← Chapters

တွက်ဆမှု

Vol. 11 Ch. 109

တွက်ဆမှု

Vol. 11 Ch. 109

နားထဲကို ပြေးလွှားလာတဲ့ ခြေသံတွေ ဝင်လာတာကြောင့် ကလိုင်းဟာ အစောင့်ခန်းဝမှာ မတ်တတ်ရပ်ရင်း စိတ်ငြိမ်သွားပါတယ်။

ခြောက်လုံးပြူး ကိုင်ထားတဲ့ လန်နာ့ဒ်က ပထမဆုံး ရောက်လာပြီး လေးနက်တဲ့ အသံနဲ့ မေးပါတယ် “ဘာဖြစ်လို့လဲ”

လန်နာ့ဒ် ကြိုးစား အရှိန်သတ်တာကို ကြည့်ပြီး ကလိုင်းဟာ ရိုးဇန်း ပြောခဲ့တဲ့ ကိစ္စတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်က အအိပ်မဲ့ ဖြစ်ခါစ လန်နာ့ဒ်ဟာ လှေကားကို ပြေးဆင်းဖို့ ကြိုးစားတဲ့အခါ ဆေးရည်ရဲ့ စွမ်းအားနဲ့ အသားမကျသေးလို့ ချော်လဲပြီး လိမ့်ကျခဲ့တဲ့ အဖြစ်အပျက်ပါ။

ကလိုင်းဟာ ချောင်းတစ်ချက်ဟန့်ပြီး ချန်စီဂိတ်ကို ထိုးပြကာ ပြောပါတယ် “အထဲကနေ တံခါးခေါက်သံ ကြားရတယ်... ပြီးတော့ ထုရိုက်သံ အကျယ်ကြီး ပေါ်လာတယ်... အဲဒါလည်းပြီးရော တံခါးက နည်းနည်း ပွင့်သွားတယ်”

“ချန်စီဂိတ် အထဲကနေ ပွင့်လာတာလား” ကင်လီက အလန့်တကြား မေးပါတယ်။

“ဟုတ်တယ်... နည်းနည်း ဟသွားတာ”

ဒီအချိန်မှာ ကလိုင်းဟာ လန်နာ့ဒ်၊ ကင်လီနဲ့ ရိုင်ရွယ်က အစောင့်ခန်းကို ချဉ်းကပ်နေတာ ရပ်ပြီး စက်ဝန်းပြတ်ပုံစံ နေရာယူကာ သူ့ကို မလှမ်းမကမ်းကနေ ဝန်းရံလိုက်တယ်ဆိုတာ တွေ့လိုက်ရပါတယ်။

အဲဒါကြောင့် သူဟာ စကားပြောနေတာ ရပ်ပြီး မေးလိုက်ပါတယ် “မင်းတို့က ငါ့ကို သံသယ ဝင်နေတာလား”

“မဟုတ်ဘူး... ဒါက သံသယဝင်တာ မဟုတ်ဘူး... လုပ်ထုံးလုပ်နည်းပဲ” ကင်လီဟာ ခေါင်းခါပြီး ဖြေပါတယ်။

တင်းကျပ်တဲ့ အခြေအနေကြားမှာတောင် လန်နာ့ဒ်ဟာ လေးလေးနက်နက် မရှိဘဲ ရယ်ကာမောကာ ပြောပါတယ် “တခြား ဘုရားကျောင်းတွေမှာလည်း ဒီလို အဖြစ်အပျက်မျိုး ဖြစ်ဖူးတယ်... ချန်စီဂိတ်ကို စောင့်ကြပ်နေတဲ့ သာလွန်သူက စိတ်လွတ်ပြီး ခေါင်းလောင်းကို ဆွဲလိုက်တယ်... ပြီးလည်းပြီးရော ကူညီဖို့ရောက်လာတဲ့ အဖွဲ့သားနှစ်ယောက်ကို သတ်လိုက်တယ်”

“အဲဒီလိုလား” ကလိုင်းဟာ အကြောင်းရင်းကို သိလိုက်ရတဲ့အတွက် လက်ရှိအခြေအနေကို စိတ်ဆိုး ဒေါသထွက်ခြင်း မရှိတော့ပါဘူး။

“အဲဒါဆို ငါက စိတ်မလွတ်ဘူး ဆိုတာကို ဘယ်လို သက်သေပြရမှာလဲ”

လန်နာ့ရဲ့ ပြုံးဖြဲဖြဲ မျက်နှာဟာ တည်ကြည်သွားပြီး ရင်ဘက်ကို လေးကြိမ် တို့လိုက်ပါတယ်။ ပြီးတဲ့အခါမှာတော့ အသံဩဩနဲ့ စတင်ရွတ်ဆိုပါတယ်။

“သူတို့မှာ... ဝတ်စရာလည်း မရှိပါ... စားစရာလည်း မရှိပါ...”

“အအေးဒဏ်ကြားမှာ နေစရာလည်း မရှိပါ... မျှော်လင့်ချက်လည်း မရှိပါ...”

“သူတို့က လမ်းမှန်ကနေ တွန်းချခံရတဲ့ သနားစရာ ကလေးတွေပါ”

“သားရဲရဲ့ လက်ကနေ ပြန်လုယူလာတဲ့ မိဘမဲ့လေးတွေပါ”

“ထာဝရညက သူတို့ကို မပစ်ပယ်ပါဘူး... ချစ်ခြင်းမေတ္တာကို ပေးသနားပါတယ်”

...

မန္တန်သဖွယ် သီကုံထားတဲ့ သနားစရာ ဆုတောင်းစကားဟာ မြေအောက်ထပ်မှာ ပဲ့တင်ထပ်သွားပြီး ပတ်ဝန်းကျင်မှာ ရှိနေတဲ့ လူတိုင်းရဲ့ ရုပ်နာမ်ဝိညာဉ်တို့ကို သန့်ရှင်းစင်ကြယ်ကာ ငြိမ်သက် အေးချမ်းသွားစေပါတယ်။

ကလိုင်းဟာ မူမမှန်တာ ဘာမှမပြတဲ့အတွက် လန်နာ့ဒ်ဟာ ရွတ်ဆိုတာရပ်ပြီး ပြုံးလိုက်ပါတယ်။

“ပြဿနာမရှိဘူး... မင်းက ငါတို့ ယုံကြည်ရတဲ့ လုပ်ဖော်ကိုင်ဖက် ဖြစ်နေတုန်းပဲ”

တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ မဒမ်ရိုင်ရွယ်ဟာ ချန်စီဂိတ်ကို ကြည့်ပြီး မေးပါတယ် “ချန်စီဂိတ် ပွင့်သွားတော့ ရှင် ဘာမြင်လိုက်လဲ”

“အနက်ရောင် ပွဲတက်ဂါဝန် ဝတ်ထားတဲ့ ကြမ္မာဆိုး ရုပ်သေးရုပ် ၃-၀၆၂၅ ကို မြင်လိုက်တယ်” ကလိုင်းဟာ အဲဒါကို နည်းနည်း ကြောက်နေတုန်းပါ “ဒါပေမဲ့ သုံးလေးစက္ကန့်လောက်လည်း ကြာရော သဏ္ဍာန်မဲ့ အင်အားတစ်ခုက အဲဒါကို ချန်စီဂိတ်ထဲ ပြန်ဆွဲယူသွားတယ်... အဲဒါ ဘာဖြစ်တာလဲ”

လန်နာ့ဒ်၊ ကင်လီနဲ့ ရိုင်ရွယ်ဟာ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ပါတယ်။

“ဟီးဟီး... ငါတို့လည်း မင်းလိုပဲ... အကြောင်းရင်းကို မသိဘူး... ဒါပေမဲ့ ချန်စီဂိတ်က ပြန်ပိတ်သွားပြီ... ဘာမှလည်း ထူးခြားတာ မရှိဘူးဆိုတော့ ငါတို့တွေ အခု အထဲမဝင်ဘူး... ကပ္ပတိန် ရောက်လာတဲ့အထိ စောင့်ကြတာပေါ့”

ရိုင်ရွယ်ဟာ တည်တည်ငြိမ်ငြိမ်နဲ့ ဖြည့်ပြောပါတယ် “ကျွန်မ ဒီနေရာမှာ ရှင်နဲ့အတူ ဂိတ်စောင့်ပေးမယ်”

“အင်း...” လန်နာ့ဒ်ဟာ လက်လှုပ်ပြီး ကျီစယ်ပြုံး ပြုံးကာ “ဒီနေရာမှာ စွမ်းအား အကြီးဆုံး လူအနေနဲ့ ငါလည်း နေသင့်တယ်... ကင်လီ... မင်းကတော့ ဒုတိယထပ်ကို ပြန်သွားချည်... မတော်လို့ ရဲဌာနမှာ အရေးပေါ်ကိစ္စ ပေါ်လာရင် တံခါးတောင် ဖွင့်မရ ဖြစ်နေမယ်”

ကင်လီဟာ အများကြီး မပြောဘဲ ချက်ချင်း ခေါင်းညိတ်ကာ ထွက်ခွာသွားပါတယ်။

လန်နာ့ဒ်ဟာ ကလိုင်းနဲ့ ရိုင်ရွယ်ကို တစ်ချက်ကြည့်ပြီး။

“ငါတို့တွေ ကဒ်ဂိမ်း ကစားကြမလား... ဒီလိုအခြေအနေမျိုးမှာ စိတ်အပန်းပြေအောင် ပျော်စရာ တစ်ခုခုတော့ ရှိသင့်တယ်”

“ရတယ်လေ...” ကလိုင်းဟာ ခြောက်လုံးပြူးကို ပြန်ချိန်ပြီး ချိုင်းသေနတ်အိတ်ထဲ ပြန်ထည့်ပါတယ်။

ရိုင်ရွယ်ကတော့ ဘာမှမပြောဘဲ သူမရဲ့ ပိတုန်းရောင် ဆံကေသာကို သပ်ကာ အစောင့်ခန်းထဲ ဝင်ပါတယ်။

မြေရှင်နဲ့ တိုက်ခြင်း။ မဟုတ်ပါဘူး။ မကောင်းဆိုးဝါးနဲ့ တိုက်ခြင်းကို ကစားနေတုန်းမှာ ကလိုင်းဟာ ဒီအတိုင်း မေးလိုက်ပါတယ် “ကြမ္မာဆိုး ရုပ်သေးရုပ်... နံပါတ် ၃-၀၆၂၅ က မှတ်တမ်းအရဆိုရင် အသက်ဝင်နိုင်စွမ်း မရှိဘူးမလား”

“ဟားဟား တစ်သုံးလုံး...” လန်နာ့ဒ်ဟာ သူ့ကဒ်ကို ပြပြီး သာမန်ကာလျှံကာ ပြန်ဖြေပါတယ် “လွန်ခဲ့တဲ့ နှစ် ၄၀ မှာ ၃-၀၆၂၅ က အသက်ဝင်တဲ့ လက္ခဏာ တစ်စုံတစ်ရာ မပြခဲ့ဘူး... အဲဒီတော့ ငါတို့က အဲဒီအချက်အလက်ကို မှန်ကယ်တယ်လို့ ယူဆပြီး မှတ်တမ်းတင်ထားတာပဲ”

“ကျော်တယ်... ဘာဖြစ်တာလဲဆိုတာ တွေးလို့ရပြီလား” ရိုင်ရွယ်က ပွင့်ပွင့်လင်းလင်း မေးပါတယ်။

ကလိုင်းဟာ သူ့လက်ထဲက နှစ်သုံးလုံးကို ပစ်သင့် မပစ်သင့် ချီတုံချတုံ ဖြစ်နေပါတယ်။ လန်နာ့ဒ်ဟာ အသစ်ဖျော်ထားတဲ့ ကော်ဖီကို တစ်ငုံသောက်ပြီး ဖြေပါတယ် “အင်း... ၃-၀၆၂၅ က အသက်ဝင်နိုင်စွမ်း မရှိတော့ ဒီနေ့ သူ့လှုပ်ရှားမှုက တခြားတစ်ခုခုရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ဖြစ်ရမယ်... ဒီတခြားတစ်ခုခုက လက်တလောအတွင်း ကိစ္စပဲ... မဟုတ်ရင် ငါတို့တွေ ဒီအဖြစ်အပျက်ကို လေ့လာမိတာ ကြာပြီ”

“ချန်စီဂိတ်က ပြီးခဲ့တဲ့လမှာ တခြားအချိန်တွေနဲ့ ထူးခြားတာ တစ်ခုခု ရှိလို့လား”

ရိုင်ရွယ်ဟာ ကလိုင်းပစ်လိုက်တဲ့ နှစ်သုံးလုံး ကြည့်ပြီး လေးငါးစက္ကန့် တွေးတွေးဆဆ ဖြစ်သွားပါတယ်။

“ထူးခြားတာ တစ်ခု ရှိတယ်... အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်နဲ့ ချိပ်ပိတ်လက်နက် ၂-၀၄၉ ကို ချန်စီဂိတ်နောက်မှာ တစ်ည အတူတူ ထားခဲ့တယ်”

လန်နာ့ဒ်ဟာ သူ့လက်ထဲက ကဒ်တွေကို ကြည့်ပြီး စားပွဲခုံကို တောက်ကာ အပြုံးနဲ့ ပြောပါတယ် “၂-၀၄၉ ကသာ ကြမ္မာဆိုး ရုပ်သေးရုပ်ကို မူမမှန်အောင် လုပ်တာဆိုရင် ဘက်ကလင်က ချန်စီဂိတ်မှာ ဒီလိုကိစ္စမျိုး ဖြစ်တာ ကြာလှပြီ... အဲဒီတော့ ငါ့အထင် ဒီကိစ္စက အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကြောင့်ပဲ”

ကလိုင်းဟာ တစ်ခဏတွေးပြီး ခေါင်းညိတ်ပါတယ်။

“ဒီအကြောင်းပြချက်က အဖြစ်နိုင်ဆုံးပဲ... လန်နာ့ဒ်... မင်းက တွက်ချက်တဲ့နေရာမှာ ဒီလောက် တော်လိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

ပြောရရင် ခံစားတတ်တဲ့ ကဗျာဆရာနဲ့ အတွက်အချက် ကျွမ်းကျင်မှုက တခြားစီပါ။

“အဲဒါက သူ စုံထောက်ဝတ္ထုတွေ ဖတ်ထားလို့လေ” ရိုင်ရွယ်ဟာ မျက်နှာသေနဲ့ ရှင်းပြပါတယ် “ကင်းပူး... ၈ ကနေ ကင်းထိ စီနီယာ... ဘယ်သူမှ မလိုချင်ဘူးလား... ၆ သုံးလုံး... ဒါပဲ...”

ဒါကိုကြည့်ပြီး ကလိုင်းနဲ့ လန်နာ့ဒ်ဟာ တိတ်ဆိတ်သွားပါတယ်။ ကစားပွဲထဲ အာရုံမရှိတာကြောင့် သူတို့နှစ်ယောက်ဟာ အရေးကြီးတာကို မေ့သွားပါတယ်။ ဒီအလှည့်မှာ ရိုင်ရွယ်က မကောင်းဆိုးဝါး ဆိုတာကိုပါ။

ရိုင်ရွယ် ကဒ်ချိုးတာကို ကြည့်ရင်း ကလိုင်းဟာ အခွင့်အရေးယူပြီး မေးပါတယ် “အဲဒါဆို ဘယ်စွမ်းအားက ၃-၀၆၂၅ ကို ပြန်ဆွဲထည့်တာလဲ”

လန်နာ့ဒ်ဟာ သူ့ကို တစ်ချက်ကြည့်ပြီး ရယ်ပါတယ်။

“မင်းက ချန်စီဂိတ်နောက်မှာရှိတဲ့ ကာကွယ်ရေး ယန္တရားက ချိပ်ပိတ်အခန်းနဲ့ အသက်ကြီးကြီး အစောင့်တချို့ပဲ ရှိတယ်လို့ ထင်နေတာလား”

“တကယ်တမ်း ပြောရရင် နေလုံးဝ ဝင်တာနဲ့ အဲဒီ အသက်ကြီးကြီး အစောင့်တွေက ချန်စီဂိတ်က ထွက်ပြီး သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းဆီ ပြန်သွားပြီ”

“ချန်စီဂိတ်ရဲ့ စွမ်းအားက ညဘက်မှာ အားအကောင်းဆုံးပဲ... ဘယ်သက်ရှိအတွက်မှ မလုံခြုံဘူး... နေထွက်လာမှပဲ ဒီစွမ်းအားက အားပျော့သွားတာ... အဲဒါကြောင့် ကပ္ပတိန်က ငါတို့ကို ဘာတွေပဲ ကြားကြား ချန်စီဂိတ်ထဲ မဝင်ဖို့ ပြောတာ”

‘ဒီတော့ ကပ္ပတိန်က ငါ့ကို အကြောင်းရင်း ပြောဖို့ မေ့သွားတယ်ပေါ့...’ ကလိုင်းဟာ တဒင်္ဂတွေးပြီးနောက် ထပ်မေးပါတယ် “ကာကွယ်ရေးယန္တရားက ဆက်စပ်အစီအရင်တွေလား”

‘အဆောင်နဲ့ လက်ဖွဲ့ အကြီးစားပေါ့...’

“ဟုတ်တယ်” ရိုင်ရွယ်ဟာ သူမလက်ထဲက ကဒ်တွေရဲ့ အနားကို သပ်ရင်း ခေါင်းညိတ်ပါတယ် “ချန်စီဂိတ်ကို မြို့တိုင်းရဲ့ ဗဟိုဘုရားရှိခိုးကျောင်းမှာ ထားတာ အကြောင်းရှိတယ်... ဒီဂိတ်ကို ဒီဘုရားကျောင်းတွေဆီ နေ့တိုင်းလာတဲ့ နောက်လိုက်တွေက ထိန်းသိမ်းထားတာ... သူတို့ရဲ့ စိတ်ရင်းနဲ့ ဆုတောင်းသံတွေက သူတို့ စိတ်ဝိညာဉ်စွမ်းအားရဲ့ တစ်စိတ်တစ်ပိုင်းကို ဒီဆက်စပ်အစီအရင်ထဲ ဝင်သွားစေတယ်... နည်းနည်းလေးတွေ စုပေါင်းပြီး နောက်ဆုံး အများကြီး ဖြစ်သွားတာပဲ”

“အဲဒီလိုလား...” ကလိုင်းဟာ သူ့လက်ထဲက အလားအလာ မကောင်းတဲ့ ကဒ်တွေကို ကြည့်ရင်း ခေါင်းညိတ်ပါတယ်။

အဲဒီအချိန်မှာ လန်နာ့ဒ်က ရယ်ပြီး “ချန်စီဂိတ်နောက်မှာ ကာကွယ်ရေး ယန္တရား တစ်ခုတည်းရှိတာ မဟုတ်ဘူး... သူတော်စင် ဆယ်လီနာရဲ့ အရိုးပြာကိုလည်း မြှုပ်နှံထားတယ်... သူ အသက်ရှင်နေတုန်းက အဆင့်မြင့် သာလွန်သူ တစ်ယောက်ပဲ”

‘သူတော်စင် ဆယ်လီနာရဲ့ အရိုးပြာ... အဆင့်မြင့် သာလွန်သူရဲ့ အရိုးပြာ... မြင့်မြတ်တဲ့ အရိုးပြာ... အဲဒါက ဘာအသုံးဝင်လို့လဲ...’ ကလိုင်းဟာ ပဟေဠိလည်း ဖြစ်သွားသလို သိလည်း သိချင်သွားပါတယ်။

သူတော်စင် ဆယ်လီနာဟာ ထာဝရည နတ်ဘုရားမ ဘုရားကျောင်း စတင်တည်ထောင်တုန်းက ထာဝရညနတ်ဘုရားမကို ကိုးကွယ် ဆည်းကပ်ခဲ့သူပါ။ သူမဟာ တတိယယုဂ်မှာ လှုပ်ရှားခဲ့ပြီး သူမရဲ့ ကောင်းမှုတွေကို ကျမ်းစာအများကြီးမှာ ရေးသား မှတ်တမ်းတင်ထားပါတယ်။ အဲဒါကြောင့် သူတော်စင် ဆယ်လီနာက ထာဝရညနတ်ဘုရားမကို ယုံကြည် ကိုးကွယ်ကြတဲ့ သာမန်လူတွေကြားမှာ အတော်အတန် အသုံးများတဲ့ နာမည်တစ်ခုပါ။

လန်နာ့ဒ်ဟာ ကလိုင်းရဲ့စိတ်ကို ဖတ်နိုင်တဲ့အလား ဆက်ပြောပါတယ် “ကောလဟာလတွေ အရတော့ အဆင့်မြင့် သာလွန်သူရဲ့ အရိုးစုပဲဖြစ်ဖြစ် အရိုးပြာပဲဖြစ်ဖြစ် အံ့ဖွယ်စွမ်းအားတွေ ရှိနေတုန်းပဲတဲ့... ကောလလာဟာကို ပြောပါတယ်”

ကလိုင်းဟာ ခေါင်းညိတ်ပြီး လက်ထဲက ကဒ်တွေကို အာရုံပြန်စိုက်ပါတယ်။

နောက်သုံးလေးနာရီမှာ ချန်စီဂိတ်က ထူးခြားတာ ဘာမှ မရှိပါဘူး။ ဒါပေမဲ့ ကလိုင်းကတော့ နှစ်ဆိုလီ ရှုံးသွားပါပြီ။ ဒါက သူ့ကို ရင်ထဲမှာ တော်တော်လေး နာကျင်စေပါတယ်။ ခံစားချက်သမားကြီး ကဗျာဆရာ လန်နာ့ဒ်ကလည်း လေးဆိုလီနဲ့ ငါးပဲနိရှုံးပါတယ်။ ပြိုင်ဘက်မရှိ အနိုင်ရသွားတဲ့လူက ရိုင်ရွယ်ပါ။

“နေထွက်လာပြီ... ငါ့အလှည့်ရောက်ပြီ” စကားနည်းတဲ့ စာရေးဆရာမ မဒမ်စီကာထရွန်ဟာ အစောင့်ခန်းထဲကို မနက်ခြောက်နာရီမှာ ဝင်လာပါတယ်။

ကလိုင်းဟာ မနေ့ညက ဖြစ်ပျက်ခဲ့တာကို မှတ်တမ်းစာအုပ်မှာရေးပြီး လန်နာ့ဒ် ရိုင်ရွယ်တို့နဲ့အတူ ဒုတိယထပ်မှာရှိတဲ့ ဆူးနက်လုံခြုံရေးကုမ္ပဏီဆီ ပြန်ပါတယ်။

သူက တော်တော်လေး ပင်ပန်းနွမ်းလျနေပေမဲ့ သူ့ဘေးက သန်းခေါင်ယံ ကဗျာဆရာနဲ့ အအိပ်မဲ့ကတော့ လန်းဆန်း တက်ကြွနေတုန်းပါ။

‘ဒါက မတူတဲ့ဆုံမှတ်တွေရဲ့ ကွဲပြားခြားနားမှုပဲ...’ ကလိုင်းဟာ အခန်းခွဲထားတာကို ကျော်ပြီး အိမ်ပြန်အိပ်ဖို့ လုပ်နေတုန်းမှာ ကပ္ပတိန် ဝင်လာတာကို ရုတ်တရက် တွေ့လိုက်ရပါတယ်။

“မင်္ဂလာ မနက်ခင်းပါ ကပ္ပတိန်...” သူဟာ နှုတ်ဆက်ရင်း မသမ်းဘဲ မနေနိုင်ပါဘူး။

အနက်ရောင် လေကာအင်္ကျီ ဝတ်ထားတဲ့ ဒန်းစမစ်ဟာ ဦးထုပ်ချွတ်ပြီး မီးခိုးရောင် မျက်လုံးတွေနဲ့ သူ့ကို ကြည့်ပါတယ်။

“မင်္ဂလာ မနက်ခင်းပါ... မင်း အိမ်ပြန်နားသင့်ပြီ... မနေ့ညက တစ်ခုခု ဖြစ်သေးလား”

ကလိုင်းဟာ မနေ့ညက ကြမ္မာဆိုး ရုပ်သေးရုပ်ကိစ္စ အကျဉ်းချုံးနဲ့ လန်နာ့ဒ်ရဲ့ တွက်ဆမှုကို ချက်ချင်း ပြောပြပါတယ်။

“အင်း...” ဒန်းစမစ်ဟာ ဘာမှတ်ချက်မှ မပေးဘဲ သူ့ရုံးခန်းကိုသာ ဆက်လျှောက်ပါတယ် “ငါ သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းဆီ ကြေးနန်းပို့လိုက်မယ်”

ကလိုင်းဟာ ဆူးနက်လုံခြုံရေး ကုမ္ပဏီမှာ တစ်စက္ကန့်တောင် ဆက်မနေတော့ဘဲ အဆောက်အဦးထဲက ဖြည်းဖြည်းချင်း လမ်းလျှောက်ထွက်ပြီး မနက်ခင်း လေနုလေအေးကို အားပါတရ ရှူရှိုက်ပါတယ်။

သူဟာ နည်းနည်း လန်းဆန်းသွားတယ်လို့ ခံစားလိုက်ရပြီး သူ တစ်ချိန်လုံး မေ့နေခဲ့တဲ့ အရာတစ်ခုကို ရုတ်တရက် သတိရသွားပါတယ်။

‘ငါ ကပ္ပတိန်နဲ့ လန်နာ့ဒ်တို့ကို ကြမ္မာဆိုး ရုပ်သေးရုပ် လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်အကြောင်း ပြောဖို့ မေ့သွားတယ်’

‘ငါ ဘယ်လိုလုပ်ပြီး မေ့သွားရတာလဲ’

‘ငါ ဒီအကြောင်းကို တခြား ညသိမ်းငှက်တွေဆီ မပြောမိအောင် စွမ်းအားတစ်ခုခုက လွှမ်းမိုးထားတာလား...’

‘ချန်စီဂိတ်ထဲမှာ အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ် ရှိနေတာ ကြာပြီ... ကြမ္မာဆိုး ရုပ်သေးရုပ် ၃-၀၆၂၅ က အစောကြီးကတည်းက လွှမ်းမိုးခံရသင့်တယ်... ဘာဖြစ်လို့ မနေ့ညကမှ မူမမှန် ဖြစ်ရတာလဲ’

‘ငါ ချန်စီဂိတ်မှာ ပထမဆုံးအကြိမ် တာဝန်ကျတာကြောင့်လား...’

‘သူက သူ့စွမ်းအား အကုန်လုံး သုံးပြီး ငါ့ကို အဲဒီစာရွက်ပေါ်က ပုံကို ပြချင်တာလား...’

‘အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ရဲ့ ရည်ရွယ်ချက်က ဘာလဲ’

‘သူနဲ့ ထိတွေ့မိပြီး ငါ အသက်ဆက်ရှင်နေတာနဲ့ ဆိုင်နေတာလား... အဲဒီလို အသက်ဆက်ရှင်နေလို့ ငါ အမြင်ဆရာ ဖြစ်လာတာလား...’

...

ဦးနှောက်ထဲမှာ သံသယမျိုးစုံ ပေါ်လာတာကြောင့် ကလိုင်းဟာ အမြစ်တွယ်သလို ရပ်နေမိပါတယ်။ သူဟာ ဘာမှ မမှတ်မိတော့သလိုမျိုး အိမ်ပြန်ပြီး အိပ်ရရင် ကောင်းမလား ဒါမှမဟုတ် ကုမ္ပဏီထဲ ပြန်ဝင်ပြီး ကပ္ပတိန်ကို အစီရင်ခံရကောင်းမလား ဝေခွဲမရ ဖြစ်နေပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters