ အပြုံးမပျက် ပြန်ပြောပါတယ် “ကျွန်မရဲ့ ဂီတဆရာ စန္ဒရားပညာရှင် မစ္စတာ ဗိုက်ကနယ်က ဒီအတောအတွင်း ကျွန်မ လက်ရည်ကျသွားလို့ လေ့ကျင့်ဖို့ လိုတယ်လို့ ပြောထားတယ်”
“ဟုတ်လား... အဲဒါဆိုလည်း ထားလိုက်ပါတော့” ဂလင့်ဟာ ဘာပြောရကောင်းမလား စဉ်းစားနေတုန်းမှာပဲ စားပွဲရှည်ကနေ အချိုပွဲယူစားနေတဲ့ မိန်းမပျိုတစ်ယောက်ကို ရုတ်တရက် တွေ့သွားပါတယ်။
“အော်ဒရီ... အဲဒါက လေပြင်းမုန်တိုင်း တောင်ပေါ်စံအိမ်ရဲ့ စာရေးဆရာ မစ္စဖာ့စ်ဝေါလ်ပဲ...”
အော်ဒရီ လှမ်းကြည့်လိုက်တဲ့အခါ မစ္စဖာ့ဝေါလ်က ၂၃ နှစ်လောက်ပဲ ရှိပြီး အရပ်က ၁.၆၅ မီတာလောက် ရှည်တာ တွေ့လိုက်ရပါတယ်။ သူမဟာ ပန်းနားတွေပါတဲ့ အဝါရောင်ဖျော့ဖျော့ အင်္ကျီကို ဝတ်ဆင်ထားပြီး သူမရဲ့ အညိုရောင် ဆံသားတွေက မသိမသာ တွန့်လိမ်နေပါတယ်။
ဂလင့်က မိတ်ဆက်ပေးတဲ့အတွက် မစ္စဖာ့စ်ဟာ အပြာရောင်ဖျော့ဖျော့ မျက်လုံးတွေနဲ့ အော်ဒရီကို လှမ်းကြည့်ပါတယ်။
အော်ဒရီဟာ အကဲခတ်တာ သုံးစက္ကန့် မပြည့်ခင်မှာဘဲ အသေးစိတ် အချက်အလက်တချို့ကို သတိထားမိလိုက်ပါတယ်။
‘မစ္စဖာ့စ်ရဲ့ လက်ချောင်းတွေမှာ အဝါရောင်ဖျော့ဖျော့ ကျန်နေတယ်... သူက စီးကရက် ကြိုက်တယ်...’
‘စာရေးဆရာလို့ မပြောရဘူး... ဖော့ပင်ကိုင်တဲ့ လက်ချောင်းနေရာတွေမှာ သိသိသာ အသားမာ တက်နေတယ်...’
‘သူ့ရဲ့ လက်မောင်းလှုပ်ရှားမှုက အားအတန်အသင့်ရှိတယ်လို့ ပြနေတယ်... ဒါက စာရေးဆရာတွေမှာ ရှိတဲ့ အရည်အချင်း မဟုတ်ဘူး... သူ လေ့ကျင့်ထားတာလား... ဒါမှမဟုတ် ဒီအတိုင်း မွေးဖွားလာတာလား... မဟုတ်ရင် အရင်တုန်းက လှုပ်ရှားမှုများတဲ့ အလုပ်တစ်ခုခု လုပ်ခဲ့လို့လား...’
‘သူက လေပြင်းမုန်တိုင်း တောင်ပေါ်စံအိမ်ထဲက မိန်းမပျိုအတိုင်းပဲ... တည်ငြိမ်ပြီး ကျိုးကြောင်းသင့် တွေးခေါ်နိုင်စွမ်း မြင့်မားတယ်... ဒါ သူ့ရဲ့ အရင်အလုပ်ကြောင့် ဖြစ်ရမယ်...’
‘သူ့ရဲ့ မျက်လုံးတွေနဲ့ ခံစားချက်တွေက ပေါ့ပါးနေတယ်... ငါနဲ့ ဂလင့်ကို အထင်သေးတာပဲ... ဒါ သာလွန်သူတစ်ယောက် သာမန်လူ အပေါ်မှာရှိတဲ့ စိတ်ပိုင်းဆိုင်ရာ သာလွန်မှုလား...’
‘ဂလင့်က သူ သာလွန်သူဆိုတာကို မတော်တဆ ရှာတွေ့သွားတာဆိုရင် သူ အခုလိုမျိုး တည်တည်ငြိမ်ငြိမ် နေနိုင်မှာ မဟုတ်ဘူး... စိုးရိမ်သောကရောက်ပြီး စိတ်တထင့်ထင့် ဖြစ်နေရမှာ... ဂလင့် ဘာလုပ်မယ်ဆိုတာကို သူ ခန့်မှန်းနိုင်တာ မဟုတ်တာ... အဲဒီလို မသိမှုက အမြဲတမ်း ကြောက်ရွံ့မှုကို ယူဆောင်လာတယ်’
‘ဒီအချက်ကိုထောက်ပြီး သူ ဂလင့်ကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်လာတယ်ဆိုတာ ထင်ရှားတယ်... ငါတို့ရဲ့ ဝါသနာတွေကိုလည်း သိထားလောက်တယ်... နောက် ဘာဆက်ဖြစ်မယ် ဆိုတာကို ယုံကြည်ချက်အပြည့် ရှိနေတဲ့ပုံပဲ...’
‘သာလွန်သူတစ်ယောက်က ဘာဖြစ်လို့ ဂလင့်ကို ချဉ်းကပ်ရတာလဲ... ငွေကြေး အထောက်အပံ့ လိုလို့လား... ဒါမှမဟုတ် ရတနာတိုက်ထဲက သာလွန်ပစ္စည်းတွေ လိုချင်လို့လား... အဲဒါမှ မဟုတ်ရင် တစ်ခုခုနဲ့ ပတ်သက်ပြီး အကူအညီ တောင်းချင်လို့လား...’
အဲဒီအချိန်မှာ ဂလင့်ဟာ အော်ဒရီကို ဖာ့စ်နဲ့ မိတ်ဆက်ပေးနေပါတယ်။
“မဒမ်... ဒါက ကျွန်တော် အရင်က ပြောခဲ့တဲ့ ဘက်ကလင်ရဲ့ အတောက်ပဆုံး ရတနာ မစ္စအော်ဒရီပဲ... သူ့အဖေက ခရိုင်မြို့စားဟောလ်လေ... အရှင်မင်းကြီးရဲ့ လူယုံလည်း ဟုတ်သလို ကတ်ဘိနက်ရဲ့ ဂုဏ်သရေရှိ လူကြီးမင်းလည်း ဟုတ်တယ်”
“မင်္ဂလာ နေ့လည်ခင်းပါ မဒမ်ဖာ့စ်... လေပြင်းမုန်တိုင်း တောင်ပေါ်စံအိမ်က ဒီနေ့ထိ ကျွန်မရဲ့ အိပ်ရာဘေးမှာ ရှိနေတုန်းပဲ” အော်ဒရီဟာ မင်းစိုးရာဇာတွေရဲ့ စည်းမျဉ်းအတိုင်း ခြေတစ်ဖက်ရှေ့ထုတ် ဒူးညွှတ်ပြီး အရိုအသေ ပေးပါတယ်။
ဒါပေမဲ့ သူမဟာ စိတ်ထဲမှာ ဖြည့်ပြောလိုက်ပါတယ် ‘အဲဒါက ငါ တစ်လကျော်တာတောင် ဖတ်လို့ မပြီးသေးလို့ပဲ’
ဖာ့စ်ဟာ ခပ်ရိုးရိုးပဲ ပြန်နှုတ်ဆက်ပါတယ် “မင်္ဂလာ မနက်ခင်းပါ မစ္စအော်ဒရီ... မစ္စက တကယ်ကို လှတယ်... ကျွန်မရဲ့ နောက်ဝတ္ထုအတွက်တောင် အကြံရသွားပြီ... မြို့နယ်စား ဂလင့်က ပြောတယ်... မစ္စအော်ဒရီက ဂီတမှာ တစ်မူထူးချွန်တယ်ဆို”
ဒါက လူရှေ့မှာ ကြားကောင်းအောင် အပြန်အလှန် ချီးကျူးကြတဲ့ စကားတွေပါ။
ဖာ့စ်ဟာ ခရမ်ကိတ်မုန့် တစ်ခုအတွက် စားပွဲရှည်ရဲ့ တစ်နေရာဆီ ဆက်လျှောက်သွားပါတယ်။ အော်ဒရီဟာ ဖာ့စ်ကို ကြည့်နေတာ ရပ်ပြီး ဂလင့်နဲ့အတူ ဧည့်ခန်းဆီ ဦးတည်ပါတယ်။
သူမဟာ စောစောက မြင်ခဲ့ရတဲ့ အသေးစိတ် အချက်အလက်တွေကို ပြန်တွေးပြီး ဖာ့စ်ရဲ့ ရည်ရွယ်ချက်ကို အဖြေထုတ်ပါတယ်။ နောက် စကားပြောရင် အသာစီး ရချင်တာကြောင့်ပါ။
နောက်ခြေတစ်လှမ်း လှမ်းလိုက်တဲ့ အော်ဒရီဟာ သူမရဲ့ အဝတ်အစားကို ပြန်နင်းမိပြီး ချော်လဲတော့မလို့ ဖြစ်သွားပါတယ်။
အဲဒီအချိန်မှာ သူမရဲ့အိမ်ဖော် အန်နီဟာ အချိန်မီ ရောက်လာပြီး အိန္ဒြေမပျက်အောင် ထိန်းပေးပါတယ်။
“သခင်မလေး... ဒီအဝတ်အစားရဲ့ ဒီဇိုင်းက ခပ်မြန်မြန် လမ်းလျှောက်လို့ မရဘူး...” အန်နီဟာ အော်ဒရီရဲ့ နားနားကပ်ပြီး တိုးတိုး သတိပေးပါတယ်။
“ငါ သိတယ်” အော်ဒရီဟာ မျက်နှာနီရဲသွားပြီး ခေါင်းညိတ်ကာ ပြန်ပြောပါတယ်။
‘ငါ သူများကို အာရုံစိုက်လွန်းလို့ ခြေထောက်ချမဲ့ နေရာကိုတောင် ကြည့်ဖို့ မေ့သွားတယ်...’ သူမဟာ စိတ်ထဲမှာ မကျေမနပ် စောဒက တက်ပါတယ်။
အော်ဒရီဟာ နူးညံသိမ်မွေ့ချိုသာတဲ့ အပြုံးကို ထိန်းသိမ်းရင်း ဧည့်ခန်းဆောင်မှာ တခြား စာရေးဆရာ၊ ဝေဖန်ရေးဆရာ၊ ဂီတပညာရှင်တွေနဲ့ တွေ့ပါတယ်။ နောက်ဆုံး မျက်နှာကြောတွေ ညောင်းလာတဲ့အခါ မြို့နယ်စားဂလင့်ရဲ့ အချက်ပြတာကို တွေ့လိုက်ရပါတယ်။
သူမဟာ သုံးလေးမိနစ်လာက် စောင့်ပြီးနောက် သန့်စင်ခန်းသွားဦးမယ်လို့ ဆင်ခြေပေးကာ အဝတ်အစားကိုမကာ ဧည့်ခန်းဆောင်ကနေ ဖြည်းဖြည်းချင်း ထွက်ခွာပါတယ်။
သူမနောက်ကို ဘယ်သူမှ လိုက်မလာဘူးဆိုတာ သေချာအောင် အတည်ပြုပြီးမှ သူမဟာ စာကြည့်ခန်းဆီ လျှောက်သွားပါတယ်။ သူမနောက်ကို တကောက်ကောက် လိုက်နေတဲ့ အန်နီကိုလည်း။
“ငါ ဂလင့်နဲ့ ဆွေးနွေးစရာရှိတယ်... အပြင်မှာ စောင့်ပေး... ဘယ်သူမှ အထဲမဝင်စေနဲ့”
“ဟုတ်ကဲ့” အန်နီဟာ ဒီတောင်းဆိုချက်က ထူးဆန်းတယ်လို့ မခံစားရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အော်ဒရီနဲ့ မြို့နယ်စားဂလင့်က ဝါသနာတူပြီး ဂမ္ဘီရအကြောင်းတွေကို မကြာခဏ သီးသန့် ဆွေးနွေးတတ်တယ်ဆိုတာ သူမ သိထားလို့ပါပဲ။
အော်ဒရီဟာ စာကြည့်ခန်းထဲဝင်ပြီး တံခါးကို လော့ချလိုက်ပါတယ်။ ဂလင့်ဟာ စားပွဲနောက်မှာ ထိုင်ပြီး ဖော့ပင်တစ်ချောင်းနဲ့ ဆော့နေပါတယ်။ ဖာ့စ်ဝေါလ်ကတော့ စာအုပ်စင်ရှေ့မှာရပ်ပြီး စာအုပ်တစ်အုပ်ကို ခပ်တည်တည်နဲ့ လှန်လှောကြည့်ရှုနေပါတယ်။
“ငါ မင်းတို့နှစ်ယောက်ကို ထပ်ပြီးတော့ မိတ်ဆက်ပေးမယ်... မဒမ်ဖာ့စ်က သာလွန်သူစစ်စစ်ပဲ” ဂလင့်ဟာ ဖော့ပင်ကို အောက်ချပြီး သူတို့နှစ်ယောက်ဆီ လျှောက်လာပါတယ်။
“ဟုတ်လား...” အော်ဒရီဟာ တမင်မယုံတဲ့မျက်နှာ လုပ်ပြပါတယ်။
ဖာ့စ်ဟာ စာအုပ်ကို မူလနေရာမှာ ပြန်ထားပြီး အပြုံးနဲ့ လှည့်လာပါတယ်။
“ကြည့်ရတာ သက်သေပြရမယ် ထင်တယ်”
သူမဟာ တံခါးဆီ လျှောက်သွားပြီး ညာလက်ဝါးကို ဆန့်ထုတ်ကာ တံခါးလက်ကိုင်ကို ကိုင်လိုက်ပါတယ်။
ရုတ်တရက်ဆိုသလို အော်ဒရီရဲ့ မြင်ကွင်းဟာ ဝေဝါးသွားပါတယ်။ မဒမ်ဖာ့စ်ဟာ အကောင်အထည် မရှိသလို ဖြစ်သွားပြီး တံခါးကို ဖြတ်သွားပါတယ်။
သူမဟာ အဲဒါကိုကြည့်ပြီး လန့်သွားပါတယ်။ အာရုံစိုက်ကြည့်လိုက်တဲ့အခါ ဖာ့စ်က အရင်နေရာမှာ ရှိမနေတော့တာကို တွေ့လိုက်ရပါတယ်။
သုံးလေးစက္ကန့် ကြာတဲ့အခါ တံခါးလက်ကိုင်ဟာ လည်သွားပြီး လော့ချထားတဲ့ တံခါး ပွင့်သွားပါတယ်။ ဖာ့စ်ဝေါလ်ဟာ လမ်းလျှောက်ပြီး အပြင်ကနေ ဝင်လာပါတယ်။ မလှမ်းမကမ်းမှာရှိတဲ့ အော်ဒရီရဲ့ အိမ်ဖော် အန်နီဟာ ဖြစ်ပျက်သွားတာကို သတိထားမိပုံ မပေါ်ပါဘူး။
“ဘယ်လောက်တောင် မှော်ဆန်လိုက်လဲ” ဂလင့်က အံ့ဩတကြီး ပြောပါတယ်။
အော်ဒရီဟာ အသက်အရှည်ကြီး ရှူသွင်းပြီး “သံသယ မရှိတော့ဘူး”
တစ်ချိန်တည်းမှာပဲ အော်ဒရီဟာ ဖာ့စ်ရဲ့ အရည်အချင်းကို ကြည့်ပြီး သူမရဲ့ ရည်ရွယ်ချက်အစစ်ကို ခန့်မှန်းမိသွားပါတယ်။ ဒီလိုအရည်အချင်းမျိုးနဲ့ ပိုက်ဆံရော ပစ္စည်းရော ရယူဖို့က ဖာ့စ်အတွက် ခက်ခဲမှာ မဟုတ်ပါဘူး။
‘ဂလင့်မှာ သာလွန်သူအစောင့် မရှိဘူး... ဖာ့စ်က ဂလင့်ရဲ့ အဆင့်အတန်းနဲ့ ရင်းမြစ်တွေကို သုံးပြီး တစ်ခုခု လုပ်ချင်တာပဲ’ အော်ဒရီဟာ ပွဲကြည့်သမား တစ်ယောက်လိုမျိုး အကောင်းဆုံးဖြစ်အောင် ကြိုးစား သရုပ်ဆောင်ပါတယ်။
ဖာ့စ်ဟာ တခစ်ခစ်ရယ်ပြီး ပြောပါတယ် “ကျွန်မတို့တွေ တစ်ယောက်ကို တစ်ယောက် ရိုးရိုးသားသား ဆက်ဆံကြရအောင်...ကျွန်မတို့မှာ အချိန်သိပ်မရှိတော့ဘူး”
“ကျွန်မ တစ်ခါက ဆေးခန်းတစ်ခန်းမှာ ဆရာဝန်လုပ်ခဲ့ဖူးတယ်... အဲဒီမှာ သာလွန်သူ ဖြစ်လာဖို့ အခွင့်အရေးရခဲ့တာပဲ... နှစ်နှစ်ကျော်သွားပြီ”
“ရှင်တို့တွေ ကျွန်မအတွက် တစ်ခုလုပ်ပေးဖို့ မျှော်လင့်ပါတယ်... ရှင်တို့တွေ သာလွန်သူစစ်စစ် ဖြစ်လာအောင် ကျွန်မ ပြန်လုပ်ပေးမယ်... ဆုံမှတ် ဆေးရည် ဖော်မြူလာ တစ်ခုခုနဲ့ အဲဒီဆေးရည် ဖော်စပ်ဖို့ လိုအပ်တဲ့ ဆေးပစ္စည်းတွေကို ကျွန်မ ရောင်းပေးမယ်”
ဒီကတိစကားကို ကြားလိုက်ရတဲ့ ဂလင့်ဟာ မနေနိုင်ဘဲ မေးလိုက်ပါတယ် “ငါတို့က ဘာလုပ်ပေးရမှာလဲ”
“ကျွန်မမှာ ထောင်ကျနေတဲ့ လုပ်ဖော်ကိုင်ဖက် တစ်ယောက် ရှိတယ်... နောက်ဆုံး စီရင်ချက်ကို စောင့်နေတာ... ရှင်တို့တွေ ဘယ်လိုနည်းလမ်းပဲ သုံးသုံး သူ့ကို ရအောင် ကယ်ပေးပါ” ဖာ့စ်ဟာ လိုတိုရှင်း ပြောပါတယ်။
အော်ဒရီဟာ မျက်မှောင်ကြုတ်သွားပါတယ်။
“မဒမ်ဖာ့စ်... မဒမ်ရဲ့ အရည်အချင်းနဲ့ဆိုရင် သူ့ကို ကယ်ဖို့က ပိုမလွယ်ဘူးလား”
ဖာ့စ်ဟာ ရယ်ပြီး ခေါင်းခါပါတယ်။
“မဟုတ်ဘူး... အဲဒီလိုမျိုး မဟုတ်ဘူး... ကျွန်မ ဖြတ်နိုင်တဲ့ နေရာကို သူ မဖြတ်နိုင်ဘူး... ကျွန်မ သူ့ဆီ ပုံမှန်သွားပြီး စကားပဲ ပြောနိုင်တယ်”
“အသက်စွန့်ပြီး သူ့ကို ကယ်တာက ကောင်းတဲ့အကြံတော့ မဟုတ်ဘူး... ဘဝက တိုတိုလေး... ဒါပေမဲ့ လုပ်စရာတွေက အများကြီး”
အော်ဒရီဟာ ဖာ့စ်ရဲ့ မျက်နှာနဲ့ ကိုယ်အမူအရာကို အကဲခတ်ရင်း စဉ်းစားကာ မေးပါတယ် “ကျွန်မ သိပြီ... ရှင့်လုပ်ဖော်ကိုင်ဖက်က ဘာအပြစ်နဲ့ ထောင်ကျနေတာလဲ”
ဖာ့စ်ရဲ့ မျက်နှာဟာ ချက်ချင်းဆိုသလို နည်းနည်း နေရထိုင်ရ ခက်သွားပါတယ်။
“ကျွန်မရဲ့ လုပ်ဖော်ကိုင်ဖက်က တခြားလူတွေကို ရင်ထဲအသည်းထဲကနေ စကားနားထောင်အောင် လုပ်နိုင်လို့ လူလေးစားတာ ခံရတယ်... အင်း... ဒါပေမဲ့ သူ လူဆိုးတစ်ယောက်ကို စကားနားထောင်အောင် လုပ်တဲ့နေရာမှာ နည်းနည်းကလေး လက်လွန်သွားတယ်...”
...
တာဝန်ပြီးတဲ့အခါမှာ ကလိုင်းဟာ အရင် အချိန်ဇယားအတိုင်း မနက်ခင်းမှာ ဂမ္ဘီရပညာ လေ့လာပြီး နေ့လည်ခင်းမှာ တိုက်ခိုက်ရေးပညာ လေ့လာပါတယ်။ နေသားကျသွားတဲ့ ဘဝကြောင့် သူဟာ သူ့ကိုယ်သူ ညသိမ်းငှက်ဆိုတာ မေ့လုနီး ဖြစ်သွားပါတယ်။ သဘာဝလွန် ကိစ္စတွေကို မကြာခဏ ကြုံတွေ့ရတဲ့ ကျိန်စာကလည်း ပျောက်ကွယ်သွားပုံပါပဲ။
စနေနေ့။
သူ ချန်စီဂိတ်ကို စောင့်ကြပ်ရမဲ့နေ့ပါ။
“ဒီမှာ ငါထားတဲ့ ကော်ဖီပဲဖြစ်ဖြစ် စာရေးရုံးခန်းက ဘလက် လက်ဖက်ရည်ပဲ ဖြစ်ဖြစ် မင်းကြိုက်တာ သောက်လို့ရတယ်” ဒန်းစမစ်ဟာ အခန်းကို မီးခိုးရောင်မျက်လုံးတွေနဲ့ လှမ်းကြည့်ပြီး ပြောပါတယ်။
သူ့မောင်နှမတွေကို ဆင်ခြေပေးလာခဲ့တဲ့ ကလိုင်းဟာ ဝမ်းသာအားရ ခေါင်းညိတ်ပါတယ်။
“ဟုတ်ကဲ့ပါ ကပ္ပတိန်... ကပ္ပတိန်ကို တကယ်ကို သဘောကောင်းတဲ့ လူကြီးလူကောင်း တစ်ယောက်ပဲ”
ဒန်းစမစ်ဟာ ရယ်ပါတယ်။
“အဲဒါတွေက မင်းကို စိတ်ပန်းပြေအောင် ကူညီပေးလိမ့်မယ်... တစ်ချိန်လုံး စိတ်ကြီး တင်းကျပ်နေတာက ကျန်းမာရေးအတွက် မကောင်းဘူး”
သူဟာ ဦးထုပ်ဆောင်းပြီး တံခါးဆီ လျှောက်သွားပါတယ်။ တံခါးကနေ အထွက်မှာ ထုံးစံအတိုင်း ရုတ်တရက် နောက်ပြန်လှည့်လာပြီး။
“ငါ မင်းကို သတိပေးဖို့ မေ့သွားတယ်... ဘာတွေပဲကြားကြား ချန်စီဂိတ်ကို လုံးဝ မဖွင့်နဲ့... အထဲက သူ့ဘာသာ ပွင့်မလာရင်ပေါ့”
“မှတ်ထား... မင်း ဘာပဲကြားကြား ဘာတွေပဲဖြစ်ဖြစ် လုံးဝ လုံးဝ မဖွင့်မိစေနဲ့”
‘ကပ္ပတိန်... ကပ္ပတိန်ပြောမှာပဲ နည်းနည်း ကြောက်စရာ ကောင်းလာပြီ...’ ကလိုင်းဟာ ရုတ်ခြည်း စိတ်တွေ တင်းကျပ်သွားပါတယ်။ ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင်က မြေအောက်ထပ်ရဲ့ အမှောင်ထုကို မဖယ်ရှားနိုင်ဘူးလို့ ခံစားလိုက်ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။