ပေသို့ခုနှစ်ချက်
Vol. 3 Ch. 37
တခြားရေပေါ် ခေါင်းများသည် ၎င်းတို့၏ လျှာများကို လေထဲမှ နိမ့်ချကာ ချန်ရှီကို ထောင်ချောက်ဆင်နိုင်ဖို့ ကြိုးများစွာလို ပြုလုပ်နေကြသည်။
ညအမှောင် အချိန်တွင် ယခုလို အသက်ရှင်သော ကြိုးကို သတိမထားမိပါက သင့်ခေါင်းသည် ကြိုးကြောင့်လေထဲကို အလိုအလျောက် ရောက်သွားမည် ဖြစ်သည်။ ထို့နောက်တွင် ရေပေါ်ခေါင်းများက ခန္ဓာကိုယ်ကိုပါ ဆွဲချည်ကာ လေထဲတွင် ချိတ်ဆွဲထားလိမ့်မည်။
ချန်ရှီသည် သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ရဲ့ စွမ်းအားကို အခွင့်ကောင်းယူကာ လမ်းမတစ်လျှောက် ခုန်ပျံကျော်လွှားသွားကာ လွင့်မျောနေသော ဦးခေါင်းများကို အနောက်မှာ ချန်ထားခဲ့သည်။ သံချပ်ကာမြင်း အဆောင်လက်ဖွဲ့က သူ့ခြေထောက်ကို လေညှင်းပေါ် တင်စေပြီး သူ့ခြေလှမ်းများကို ပေါ့ပါးသွက်လက်စေကာ လရောင်အောက်တွင် လွတ်လွတ်လပ်လပ် သူလမ်းလျှောက်နေသလိုပင် ခံစားရစေသည်။
ဒါပေမဲ့ ဒီအချိန်မှာ ချန်ရှီရဲ့ မျက်နှာဟာ ပိုပိုပြီး ရုပ်ဆိုးလာနေ၏။ သူ့နှလုံးကို တစ်ခုခုက ဖိနေသလိုမျိုး နှလုံးခုန်နှုန်းက ပိုပိုပြီး မြန်ဆန်လာသည်။
"မဖျားပါနဲ့ ..... အခု မဖျားပါနဲ့!"
အမှောင်ထဲမှာ လမ်းလျှောက်ရင်း စိတ်တွေက တဖြေးဖြေးနဲ့ လေးလံလာသည်။ ဒီအချိန်မှာသာ သူပြန်ဖျားလိုက်ရင် တကယ် သေသွားလိမ့်မည်။ သို့သော် ပြင်းထန်သော နာကျင်မှုကို သူ့နှလုံးက စတင် ခံစားလာရသည်။ ချန်ရှီလည်း သူအရမ်းပင်ပန်းရင် ဖျားလိမ့်မယ် ဆိုတာကို သိသည်။ ဥပမာ လီမိသားစုစခန်းမှာ အမှုကိစ္စ ကျူးလွန်ပြီးနောက် အဲဒီညက အိမ်ပြန်ရောက်တာနဲ့ ပြဿနာက စတာပင်။
နောက်ဥပမာ တစ်ခုကတော့ တျယ်ပိဝမ်းနဲ့ ဘဏ္ဍာစိုး ကျောက်မင်ကို ရိုက်နှက်တဲ့ ပြစ်မှုကျူးလွန်ခဲ့တုန်းကလည်း အဲဒီလိုပင်။ လူအနည်းငယ်ကို သတ်ခဲ့တဲ့အတွက်ကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အဲဒီညမှာတော့ သူတကယ် ဖျားခဲ့သည်။
ယခုအခါ သူသည် ဟွမ်ယန်ရွာမှာ လူသတ်မှုကို ထပ်မံကျူးလွန်ခဲ့ပြန်ပါပြီ။ ယခုတစ်ကြိမ်တွင် တိုက်ခိုက်မှုက ပိုမိုမြန်ဆန်လာပြီး အဖျားကလည်း ပိုမိုပြင်းထန်လာသည်။ အရင်တုန်းကတော့ ဖျားတဲ့အခါ အိပ်ပျော်နေချိန်မှာပဲ နှလုံးကနာကျင်တဲ့ ဝေဒနာကို စတင်ခံစားရပြီး အသက်ရှူမဝသလို ဖြစ်လာတတ်သည်။
ယခုမူ သူ နိုးနေချိန်မှာတော့ ဖျားနေပြီ။ စိမ်းပြာရောင် တစ္ဆေလက်သည်းက သူ့နှလုံးကို တဖြေးဖြေး ညှစ်ထားလေလေ နာကျင်မှုက ပိုမြန်ဆန်လာလေပဲ ဖြစ်သည်။ အမြင်အာရုံက တဖြည်းဖြည်း မှုန်ဝါးလာပြီ။ သူမြင်နေရတဲ့ လရောင်အောက်ရှိ လမ်းသည် တိမ်ထဲတွင် လွင့်မျောနေပုံရပြီး ဘယ်ညာ တွန့်လိမ်လှည့်လာကာ သူ့ကိုယ်လုံးကလည်း တရွေ့ရွေ့ လှုပ်လှုပ်ရွရွ ဖြစ်လာသည်။
ပါးစပ်ထဲတွင် သွေးနံ့များ လျှံထွက်လာသည်။ နှာခေါင်းပေါက်များ ပူနွေးလာစဥ် ရုတ်တရက် နှာခေါင်းသွေးများကလည်း လျှံထွက်ကျလာသည်။ ဒါတင်မကသေးဘဲ သူ့မျက်လုံးများကလည်း စီးကျလာတဲ့အပြင် နားရွက်များမှလည်း ပူနွေးသောအရည်များ စီးဆင်းနေသကဲ့သို့ပင် ရွှဲရွှဲစိုနေသည်။
"ဒီမှာမသေပါနဲ့.. ငါဒီမှာ မသေချင်ဘူး အဘိုးနဲ့တွေ့ဖို့ အိမ်ပြန်ချင်တယ် သေရင်တောင် အိမ်မှာပဲ သေမယ်"
ချန်ရှီ လေကို ရှူထုတ်လိုက်ပြီး မျက်လုံးများကို ကျယ်ကျယ် ဖွင့်ထားလိုက်သည်။ သူ့ရှေ့ကလမ်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခက်ခက်ခဲခဲ ကြိုးစားနေသော်လည်း လမ်းသည် ပို၍ပို၍ ပြောင်းလဲလာသည်။
"ဧကရာဇ်မင်း ဖွားမြင်သောအခါ ဘုရားသခင် တစ်ပါးတည်းကိုသာ ရိုသေသည်... မကောင်းမှုများစွာနှင့် ပရမ်းပတာများစွာရှိ၍ စစ်မှန်သော နတ်ဘုရားဟူ၍ မရှိ.... သရဲတစ္ဆေများနှင့် လူများသာ ကောင်းကင်ဘုံကို စောင့်ထိန်းရမည့် နည်းလမ်းနှင့် ကောင်းကင် အမူအကျင့်များ ဖြစ်ပေသည်.."
အလင်းသုံးပါးကျင့်စဥ်ကို အသက်သွင်းလိုက်သည်။ ထိုစဥ် သူ့နှလုံးသားကို ဆုပ်ကိုင်ထားသည့် တစ္ဆေလက်များကို ဖိနှိပ်ကာ သူ့ပတ်ဝန်းကျင်တွင်လည်း ကြယ်မျိုးစုံ ပြောင်းလဲ ထွက်ပေါ်လာသည်။
ချန်ရှီ ရှေ့သို့ ဆက်သွားနေ၏။ ပတ်ဝန်းကျင်က တောင်တန်းများနှင့် တောအုပ်များတွင် ထူးဆန်းသည့် အရာတစ်ခုက သူ့ကို သတိပြုမိကာ သူ့နောက်သို့ လိုက်လာခဲ့သည်။
အရှေ့ဆုံးကနေ လိုက်ဖမ်းသူတွေကတော့ ရေပေါ်ဦးခေါင်းခွံတွေပါပဲ။ ၎င်းတို့ဟာ လူတွေကို ကြိုးဆွဲချ၊ သူတို့ရဲ့ အလောင်းတွေကို လေထဲပျံသန်းနိုင်ဖို့ ဆွဲယူနေကြပြီး ပျော်ပျော်ရွှင်ရွှင် ကခုန်နေကြသည်။
တခါတရံ လေထဲတွင် လွင့်မျောနေသော ခေါင်းပေါင်း တစ်ဒါဇင်ကျော်ကိုလည်း ရှည်လျားသော လျှာများဖြင့် ရစ်ပတ်ထားသေးသည်။ ၎င်းတို့အပြင် အလောင်း တစ်ဒါဇင်ကျော်သည်လည်း လေထဲတွင် ခုန်ပျံကာ ကခုန်နေလေရာ အလွန်ထူးဆန်းနေသည်။
လွင့်မျောနေသော ဦးခေါင်းသည် လေထဲတွင် ပျံသန်းနေသော်လည်း ဒါဇင်ပေါင်းများစွာသော အရုပ်များက မြေပြင်ပေါ်တွင် လျင်မြန်စွာ တွားသွားကာ ချန်ရှီကို လိုက်ဖမ်းရင်း အော်ဟစ်နေကြသည်။
သူတို့သည် အလွန်ပျော်ရွှင်နေကြကာ အလွန်လည်း လျင်မြန်စွာ တွားသွားတတ်ကြသေးသည်။ ၎င်းတို့ဟာ လမ်းဘေးရှိ သစ်ပင်များပေါ်သို့ပင် တက်ကာ သစ်ပင်များကြားတွင် ပုန်းနေချင်ကြ၏။ ဒီလိုဖြစ်လာတဲ့ အခါတိုင်း သူတို့နောက်မှာ လည်ပင်းရှည်ပြီး မြွေတွေလို ကခုန်နေတဲ့ မကောင်းဆိုးဝါးတွေ ထွက်လာလိမ့်ဦးမည်။
အရုပ်များဟာ အရပ်ငါးလက်မ ခြောက်လက်မမျှသာ ရှိသော အဝါရောင် မြင်းငယ်လေးများ စီးကာ လိုက်နေကြသည်။ ထို့အပြင် ချန်ရှီကိုပစ်ရန် လေးနှင့်မြှားများကိုတောင် သုံးနေသေး၏။ ၎င်းတို့က ကြီးကြီးမားမားတော့ မဟုတ်ကြပေ။
ကံကောင်းထောက်မစွာနဲ့ ချန်ရှီ ခြေထောက်ပေါ်ရှိ သံချပ်ကာမြင်းအဆောင်လက်ဖွဲ့ရဲ့ စွမ်းအင်က ရှိနေဆဲဖြစ်တာမို့ ထိုလူများက သူ့ကိုမဖမ်းနိုင်ခဲ့ပေ။ သို့သော်လည်း ချန်ရှီရဲ့ အခြေအနေမှာ အလွန်ညံ့ဖျင်းပြီး သူ့ကိုဖမ်းမိဖို့ အချိန်အနည်းငယ်သာ လိုတော့သည်။
ချန်ရှီ တုန်လှုပ်သွားသည်။ သူ့အမြင်အာရုံထဲကနေ ကမ္ဘာကြီးဟာ လည်ပတ်နေပြီး မြောက်အရပ်ခုနှစ်စင်ကြယ်ကလည်း စိမ်းပြာရောင် သရဲလက်ကို မနှိမ်နင်းနိုင်ခဲ့ပေ။
"ငါဒီမှာတကယ် သေရတော့မှာလား"
သူ့ရှေ့ကလမ်းက ကောက်ကွေးနေပြီ။ ရှေ့ကလမ်းမှာ အနီရောင်ဖိနပ်တစ်ရံ ရုတ်တရက် ပေါ်လာ၏။ သူသာ ဆင်းလိုက်ရင် အဲဒီဖိနပ်အနီကို နင်းထားရဦးမည်။ ဤအနီရောင်ဖိနပ်၏ နှစ်ဘက်စလုံးတွင် ပန်းရောင်ချည်ဖြင့် ချယ်လှယ်ထားကာ အရောင်အဆင်းက အလွန်တောက်ပသည်။
ဆွေ့လည်း ပေါ်လာတာလား။
ဆွေ့တွေဟာ သူ့စိတ်ဝိညာဉ်ထဲကို စတင်ဝင်ရောက်လာကာ သူ့ရဲ့မူလက ဖရိုဖရဲ အာရုံငါးပါးကို ပိုမိုရှုပ်ထွေးသွားစေလိမ့်မည်။
ချန်ရှီရဲ့ နှလုံးသားက ပိုပိုပြီး နာကျင်လာပြီး သူ့ရှေ့က အနီရောင် ဖိနပ်တွေကို ရှောင်လို့မရတော့ဘဲ ဖြစ်လာသည်။ ရုတ်တရက် အနီရောင် ဖိနပ်တွေက ပျောက်သွားပြီး လမ်းကလည်း ပုံမှန်ပြန်ဖြစ်သွား၏။ ထိုစဥ် မြင်းခွာသံများ ထပ်ကြားလိုက်ရပြန်သည်။ မြင်းလေးကောင် ဆွဲထားသော ရထားလုံးတစ်စီး ရောက်လာကာ ရထားလုံးရှေ့တွင် မီးပုံးချိတ်ထားတာကိုလည်း တွေ့လိုက်ရသည်။
မြင်းဆရာက မြင်းကို ထိန်းလိုက်တဲ့အခါ ရထားလုံးက ချန်ရှီရှေ့မှာ ရပ်သွား၏။
ညဘက် တောရွာမှာ ခရီးထွက်ပြီး အန္တရာယ်တွေ ဝိုင်းနေမှာ အမှန်ပင်။ လောကကြီးမှာ ဘယ်အရာကမှ ဣန္ဒြေပျက်ပြားအောင် မလုပ်နိုင်သလိုမျိုး မြင့်မြတ်တဲ့ လူငယ်တစ်ယောက်က ရထားလုံးထဲမှာ ထိုင်နေခဲ့သည်။ ၎င်းက ချန်ရှီ ရင်းနှီးသော ရှောင်ဝမ်စွင်းပဲ ဖြစ်သည်။
ထိုနေ့တုန်းက ချန်ရှီနှင့် သူ့အဖိုးသည် အလောင်းကို မွေးမြူထားသည့် ခြံဝန်းအပြင်ဘက်တွင် ရှောင်ဝမ်စွင်းနဲ့ တွေ့ဆုံခဲ့သည်။ ရှောင်ဝမ်စွင်းရဲ့ ခေါင်းတလားသည် အလွန်ကောင်းမွန်ပြီး သူ၏ စကားပြောဆိုမှုနှင့် အပြုအမူအားလုံးက လန်းဆန်းတာကြောင့် ချန်ရှီအား လေးလေးနက်နက် အထင်ကြီးသွားစေခဲ့သည်။
"မတွေ့တာကြာပြီနော် ချန်ရှီ"
ရှောင်ဝမ်စွင်းသည် ကျောက်စိမ်းကဲ့သို့ နူးညံ့သော မျက်နှာထားဖြင့် ရထားလုံးပေါ်တွင် ထိုင်နေဆဲ ဖြစ်သည်။ ချန်ရှီ သူ့ဆီသို့ တရွေ့ရွေ့ လျှောက်လာနေသည်ကို ကြည့်ကာ ချန်ရှီပတ်ဝန်းကျင်မှ ကြယ်များကို တွေ့သော် သူ့မျက်လုံးတွေ တောက်ပလာတော့သည်။
"မင်း လေ့ကျင့်တဲ့ ကျင့်စဥ်က မပြည့်စုံသေးဘူး...ကျိုးပဲ့နေတဲ့ ကျင့်စဥ်...ပေသို့စွေ့လျန့်... မင်း စစ်မှန်တဲ့ အနှစ်သာရကို ဘယ်တုန်းကမှ မရရှိခဲ့ဘူး ဒီလိုခက်ခဲတဲ့ အခြေအနေမျိုးမှာတောင် ဒီအဆင့်အထိ ရောက်သွားတာ အံ့သြစရာပဲ... "
ချန်ရှီသည် သူ့အသံကို ကြားသောအခါ မတ်တပ်ရပ်ကာ ဂါဝရပြုရန် ကြိုးစားသော်လည်း မတ်တပ်ရပ်မနေနိုင်တော့ပေ။ ပါးစပ်ကို ဖွင့်ချင်သော်လည်း နာကျင်မှုကြောင့် အသက်ရှူမဝသလို ဖြစ်လာသည်။
ရှောင်ဝမ်စွင်းရဲ့ အမူအရာက သဘာဝအတိုင်းပင်။ သူသည် မသေမျိုးကမ္ဘာက နှင်ထုတ်ခံလိုက်ရသလို့ ကမ္ဘာမြေကြီးပေါ်သို့ ဆင်းသက်လာရသော နတ်တစ်ပါးလို သင့်လျော်စွာ ပြုမူနေခဲ့သည်။
သူ့ပုံပန်းသဏ္ဌာန်မှာ အမှားအယွင်းမရှိသလို သူ့ရုပ်ရည်ကလည်း ပြေပြစ်လွန်းသဖြင့် တခြား ယောက်ျားပင် အပြစ်မရှာနိုင်လောက်ပေ။ အသံက အလွန်နက်ရှိုင်းပြီး သူ့ပါးစပ်က စကားလုံးတွေ ထွက်မလာခင်မှာပဲ ရင်ဘတ်ထဲမှာ တုန်လှုပ်သွားသလို ခံစားရစေ၏။
"မင်း ကြယ်ရောင်ကို ပေါင်းစပ်လိုက်.... မြောက်အရပ်ခုနှစ်စင်ကြယ်ကို ပြောင်းပြီး မင်းရဲ့ ပတ်ပတ်လည်မှာ လှည့်ပတ်နေပါစေ... ဒါပေမဲ့ တောက်ပဖို့ ကြယ်ခုနစ်လုံးကို အားကိုးရုံနဲ့ မင်းရဲ့ ဆံပင်၊ အသားနဲ့ သွေးတွေကိုပဲ သန့်စင်နိုင်မယ်... မင်းရဲ့ စိတ်က မခံနိုင်ဘူး... ပေသို့စွေ့လျန့်က အတွင်းအင်္ဂါနဲ့ ရိုးတွင်းခြင်ဆီတွေ အပါအဝင် ခန္ဓာကိုယ်ကို သန့်စင်စေရုံတင်မကဘူး... အမွှေးအမျှင်၊ အရေပြားကိုလည်း သန့်စင်ပေးတယ်... စိတ်ကိုလည်း ငြိမ်းအေးစေတယ်... အဲဒီအကြောင်းကြောင့် မင်းခံစားရတဲ့ ဝေဒနာကို သက်သာစေလိမ့်မယ်"
ရှောင်ဝမ်စွင်းရဲ့ အသံက ချန်ရှီစိတ်ထဲသို့ တိုးဝင်လာ၏။ ချန်ရှီ နာကျင်နေသော်လည်း သူ့စိတ်ထဲတွင် သေသေချာချာ နားထောင်နေသည်။
"အကြီးအကဲ လမ်းညွှန်ပြသပေးပါ!"
ရှောင်ဝမ်စွင်း: "မင်းရဲ့ခြေဖဝါးရှေ့က ခရမ်းရောင်ကြယ်ကို ကောင်းကင်ဆုံချက် လို့ခေါ်တယ်... သေသေချာချာကြည့် ကြယ်ရဲ့အတွင်းပိုင်းမှာ အစီအရင်ပုံစံ ရှိနေတယ်...."
ချန်ရှီ အာရုံစူးစိုက်မှုရအောင် အစွမ်းကုန် ကြိုးစားနေသည်။ ပြင်းထန်သော ဝေဒနာကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေ၏။ ခေါင်းကိုလှည့်ကာ ကောင်းကင်ဆုံချက်ကို သေသေချာချာ လေ့လာကြည့်ပြီးနောက် အတွင်းပိုင်း ဖွဲ့စည်းပုံကို မြင်လိုက်ရသည်။
ကြယ်အလင်းရဲ့ အတွင်းပိုင်း ဖွဲ့စည်းပုံက အလွန်ထူးဆန်းသည်။ အပေါ်ပိုင်းသည် ကြယ်အစုအဝေးဖြင့် ဖုံးအုပ်ခံထားရသော "大" ပုံစံနှင့်တူသည်။ အောက်ဖက်တွင် "一" စာလုံးပုံစံဖြင့် ယန်စာသားဖြစ်ပြီး နောက်ထပ် အောက်ပိုင်းတွင်တော့ တံဆိပ်ခတ်မှု ပုံစံဖြင့် "正" စာလုံး ဖြစ်သည်။
အောက်တွင် "အုပ်ချုပ်မှု" ဟူသော စကားလုံး ကြယ်မြေပုံနှင့် နဂါးပုံစံလည်း ရှိသေးသည်။ နဂါးပုံစံအောက်တွင်တော့ "မြင့်မြတ်သော" ဟူသည့် စာလုံးနှစ်လုံး ရှိသည်။
ရှောင်ဝမ်စွင်း: "တခြား ကြယ်ခြောက်လုံးမှာလည်း သူတို့ကိုယ်ပိုင် ပုံစံတွေ ရှိတယ်"
ချန်ရှီသည် သူ၏ ရှုပ်ထွေးနေသော စိတ်ကို ငြိမ်သက်သွားအောင် ထိန်းချုပ်လိုက်သည်။ တခြား ကြယ်ခြောက်လုံးကို ကြည့်လိုက်ရာ ထိုကြယ်အစုအဝေးများ အတွင်း၌လည်း ရှုပ်ထွေးသော ဖွဲ့စည်းပုံများ ရှိနေတာ မြင်လိုက်ရသည်။
ဒါ သူ အရင်က မတွေ့ဖူးခဲ့တဲ့ အရာပဲ။
"မြောက်အရပ်ခုနှစ်စင်ကြယ်ကို ကောင်းကင်ဆုံချက် (ထျန်းရှူး)၊ ထျန်းရွှမ်၊ ထျန်းကျီး၊ ထျန်းချွမ်၊ ယွိဟန်၊ ခိုင်းယန်နဲ့ ရောင်ကွမ်း ဆိုပြီး ခွဲခြားထားတယ်... ကြယ်အစုအဝေး တစ်ခုစီကို မတူညီတဲ့ အစီအရင်ပုံစံ တွေနဲ့ ဖွဲ့စည်းထားတာ..."
ရှောင်ဝမ်စွင်းသည် ရထားလုံးပေါ်တွင် ထိုင်ကာ အေးဆေး တည်ငြိမ်သော လေသံဖြင့် ပြောပြနေသည်။
"မတူညီတဲ့ ပုံစံတွေမှာလည်း မတူညီတဲ့ ကျင့်ကြံနည်းတွေ ပါဝင်တယ်... မင်း ထျန်းရှူးကြယ်ပေါ် တက်ကြည့်လိုက်..."
ချန်ရှီသည် ပြင်းထန်သော ဝေဒနာကို အံကြိတ်သည်းခံကာ ခန္ဓာကိုယ် တုန်တုန်ယင်ယင်ဖြင့် ရှေ့သို့ ခြေတစ်လှမ်း လှမ်း၍ ထျန်းရှူးကြယ်ပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် ထျန်းရှူးကြယ်ပေါ်၌ လေ့ကျင့်စဥ် ကျန်ရှိနေသေးသော အတွေးများကို စုစည်းလိုက်သည်။
ရုတ်တရက် ကြယ်အစုအဝေးက တောက်ပလာ၏။ ကြယ်အလင်းတွေ တခဏချင်း ပေါက်ကွဲသွားကာ သူ့ရဲ့ခြေထောက်တွေကနေစပြီး သူ့ခန္ဓာကိုယ်ထဲကို ကြယ်ရောင်တွေ စိမ့်ဝင်လာခဲ့သည်။ ကျောရိုးတစ်လျှောက်၊ အရေပြား တစ်လျှောက်နဲ့ ဦးခေါင်း အနောက်ဘက်အထိ စီးဆင်းသွားကာ ဦးခေါင်းခွံ၊ မျက်နှာအရိုးများအထိ ကူးခတ်သွားသည်။
ထို့နောက် ၎င်းသည် လည်ချောင်းအရိုးများတစ်လျှောက် စီးဆင်းကာ နံရိုးနှစ်ဆယ့်လေးချောင်းထဲအထိ ဖြတ်သန်းသွားသည်။
တခဏချင်းတွင် ကြယ်ရောင်သည် သူ့အရိုးများတစ်လျှောက် ပျံ့နှံ့သွားကာ အရိုးများ တင်းမာသွားသလို ခံစားလိုက်ရသည်။ သူ့ရိုးတွင်းခြင်ဆီတွင် အရည်တစ်ခုခု စိမ့်ဝင်နေသလိုမျိုး တုန်တုန်ယင်ယင်နှင့် ပြင်းထန်စွာ တိုက်ခိုက်နေကြသည်။ နှလုံးသားက နာကျင်မှုက လျော့မသွားသေးချေ။
တစ်ချိန်တည်းမှာပင် သူ့ခြေရင်းအောက်ရှိ ထျန်းရှူးကြယ်ရဲ့ ကြယ်အလင်းစွမ်းအင်များ ကုန်ဆုံးသွားကာ ခုနှစ်စင်ကြယ်က စတင်ပြောင်းလဲလာကာ ရောင်ကွမ်းကြယ် အဖြစ်သို့ ပြောင်းလဲသွားသည်။
သူ့ညာဘက်ရှိ ထျန်းရွှမ်ကြယ်ကလည်း ယခုအချိန်တွင် ထျန်းရှူးကြယ် ဖြစ်သွားသည်။ တခြားကြယ်များကလည်း သူ့ခန္ဓာကိုယ်တစ်ဝိုက် လှည့်ပတ်လျက် အသွင်ပြောင်းနေကြသည်။
"ညာဘက်ကို ရွှေ့... ရှေ့ကနေ ထျန်းရှူးကို ထပ်ပြီး လှမ်းကြည့်လိုက်..."
ရှောင်ဝမ်စွင်းက ထပ်ညွှန်ပြသည်။ ချန်ရှီလည်း အခြေအနေကို အခွင့်ကောင်းယူကာ ထွက်သွားပြီးနောက် ထျန်းရှူးကြယ်ပေါ် ဆင်းသက်လိုက်သည်။
သူ ရှေ့သို့ လှမ်းလိုက်သည်နှင့် ထျန်းရွှမ်ကြယ်က ထျန်းရှူးကြယ် ဖြစ်သွားကာ ကြယ်ရောင်များ တဖန် ထွက်ပေါ်လာပြီး အရိုးများ အတွင်းသို့ တခဏချင်း စီးဆင်းသွားကာ ခန္ဓာကိုယ် တောင့်တင်းလာတဲ့ ခံစားချက်ကလည်း ပို၍ ပြင်းထန်လာသည်။
ကြယ်စွမ်းအင် ရိုက်ခတ်မှုကြောင့် သူ့နှလုံးကို ကိုင်ထားသည့် စိမ်းပြာရောင် တစ္ဆေလက်သည်းက အနည်းငယ် ပြေလျော့သွားသည်။ သို့သော် တစ်ဖန် နာကျင်မှုက ပြင်းထန်လာပြန်သည်။
ချန်ရှီ အသက်ရှင်တော့မယ့် မျှော်လင့်ချက်ကို မြင်လိုက်ပါပြီ။ သူသည် ရှောင်ဝမ်စွင်းရဲ့ သတိပေးချက်ကို မစောင့်တော့ဘဲ လှည့်ကာ တတိယခြေလှမ်းကို လှမ်းလိုက်ရာ ယခုအချိန်တွင် ထျန်းကျီးကြယ်က ထျန်းရွှမ်ကြယ်၊ ထျန်းရွှမ်ကြယ်က ထျန်းရှူးကြယ် အဖြစ် ပြောင်းလဲသွားခဲ့သည်။
သူ့ခြေထောက် ပြုတ်ကျလာချိန်မှာတော့ တတိယမြောက် ကြယ်နေရာ၌ ထျန်းရှူးကြယ်က ပေါ်ထွက်လာ၏။ သူ့ပုံရိပ်လေးသည် ရေကူးနေသော နဂါးကဲ့သို့ လျှောက်သွားကာ နောက်ကွယ်မှ အရိပ်တစ်ခုသာ ကျန်ရစ်ခဲ့သည်။ ချန်ရှီသည် တစ္ဆေတစ်ကောင်လို စတုတ္ထခြေလှမ်းကိုတောင် မြန်မြန် လှမ်းနိုင်နေပြီ။
သူက ပဉ္စမခြေလှမ်းကို လှမ်းပြီး လမ်းဘေးက သစ်ပင်ကြီးတစ်ပင်ပေါ်ကို လျှောက်သွားသလိုမျိုး ခံစားလိုက်ရပေမယ့် ပြုတ်ကျတော့မယ့် အနေအထားမျိုး မရှိပါဘူး။ ချန်ရှီ တစ်လှမ်းပြီးတစ်လှမ်း လှမ်းကာ ခပ်မြန်မြန် လမ်းလျှောက်လာလေလေ စိတ်လှုပ်ရှားလေလေ၊ သူ့နှလုံးသားထဲတွင် နာကျင်မှုများကလည်း လျော့နည်းလာလေပင်။
မြောက်အရပ်ခုနှစ်စင်ကြယ် အပေါ် ခြေချခြင်းဖြင့် အံ့သြဖွယ်ကောင်းသော လက်ရာတစ်ခုကို မတော်တဆ သင်ယူနိုင်ခဲ့သည်။
ပြီးတော့ ထျန်းရှူးကြယ်က အရိုးတွေကို သန့်စင်ပြီး ပိုသန်မာစေသည်။ သူ့ရဲ့ ခြင်ဆီအရည်တွေကလည်း ပိုဖြူစင်လာကာ သူ့ရဲ့ စွမ်းအင်နဲ့ သွေးတွေ တဟုန်ထိုး တိုးလာခဲ့ပြီး အဆုံးအစမရှိ သက်တောင့်သက်သာ ဖြစ်လာသလို ခံစားရစေသည်။
ရှောင်ဝမ်စွင်း: "အခု ထျန်းရွှမ်ကြယ်ပေါ် ပြောင်းလိုက်!"
ချန်ရှီ တွေးတောမနေဘဲ ထျန်းရွှမ်ကြယ်ပေါ်သို့ လှမ်းတက်လိုက်သည်နှင့် ကြယ်စွမ်းအင်များ ချက်ချင်းဆိုသလို ထွက်ပေါ်လာ၏။ ကြယ်ရောင်သည် သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာပြီးတာနဲ့ သူ့နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။
နှလုံးခုန်သံနှင့်အတူ နောက်အခိုက်အတန့်တွင် နှလုံးသည် ကြယ်စွမ်းအင် ပါရှိသော သွေးများကို သန့်စင်ကာ ခြေလက်နှင့် ဦးနှောက်၊ အထူအပါး သေးငယ်သော သွေးကြောများမှတစ်ဆင့် ခြေလက်အင်္ဂါများအထိ ကြယ်စွမ်းအင်ကို တိုက်ရိုက် စီးဆင်းစေ၏။
စိမ်းပြာရောင် တစ္ဆေလက်သည်းမှာ သူ့နှလုံးခုန်သံကြောင့် တုန်ခါသွားကာ နှလုံးကို ထိန်းရခက်လာသည်။ ချန်ရှီသည် ထျန်းရွှမ် ကြယ်နောက်ကို လိုက်ရင်း သူခြေအောက်ရှိ ကြယ်ဖွဲ့စည်းမှုသည် သွေးများကို သန့်စင်စေပြီး နှလုံးကို အားကောင်းစေတယ်လို့ ခံစားလာရလေ၏။
ချီသွေးများ အားကောင်းလာတာကြောင့် အသက်ရှုရတာလည်း အဆင်ပြေလာသည်။ ထျန်းရှူးကြယ်က အရိုးများကို သန့်စင်ပေးပြီး ထျန်းရွှမ်ကြယ်က သွေးကို သန့်စင်ပေးသည်။ ရှောင်ဝမ်စွင်းက သူ့အား ဒေါသမထွက်ဘဲ စောင့်ဆိုင်းခဲ့ပြီး အချိန်တန်လျှင် သတိပေးလာသည်။
"ထျန်းကျီးကြယ်ကို ပြောင်း!"
ချန်ရှီလည်း သူ့ခြေလှမ်းများကို ပြောင်းလဲကာ ထျန်းကျီးကြယ်ပေါ်သို့ ဆင်းသက်ခဲ့သည်။ ကြယ်တာယာ၏ စွမ်းအားများ ပေါက်ကွဲသွားပသည်။
သူ၏ကြီးမားသော ကြွက်သားများသည် လေးကြိုးတစ်ချောင်းကို အသာလေးဆွဲကာ လေးမျှားကို ပစ်လွှတ်နိုင်တော့မလို ခံစားရသည်။ ကြွက်သားများက ဗုံတီးနေသလို လှုပ်ရှားရင်း သန်မာလာစေသည်။ တစ်ပတ်လောက် လမ်းလျှောက်ပြီးနောက် သူ့ကြွက်သားများ အားလုံးကို ထိန်းနိုင်တာနဲ့ ထျန်းချွမ်ကြယ်ပေါ် ချက်ချင်း ဆင်းသက်ခဲ့သည်။
ရှောင်ဝမ်စွင်းကလည်း ဒါကိုမြင်တော့ အကြံ ဝင်မပေးတော့ချေ။
ချန်ရှီကို စိတ်အေးစေသည့် လုပ်ဆောင်ချက် တစ်ခုစီသည် ခဏလောက်သာ ကြာမြင့်သည်။ သူသည် ကြယ်ခုနစ်လုံးပေါ်သို့ လျှင်မြန်စွာ ပြေးလွှားနေခဲ့သည်။ ထျန်းချွမ်ကြယ်က ကြွက်သားများကို သန့်စင်ပေးပြီး ယွိဟန်ကြယ်ကတော့ အရေပြားကို သန့်စင်စေသည်။
ခိုင်းယန်ကြယ်နဲ့ ရောင်ကွမ်းကြယ်က ဘာအတွက်လဲ မသိသေးချေ။ ခိုင်းယန်ကြယ်ပေါ်သို့ တက်လိုက်သောအခါတွင် သူ့ကိုယ်ထဲ စွမ်းအင်အစစ်အမှန်များ စီးဆင်းလာသည်။ အစကတော့ နတ်ကွန်းကို ပြန်လည် သန့်စင်နိုင်ဖို့ ဖြစ်နိုင်သည်ဟု ထင်ခဲ့သည်။ သို့သော်လည်း မသေချာပါ။
ရောင်ကွမ်းကြယ်ပေါ် တက်လိုက်သောအခါ စိတ်က ရှင်းမပြနိုင်လောက်အောင် လန်းဆန်းသွားသည်။ သူတို့ရဲ့ တွေးခေါ်ရမယ့် အတွင်းစိတ်က အရင်ကထက် ပိုရှင်းလင်းလာသလို ခံစားရလေ၏။ ပိုအရေးကြီးတာက သူ့နှလုံးသားက နာကျင်တာတွေက လျော့ပါးလာတာပါပဲ။
"ခိုင်းယန်ကြယ်က စစ်မှန်တဲ့ စွမ်းအင်ကို သန့်စင်ပေးတယ်...ရောင်ကွမ်းကြယ်က ဝိညာဉ်ကို သန့်စင်စေတယ်..."
ရှောင်ဝမ်စွင်းက ဆက်လက်၍ ပြောပြသည်။
"ပေသို့စွေ့လျန့် ဆိုတဲ့ ပြုပြင်မွမ်းမံမှု ခုနစ်ချက်က မင်းရဲ့အရိုး၊ နှလုံး၊ သွေး၊ ကြွက်သား၊ အရေပြား၊ စစ်မှန်တဲ့ စွမ်းအင်နှင့် စိတ်ဓာတ်အပေါ် သက်ရောက်မှု ရှိတယ်...မင်း လေ့ကျင့်ထားတဲ့ ဒီကျင့်စဥ်က အရမ်း အံ့သြဖွယ်ကောင်းတယ်"
သူသေချာ စဉ်းစားကြည့်နေသည်။ သူအရင်ကတွေ့ဖူးတဲ့ ကျင့်စဥ်အားလုံးကို နှိုင်းယှဉ်ကြည့်တော့ ချန်ရှီရဲ့ ကျင့်စဥ်က ထိပ်တန်းပဲလို့ ခံစားနေတုန်းပါပဲ။
ချန်ရှီ ရပ်တန့်သွားသည်။ သူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်နဲ့ သွေးတွေဟာ အဆုံးမသတ်နိုင်စွာ စီးဆင်းနေရာတာ အချိန်အတော်ကြာမှ ရပ်တန့်သွားသည်။ သူ့နှလုံးသားထဲ ပြင်းထန်တဲ့ နာကျင်မှုတွေ ပျောက်ကွယ်သွားတော့ သူ အံ့သြပြီး ဝမ်းသာသွား၏။
ရှောင်ဝမ်စွင်းရဲ့ အကြံပေးချက်က သူ့အတွက် အရေးကြီးတဲ့အချက်၊ သူ့အသက်ကို ကယ်တင်ရုံတင်မကဘဲ ဒီဖြစ်စဉ်မှာ လိုက်ဖမ်းခံရမယ့် အန္တရာယ်ကနေလည်း ကယ်တင်ခံခဲ့ရသည်။
မြုံနေသော တောင်ပေါ်ရှိ ဘုံကျောင်းတစ်ခုမှာတုန်းက ချီသွေးများကို ခေါင်းထဲ ထည့်လိုက်လို့ သေမလို ဖြစ်သွားသည့်အချိန်ကို မှတ်မိပါသေးသည်။
"စိတ်မရှုပ်နေနဲ့ဦး.... အခု စွမ်းအင်တွေကို မူလနေရာဆီ ပြန်ဆွဲလိုက်... အဲဒါတွေကို ကျင့်ကြံခြင်းအမြုတေ ဖြစ်အောင် သန့်စင်... မင်းရဲ့ကိုယ်ပိုင်ကျင့်ကြံမှု ဖြစ်အောင် ပြောင်းလဲလိုက်..."
ရှောင်ဝမ်စွင်းဟာ ချန်ရှီရဲ့ အငွေ့အသက်ကို သတိပြုမိတာကြောင့် ဆက်ပြော၏။
"ဒီကျွမ်းကျင်မှုကို လေ့ကျင့်ပြီးရင် မီးကို အရင်းဆီ ပြန်မဆွဲဘူးဆိုရင် လေ့ကျင့်ထားတာက အချည်းနှီးပဲ... စိတ်ဝိညာဥ်ကို ညှိပြီး အမြုတေကို စောင့်ရှောက်..."
ချန်ရှီသည် သူ၏ ညွှန်ကြားချက်များကို လိုက်နာကာ သူ့ခန္ဓာကိုယ်အနှံ့ စွမ်းအင်နှင့် သွေးများကို တွန်းလှန်ပြီး ၎င်းကို အမြုတေဖြစ်အောင် ပြန်လည်စုစည်း သန့်စင်လိုက်သော်လည်း ထိုစွမ်းအင်နှင့် သွေးများသည် အမြုတေထဲ၌ စစ်မှန်သော စွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားသည်နှင့် တစ်ပြိုင်နက် သူ့အလိုလို ပျောက်ကွယ်သွားကာ ဘာမှမကျန်တော့ပေ။
ရှောင်ဝမ်စွင်းလည်း သူ့ခန္ဓာကိုယ်အတွင်းက စစ်မှန်သော ချီစွမ်းအင်များ လွင့်စင်သွားတာကို သတိပြုမိတာကြောင့် ခဏလောက် စဉ်းစားနေလိုက်သည်။
"ပေသို့ခုနှစ်ချက်က မင်းရဲ့ အရိုး၊ နှလုံး၊ သွေး၊ အသား၊ အရေပြား၊ စွမ်းအင်နဲ့ စိတ်ဝိညာဥ်ကို ထိန်းပေးနိုင်တယ်... စစ်မှန်တဲ့ ချီစွမ်းအင်ကိုတော့ မထိန်းသိမ်းထားဘူး... ဒါပေမဲ့ တခြားခြောက်ချက်က အရှိန်အဟုန်နဲ့ တိုးတက်နေပြီးသား...နောက်ပိုင်းကို မအောင်မြင်တာကတော့ ထူးဆန်းတယ်... ဒီအရာတွေကို ဆရာကြီးချန်က မသင်ပေးခဲ့ဘူးလား...."