← Chapters

သတ်ကိုသတ်ရမယ်

Vol. 3 Ch. 34

သတ်ကိုသတ်ရမယ်

Vol. 3 Ch. 34

ချန်ရှီ ကျော်တက်ခဲ့တဲ့ အုတ်နံရံက ဖူကွေ့တို့မိသားစုရဲ့ အုတ်နံရံ ဖြစ်သည်။ ဖူကွေ့ မျက်နှာတွင် သွေးစွန်းထင်းနေ၏။ ၎င်းက ကြာပွတ်နဲ့ အရိုက်ခံလိုက်ရလို့ ဒဏ်ရာကျန်နေခဲ့တာ ဖြစ်ကာ နံရံပေါ်မှ တက်လာသော ချန်ရှီကိုမြင်တော့ ထိတ်လန့်သွားသည်။

သူ့ခြေထောက်များ အားနည်းလာသည်နှင့် တစ်ပြိုင်နက် ဒူးထောက်ကာ ကရုဏာ တောင်းခံဖို့ ပြင်လိုက်သည်။ ချန်ရှီကတော့ ဖူကွေ့ ဘာတွေတွေးနေမှန်း မသိတာကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး တိုးတိုးလေးပြောသည်။

"ဖူကွေ့... မင်းမိဘတွေ ဘယ်မှာလဲ"

ဖူကွေ့ရဲ့မိဘတွေက အိမ်မှာ မရှိကြချေ။

ဖူကွေ့က တုန်တုန်ယင်ယင် အသံနဲ့ "အ အပြင်မှာ ဟင်းချက်နေတယ်..."

"ဟင်းချက်တယ်?"

ချန်ရှီ မျက်မှောင်ကြုတ်ပြီး တံခါးကို ဖွင့်ကာ ထွက်လာခဲ့သည်။ သူ ထွက်သွားတာကို မြင်တော့မှ ဖူကွေ့က စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းချလေ၏။

အရင်တုန်းကတော့ ချန်ရှီကို မသိခဲ့ပေမယ့် ချန်ရှီကသူ့ကို ကယ်တင်ပြီး သူ့ကျေးဇူးရှင် ဖြစ်လာတော့ ချန်ရှီနဲ့ မိတ်ဖွဲ့ဖို့ သတ္တိရှိခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ချန်ရှီက နာမည်ကြီး "ကလေးလူသေ" ဖြစ်နေတာ ကြားသိရသောအခါတွင် သူ့စိတ်ထဲတွင် ကြောက်ရွံ့မှုကိုသာ ခံစားလာခဲ့ရသည်။

"သေရာကနေ ပြန်ရှင်လာတဲ့ ကလေးက လူသားမဟုတ်တော့ဘူး... ကလေးရဲ့ အလောင်းကို သိမ်းပိုက်ထားတဲ့သူ လူလား တစ္ဆေလား ဘယ်သူက သိနိုင်မှာလဲ?... သူ့ဝိညာဉ်က အရင်က တစ္ဆေဖြစ်သွားပြီးမှ နောက်တော့ လူသား ပြန်ဖြစ်သွားတာ"

ချန်ရှီသည် ဖူကွေ့အိမ်မှ ထွက်လာစဥ် လမ်းဘေး နှစ်ဘက်ရှိ အိမ်များမှ အော်ဟစ် ငိုကြွေးသံများကို တဖြည်းဖြည်း ကြားလိုက်ရသည်။ ငိုကြွေးနေသော လူသည် နာကျင်နေတာတောင် အသံမထုတ်ဝံ့တော့ဘဲ အသံတိုးတိုးလေးဖြင့်သာ ညည်းတွားနေရသည်။

ပတ်ပတ်လည်ကို လှမ်းကြည့်သော်လည်း ရွာသားတစ်ဦးမှ မတွေ့ရသေးပေ။ ခြေလှမ်းအနည်းငယ်သာ ဝေးတော့သော လမ်းနှစ်ဖက်စလုံးတွင် ငွေဝတ်အစောင့် တစ်ယောက် ရပ်နေတာ တွေ့လိုက်ရသည်။

ထိုလူက ချန်ရှီကို မြင်သည်။ သို့သော် ဖူကွေ့အိမ်ထဲက ထွက်လာတာကို မြင်လိုက်သဖြင့် ထို သူ့ကို မနှောင့်ယှက်ခဲ့ပေ။ ငိုသံတွေက တဖြေးဖြေး နိမ့်လာပေမယ့် နှစ်ဖက်လုံးက အိမ်တွေကနေ ထွက်လာနေတာကိုတော့ တွေ့ရသည်။

ချန်ရှီ ဟွမ်ယန်ရွာရဲ့ အလယ်ဗဟိုသို့ ရောက်လာခဲ့သည်။ ထိုနေရာ၌ အပျက်အစီးများရှိသည့် ဘုရားကျောင်းများအပြင် ကျယ်ပြန့်သော အရိပ်ရ သစ်ပင်ကြီးများလည်း ရှိ​နေသည်။

ထိုနေရာတွင် ဟွမ်ယန်ရွာမှ ရွာသူရွာသား တစ်ဒါဇင်ကျော်လောက် ရှိသည်။ လေထဲတွင် မီးခိုးလုံးများ တလိမ့်လိမ့်တက်ကာ သံအိုးများနှင့် ရေနွေးကျိုနေကြသလို အဖြူရောင် ရေနွေးငွေ့ဖြင့် ပေါင်းထားသော ရေနွေးငွေ့အိုးများလည်း ရှိသည်။

အဘိုးအိုတစ်ဦးသည် ကြက်များနှင့် ဘဲများကို သတ်ကာ အမွှေးနုတ်ဖို့ လွယ်ကူအောင် ရေနွေးထဲ ထည့်ပြုတ်နေသည်။ ရွာသား ၃ ဦးကလည်း ဝိုင်းကူနေကာ ဟင်းသီး ဟင်းရွက် ချက်ပြုတ်နေသည့် အမျိုးသမီး အများအပြားလည်း ထိုင်နေကြသည်။ စားပွဲပေါ်တွင် အသီးအရွက်များကို လှီးဖြတ်ပြီး တင်ထား၏။

အနီးနားတွင် အစောင့်အကြပ်များစွာက မတ်တပ်ရပ်​နေပြီး ထမင်းချက်နေတာကို ကြည့်နေကြသည်။

အသက်ဝင်သော မြင်ကွင်းတစ်ခု ဖြစ်သော်လည်း ဟွမ်ယန်ရွာမှ ရွာသားများ အားလုံးမှာ ၎င်းတို့၏ ခန္ဓာကိုယ်နှင့် မျက်နှာများပေါ်တွင် ဒဏ်ရာများ ရထားကြကာ ကြာပွတ်နှင့် အရိုက်ခံရသည့် သဲလွန်စများ ရှိနေကြသည်။

မွန်းတည့်ချိန် နီးနေပြီမို့ ထမင်းစားချိန် ရောက်တော့မည်။ ဟွမ်ယန်ရွာရဲ့ အရွယ်အစားကို ကြည့်ရုံနဲ့ ဒီစားပွဲကို စီစဉ်နိုင်ဖို့ အိမ်ထောင်စုတိုင်းရဲ့ စည်းစိမ်ဥစ္စာတွေကို ဖယ်ထုတ်ပစ်လိုက်ရသလိုပင်။

ချန်ရှီ သူ့မျက်နှာ သန့်သန့်ပြန့်ပြန့်ကို ကြည့်လိုက်တော့ ရွှေရောင်အဝတ်အစား ဝတ်ထားတဲ့ အစောင့်တစ်ယောက်က လက်ဝှေ့ယမ်းပြလာသည်။

"ကလေး... ဒီကိုလာ အစားအသောက် သွားပို့ပေး!"

ချန်ရှီ ရှေ့သို့ တိုးလာသည်။

"ဟင်းတွေချက်​ပြီးရင် ဘုံကျောင်းထဲကို မင်းသွားပို့လိုက်..."

အစောင့်က နွားကြာပွတ်ကို ကိုင်ထားပြီး။

"ဘုံကျောင်းထဲက လူတွေက ခရိုင်မြို့တော်က မှူးမတ်တွေပဲ... မင်းသတိထားရမယ် အထဲကိုရောက်ရင် မင်း မမေးသင့်တာကို မမေးနဲ့... မကြားသင့်တာကို နားမထောင်နဲ့ နားလည်လား?"

"နားလည်ပါတယ်၊ နားလည်ပါတယ်!"

ချန်ရှီ ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။ ဟွမ်ယန်ရွာက ရွာသားများသည် သူ့အသံကိုကြားသောအခါ အားလုံး တစ်ပြိုင်တည်း သူ့ဘက်ကို လှည့်ကြည့်ကာ အံသြသွားကြသည်။ ငွေဝတ်အစောင့်က ကြာပွတ်ကို ဝှေ့ယမ်းပြီး ကျေနပ်စွာ ရယ်မောလိုက်သည်။

"ဘာကြည့်နေတာလဲ မြန်မြန်လုပ်စမ်း! မင်း အလုပ်သွားလုပ်... ထမင်းချက် မြန်မြန်လုပ်!"

သူညွှန်ပြနေတဲ့လူက ဖူကွေ့အဖေပဲ ဖြစ်သည်။ ဖူကွေ့အဖေက အလျင်အမြန် ရောက်လာ၏။ ချန်ရှီကိုကြည့်ကာ ဘာမှမပြောဝံ့ချေ။ ဟင်းချက်နေစဉ် ခေါင်းသာ ငုံ့ထားလိုက်သည်။

သူသည် ရွာရှိ ထမင်းချက်သူဖြစ်ပြီး မင်္ဂလာပွဲနှင့် အသုဘ အခမ်းအနားများကိုလည်း ရွာအနှံ့က တက်ရောက်ရန် အမြဲဖိတ်ကြားတတ်သည်။ သူချက်ပြုတ်တဲ့ ဟင်းလျာတွေက မြို့ထဲက စားသောက်ဆိုင်တွေမှ ကျွမ်းကျင်စားတော်ကဲတွေ လုပ်ထားတဲ့ ဟင်းတွေလောက် သပ်သပ်ရပ်ရပ် မဟုတ်ပေမယ့် အရသာကတော့ မနိမ့်ချေ။

တစ်နာရီ လေးပုံတစ်ပုံ အတွင်းမှာ ဟင်းလေးမျိုးလောက်ကို ချက်နိုင်၏။ ချန်ရှီ ဗန်းကိုကိုင်ပြီး လက်ကောက်ဝတ်တွင် အဖြူရောင် မျက်နှာသုတ်ပုဝါကို ဘုံကျောင်းဆီသို့ လျှောက်သွားခဲ့သည်။

ဖူကွေ့ အဖေက ပါးစပ်ကို ဖွင့်ထားသော်လည်း ဘာမှ မပြောလာပေ။

အထဲရောက်တော့ ချန်ရှီသည် အပျက်အစီးများကြားတွင် လဲလျောင်းနေသော အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။ တစ်ဆက်တည်း သူ့မျက်နှာတစ်ဝက်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

စန်းဝမ်!

သူ့ရင်ဘတ်ထဲက သွေးတွေက ရုတ်တရက် ထိုးတက်လာပြီး သူ့ခေါင်းထဲကို ပြေးဝင်သွားသလို ခံစားလိုက်ရသည်။ မနေ့ညက ထူးဆန်းတဲ့ အိပ်မက်ကိုလည်း မှိန်းခနဲ သတိရသွားသည်။ အိပ်မက်ထဲမှာ စန်းဝမ်က သူ့ကို သတိလာပေးပြီး ထွက်ပြေးဖို့ ပြောနေခဲ့တာပဲ။

လတ်စသတ်တော့……။

စန်းဝမ်က တကယ် သေသွားတာကိုး။

သူ ခဏလောက် ငြိမ်ငြိမ်လေး ရပ်နေလိုက်သည်။ ထို့နောက် ခေါင်းငုံ့ကာ မြင့်မားသော တံခါးခုံကို ကျော်၍ ဘုံကျောင်းထဲသို့ ဝင်သွားခဲ့သည်။

ရှေးဟောင်းဘုံကျောင်း၏ အသွင်အပြင်သည် ယခင်တစ်ကြိမ်က သူမြင်ဖူးသည့်ပုံစံနှင့် မတူတော့ဘဲ ဘုံကျောင်းအတွင်းရှိ အရာအားလုံးသည် ရိုးရိုးရှင်းရှင်းတွေချည်းပင်။ ရိုးရှင်းသော တိုင်များ၊ ယဇ်ပလ္လင်များ၊ နံ့သာအိုးများ၊ ကြေးရုပ်တုများ၊ ဖ​ယောင်တိုင်များ၊ ယဇ်ပလ္လင် စားပွဲများ၊ အမွှေးတိုင်များ အားလုံးက ဖယ်ရှားခံထားရသည်။

ဘုံကျောင်းထဲ၌ စားပွဲတစ်လုံး ထင်ထားသည်။ လက်တင်ကုလားထိုင် လေးလုံး ရှိသည့်အနက် စာသင်သား ပညာရှင်ငယ်တစ်ဦးက စားပွဲပေါ်တွင် ထိုင်နေပြီး အလယ်တွင် စစ်တုရင်ခုံတစ်ခုနှင့် အမျိုးသမီးငယ်တစ်ဦး ထိုင်လျက် ရှိ၏။

တခြား ကုလားထိုင် လေးခုကိုလည်း လူပများက နေရာယူထားကြသည်။ ၎င်းတို့အားလုံးသည် ကွန်ဖြူးရှပ် ပညာရှင်ကဲ့သို့ ၀တ်ဆင်ကြပြီး အချို့မှာ လက်ဖက်ရည် သောက်နေကြကာ အချို့မှာလည်း အသီးများကို အေးအေးဆေးဆေး စား​​နေကြသည်။

၎င်းတို့သည် ကျောက်မိသားစုမှ ဆင်းသက်လာသူများ ဖြစ်နိုင်ကာ သတ်ဖြတ်လိုစိတ် မရှိကြပေ။

ငွေဝတ်အစောင့် တော်တော်များများကလည်း သူတို့ဘေးမှာ ရပ်နေကြသည်။ တစ်ယောက်ဟာ ဆိုလျှင် သာမန်လူတစ်ယောက်ထက် နှစ်ပေလောက် အရပ်ပိုရှည်ပြီး အညိုရောင် ဝက်ဝံတစ်ကောင်လိုပင်။ သူ့နောက်ကျောမှာ မျက်လုံးသုံးလုံး သေနတ်တစ်လက်ကို ကိုင်ဆောင်ထားကာ ဦးခေါင်းမှာ သွေးတွေ စွန်းထင်းနေသေးပေမယ့် ခြောက်သွားပါပြီ။

ဘုံကျောင်း အလယ်က လေးဖက်လေးတန်တွင် အလျားတူညီသော စားပွဲရှစ်လုံးရှိပြီး စားပွဲအောက်တွင်လည်း ကုလားထိုင်ခြောက်လုံး ထားရှိထားသည်။ ဘုံကျောင်းက ကြီးကြီးမားမား မဟုတ်တဲ့အတွက် လူဆယ့်နှစ်ယောက်၊ စားပွဲတစ်လုံး၊ ကုလားထိုင်ခြောက်လုံး၊ ကြေးရုပ်တုတစ်ဆူနဲ့မို့ နည်းနည်း စည်ကားနေပုံတောင် ပေါ်၏။

ချန်ရှီအတွက် ကျောက်မိသားစုမှ ဤကလေးများ သတ်ဖြတ်လိုသော အရိပ်အာဝါသ မရှိခဲ့သော်လည်း ၎င်းတို့နောက်ကွယ်မှ အစောင့်ခြောက်ယောက်ကတော့ ဖိအားများစွာ ပေး​နေခဲ့သည်။

ထိုအစောင့်များ၏ ဦးခေါင်းနောက်တွင် နတ်သန္ဓေသားလေးများ ထိုင်နေသော နတ်ကွန်းများရှိသည်။

သူတို့သည် နတ်သန္ဓေသားကို ထိန်းသိမ်းစောင့်ရှောက် ထားကြပြီး သူသတ်ဖူးသော လီရှောင်တင် လက်အောက်ရှိ ဆန်အိတ်များနှင့် လုံးဝ ယှဥ်လို့မရချေ။ သူတို့သည် လက်တွေ့ကျသော ဆရာများသာ ဖြစ်သည်။

ချန်ရှီ လမ်းတွင် ကျောက်မိသားစုမှ ငွေဝတ်အစောင့် သုံးယောက်နှင့် ရင်ဆိုင်ခဲ့ပြီးပြီ။ တစ်ဦးကို ဖယ်ရှားပြီးနောက် နောက်တစ်ယောက်အား ဖယ်ရှားရန် ပတ်ဝန်းကျင် အားသာချက်များကို အားကိုးခဲ့ရကာ နောက်ဆုံးတစ်ယောက်ကလည်း ရေထဲတွင် ချုံခိုတိုက်ခိုက်၍ သေဆုံးသွားခဲ့သည်။ အကယ်၍ သူတို့ ထိပ်တိုက်ရင်ဆိုင်ရလျှင် ချန်ရှီ လူတစ်ယောက်ကိုပင် သတ်နိုင်လိမ့်မည် မဟုတ်ပေ။

ဒါပေမဲ့ ဒီမှာ တူညီတဲ့ ခွန်အားရှိတဲ့ ငွေဝတ်အစောင့် ခြောက်ယောက် ရှိနေသည်။ အဲဒီထဲက တစ်ယောက်က သန်မာတဲ့သူတွေထဲမှာ အသန်ဆုံးပဲ။

ချန်ရှီသည် ဤအစောင့်များကို ဘယ်ဘက်မှ ညာဘက်သို့ ခွဲကာ စီထားလိုက်သည်။ ဘယ်ဘက်တွင် နှစ်ကောင်၊ ထိုဘက်ဘက်၏ ဘယ်ဘက်တွင် သုံးကောင်၊ ညာဘက်တွင် တစ်ယောက်၊ ထိုလူ၏ ညာဘက်တွင် နှစ်ယောက်၊ ညာဘက်တွင် စုစုပေါင်း သုံးယောက်ကို ခွဲထားသည်။

ဒါပေမဲ့ အန္တရာယ်ကို တကယ် ခံစားရစေတာကတော့ တတိယညာဘက်က ဝက်ဝံအညိုရောင် ကိုယ်ရံတော်ပါပဲ။ သူသည် အရပ်ရှည်ပြီး ကြီးကျယ်ခမ်းနားရုံ သာမက ပိုအရေးကြီးသည်မှာ သူ့ဆီမှာ ပြင်းထန်သော လူသတ်ရောင်ဝါရှိ၏။ အလွန် ပြင်းထန်သော အရှိန်အဝါကြောင့် သူ့လက်ထဲတွင် အသက်ပေါင်းများစွာ ရှိနေခဲ့လိမ့်မည်ဟု ခန့်မှန်းကြည့်နိုင်သည်။

မျက်လုံးတစ်စုံက ချန်ရှီကို စူးစိုက်ကြည့်နေသည်။ ချန်ရှီ မမြင်ရပေမယ့် ဒီဘုံကျောင်းထဲကို ဝင်လာကတည်းက သူတို့မျက်လုံးတွေက သူ့ကိုသာ စိုက်ကြည့်​နေပြီး မခွာသွားပေ။

အစောင့်အကြပ်အနေနဲ့ သူတို့ဟာ အလွန်အတွေ့အကြုံ ရှိကြတယ်လို့ ပြောရမည်။ ချန်ရှီသာ အပြစ်အနာအဆာ တစ်ခုခုကို ပြသခဲ့လျှင် သို့မဟုတ် ထူးဆန်းစွာ ပြန်ကြည့်မိခဲ့လျှင် ကျစ်ဝူရှဲ့သတ်ဓားဖြင့် ချက်ချင်း သတ်ပစ်လိမ့်မည်။

"သူ မင်းတို့ကိုသတ်လိမ့်မယ်!"

ထောင့်တစ်နေရာမှာ ပုန်းနေသော ဖက်တီးက ချန်ရှီကို မြင်သောအခါတွင် ရင်ခုန် စိတ်လှုပ်ရှားလာပြီး။

"သူကချန်ရှီ!! လူသတ်သမားပဲ... အားလုံးကို သတ်ပစ်လိမ့်မယ်!"

ဒါပေမဲ့ ချန်ရှီကလွဲလို့ သူ့စကားကို ဘယ်သူမှ မကြားရချေ။ ချန်ရှီသည် ပုံမှန်အတိုင်း မှန်မှန်ကန်ကန် လျှောက်လှမ်းကာ စားပွဲရှစ်လုံးအနားသို့ ရောက်လာသည်။

စားပွဲပေါ်တွင် ထိုင်နေသော ကျောက်မိသားစု တတိယသခင်လေး ကျောက်ယွဲ့က သူ့ညီမ ကျောက်ရွှယ်အာနဲ့ ဆန့်ကျင်ဘက်မှာ ထိုင်နေတာ ဖြစ်သည်။ သူမသည် သိမ်မွေ့သော ရုပ်ရည်ရှိပြီး မိန်းမပျို​​လေးကဲ့သို့ ဂုဏ်သိက္ခာရှိကာ လှပသည်။

ကျောက်ယွဲ့က ခါးကို တည့်တည့် မတ်မတ်ထားပြီး ဟင်းကို အနံ့ခံကြည့်လိုက်သည်။

"ရွာကျော် ထမင်းချက်? အစားအသောက်က အရသာကောင်းပါတယ်... အားလုံး ထိုင်ကြရအောင်"

ချန်ရှီ ဟင်းခွက်တွေကို ချပြီး တံတောင်ဆစ်ပေါ်က သုတ်ပုဝါကို ထုတ်ကာ စားပွဲခုံးကို သုတ်လိုက်သည်။ ကျောက်ယန် ရှေ့သို့ တိုးလာစဥ် ချန်ရှီက ကုလားထိုင်ကိုပါ ကမန်းကတန်း ငုံ့ကာ ပဝါဖြင့် သုတ်​ပေးလိုက်သည်။ ထိုအခါ ကျောက်ယန်က ကျေနပ်စွာ ပြုံးလေ၏။

"အစ်ကိုသုံး... ဒီကလေးက အရမ်းဥာဏ်ကောင်းတာပဲ ဒီလို ထက်မြက်တဲ့ ကလေးမျိုးကို ကျေးလက်မှာ တွေ့ရဖို့က ရှားတယ်နော်"

ချန်ရှီ အခြားကုလားထိုင် ငါးလုံးကို တစ်လုံးပြီးတစ်လုံး သုတ်လိုက်သည်။ တခြား ကျောက်မိသားစုဝင် ငါးဦးကို ထိုင်ခိုင်းရန် ဖိတ်ခေါ်လိုက်သည်။ သူသုတ်နေစဉ်အတွင်း ဝက်ဝံလို ငွေဝတ်အစောင့်ရဲ့ မျက်လုံးများက သူ့အပေါ် အမြဲလိုလို ကပ်နေတာကို ခံစားရပြီး သူ့လက်ဖဝါးသည် မျက်လုံးသုံးလုံး မီးသေနတ်ကို အသင့် ဆုပ်ကိုင်ထား၏။

အဲဒီလူက သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။ ချန်ရှီဟာ စားပွဲနဲ့ ကုလားထိုင်တွေကို သုတ်လိုက်ပြီး တကယ်တွယ်ဖို့ အခွင့်အရေး ရှာနေပေမယ့် အဲဒီလူက သူလှုပ်လိုက်တာနဲ့ အနောက်ကနေ သူ့ခေါင်းကို ရိုက်လိမ့်မယ် ဆိုတာ တွေးနေစရာပင် မလိုပေ။

ချန်ရှီက တိတ်ဆိတ်နေပြီး ဆဋ္ဌမမြောက် ကုလားထိုင်ကို သန့်ရှင်းစွာ သုတ်လိုက်ပြီးနောက် တံတောင်ဆစ်ပေါ်တွင် တင်ကာ လှည့်ထွက်သွားခဲ့သည်။

လှုပ်ရှားဖို့ အခွင့်အလမ်း မတွေ့ခဲ့ပေ။

အခု အခွင့်အလမ်းမရှိရင် ခဏလောက် စောင့်လိုက်ရုံပေါ့။ သူဟာ အခွင့်အရေးကို အမြဲစောင့်နိုင်သည်။

"နေဦး!"

ဝက်ဝံနဲ့တူတဲ့ ငွေဝတ်အစောင့်က လူတွေရဲ့ နားစည်ကို ရိုက်ခတ်သွားစေနိုင်လောက်တဲ့ အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။ ချန်ရှီ အတွေးမျိုးစုံဖြင့် ရပ်တန့်သွား၏။ သူ့အပြစ်အနာအဆာများကို ဖော်ထုတ်မိခဲ့လား တွေးနေစဥ် ထိုလူက ဆက်ပြောလာသည်။

"ဒီဟင်းတွေကို အရင် စားစမ်း...."

ချန်ရှီ လှည့်ကြည့်လိုက်ပြီး တူတစ်ချောင်းကို ကောက်ယူလိုက်သည်။

ကျောက်ရွှယ်အာက ပြုံးပြီး: "ဟဲ့လျန်ကျန်း... နင်က သတိထားလွန်းတယ်"

ဟဲ့လျန်ကျန်း: "သတိထားရမယ် မနေ့ကမှ လူတစ်ယောက် အသတ်ခံရပြီး တစ်ရွာလုံး သေဒဏ်ချမှတ်ခံခဲ့ရတာ... ဒီလူတွေက ယုတ်မာတဲ့ ရည်ရွယ်ချက်နဲ့ ဟင်းခွက်တွေကို အဆိပ်ခတ်ထားလား အာမခံချက် မရှိဘူး... ကောင်လေး ဟင်းတစ်ခုစီကို အရင်စားကြည့်!"

"ဟုတ်ကဲ့!"

ချန်ရှီလည်း ပထမပန်းကန်ကို ကောက်ယူဖို့ လက်ကို ဆန့်လိုက်သည်။ ဖူကွေ့အဖေ ချက်ထားသော ဟင်းပွဲများသည် ကျေးလက်ဒေသရှိ သာမန်စားစရာများသာ ဖြစ်ပြီး ပထမ ဟင်းလျာမှာ တရုတ်နံနံနှင့် မှိုများဖြစ်သည်။

ချန်ရှီ တစ်ကိုက်စားပြီး ဒုတိယပန်းကန်ဆီ လက်လှမ်းလိုက်သည်။

ဒီဟင်းကတော့ ကြက်သားကို အတုံးသေးသေးလေးတွေ တုံးပြီး ကြက်သွန်နီ၊ ဂျင်း၊ ဆားတို့နဲ့ ရောနယ်ပြီး ကြက်ဥအရည်စိမ်ပြီး ဆီအိုးထဲမှာ လှိမ့်ပြီး ကြော်ထားတာပါ။ နောက်ဆုံးတွင် ငရုတ်ပွစိမ်းနှင့် ငရုတ်ပွအနီတို့ကို ရောလိုက်တာကြောင့် ပါးစပ်ထဲတွင် အစပ်အရသာကို ခံစားရစေသည်။

တတိယ ဟင်းကတော့ ဘဲသားပင်။ ဘဲသားကို ဘဲသွေးနဲ့ စိမ်ထားပြီး အိုးထဲမှာ မွှေကြော်ထားတာ ဖြစ်သည်။ ဟင်းခတ်အမွှေးအကြိုင် မျိုးစုံကို အရသာ အမြင့်ဆုံးအထိ ထောက်ပံ့ပေးထားသည်။

ချန်ရှီသည် ပန်းကန်သုံးလုံးကို မြည်းစမ်းပြီး စတုတ္ထပန်းကန်ကို ကောက်ယူရန် လက်များကို ဆန့်တန်းထားသော်လည်း စတုတ္ထပန်းကန်ကို ကောက်ယူရန် သူ့လက်များက တိုလွန်း​နေသဖြင့် စားပွဲတစ်ဖက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။

သူ ငုတ်တုတ်ထိုင်ပြီး စတုတ္ထပန်းကန်ဖြစ်တဲ့ ဖားကြော်ကို ကောက်ယူ စားကြည့်လိုက်သည်။ ဖားအကောင်ကို လှီးဖြတ်၍ အရေခွံကို ရေသေချာဆေးကာ ဆား၊ ဆီဖြင့် မွှေကြော်ပြီး ဒယ်အိုးထဲမှ မထုတ်မီ ငရုတ်သီးမှုန့်ဖြင့် ဖြူးထားသည်။ ချန်ရှီ ဖားခြေထောက်ကို ကောက်ကိုင်လိုက်ပြီး သူ့ပါးစပ်ထဲကို ထည့်လိုက်တာနဲ့ ရုတ်တရက် ထိတ်လန့်သွား၏။

ယခု သူသည် ဝက်ဝံညိုကဲ့သို့ ထွားကြိုင်းသော ဟဲ့လျန်ကျန်းနှင့်ဝေးသော စားပွဲတစ်ခု၏ တစ်ဖက်ခြမ်းသို့ ရောက်နှင့်နေပြီ။ စတုတ္တပန်းကန် ပြီးဆုံးသောအခါ စားပွဲဝိုင်းတစ်ဝိုက်ရှိ လူတိုင်းက ငြိမ်နေ၏။ စိတ်အေးလက်အေး မဖြစ်သေးသော ဟဲ့လျန်ကျန်းမှလွဲ၍ ကျန်အားလုံးသည် စားပွဲဝိုင်းတွင် အေးအေးဆေးဆေး စကားပြောရင်း ရယ်မောနေကြသည်။

ယခုအချိန်က လှုပ်ရှားဖို့ အချိန်ကောင်း ဖြစ်သည်။ အကောင်းဆုံး အချိန်လည်း မဟုတ်ပေ။ သူသည် ဖားခြေထောက်ကို စားရင်း လက်ထဲက တူချောင်းများကို ကိုင်ကာ ဆုတ်ခွာရန် ကြံစည်နေသည်။ သူ့မှာ အစားအစာ ပေးပို့ရန် ဒုတိယအကြိမ် အခွင့်အရေး ရှိပါသေးသည်။

လက်ရှိအနေအထားမှာ ကျောက်ရွှယ်အာက သူ့ဘေးတွင် ထိုင်ကာ ညာဘက်မှ တတိယသခင်လေး ကျောက်ယွဲ့အား လှမ်းပြောနေ၏။

"အစ်ကိုသုံး... ဖူရှန်းခက်နဲ့ တခြားသူတွေ ထွက်သွားတာ ဘယ်လောက်ကြာပြီလဲ သူတို့ ပြန်မလာသေးဘူးနော်"

ကျောက်ယွဲ့လည်း အနည်းငယ် ဇဝေဇဝါဖြစ်ကာ။

"ပြောရရင် သူတို့ ချန်ရှီကို ဖမ်းမိထားသင့်ပြီ.. ခဏလေး!"

သူသည် ချန်ရှီရဲ့ အသားအရည်ကို မြင်သောအခါ လန့်ဖျပ်သွား၏။

'ဘာလို့ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာ မရှိရတာလဲ'

ဟွမ်ယန်ရွာရှိ လူတိုင်း ကြာပွတ်ဒဏ်ခံထားရသည်။ အချို့မှာ ကြာပွတ်​ဖြင့် ရိုက်သတ်ခံရသော်လည်း အစားအစာ လာပို့ပေးသော ကောင်လေး၏ ခန္ဓာကိုယ်တွင် ကြာပွတ်ရာ အစက်အပြောက်ပင် မရှိပေ။

ကျောက်မိသားစု၏ တတိယသားကတော့ ဤခရီးစဉ်၏ ခေါင်းဆောင် ဖြစ်ထိုက်သူပီပီ သော့ချက်ကို ချက်ချင်း ရှာတွေ့သွား အနည်းငယ် ကြောက်ရွံ့စွာဖြင့် ဆန့်ကျင်ဘက်ရှိ ဟဲ့လျန်ကျန်းကို ကြည့်လိုက်သည်။

ဟဲ့လျန်ကျန်းက သူ့အတွေးအမြင်ကို တည်ငြိမ်စွာ နားလည်ပြီး ချက်ချင်းပင် စားပွဲ ရှစ်လုံးကို ဖြတ်ကျော်ရန် ကြံရွယ်ကာ သူ့နောက်မှ မျက်လုံးသုံးလုံး မီးသေနတ်ကိုလည်း လက်ဖဝါးတစ်ဖက်ဖြင့် လှမ်းကိုင်ထားလိုက်သည်။

ကျောက်ယွဲ့ ငြိမ်ပြီး ပြုံးပြုံးလေးနဲ့ "ဟင်းက ပြဿနာမရှိ..."

ဝှစ်!

ကျောက်ယွဲ့ မျက်လုံးများ မယုံကြည်နိုင်စွာ ပြူးကျယ်သွားသည်။ သူ့​ထိုက်ယန်သွေးကြောထဲ ဝင်လာသည့် လှီးဖြတ်ထားသော တူတစ်ချောင်းကို မြင်လိုက်ရပြီး လက်ယာဘက်တွင် သွေးစွန်းထင်းနေသော လက်သီးခေါင်းတစ်ခု ထွက်လာသည်။

ချန်ရှီသည် ညာဘက်လက်ဖြင့် ကျောက်ယွဲ့ ခေါင်းထဲသို့ ဓားတစ်လက်လို ထိုးဖောက်သွားခဲ့တာကြောင့် ချန်ရှီ အံ့အားသင့်စွာ ရေရွတ်မိ၏။

"ဘာလို့ အခုမှ လှုပ်ရှားလာတာလဲ"

ချန်ရှီသည် သူ့ဘယ်လက်ကို မြှောက်လိုက်ပြီး အခြား တူတစ်ချောင်းကို ကျောက်ရွှယ်အာ၏ ရင်ဘတ်ထဲသို့ လျှပ်စီးလက်သလို ထိုးထည့်ကာ အမျိုးသမီး၏ နှလုံးသားကို ဖောက်ထုတ်လိုက်သည်။

ကျောက်ရွှယ်အာ အတွက်က ထိုးဖောက်ဝင်ရောက်မှု မြန်လွန်းသောကြောင့် သူမ ခေါင်းကို လှည့်ကြည့်လိုက်ချိန် သူမနှလုံးက မရှိတော့ပေ။ နာကျင်မှုကိုတောင် မခံစားလိုက်ရ။

"ငါ့ရဲ့အပြစ် အနာအဆာတွေကို ထပ်ပြမိပြန်ပြီလား?"

ချန်ရှီ သူ့ကိုယ်သူ အံ့သြနေမိဆဲ။

All Chapters