← Chapters

ကြယ်​မြစ်ထဲမှာ အိပ်မက်ဖိအားတွေကို ရှင်းထုတ်ခြင်း

Vol. 3 Ch. 41

ကြယ်​မြစ်ထဲမှာ အိပ်မက်ဖိအားတွေကို ရှင်းထုတ်ခြင်း

Vol. 3 Ch. 41

ရှောင်ဝမ်စွင်းက ဤနေရာတွင် မရှိသော်လည်း မြင်းလေးကောင်နှင့် ရထားထိန်းက မတုန်မလှုပ်ဖြင့် အမိန့်ကို နာခံဆဲဖြစ်သည်။

"မိုးကြိုးပစ်တောင်ကို ပြန်သွားပေးပါ!"

ချန်ရှီ ရထားလုံးပေါ်တက်စဉ် စိတ်လှုပ်ရှားစွာနဲ့ ပြောခဲ့သည်။ သူ့ပါးစပ်ထဲရှိ မိုးကြိုးပစ်တောင်ဆိုတာဟာ ဟုန်ယီအမြောက်ကြောင့် ပြန့်ကျဲလုနီးပါးရှိသော တောင်ဖြစ်သည်။ ရထားလုံးကလည်း အမိန့်နာခံကာ မြင်းများကို ချက်ချင်း မောင်းထွက်သွားလေသည်။

မကြာခင်မှာပဲ သူတို့ တောင်ခြေရင်းကို ရောက်လာခဲ့၏။ ချန်ရှီ တောင်တစ်လျှောက် လိုက်ရှာကြည့်လိုက်တော့ လျှိုထဲမှာ နတ်ယန္တရားစခန်းက စစ်သည်တွေ သေဆုံးနေကြတာ တွေ့လိုက်ရသည်။ သူတို့ရဲ့အလောင်းတွေ မြေပြင်မှာ ပြန့်ကျဲနေသည်။ လ မထွက်လာသေးတာကြောင့် အလောင်းတွေက ရှိနေသေး၏။

ခဏအကြာတွင် ချန်ရှီ ရထားလုံးပေါ်မှ အမြန်ခုန်ဆင်းပြီး ကီလိုဂရမ်သုံးထောင် ဟုန်ယီအမြောက်ကို ကောက်ယူကာ ရထားလုံးပေါ် ပစ်တင်လိုက်သည်။ သူ့လုပ်ရပ်ကို ရထားထိန်းက သံသယနဲ့ ကြည့်နေပေမယ့် ဘာမှတော့ မမေးလာချေ။

ချန်ရှီသည် ပျက်စီးသွားသော အမြောက်လှည်းကို မရွှေ့ဘဲ လူဦးခေါင်းလောက် အရွယ်အစားရှိတဲ့ သံနက်ကျည်ဆန်များကိုသာ ရထားလုံးပေါ်သို့ ရွှေ့တင်လိုက်သည်။

"သွားကြရအောင်... ဟွမ်ဖောရွာကို ပြန်ပြီး နန်းတက်မယ်!"

ရထားထိန်းကလည်း ဟွမ်ဖောရွာသို့ မောင်းနှင်ပေးလေသည်။ ချန်ရှီသည် အလွန်စိတ်လှုပ်ရှားကာ ရထားလုံးပေါ်မှ ခုန်ဆင်း၍ ဟုန်ယီအမြောက်ဖြင့် ပျော်ရွှင်စွာ ရွာထဲ ပတ်သွားခဲ့သည်။ ကီလိုဂရမ် နှစ်ထောင်မှ သုံးထောင် အလေးချိန်ရှိသော အမြောက်ကို သူ့ပုခုံးပေါ် တင်ဆောင်ကာ ပင်ပန်းမှုမရှိဘဲ ရွာတစ်ဝိုက်တွင် သုံးလေးကြိမ်မျှ သွားလာနိုင်ခဲ့သည်။

ရွာသားများကတော့ ဘယ်သူမှ မျက်နှာ ထွက်မပြဝံ့ကြပေ။ အိမ်တိုင်း တံခါးကို သော့ခတ်ထားကာ ဘုရင်ချန်ကို ကြိုဆိုမယ့် ကလေးငယ်များ မပြောနှင့် တစ္ဆေတစ်ကောင်မျှပင် မတွေ့ရချေ။ သို့နှင့် ချန်ရှီလည်း စိတ်လှုပ်ရှားနေတာတွေ လျင်မြန်စွာ ပျောက်ကွယ်သွားကာ စိတ်မချမ်းသာစွာဖြင့် ပြန်လာခဲ့ရသည်။ အိမ်တွင် အနက်ရောင် သံကျည်ဆန်များကို နံရံဘေးမှာ နေရာချလိုက်၏။

ဟေးကော်သည် မြေကြီးပေါ်တွင် လဲလျောင်းနေပြီး သခင်ငယ်လေး တစ်ယောက် ထိုနေရာတွင် အလုပ်ရှုပ်နေပုံကို ကြည့်နေသည်။ ခဏအကြာတွင် ခွေးသည် အနက်ရောင် သံလုံး​ပေါ်တက်ကာ အိပ်ပျော်သွား၏။ ဒီအလုံးလေးတွေက အေးတော့ အိပ်ရတာ အရမ်းအဆင်ပြေသည်။

ချန်ရှီသည် သူ့အလုပ်ပြီးသောအခါ ရုတ်တရက် အကြံတစ်ခု ရသွားသည်။ ဟုန်ယီအမြောက်ကို ထပ်မံကောက်ယူကာ နန်းတက်ဘုရင်ချန်ကို အားပေးနှစ်သိမ့်ရန် အတွက် အမြောက်နှစ်ချောင်းကို ပစ်ခတ်ရန် ရည်ရွယ်ထားတာပဲ ဖြစ်သည်။ သို့သော် ၎င်းသည် နတ်ယန္တရားစခန်းက တစ်​ယောက်ယောက်ကို ဆွဲဆောင်မိပါက ဘုရင်ချန် တရားစီရင်ခြင်း ခံရနိုင်ဖွယ်ရှိသောကြောင့် သူ လက်လျှော့လိုက်ရသည်။

ချန်ရှီ ကျည်ဆံပေါ်ရှိ ဟေးကော် တစ်ချက်ကြည့်လိုက်ပြီး သူ့အခန်းထဲသို့ တိတ်တိတ်ဆိတ်ဆိတ် ခိုးဝင်ကာ ကြိုးတစ်ချောင်းကို ထုတ်လိုက်သည်။ ထို့နောက် ကုတင်အောက်သို့ တွားသွားကာ ကြွက်တွင်းကို ထိုးဖောက်ကာ အထည်အိတ်သေးသေးလေးကို ဆွဲထုတ်လိုက်သည်။ အိတ်ကို ဖွင့်ကြည့်လိုက်တော့ ငွေရောင် အနည်းငယ်ကို တွေ့လိုက်ရ၏။

သူ သက်ပြင်းရှည်ကြီး ချကာ လေတွေကိုလည်း ရှုရှိုက်လိုက်သည်။ ဒီပိုက်ဆံတွေက သူ့ရဲ့ ခက်ခက်ခဲခဲ သိမ်းဆည်းထားရတဲ့ ပိုက်ဆံတွေပဲ။ အဘိုး ယူမသွားသလို ဟေးကော်ကလည်း ဆွဲထုတ်မသွားခဲ့ချေ။

“ငါအခုတော့ သန်မာနေပြီ... ချီသွေးကို ထိန်းချုပ်နိုင်သရွေ့ နတ်ကွန်းကိုလည်း အချိန်အကြာကြီး ထိန်းသိမ်းထားနိုင်တယ်... ပိုက်ဆံနည်းနည်းလောက် ချမ်းသာရင် မြို့ထဲမှာ ကိုယ်ပိုင်ကျောင်းတက်ဖို့၊ ဒီနှစ် ခရိုင်ထဲဝင်ဖို့ လုပ်ရမယ်... စာမေးပွဲဖြေပြီးရင် စာသင်သား အဖြစ်လည်း ဝင်ခွင့်ရနိုင်​လောက်တယ်..."

ချန်ရှီ ငွေအနည်းငယ်ကို ရေတွက်နေသည်။

'"ပညာရှင်ဖြစ်လာရင် နတ်ဘုရားက လက်ဆောင်ပေးမယ့် အခမ်းအနား တစ်ခုလည်း ရှိလာလိမ့်မယ်... နတ်ဘုရားအစစ်က ဆင်းလာပြီး နတ်သန္ဓေသားကို ပေးမှာပဲ... ငါက လှည့်စားခံခဲ့ရတာ... နတ်သန္ဓေသားအသစ် ပေးလောက်ပါတယ်...ငါ နောင်အနာဂတ်မှာ အောင်မြင်လာရင် ရွာသူရွာသားတွေကို ညှဉ်းဆဲခံရတဲ့ ဘဝကနေ လွတ်အောင် လုပ်ပေးမယ်!"

ဒါကို တွေးနေတုန်းရှိသေး မြေပြင်မှာ နေရောင်ထိုးကျနေတဲ့ ခွေးခေါင်းကို ရုတ်တရက် မြင်လိုက်ရတော့ ချန်ရှီ တုန်လှုပ်သွားပြီး ကမန်းကတန်း မော့ကြည့်လိုက်သည်။ ပြတင်းပေါက် အစွန်းမှာ ခွေးနက်ကြီးတစ်ကောင်ဟာ သူ့ရှေ့ခြေထောက်ကို ငြိမ်ငြိမ်လေးထားပြီး ခေါင်းကို ပြတင်းပေါက်ဘောင်ပေါ် တင်လျက် မှုန်ကုပ်ကုပ်လေး ကြည့်နေ၏။

"ငါ့ပိုက်ဆံတွေ တွေ့သွားပြီ!"

ချန်ရှီ အရမ်းကြောက်သွားပြီး ခွေးနက်ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။

"ဟေးကော်.. မင်းငါ့ရဲ့လျှို့ဝှက်ချက်ကို ရှာတွေ့ပြီ ဒီနေ့ ခွေးကိုသတ်ပစ်မယ်!"

ဟေးကော်သည် သူ့ဘဝအတွက် တိုက်ပွဲဝင်ဖို့ မရပ်မနား ထိုးဟောင်တော့၏။

လူတစ်​​ယောက်​နဲ့ ​ခွေးတစ်​​ကောင်​ဟာ အချိန်​အ​တော်​ကြာ ရန်​​နေဖြစ်​ပြီး အ​ပေးအယူ လုပ်​ခဲ့ကြသည်။ ချန်ရှီက ၎င်းအတွက် ထူးခြားဆန်းပြားသော တိရစ္ဆာန်အသားနှစ်မျိုးကို ပေးရမည်။ တစ်ချိန်တည်းမှာပင် လျော်ကြေးအဖြစ် ဟေးကော်ကလည်း အဆောင်လက်ဖွဲ့ ဆွဲရန်အတွက် ချန်ရှီအား ခွေးနက်သွေးအချို့ လှူဒါန်းရမည်ဖြစ်သည်။

လူတစ်ယောက်နဲ့ ခွေးတစ်ကောင်က ထိုရလဒ်အတွက်တော့ အလွန်ကို ကျေနပ်ခဲ့ကြသည်။ ချန်ရှီ ခွေးနဲ့အတူ ရထားပေါ်တက်ကာ ပြန်ထွက်လာခဲ့သည်။ ရှောင်ဝမ်စွင်းရဲ့ ရထားလုံးက အချိန်တိုလေးအတွင်းမှာပင် မိုင် ၂၀ ကျော်ဝေးကွာသော ချောင်ဝမ်မြို့သို့ ရောက်ရှိလာခဲ့သည်။

ချောင်ဝမ်မြို့သည် မြစ်ကိုဖြတ်၍ ငါးခုံးတံတားတစ်ခုဖြင့် တည်ဆောက်ထားသော တဲကျန်းမြစ်၏ အချိုးအကွေ့နား၌ တည်ရှိသည်။

ချန်ရှီမှာ ဟေးကော်အတွက် တိရိစ္ဆာန်အသား နှစ်ကျင်ကို ဝယ်ယူခဲ့ပြီး စွန်ရဲများ၊ သော့ခလောက်များ၊ တုတ်ထိုးချိုချဥ်နဲ့ စက္ကူရုပ်များလည်း ဝယ်ယူခဲ့သည်။ သူ့ခမျာ အဲဒီအရုပ်တွေနဲ့တောင် မကစားချင်ပေမယ့် သေသေချာချာတော့ လိုက်ဝယ်ခဲ့သေးသည်။

သူသည် အရုပ်များကို စာအုပ်​သေတ္တာထဲသို့ ထည့်ကာ ရထားလုံးစီး၍ အချိန်တိုအတွင်း ပြန်ရောက်ရှိလာခဲ့သည်။ ဟွမ်ဖောရွာမှ ရွာသားများသည် သူ့ကိုမြင်တာနဲ့ အနည်းငယ် ကြောက်လန့်သွားကြစမြဲ။

ကျေးလက်နေ ပြည်သူများသည် အာဃာတနှင့် ကျေးဇူးတရားကို ပြတ်ပြတ်သားသား ခွဲခြားသိမြင်နိုင် ချန်ရှီသည် ဟွမ်ယန်ကျေးရွာက ကလေးများကို ပထမဆုံး ကယ်တင်ပြီးနောက် ကလေးသုံးဦးအတွက် လက်စားချေပေးခဲ့သည်။ ပြီးတော့ ကန့်ညောင်ဆီက အနိုင်ကျင့်တာ မခံရအောင်လည်း သင်ခန်းစာ ပေးသည်။ စန်းဝမ် သေသွားပေမယ့် စန်းဝမ်အတွက် လက်စားချေပြီး ရန်သူကိုလည်း သတ်ခဲ့၏။

ဒီကရုဏာကို ရွာသူရွားသားတိုင်း စိတ်ထဲမှာ မှတ်ထားကြသည်။

ဒါပေမဲ့ ဟွမ်ယန်ရွာမှာ ကျောက်မိသားစုက ကလေးခြောက်ယောက် သေဆုံးသွားတာကို ပြဿနာ လာရှာကြမှာ စိုးရိမ်နေကြတုန်းပါပဲ။ ဒါကြောင့် ချန်ရှီလည်း ဟွမ်ယန်ရွာက အကြီးအကဲကို သွားတွေ့ခဲ့သည်။

"စီရင်စုမြို့တော်မှာရှိတဲ့ ကျောက်မိသားစုရဲ့ ကလေးခြောက်ယောက် သေသွားတာကို သူတို့က ဒီအတိုင်းထားမှာ မဟုတ်ဘူး... ကျောက်မိသားစုက တစ်ယောက်ယောက်က ရွာကို လာစုံစမ်းရင် ကျွန်တော့်နာမည်ကို တိုက်ရိုက် ပြောလိုက်! ကျွန်တော့်ကို ပြဿနာ လာရှာရင် သေတဲ့အထိ ရိုက်သတ်ပေးလိုက်မယ်... ခင်ဗျားတို့ ဒုက္ခမရောက်စေရဘူး!"

ရွာသူကြီးသည် အသက် ခုနစ်ဆယ်ကျော် အဘိုးအိုတစ်ဦး ဖြစ်တာကြောင့် အကြားအာရုံချို့ယွင်းကာ ပြတ်ပြတ်သားသား မကြားနိုင်တော့ပေ။

"ဟွမ်ယန်ရွာမှာ တန်ခိုးရှင်တွေ မရှိပေမယ့် ငါတို့ရဲ့ ကျေးဇူးရှင်ကို သစ္စာမဖောက်ပါဘူး... ကျေးဇူးရှင်ကို နောက်ဆုံးအကြိမ် သစ္စာဖောက်ခဲ့တဲ့သူက ကွမ်ဟောက်ရဲ့ချွေးမကို အပြစ်ပေးထားပါပြီ... ကျေးဇူးရှင် သေဒဏ်ပေးရင် တစ်ခါတည်း ပို့ဆောင်ပေးလိုက်မှာပါ...."

ချန်ရှီ လန့်သွားသည်။ သူရောက်လာသောအခါတွင် အမျိုးသမီးတစ်ဦး သစ်ပင်တွင် ကြိုးတုပ်ခံထားရတာကို သတိရသွား၏။

ချန်ရှီ ထွက်လာ၍ မြေကြီးပေါ်မှ သစ်ကိုင်းတစ်ကိုင်းကို ကောက်ကိုင်လိုက်သည်။ ထို့နောက် အမျိုးသမီးထံသို့ လာ၍ သူမကို နှစ်ကြိမ်ပုတ်ကာ သစ်ကိုင်းကို ဘေးသို့ ပစ်ချလိုက်သည်။

"မင်း ကျေးဇူးကန်းတာပဲ အရိုက်ခံရသင့်တယ်... အခု ငါမင်းကို အပြစ်ပေးထားပြီးပြီ... အတိတ်ကို မေ့ပြီး အနာဂတ်မှာ ဒီလိုကိစ္စမျိုး ထပ်မလုပ်နဲ့!!"

အမျိုးသမီးက ခေါင်းငုံ့ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။ သူ ပြောလိုက်တာကို ရွာသူကြီးက ရှင်းရှင်းလင်းလင်း ကြားရတာကြောင့် သက်ပြင်းချပေမယ့် အနည်းငယ် စိုးရိမ်သွားပြီး

"ဒါဆို ငါတို့ကျေးဇူးရှင်ကို ဒုက္ခပေးမိမှာ မဟုတ်ဘူးလား"

ချန်ရှီ ပြုံးပြီး လက်ဝေ့ယမ်းပြသည်။

"ဒီကိစ္စက ခင်ဗျားရဲ့ ဟွမ်ယန်ရွာနဲ့ ဘာမှမဆိုင်ဘူး... ကျွန်တော့်ပြဿနာပါ... ကျွန်တော့်ဘာသာ ဖြေရှင်းမယ်... ကျောက်မိသားစုက တစ်ယောက်လာရင် တစ်ယောက်သတ်မယ်... နှစ်ယောက်လာရင် နှစ်ယောက်သတ်မယ်... သေတဲ့ လူတွေ ပိုများလာရင်တော့ ကျောက်မိသားစုက သူတို့ရဲ့ ရန်ငြိုးတွေကို လွှတ်ချမှာပါ...."

ထို့နောက် ရထားလုံးက တောင်ပေါ်သို့ တည့်တည့် မောင်းသွားခဲ့သည်။ ရထားလုံးမောင်းသူက သူ့ကို ဘာမှ မကျေနပ်တာ မရှိဘဲ ဟေးကော်ကိုပါ သယ်သွားပေးလေသည်။

လမ်းခရီးတွင် ချန်ရှီသည် အဘွားကျွမ်း၊ ဆန်းကြယ်မြွေတောင်ကြီးနဲ့ စမ်းချောင်းမိန်းကလေးတို့လို တောင်ပေါ်ရှိ နတ်များအား အမွှေးတိုင်များ ပူဇော်ပြီး ရှောင်ဝမ်စွင်းကို ကယ်တင်ခဲ့သောကြောင့် တောတွင်းရှိ ကော်ကော်တို့အားလည်း သူဝယ်ခဲ့သော အရုပ်မျိုးစုံ ပေးခဲ့သည်။

ဂျင်ဆင်းဝိညာဉ်များက အလွန်ပျော်ရွှင်ကြပြီး ၎င်းတို့၏ အရုပ်များနှင့် ကစားရန် ထွက်သွားကြသည်။ ချန်ရှီ ဟေးကော်ကိုခေါ်၍ တောင်တန်းအရှင်ဘုံကျောင်းပေါ် တက်လာခဲ့၏။ သူ ရက်ပေါင်းများစွာ မလာခဲ့တာကြောင့် နေရောင်မရှိတဲ့ ဘုံကျောင်းကြီးက ပိုလို့တောင် အုံ့မှိုင်းလာသည်။

ထူးကဲတဲ့ စွမ်းအားတွေတောင် အရင်ကလောက် မတက်ကြွတော့ချေ။ ချန်ရှီ သူ့စာအုပ်စင်ကို ချလိုက်ပြီး ဘုံကျောင်းအတွင်း အမွှေးတိုင်သုံးချောင်းကို မီးရှို့လိုက်သည်။ အလင်းသုံးပါးကျင့်စဥ်ကို အသက်သွင်းကာ ဘုံကျောင်းရဲ့ ပင်မခန်းမထဲသို့ ဖြည်းညှင်းစွာ လျှောက်ဝင်သွားခဲ့သည်။

မသိလိုက်ဘဲ ဘုံကျောင်းထဲက ထူးကဲသော စွမ်းအားများ ပြန်လည် အသက်ဝင်လာသည်။ ဘုံကျောင်းအတွင်း၌ တဖြည်းဖြည်း တောက်ပလာသော်လည်း ၎င်းက ခေါင်မိုးမှ လင်းလက်နေသည့် နေရောင်ကြောင့် မဟုတ်ဘဲ အုံ့ဆိုင်းနေသည့် လရောင်ကြောင့် ဖြစ်​နေသည်။

ဟေးကော်သည် မြေပြင်ပေါ်တွင် လဲလျောင်းရင်း ဘုံကျောင်းအတွင်း ကောင်းကင်ကို မော့ကြည့်လိုက်ရာ ကောင်းကင်ယံတွင် လခြမ်းနှင့် ကြယ်များက နဂါးငွေ့တန်းလို တောက်ပနေတာ တွေ့လိုက်ရသည်။

ဒီလခြမ်းက သူတို့ ညဘက်တွင် တွေ့နေကျ လမဟုတ်ပေ။

သူတို့တွေ့ရသော လခြမ်းသည် နတ်ဘုရား၏ ဒေါင်လိုက်မျက်လုံး ဖြစ်သည်။ နတ်ဘုရား၏ ဒေါင်လိုက်မျက်လုံးသည် မျက်ခွံနှစ်ခု ရှိပြီး မျက်ခွံနှစ်ခုလုံးသည် တစ်ချိန်တည်း ပိတ်ထားသောကြောင့် လခြမ်းက မိုးမခသစ်ရွက်နှင့်တူသည်။

ဘုံကျောင်းအတွင်း မြင်ရသော လခြမ်းသည်တော့ မိန်းကလေးတစ်ယောက်၏ ကွေးညွတ်​နေသော မျက်ခုံး​အောက်က မျက်လုံးနှင့်တူနေသည်။ ပြုံးလိုက်သောအခါ ချစ်စရာကောင်းပြီး နူးညံ့တဲ့ မိန်းကလေး မျက်လုံးများကဲ့သို့ပင်။ ဒီမြင်ကွင်းသည် ဟေးကော်ကို အံ့အားသင့်စေခဲ့သည်။

ထိုစဥ် ချန်ရှီခေါင်းနောက်တွင် နတ်ကွန်းတစ်ခု ပေါ်ထွက်လာသည်။ နတ်ကွန်းထဲက နတ်အလင်းရောင်များဟာ အချိန်အတော်ကြာအောင် လင်းလက်နေ၏။ သူ့နတ်ကွန်းသည် နတ်သန္ဓေသား မရှိသော်လည်း ကြယ်အလင်း၏ အဆက်မပြတ် ပေါက်ကွဲသံနှင့်အတူ ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေသော ဤအခိုက်အတန့်တွင် အမှန်တကယ် စွမ်းအင်များ စီးဆင်းနေသည်။

ပေသို့ခုနှစ်ချက်သည် သူ့ခန္ဓာကိုယ်ကို လျင်မြန်စွာ ညှိပေးနေပြီး အတွင်းအင်္ဂါငါးပါး၏ ပြီးပြည့်စုံမှု၊ အရိုးသန့်စင်ခြင်းနှင့် ခြင်ဆီ သန့်စင်ခြင်းများအား စဉ်ဆက်မပြတ် လုပ်ဆောင်နေရာ တဖြည်းဖြည်း တိုးတက်လာသည်။ ဒီအရှိန်အတိုင်းဆို ရက်အနည်းငယ်အတွင်း သူသည် အတွင်းအင်္ဂါငါးခုကို သန့်စင်စေပြီး အရိုးနဲ့ ခြင်ဆီကိုလည်း သန့်စင်ပစ်နိုင်သည်။

အောင်မြင်ရင် သူတော်စင် သန္ဓေသား ကိုယ်ခန္ဓာ ဖြစ်လာလိမ့်မည်။ သူတော်စင် သန္ဓေသားရဲ့ ကိုယ်ခန္ဓာကို မွေးမြူပြီးရင် သူ့ခန္ဓာကိုယ်သည် နတ်သန္ဓေသား ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်နိုင်လောက်ပါပြီ။

ချန်ရှီသည် လေ့ကျင့်ရတာ ပင်ပန်းနေတာကြောင့် ဘုံကျောင်းထဲမှာ ရိုးရိုးလေးပဲ လှဲအိပ်လိုက်သည်။ ဘုရားကျောင်းထဲက ထူးခြားဆန်းပြားတဲ့ ကြယ်ရောင် ကောင်းကင်ကြီးကို ကြည့်ပြီး မနေနိုင်ဘဲ ရေရွတ်မိသည်။

"ငါမူးလာတဲ့အခါ ကောင်းကင်ကြီးက ရေထဲမှာရှိနေသလိုပဲ....ကြယ်​မြစ်ထဲမှာ အိပ်မက်ဖိအားတွေကို ရှင်းထုတ်မယ်...တခြားကမ္ဘာက ဘယ်မှာလဲ ငါ ဘယ်အချိန်မှ သွားကြည့်လို့ရနိုင်မလဲ မသိဘူး..."

.......

ကြေးမုံအိုင်အိမ်တော် အပြင်ဘက်တွင်တော့ ပိန်ပိန်ရှည်လျားသော သရဲတစ္ဆေလို အရိပ်တစ်ခုသည် မီးပုံးကို ကိုင်ဆောင်ကာ ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေ၏။ မီးပုံး၏ အလင်းရောင်သည် မြေပြင်ပေါ်တွင် အဝိုင်းပုံ အလင်းတန်းတစ်ခု ဖန်တီးကာ အနီရောင် ရုပ်ပုံလွှာတစ်ခု ထွက်လာသည်။

နတ်ယန္တရားစခန်းမှ ကျင်းဟုန်ရိဟာ ရှောင်ဝမ်စွင်းရဲ့ နေရာကို နောက်ဆုံးတွင်တော့ ရှာဖွေတွေ့ရှိသွားခဲ့ပါပြီ။

"ဒီနက်နဲတဲ့ တောင်တန်းကြီးမှာ ဒီလိုဆိတ်ငြိမ်တဲ့အိမ်​တော်ကြီးတစ်ခု ရှိ​နေလိမ့်မယ်လို့ ငါဘယ်တုန်းကမှ မမျှော်လင့်ထားဘူး.... ရှောင်ဝမ်စွင်း ရှင်ဒီမှာပုန်းနေလိုက်တာနဲ့ ကျွန်မက ရှာမတွေ့​တော့ဘူးလို့ ထင်နေတာလား"

ကျင်းဟုန်ရိက ပြုံးလျက်ပြောသည်။

"ရှင်က နတ်ယန္တရားစခန်းရဲ့ တပ်မှူးနဲ့ အမတ်ကြီးကို ဓားတစ်ချောင်းနဲ့ သတ်ပစ်လိုက်တယ်... နတ်ယန္တရားစခန်းရဲ့ အကြီးအကဲတစ်ယောက် ဖြစ်ထိုက်ပါတယ်... ဒါပေမဲ့ ဒီဓားက အပြင်ဘက်မှာ အားကောင်းပေမယ့် အတွင်းမှာတော့ စွမ်းရည်က အဲ့လောက် မရှိနေဘူး!"

ရှေး​ဟောင်းသစ်ပင်တွေ အောက်မှာ ရပ်နေတဲ့ အခေါင်းကြီးတစ်ခုပဲ ရှိကာ သူမကို ဘယ်သူမှ ပြန်မဖြေချေ။ ကျင်းဟုန်ရိသည် တံခါးပေါက်ကို ဖြတ်ကျော်ပြီး အိမ်​တော်ထဲသို့ လှမ်းဝင်လာပြီးတာနဲ့ ရုတ်တရက် မျက်နှာအရောင်က အနည်းငယ် ပြောင်းလဲသွားကာ အိမ်တော်ခြံဝန်းထဲရှိ ခေါင်းတလားများကို သတိနှင့် ကြည့်လိုက်သည်။

ဤအိမ်ကြီးတွင် သစ်ပင်များကဲ့သို့ ခေါင်းတလား အနည်းငယ်သာရှိသည်။ ပါးလွှာသော ချန်ရှီရဲ့ ခေါင်းတလားမှလွဲ၍ ကျန်ခေါင်းတလားများက အလွန်လေးလံပြီး ဇိမ်ခံ ခေါင်းတလားဟု ခေါ်နိုင်သည်။

သူမ အထဲကို ဝင်လိုက်တာနဲ့ အဲဒီခေါင်းတလားဆီကနေ ပြင်းထန်တဲ့ ဖိအားတစ်ခု ထွက်လာတာကို ခံစားလိုက်ရ၏။

"တစ္ဆေလို ဟန်ဆောင်!"

ကျင်းဟုန်ရိ အေးစက်စွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သည်။ ဒုတိယအဆင့်ကို လှမ်းလိုက်တဲ့အခါ ဖိအားများက သိသိသာသာ တိုးလာသည်။ ခေါင်းတလားသည် သူမမျက်လုံးထဲသို့ ဝင်လာပြီး ကမ္ဘာကြီးတစ်ခုလုံးက သူမ အမြင်အာရုံထဲတွင် တွန့်လိမ် လှည့်ပတ်နေခဲ့သည်။

ကျင်းဟုန်ရိမျက်နှာက တဖြည်းဖြည်း နီရဲလာသည်။ သူမ ရှေ့သို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းလိုက်သည်။

ခြေလှမ်းကို လှမ်းလိုက်တိုင်း သူမ၏သိမ်မွေ့သော ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်လှုပ်သွားသည်။ အရပ်ရှည်ရှည်နှင့် ပိန်လှီသော တစ္ဆေကြီးသည် သူမနောက်တွင် မီးပုံးကိုင်ဆောင်ထားရာမှ ရုတ်တရက် ပေါက်ကွဲထွက်လာကာ အပြာရောင်မီးခိုးငွေ့များ အဖြစ် ပျံ့လွင့်သွားပြီး အချိန်မတန်မီ သေဆုံးသွားခဲ့သည်။

ကျင်းဟုန်ရိ၏ နှာခေါင်းများထဲမှာ သွေးစီးကြောင်း နှစ်ခု စီးကျလာကာ နှင်းဖြူရောင် ရင်ဘတ်ပေါ်သို့ စွန်းထင်သွားသည်။

"ဖူး--"

နောက်ဆုံးတော့ သူမကိုယ်သူမ မကူညီနိုင်တော့ဘဲ ပါးစပ်ထဲက သွေးတွေကို ထွေးထုတ်ကာ ဆက်မနေရဲတော့ဘဲ လှည့်ထွက်သွားခဲ့သည်။ အိမ်တော်ခြံဝန်းထဲက ထွက်သွားတာနဲ့ သူမရဲ့အနီရောင် ၀တ်စုံဟာ ရုတ်တရတ် လိပ်ပြာလေး ဖြစ်သွားပြီး ပျံသန်းသွား၏။

ခဏအကြာတွင် အပြင်ဘက်က လေထုထဲမှ အနီရောင် အဝတ်အစားများ ထွက်ပေါ်လာပြီး ကျင်းဟုန်ရိ၏ ရယ်သံများ ထွက်ပေါ်လာပြန်သည်။

"မင်းသားရှောင်ရေ.... အသက်ရှင်နေတဲ့လူတွေ မဝင်နိုင်တာကို ရုတ်တရက် သတိရမိသွားတယ်ရော... ဒါဆို အသက်မရှင်တဲ့ လူဆိုရင်ရော?"

လရောင်အောက်မှာ စက္ကူဖြူရုပ်လေး နှစ်ကောင်က ကြေးမုံအိုင်အိမ်တော် အပြင်ဘက်ကို လမ်းလျှောက်သွားနေတာ တွေ့လိုက်ရသည်။ ခြေလက်လေးချောင်းနဲ့ ဦးခေါင်းပါသည်ယ လက်ဖဝါး တစ်ဖက်စာလောက်သာ မြင့်တဲ့ လက်ခြေနဲ့ လမ်းလျှောက်နေပုံက ရယ်စရာတော့ ကောင်း၏။

သူတို့သည် တံခါးခုံပေါ်မှ ကျော်တက်ကာ ခြံဝန်းအတွင်း လမ်းလျှောက်ရင်း မည်သူမျှ နားမလည်နိုင်သော စကားများကို ရွတ်ဆိုနေကြသည်။ စက္ကူရုပ်လေးနှစ်ကောင်ဟာ စက္ကူဓားနှစ်ချောင်းကို သူတို့ကျောကနေ ထုတ်ပြီး ဘာပြန်ပြောမှန်းမသိတဲ့ တစ်စုံတစ်ခုကို ရေရွတ်လိုက်ပြန်သည်။

ထို့နောက် စက္ကူရုပ်လေး နှစ်ကောင်သည် ခြေလှမ်းများကို အရှိန်မြှင့်ကာ ရှောင်ဝမ်စွင်း၏ အခေါင်းဆီသို့ အပြေးအလွှား ခုန်တက်လာပြီး ခေါင်းတလားကို စက္ကူဓားများဖြင့် ထိုးလိုက်ကြသည်။

ခေါင်းတလားတစ်ဝိုက်တွင် လှည့်ပတ်နေသော ဓားသေးသေးလေးသည်လည်း ချက်ချင်းပင် ပျံထွက်သွားပြီး စက္ကူဓားတစ်ချောင်းနှင့် တိုက်မိကာ မီးတောက်များ ဆက်တိုက် ထွက်ပေါ်လာသည်။ စက္ကူဓားမှ ထွက်လာသော စွမ်းအားသည် အံ့အားသင့်စရာ ကောင်းလောက်အောင် ပြင်းထန်သဖြင့် ဓားငယ်ကို အကြိမ်ကြိမ် နောက်ဆုတ်သွားစေသည်။

ဤဓားသည် ပေါ်လောင်ဟုခေါ်သော ရှောင်ဝမ်စွင်း၏ ဓားနှစ်ချောင်းအနက်မှ တစ်ခုဖြစ်သည်။

ဓားရှည်က ခေါင်းတလားကို ကာကွယ်နေဆဲ။ ပေါ်လောင်ဟာ စက္ကူဓားကို ဖြတ်လိုက်ရင်ပဲ ပထမဆုံး စက္ကူလူသားဟာ မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ပြုတ်ကျသည်ကို တွေ့လိုက်ပြီးနောက် အလွန်လျင်မြန်သော အရှိန်ဖြင့် ခုန်အုပ်လာပြန်သည်။

စက္ကူရုပ်သေးသေးလေး နှစ်ခုသည် ဘယ်ညာ၊ ရှေ့နှင့်နောက်သို့ ရွေ့သွားကာ စက္ကူဓားများသည်လည်း ထိန်းမနိုင်သိမ်းမရဖြင့် ပေါ်လောင်ဓားကို လိုက်ခုတ်နေသည်။ ရုတ်တရက်ဆိုသလို ပေါ်လောင်ဓားရဲ့ အရှိန်က အလွန်တိုးမြင့်လာကာ စက္ကူရုပ်များထဲမှ တစ်ခုမှာ ပေါ်လောင်ဆီက အရှင်းခံလိုက်ရတော့မယ့် အခိုက်မှာ နောက်ထပ် စက္ကူအရုပ်တစ်ခု ခုန်တက်လာပြီး သူ့ဓားရှည်ကို ခုတ်ထစ်ပြီး ထိုစက္ကူလူသားကို ကယ်တင်ခဲ့သည်။

ပေါ်လောင်ဓားသည် မမြင်နိုင်သော ဓားသိုင်းသမားကဲ့သို့ အဆက်မပြတ် တိုက်ခိုက်နေသည်။ တိုက်ခိုက်ခံရသော စက္ကူရုပ်နှစ်ခုသည်လည်း ရုတ်တရက် ဖိအားကို ခံစားလိုက်ရသည်။ ထိုအခိုက် တစ်ရုပ်က ပေါ်လောင်ဆီက နှစ်ပိုင်းအဖြတ်ခံရာ မြေပြင်ပေါ်သို့ ကျသွားသည်။

ပေါ်လောင်သည် အခြားစက္ကူရုပ်ကို တိုက်ခိုက်ရန် ကြံစည်နေသော်လည်း ထိုစက္ကူအရုပ် မြေပြင်ပေါ်တွင် ဒူးထောက်ကာ သူ၏အဖော်အလောင်းကို ကြည့်ရင်း ကျယ်လောင်စွာ အော်ဟစ်နေတာ တွေ့လိုက်ရသည်။

ခန္ဓာကိုယ် အပေါ်ပိုင်းသာရှိသော စက္ကူအရုပ်လေးသည် ၎င်းရဲ့ တုန်ရီနေသော လက်ကို ဆန့်ထုတ်ကာ တစ်စုံတစ်ခုကို ပြောချင်သကဲ့သို့ ခေါင်းကို မြှောက်လိုက်သော်လည်း ခေါင်းက ပြန်ပြုတ်ကျကာ သေဆုံးသွားခဲ့သည်။

ထိုအခါ ကျန်စက္ကူအရုပ်က ရင်ဘတ်ကို ရိုက်ကာ ငိုကြွေးနေပုံရပြီး ရုတ်တရက် ခေါင်းကိုလှည့်ကာ ပေါ်လောင်ကို ရဲရင့်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ထို့နောက် ခုန်တက်ပြီး သူ့ဆီ အမြန်ပြေးသွားပေမယ့် ပေါ်လောင်ကို မယှဥ်နိုင်ပေ။

စက္ကူအရုပ်သည် ဓားကို အကြိမ်အနည်းငယ် ခုခံပြီးနောက် ပေါ်လောင်ကို မခုခံနိုင်တော့ဘဲ ရင်ဘတ်ကို သုံးကြိမ်တိုင်တိုင် ဓားဖြင့် အထိုးခံရကာ မြေပေါ်သို့ လဲကျသွားတော့သည်။ သူ့အသက်အန္တရာယ် ရှိမှန်းသိသဖြင့် ဆက်မတိုက်တော့ဘဲ မြေပြင်ပေါ်တွင် တွားသွားကာ သူ့လက်ကို ခက်ခက်ခဲခဲ ဆန့်ထုတ်ကာ အဖော်၏လက်ကို ဖမ်းဆုပ်ရန် ကြိုးစားလေသည်။

ထိုစဥ် ပေါ်လောင်ဓားက လွင့်ပျံလာပြီး စာရွက်ကို တစ်ဝက်ခွဲပစ်သည်။ ခေါင်းကို မြှောက်ကာ ညာလက်ကို ဆန့်ထုတ်ရန် အစွမ်းကုန် ကြိုးစားသော်လည်း နောက်ဆုံးတွင်တော့ ထိုစက္ကူအရုပ်လည်း သေဆုံးသွားခဲ့သည်။

ပေါ်လောင် သက်ပြင်းချမလို လုပ်လိုက်ပေမယ့် စာရွက်တစ်ဒါဇင်လောက်က ခြံဝန်း တံခါးခုံကို ဖြတ်ကူးလာနေတာကို ရုတ်တရက် တွေ့လိုက်ရ၏။

အချို့သော စက္ကူရုပ်များသည် တံခါးခုံနောက်ကွယ်မှ စက္ကူကျည်ချောင်းများနှင့် အမြောက်များကို ဆွဲယူလာကြပြီး အချို့ စက္ကူရုပ်များကတော့ အိမ်ကြီးအား တိုက်ခိုက်ရန် ကြံစည်နေသကဲ့သို့ ဘေးမှ အော်ဟစ်နေကြပါသည်။

All Chapters