အတည်ပြုခြင်း
Vol. 11 Ch. 110
တစ်အောင့်ကြာအောင် တွေးပြီးနောက် ကလိုင်းဟာ အိမ်ပြန်ပြီး တစ်စုံတစ်ရာကို အတည်ပြုဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သူဟာ ကြမ္မာဆိုး ရုပ်သေးရုပ် သူ့ကို စာရွက်ပေါ်က ထူးဆန်းတဲ့ မျက်လုံးပုံ ပြတာက တမင်လုပ်တာ မဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။ ကပ္ပတိန်တို့တွေ စုံစမ်းထောက်လှမ်းရင် သေချာပေါက် သဲလွန်စ တွေ့မှာပါ။ အဲဒါကြောင့် သူ ဒီကိစ္စကို အစီရင်ခံရင်ပဲ ဖြစ်ဖြစ် အစီရင်မခံရင်ပဲ ဖြစ်ဖြစ် ဘာမှ ထူးမှာ မဟုတ်ပါဘူး။
ဒီလိုမဟုတ်ဘဲ ဆန့်ကျင်ဘက် ဖြစ်မယ်ဆိုရင်တော့ ဒီကိစ္စက သေချာ စဉ်းစားဖို့ လိုပါပြီ။
ဒါကလည်း ကလိုင်း အတည်ပြုချင်တဲ့ အရာပါ။
သူဟာ အများသုံး မြင်းလှည်းစီးပြီး ဒက်ဖဒိုလမ်းဆီ ပြန်ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါ သူ့အစ်ကို ဘန်ဆင်နဲ့ သူ့ညီမ မလီဆာက အိပ်ရာတောင် မထသေးတာ တွေ့လိုက်ရပါတယ်။ ဒီနေ့က တနင်္ဂနွေနေ့ မဟုတ်ပါလား။ အဲဒါကြောင့် ဧည့်ခန်းဟာ တိတ်ဆိတ်ပြီး မှောင်မည်းနေပါတယ်။
ကလိုင်းဟာ ရေနွေးအိုးတစ်လုံး ကြိုပြီး လက်ဖက်ရွက် လေးငါးရွက် ပစ်ထည့်ကာ ပေါင်မုန့်ဖြူနဲ့ စားသောက်ပါတယ်။ အဲဒီနောက် ကုတ်အင်္ကျီ၊ ဦးထုပ်နဲ့ လက်ကိုင်တုတ်ကို ကိုင်ပြီး လှေကားဆီ လျှောက်သွားပါတယ်။
ခြေသံ ကျယ်မှာစိုးတဲ့အတွက် သူဟာ ခြေထောက်ကို ဖော့လျှောက်ပါတယ်။
သူ ဒုတိယထပ်ကို တက်ခါနီးမှာပဲ ရေချိုးခန်းတံခါးဟာ ရုတ်တရက် ပွင့်သွားပြီး အဝတ်အစားဟောင်း ဝတ်ထားတဲ့ မလီဆာဟာ အိပ်ချင်မူးတူး မျက်နှာနဲ့ ထွက်လာပါတယ်။
“ပြန်လာပြီလား...” မလီဆာဟာ မျက်လုံးကို အိပ်ချင်မူးတူး ပွတ်ရင်း မေးပါတယ်။
ကလိုင်းဟာ ပါးစပ်ကို ကာပြီး သမ်းလိုက်ပါတယ်။
“အင်း... အစ်ကို အားရပါးရ အိပ်တော့မယ်... နေ့လည်စာ မတိုင်ခင် အစ်ကိုကို လာမနှိုးနဲ့”
မလီဆာဟာ ခေါင်းညိတ်ပြီး တစ်စုံတစ်ရာကို ရုတ်တရက် တွေးမိသွားပါတယ်။
“ဒီနေ့မနက် အစ်ကိုကြီး ဘန်ဆင်နဲ့ ညီမ သူတော်စင် ဆယ်လီနာ ဘုရားရှိခိုးကျောင်းဆီ သွားပြီး စုဝေးပွဲ တက်ဖို့ ရှိတယ်... အဲဒါ နေ့လည်စာက နည်းနည်း နောက်ကျလိမ့်မယ်”
ထာဝရည နတ်ဘုရားမကို သာမန်ပဲ သက်ဝင်ယုံကြည်ကြတဲ့အတွက် မလီဆာနဲ့ ဘန်ဆင်ဟာ ဘုရားကျောင်းကို နှစ်ပတ်မှ တစ်ခါပဲ သွားပါတယ်။ ညသိမ်းငှက်ဖြစ်တဲ့ ကလိုင်းကတော့ လျှို့ဝှက်ဂိုဏ်းသား သူ့နောက်ကို လိုက်ပြီးကတည်းက ဘုရားကျောင်းထဲကို မရောက်တော့တာပါ။
‘မဟုတ်ဘူး... ငါ ဘုရားရှိခိုးကျောင်းကို နေ့တိုင်း ရောက်တယ်... ဘုရားရှိခိုးကျောင်းရဲ့ မြေအောက်ထပ်မှာ ရှိနေတာ တစ်ခုပဲ...’ ကလိုင်းဟာ သူ့ကိုယ်သူ ခိုင်လုံတဲ့ အကြောင်းပြချက် ပေးပါတယ်။
အခုအချိန်မှာ သူ အစိုးရိမ်ဆုံးက နတ်ဘုရားမက သူ့ကို ကိုးကွယ်သူ အတုဆိုပြီး စွန့်ပစ်သွားမှာကိုပါ။ သူလုပ်တဲ့ အစီအရင်က တကယ့် အရေးကြီး အခြေအနေကျမှ သုံးစားမရရင် သူ ဂွမ်းမှာပါ။
‘ဒါပေမဲ့ လူအိုကြီးနီးလ်ကို ကြည့်ရင် နတ်ဘုရားမက ညသိမ်းငှက်တွေကို တော်တော်လေး ခွင့်လွှတ် သည်းခံပေးတယ်ဆိုတာ သိသာတယ်... ဟုတ်တယ်...’ ကလိုင်းဟာ သူ့ကိုယ်သူ နှစ်သိမ့်ပါတယ်။
ဒီအတွေးတွေဟာ သူ့ခေါင်းထဲမှာ လျှပ်တစ်ပြက် ဖြတ်သန်းသွားပါတယ်။ သူဟာ မလီဆာကို ကြည့်ပြီး ခေါင်းညိတ်ကာ ပြုံးလိုက်ပါတယ်။
“ရတယ်... အစ်ကို ကြာကြာ အိပ်လို့ရတာပေါ့”
မလီဆာကို ဖြတ်လျှောက်ပြီးနောက် သူဟာ အိပ်ခန်းထဲဝင်ကာ တံခါးကို လော့ချလိုက်ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလို သူဟာ အစီအရင်ဓား ထုတ်ပြီး စိတ်ဝိညာဉ်စွမ်းအားနဲ့ ချိပ်ပိတ် စိတ်ဝိညာဉ်နံရံကို ဖန်တီးပါတယ်။
သူဟာ မန္တန်ကို ရွတ်ဆိုရင်း နာရီလက်တံ ပြောင်းပြန်အတိုင်း ခြေလှမ်းလေးလှမ်း လှမ်းကာ ဝရုန်းသုန်းကား အော်ဟစ်သံတွေကို တောင့်ခံပြီး မီးခိုးရောင်မြူခိုးထက် ရောက်သွားပါတယ်။
အဆုံးမဲ့တဲ့ ဝိုးတိုးဝါးတား ပုံရိပ်ယောင်ကမ္ဘာမှာ သူဟာ ကြေးစားပွဲရှည်ရဲ့ ထိပ်ဆုံးထိုင်ခုံမှာ ထိုင်နေတဲ့ တစ်ဦးသော သက်ရှိ စိတ်ဝိညာဉ်ပါ။
တစ်မိနစ်နီးပါး တိတ်ဆိတ်နေပြီးနောက် ကလိုင်းဟာ သိုးသားရေ စာရွက်တစ်ရွက်ကို တွေးယူကာ အိပ်မက်ဗေဒင်တွက်ဖို့ စာကြောင်းတစ်ကြောင်း ချရေးလိုက်ပါတယ်။
“ကြမ္မာဆိုး ရုပ်သေးရုပ် ပြခဲ့တဲ့ပုံ”
ကလိုင်းဟာ မနေ့ညက စာရွက်ပေါ်က လျှို့ဝှက်ဆန်းကြယ်ပုံကို တစ်ခဏ ကြာအောင် ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရပေမဲ့ အဲဒီတုန်းက စိုးရိမ်ကြောင့်ကြမှု များနေခဲ့တဲ့အတွက် အကြမ်းဖျင်းပဲ မှတ်မိပါတယ်။ ဒါပေမဲ့ ဒါက အမြင်ဆရာ တစ်ယောက်အတွက် ပြဿနာတစ်ခုတော့ မဟုတ်ပါဘူး။ အမြင်ဆရာက တစ်ခါမြင်ဖူးတဲ့ ဘယ်အရာကိုမဆို ပြန်ဖော်ထုတ်နိုင်ပါတယ်။
ဂမ္ဘီရသီအိုရီ အရဆိုရင် လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်က မြင်သမျှကို မှတ်မိနိုင်ပါတယ်။ သင့်လျော်မှန်ကန်တဲ့ နည်းလမ်းသာ ရှိမယ်ဆိုရင် လိုချင်တဲ့ ဘယ်မြင်ကွင်းကိုမဆို ပြန်ဖော်ယူနိုင်ပါတယ်။
ကလိုင်းဟာ နတ်ဝင်သည်ဒေလီက စိတ်ဝိညာဉ် အဂ္ဂိရတ်သမားတွေနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ သီအိုရီက အဓိပ္ပာယ်ရှိတယ်လို့ ခံစားလိုက်ရပါတယ်။ အဲဒီသီအိုရီက လူသားတွေရဲ့ မှတ်ဉာဏ်ဟာ ပင်လယ်ပြင်ထက်မှာ ပေါ်နေတဲ့ ကျွန်းလေးသာသာပဲမလို့ ဘာမှ အများကြီး မမှတ်မိဘူး။ လူသားရဲ့ စိတ်ဝိညာဉ်ကသာ အချက်အလက် အများစုကို မှတ်မိပြီး အဲဒါတွေကို မသိစိတ်အဖြစ် ပြောင်းလိုက်လို့ သမုဒ္ဒရာကြီး ဖြစ်လာတယ်လို့ ပြောထားပါတယ်။
ဗေဒင်တွက်မဲ့ စာကြောင်းကို ရွတ်ဆိုပြီးနောက် ကလိုင်းဟာ ကုလားထိုင်မှာ နောက်မှီကာ တွေးခေါ်မှု အခြေအနေကနေ အိပ်မောကျသွားပါတယ်။
ဝေဝါပြီး ပုံပန်းမကျတဲ့ သီးခြားကမ္ဘာတစ်ခုမှာ သူဟာ ကြိတ်သံ စူးစူးရှရှကို ကြားလိုက်ရပြီး ချန်စီဂိတ်က အက်ကြောင်းကွဲကာ ပွင့်သွားတာကို ထပ်တွေ့လိုက်ရပါတယ်။
အနက်ရောင် ပွဲတက်ဂါဝန် ဝင်ဆင်ထားတဲ့ ရုပ်သေးရုပ်ဟာ ပွင့်သွားတဲ့ တံခါးရွက်ကို မှီပြီး လက်ထဲမှာ ကိုင်ထားတဲ့ စာရွက်ကို ဖြန့်လိုက်ပါတယ်။
စာရွက်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ် သင်္ကေတ အများကြီးဟာ အတူတူ စုပေါင်းပြီး ဒေါင်လိုက် မျက်လုံးတစ်လုံး ဖြစ်ပေါ်နေပါတယ်။
ကလိုင်းဟာ ပုံကို သေချာကြည့်ပြီးမှ အိပ်မက်ထဲက ထွက်ပါတယ်။ အဲဒီနောက် သူဟာ မီးခိုးရောင် မြူခိုးထက်က လောကရဲ့ တစ်မူထူးခြားမှုနဲ့ ပျောက်ကွယ် မသွားသေးတဲ့ မှတ်ဉာဏ်ကို သုံးပြီး အညိုရောင် သိုးသားရေစက္ကူပေါ်မှာ အဲဒီပုံရိပ်ကို ဖော်လိုက်ပါတယ်။
သူ့ကို မော့ကြည့်နေတဲ့ ဒေါင်လိုက်မျက်လုံးဟာ အန္တရာယ်ပေးမဲ့ လက္ခဏာရှိသလို လျှို့ဝှက်ဆန်းကြယ်မှုလည်း ရှိနေပါတယ်။
ကလိုင်းဟာ တွေးတောစဉ်းစားပြီးနောက် မျက်လုံးအောက်မှာ စာတစ်ကြောင်း ရေးလိုက်ပါတယ် “ဒါက အန်တီဂိုနပ်မိသားစု ချန်ထားခဲ့တဲ့ ရတနာဆီရောက်ဖို့ သော့ချက်ပဲ”
ဖော့ပင်ကို အောက်ချပြီးနောက် သူဟာ အင်္ကျီလက်စထဲက ငွေချိန်းကြိုး ဖြုတ်လိုက်ပါတယ်။ သူဟာ ငွေချိန်းကြိုးကို ဘယ်လက်မှာ ကိုင်ပြီး ဥဿဖရားကို ဗေဒင်တွက်မဲ့ စာကြောင်းနဲ့ လျှို့ဝှက်ဆန်းကြယ် ဒေါင်လိုက်မျက်လုံးပေါ်မှာ ငြိမ်ငြိမ်လေး ဖြစ်သွားအောင် ထားပါတယ်။
အဲဒီနောက် သူဟာ မျက်လုံးမှိတ်ပြီး ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ကာ ဗေဒင်တွက်မဲ့ စာကြောင်းကို ထပ်ခါထပ်ခါ ရွတ်ဆိုပါတယ်။
ခုနစ်ခေါက် ပြည့်လို့ သူဟာ မျက်လုံး ဖွင့်ကြည့်လိုက်တဲ့အခါ ဥဿဖရားက ငွေချိန်းကြိုးနဲ့အတူ နာရီလက်တံအတိုင်း စက်ဝိုင်း သေးသေးလေးပုံစံ လည်နေတာ တွေ့လိုက်ရပါတယ်။
ဒါက မှန်တယ်လို့ ပြတာပါ။
‘ဒီဒေါင်လိုက် မျက်လုံးက တကယ်ကို အန်တီဂိုနပ်မိသား ချန်ထားခဲ့တဲ့ ရတနာဆီ ရောက်နိုင်တဲ့ သော့ချက်ပဲ’ ကလိုင်းဟာ တွေးတောစဉ်းစားရင် ခေါင်းညိတ်လိုက်ပါတယ်။
သူဟာ ကြေးစားပွဲရှည်ရဲ့ အစွန်းကို လက်ချောင်းနဲ့ တောက်ရင်း တစ်ကိုယ်တည်း ရေရွတ်လိုက်ပါတယ်။
“ရေးဘီဘာ သေသွားတော့ အန်တီဂိုနပ်မိသားစုမှာ မျိုးဆက် မရှိတော့ဘူး... အဲဒီတော့ မှတ်စုစာအုပ်က ငါ့ကို သူနဲ့ ထိတွေ့မိပေမဲ့ အသက်ဆက်ရှင်နေသေးတဲ့ အမြင်ဆရာဆိုပြီး အမွေခံလို့ မြင်သွားတာလား...”
“အဲဒါကြောင့် ၃-၀၆၂၅ ကို လွှမ်းမိုးပြီး ရတနာဆီ ရောက်နိုင်တဲ့ သဲလွန်စကို ချန်ထားခဲ့တာလား... အဲဒါကြောင့်မလို့ ငါ ချန်စီဂိတ်ကို စောင့်ကြပ်ရတဲ့အချိန်ကျမှ ၃-၀၆၂၅ က သဲလွန်စ ပြတာလား”
“ဒီအတိုင်းဆိုရင် ကျိုးကြောင်းဆီလျော်တယ်... ဒါပေမဲ့ ဒီအကျိုးနဲ့ အကြောင်းက သိပ်ပြီး လက်ခံနိုင်စရာ မရှိဘူး”
“မှတ်စုစာအုပ်တစ်အုပ်က အန်တီဂိုနပ်မိသားစုမှာ မျိုးဆက်မကျန်တော့ဘူး ဆိုတာကို ဘယ်လိုလုပ်ပြီး အတပ်သိနိုင်မှာလဲ”
“နောက်ပြီး ငါက အန်တီဂိုနပ်မိသားစုနဲ့ လုံးဝ ပတ်သက်တာ မဟုတ်ဘူး... ငါသာ သူတို့သွေးစည်းရှိရင် အရင်ကလိုင်းက သတ်သေမှာ မဟုတ်ဘူး”
“အင်း... ကြည့်ရတာ ငါ ဒီအကြောင်းကို ကပ္ပတိန်တို့ ပြောပြရင်လည်း ကိစ္စမရှိဘူး ထင်တယ်... ငါ ဒီဟာကို ဆက်တွက်ကြည့်ဦးမယ်”
ကလိုင်းဟာ အန်တီဂိုနပ်မိသားစု ရတနာ တည်နေရာကို တွက်ချက်ပေမဲ့ အသေးစိတ် အချက်အလက် မရှိတဲ့အတွက် သူ ထင်ထားသလိုပဲ ဘာမှ ရေရေရာရာ မသိရပါဘူး။ ဆီးရီးယပ် မစ္စတာဇက်ဆီ ရေးတဲ့ စာလိုပါပဲ။ ရတနာက ဟွန်းနာဆစ်တောင်တန်းရဲ့ အဓိကတောင်ထိပ်နဲ့ ရှေးဟောင်း ထာဝရညနိုင်ငံတော်နဲ့ ပတ်သက်နေတယ်ဆိုတာပဲ သေချာပါတယ်။
တွက်ချက်စရာရှိတာတွေ အကုန်လုံး တွက်ချက်ပြီးတဲ့အခါ သူ အရင်တစ်ခေါက်က ဆုတောင်းသံ ကြားခဲ့ရတဲ့ ကြက်သွေးရောင်ကြယ်ဟာ ထပ်ပြီးတော့ ခပ်ယဲ့ယဲ့ လှုပ်ရှားနေတာကို သတိထားမိလိုက်ပါတယ်။
သူဟာ ဆုတောင်းစကား နားထောင်တဲ့ နည်းလမ်း သုံးပြီး ပုံရိပ်ယောင်ကြယ်ကို ထိလိုက်တဲ့အခါ ဆံပင်ညိုနဲ့ တစ်မူထူးခြားတဲ့ အနက်ရောင် ကိုယ်ကျပ်အင်္ကျီ ဝတ်ထားတဲ့ လူငယ်လေးကို ထပ်တွေ့လိုက်ရပါတယ်။
လူငယ်လေးဟာ ကြမ်းပြင်ပေါ်မှာ ဒူးထောက်ပြီး သလင်းလုံးကို မျက်နှာမူကာ တစ်စုံတစ်ခုကို ရေရွတ်နေပါတယ်။
ဂျိုဒင် ဘာသာစကား လေ့လာထားတဲ့ ကလိုင်းဟာ နောက်ဆုံးမှာတော့ ဝါကျတစ်ကြောင်းကို နားလည်သွားပါတယ်။
“အဖေနဲ့ အမေ... ကယ်ဆယ်... ဆုတောင်း”
‘တကယ်ကို ဂျိုဒင်ပဲ... ဒီကမ္ဘာရဲ့ ဘယ်နေရာမှာ ဂျိုဒင်ကို အခုထိ သုံးနေသေးတာလဲ... ဒါက နှစ်ထောင်ချီ ကြာညောင်းနေတဲ့ ရှေးဟောင်း ဘာသာစကားပဲ... နှမြောဖို့ ကောင်းလိုက်တာ... မီးခိုးရောင်မြူခိုးထက်က လျှို့ဝှက်ဆန်းကြယ် စိုးမိုးသူက ဒီကိစ္စကို ဘာမှမလုပ်နိုင်ဘူး... ကယ်ချင်ရင်တောင် ကယ်လို့မရဘူး...’
ကလိုင်းဟာ ခေါင်းခါပြီး သက်ပြင်းချကာ နည်းနည်း ထပ်စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
‘ငါ ဂျိုဒင်စကားကို ပိုကျွမ်းလာလို့ သူ့မိဘတွေ ဘာဖြစ်တာလဲဆိုတာ နားလည်လာမှ သူ့အတွက် ဘာလုပ်ပေးနိုင်လဲဆိုတာ ကြည့်ရမယ်...’
ကလိုင်းဟာ စိတ်ဝိညာဉ်စွမ်းအားကို ပြန်သိမ်းပြီး သူ့ကိုယ်သူ လွှမ်းခြုံကာ အောက်ပြုတ်ကျတယ်လို ခံစားလိုက်ပါတယ်။
သူ့အိပ်ခန်းထဲ ပြန်ရောက်တဲ့အခါ သူဟာ စိတ်ဝိညာဉ်နံရံကို ဖယ်ရှားပြီး အိမ်နေရင်း အဝတ်အစား လဲဝတ်ကာ အိပ်ရာထဲ ပစ်လှဲလိုက်ပါတယ်။
သူ အိပ်လိုက်တာ မလီဆာ နေ့လည်စာ ပြင်ပြီးလို့ တံခါးလာခေါက်တဲ့ ၁၂ နာရီခွဲတဲ့ အထိပါပဲ။
ဖွယ်ဖွယ်ရာရာ စားသောက်ပြီးနောက် မလီဆာက အဝတ်အစားအသစ်နဲ့ ဇာဦးထုပ်ကိုင်ကာ ထွက်လာတာ သူ တွေ့လိုက်ရပါတယ်။ ကြည့်ရတာ အပြင်သွားမဲ့ပုံစံပါ။
“ဒီနေ့ နေ့လည်ခင်းတောင် လုပ်စရာ ရှိသေးတာလား” ကလိုင်းက ပဟေဠိနဲ့ မေးပါတယ်။
ဆိုဖာပေါ်မှာထိုင်နေတဲ့ ဘန်ဆင်ဟာ သဒ္ဒါစာအုပ်တွေကို မျက်မှောင်ကြုတ်ပြီး ကြည့်နေရင်းက ခေါင်းမမော့ဘဲ မလီဆာကိုယ်စား ဖြေပါတယ် “ဘေးအိမ်က မစ္စရှားက မလီဆာကို ဒီနေ့ နေ့လည်ခင်း မြူနီစပယ်ခန်းမမှာ မိသားစုအရေးနဲ့ ပတ်သက်ပြီး ပို့ချချက်ရှိတယ်လို့ ပြောထားတယ်... မလီဆာက အဲဒါ သွားတက်ပြီး နေ့စဉ်အိမ်ထောင်စုကိစ္စကို ဘယ်လို ကိုင်တွယ်လဲဆိုတာ သင်မလို့တဲ့”
မလီဆာဟာ ခေါင်းညိတ်ပြီး ပြောပါတယ် “ဟုတ်တယ်... ညီမ ဆယ်လီနာ၊ အဲလစ်ဇဘတ်တိုနဲ့အတူ သွားမှာ”
“ကောင်းတယ်... အဲဒီပို့ချချက်က အစ်ကိုတို့လိုမျိုး မိသားစုတစ်စုက အနည်းဆုံး အိမ်ဖော်တစ်ယောက် လိုတယ်လို ပြောလိုက်ရင် ကောင်းမယ်” ကလိုင်းက နောက်လိုက်ပါတယ်။
မလီဆာ ခွန်းတုံ့ပြန်တော့မှာကို သတိထားမိတဲ့ ကလိုင်းဟာ ချက်ချင်း ဖြည့်ပြောပါတယ် “အစ်ကိုတို့ရဲ့ အကန့်အသတ်ရှိတဲ့ အချိန်တွေကို ဒီထက်အဖိုးတန်တဲ့ နေရာတွေမှာ ရင်းနှီးမြှုပ်နှံရမယ်လေ”
မလီဆာဟာ မှင်တက်သွားပါတယ်။ တစ်ခဏကြာတဲ့ အခါမှာတော့ သူမဟာ နှုတ်ခမ်းစူပြီး ဇာဦးထုပ်ဆောင်းကာ အိမ်ထဲက ထွက်သွားပါတယ်။
...
နေ့လည် ၂ နာရီမှာ ကလိုင်းဟာ ဆူးနက် လုံခြုံရေးကုမ္ပဏီဆီ ထပ်ရောက်သွားပါတယ်။
ရိုဇန်းနဲ့ ဧည့်ကြိုခန်းထဲ ရောက်နေတဲ့ ဒန်းစမစ်က ပြိုင်တူ မေးပါတယ် “ရှင်... မင်း... အိမ်ပြန်ပြီး မနားဘူးလား”
ကလိုင်းဟာ ပြုံးလိုက်ပါတယ်။
“ကျွန်တော် ဗေဒင်ကလပ်ဆီ သွားမလို့... ဒါပေမဲ့ မနေ့ညက ဖြစ်ခဲ့တာကိုပဲ တွေးမိနေလို့ ဒီကို အရင်ဆုံး လာကြည့်ဖို့ ဆုံးဖြတ်လိုက်တာ... သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းက စာပြန်လာပြီလား”
ဒန်းစမစ်ဟာ ရိုဇန်းကို တစ်ချက်ကြည့်ပြီး တစ်ဖက်ကို တိတ်တဆိတ် လှည့်သွားပါတယ်။ အဲဒီနောက် သူဟာ အခန်းခွဲထားတဲ့အပိုင်းကို ဖြတ်ကျော်ပြီး သူ့ရုံးခန်းထဲ ဝင်သွားပါတယ်။
ရိုဇန်းဟာ မျက်နှာမရွှင်မပျ ဖြစ်သွားပြီး စိတ်ဆိုးမာန်ဆိုး ရေရွတ်ပါတယ် “ကပ္ပတိန်က ပိုကို ပိုလွန်းတယ်...”
‘ကပ္ပတိန်... လုပ်တာ ကောင်းတယ်...’ ကလိုင်းဟာ စိတ်ထဲမှာ ချီးကျူးပြီး မရယ်မိအောင်ထိန်းရင်း ဒန်းစမစ်နောက် လိုက်ကာ သူ့ရုံးခန်းထဲ ဝင်ပါတယ်။
ကလိုင်းဟာ တံခါးကို ပိတ်လိုက်ပါတယ်။ ဒန်းစမစ်ဟာ ဆေးတံကို တစ်ချက်ဖွာပြီးမှ ပြောပါတယ်။
“သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်က ဒီကိစ္စကို အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကြောင့်လို့ ဆုံးဖြတ်လိုက်တယ်... အန်တီဂိုနပ်မိသားစု မှတ်စုစာအုပ်ကိုလည်း အဆင့် ၁ ချိပ်ပိတ်လက်နက်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တယ်... အဲဒီတော့ မင်း ဒီအကြောင်းကို သိရဖို့ လုံလောက်တဲ့ လုံခြုံရေး အခွင့်အာဏာ မရှိတော့ဘူး”
‘အဆင့် ၁... အန္တရာယ် တော်တော် များတယ်... ဂိုဏ်းအုပ်နဲ့ ညသိမ်းငှက် ကပ္ပတိန်တွေပဲ အခြေအနေမှန်ကို သိနိုင်တော့တာလား... ဒါဆို ဘာဖြစ်တာလဲ ဆိုတာကို ကပ္ပတိန်လည်း သေချာ မသိဘူးပဲ... အန္တရာယ် တော်တော်များတယ်... အံ့ဩစရာ မရှိတော့ပါဘူး...’ ကလိုင်းဟာ နောင်တရသွားပေမဲ့ စိတ်သက်သာရာ ရသွားပါတယ်။
ဒန်းစမစ်ဟာ သူ့ကို တစ်ချက်ကြည့်ပြီး ဆက်ပြောပါတယ် “သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်က ငါတို့ကို ချန်စီဂိတ်နောက်မှာ မှတ်စုစာအုပ်ရဲ့ လွှမ်းမိုးတာခံရတဲ့ တခြားပစ္စည်းတွေ ရှိသေးလားဆိုတာ စစ်ကြည့်ခိုင်းတယ်... ငါတို့ စစ်ကြည့်တော့ မူမမှန်တာက ၃-၀၆၂၅ တစ်ခုတည်းပဲ... ငါတို့တွေ သူ့ချိပ်ပိတ်စည်းကို ပြောင်းလိုက်ပြီ”
“တခြားဘာတွေ ရှာတွေ့သေးလဲ” ကလိုင်းဟာ သိချင်တဲ့မျက်နှာနဲ့ မေးပါတယ်။
ဒန်းစမစ်ဟာ ခေါင်းခါပါတယ်။
“မတွေ့ဘူး”
ကလိုင်းဟာ ခေါင်းညိတ်ပြီး တွေးလိုက်ပါတယ်။ သူဟာ ဒီအကြောင်းကို ဆက်မပြောတော့ပါဘူး။ တခြား အာလာပသလ္လာပတွေ ပြောပြီးနောက် သူဟာ ကပ္ပတိန်ကို နှုတ်ဆက်ကာ ဆူးနက်လုံခြုံရေး ကုမ္ပဏီကနေ ထွက်ခွာပြီး ဆေးရည် ချေဖျက်မဲ့ ခရီးအတွက် ဗေဒင်ကလပ်ဆီ ဦးတည်ပါတယ်။
...
မြူနီစပယ်ခန်း။
သူငယ်ချင်း အရင်းကြီးတွေ ဖြစ်ကြတဲ့ မလီဆာ၊ ဆယ်လီနာနဲ့ အဲလစ်ဇဘတ်ဟာ တံခါးနားမှာထိုင်ပြီး ပို့ချချက် စမှာကို စောင့်နေပါတယ်။
“သူပြောတာ မကောင်းရင် ငါတို့တွေ ခိုးထွက်ကြမယ်” ဆယ်လီနာက စိတ်လှုပ်တရှား အကြံပြုပါတယ်။
အဲလစ်ဇဘတ်ဟာ ချက်ချင်းပဲ သဘောတူပါတယ် “ဟဲရစ်မှာ ဈေးသွားဝယ်ကြရအောင်”
မြန်မာပြည် ငြိမ်းချမ်းပါစေ။