← Chapters

ခိုးကြောင်ခိုးဝှက်

Vol. 3 Ch. 44

ခိုးကြောင်ခိုးဝှက်

Vol. 3 Ch. 44

လီထျန်းချင်နဲ့ အဘိုးအိုက ချန်ရှီအိမ်သို့ ရောက်ရှိလာတဲ့အခါ ချန်ရှီအဘိုးနှင့် ခွေးနက်ကြီးတို့ကို တွေ့လိုက်ရသည်။ လီထျန်းချင် အိမ်ထောင့်တွင် ထောင်ထားသော ဟုန်ယီအမြောက်ကို တစ်ချက် ကြည့်လိုက်ပြီး ခွေးအိမ်ရှိ အနက်ရောင် သံကျည်ဆံများကို ကြည့်ကာ ချောင်းဆိုးလိုက်သည်။

“အဘိုး... သူများကို မနှောက်ယှက်ရအောင် ကျွန်တော်တို့ ဒီည ကန့်ညောင်ရဲ့ သစ်ပင်အောက်မှာ နေရလည်း အဆင်ပြေပါတယ်"

အဘိုးအိုက ထောင့်ကို မကြည့်ဘဲ ပြုံးကာပြောသည်

"မင်းက တခြားသူရဲ့အိမ်မှာ ဧည့်သည်လာလုပ်နေ​ပြီ​လေ... မင်းဘာလို့ ထွက်သွားချင်​နေတာလဲ...ဒီကအစ်ကို ကျုပ်က ချွမ်ကျိုးက လာတဲ့ လီကျင်းသို့ပါ စိတ်အနှောင့်အယှက် ​ပေးမိလို့ တောင်းပန်ပါတယ်"

ချန်ရှီအဘိုးကလည်း အလျင်အမြန် ပြန်နှုတ်ဆက်သည်။

"ကျုပ်က ချန်ယန်တောင်ရဲ့ မိသားစုဝင် ချန်ယင်တုပါ.... နှိမ့်ကျတဲ့ အိမ်က မကြီးကျယ်ပေမယ့် တည်းခိုဖို့ သင့်တော်တဲ့ အခန်းလွတ် နှစ်ခန်း ကျန်ပါသေးတယ်... ခင်ဗျားတို့နှစ်ယောက်ကို သည်းခံပေးဖို့ မျှော်လင့်ပါတယ်"

လီကျင်းသို့က သူစကားပြောကောင်းတာကို မြင်သောအခါ ဝမ်းသာအားရဖြင့် ပြုံးကာပြောလိုက်သည်။

'အဆင်ပြေပါတယ် အဆင်ပြေပါတယ်"

လီထျန်းချင်က သူ့အဘိုးရဲ့ အင်္ကျီစကို အလျင်စလို ဆွဲကိုင်လိုက်ပြီး အခန်းထောင့်ဘက်သို့ မျက်စာပစ်ပြရာ လီကျင်းသို့လည်း နှုတ်ခမ်းများကို ပွတ်သပ်ရင်း ထောင့်စွန်းဆီသို့ အကြည့်ပို့လိုက်သည်။ လီထျန်းချင်က ပင်မအခန်းကို တိတ်တဆိတ် လက်ညှိုးထိုးပြရာ ပင်မအခန်းထဲတွင် ဝမ်းနည်းခြင်း ခန်းမတစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။

"ဒီကအစ်ကိုကြီး နာမည်က ဘာပါလိမ့်"

ကမ္ဗည်းပြားပေါ်တွင် ရေးထားသော နာမည်မှာ ချန်ယင်တု ဖြစ်နေတာကြောင့် သူတို့နှလုံးသားတွေထဲ မိုးကြိုးတစ်ချက် ရုတ်တရက် ပစ်ခတ်သွား​​လေသည်။

"ဒါက ကျေးလက်ဓလေ့တစ်ခုပဲ ဖြစ်မယ်... မဟုတ်ဘူး ချန်ယင်တုဆီမှာ အလောင်းကောင်လို အနံ့ရှိတယ်!"

သူ့ရင်ထဲမှာ ထိတ်လန့်သွားသလို ခံစားလိုက်ရသည်။ သေသွားတဲ့အခါ လူ့ခန္ဓာကိုယ်က ထွက်လာတဲ့ ဒီအနံ့က အရမ်းထူးခြားလေသည်။ အဲဒီအနံ့ကို တစ်ခါ ခံစားဖူးပြီးရင် ဘယ်တော့မှ မေ့မှာ မဟုတ်ချေ။

"ဒီလူရဲ့ ခန္ဓာကိုယ်က သေသွားပြီ ဒါပေမယ့် သူ အသက်ရှင်နေသေးတယ် သူက ရှဲ့လည်းမဟုတ် ဆွေ့လည်း မဟုတ်ဘူး... အဲဒီအဆင့်ကို ပြောင်းလဲနေရုံပဲ ရှိသေးတယ် ဒါဘယ်လို ကျင့်စဥ်မျိုးလဲ"

သူသည် အဲဒီလို လျှို့ဝှက်ကျင့်စဥ် တစ်ခုခုရှိမရှိကို သိရန် သူဖတ်ရှုကြားသိခဲ့သော ဂန္ထဝင်စာအုပ်များကို စိတ်ထဲတွင် အပြေးအလွှား ရှာဖွေကြည့်ပေမယ့် မတွေ့ချေ။

'ဒီလိုလူက ရွာသေးသေးလေးမှာ ပုန်းနေတယ်... သူတို့မြေးအဘိုးကလည်း ဘုရင်ကြီးကျန်းရဲ့ အုတ်ဂူအတွက် ဒီကိုလာခဲ့တာ ဖြစ်နိုင်လား... လီခယ်ဖာ သေတာ သူနဲ့များ ပတ်သက်နေမလား'

လီကျင်းသို့က ဒါကို တွေးပြီး လက်သုံးချောင်းစာလောက် ရှိတဲ့ ငွေစသေးသေးလေးကို ထုတ်ယူလိုက်သည်။

"အစ်ကိုချန် ကျုပ်တို့ အလကား မနေပါဘူး... ဒါက သေးငယ်တဲ့ စေတနာလေးတစ်ခုမလို့ လက်ခံပေးပါနော်"

ချန်ယင်တုလည်း သူ့လက်ဖဝါးမှ ငွေရောင် အတုံးလေး​တွေကို ကြည့်လိုက်ရင်း ဖြူပြာရောင် မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေရာ "ခင်ဗျားလည်း အားမနာပါနဲ့" ဟု ပြုံးကာ ပြောပြီးနောက် ငွေကို လက်ခံလိုက်သည်။

လူနှစ်ယောက်၏ လက်ဖဝါးကို ထိလိုက်သည်နှင့် မြေပြင်မှ လေပြင်းများ စတင်တိုက်ခတ်လာ၏။ လေပြင်းသည် ထူးဆန်းစွာ တိုက်ခတ်လာသဖြင့် ချန်အိမ်ဝင်းအတွင်း၌ ခံစားချက်မရှိ ပြင်းထန်သွားသည်။ ချန်အိမ်အထက်က လေပြင်းကလည်း ကောင်းကင်ကို ပြင်းပြင်းထန်ထန် တိုက်ခတ်သွားသည်။

ကောင်းကင်က တိမ်တိုက်တစ်ခုသည် ရေခဲနှင့် နှင်းများ အရည်ပျော်သွားသလို လေထဲတွင် လွင့်စင်သွား၏။ ထိုလေပြင်းသည် မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ တိုက်ခတ်လာပြီး ငြိမ်သက်သွားသည်။

ခြံဝန်းသည် အေးချမ်းပြီး တိတ်ဆိတ်သွားကာ ထူးထူးခြားခြား ဘာမျှ မရှိဘဲ လေထဲတွင် ထူးဆန်းသော လေချွန်သံကိုသာ ကြားလိုက်ရသည်။ နှစ်ယောက်သား မော့ကြည့်လိုက်ပေမယ့် အချင်းချင်း ဘာမှ ထူးထူးခြားခြား မတွေ့လိုက်။

အဲဒီနောက် လီကျင်းသို့ရဲ့ အမူအရာမှာလည်း အနည်းငယ် ပြောင်းလဲသွားကာ ရယ်မောလိုက်သည်။

"ကျင့်ကြံခြင်း လောကတစ်ခွင်မှာ ထူးဆန်းတဲ့လူတွေ ပုန်းနေတယ်တဲ့...ဒီကအစ်ကိုမှာ ရဲရင့်တဲ့စိတ်ရှိတယ် လေးစားစရာလည်း ကောင်းတယ်"

အခုလေးတင်ပဲ သူဟာ ချန်ယင်တု ရဲ့ လက်ဖဝါးနဲ့ အဆက်အသွယ် လုပ်ထားစဥ် တစ်ဖက်လူကို ပိုက်ဆံပေးနေသလိုပဲ။ ဒါပေမဲ့ ရုတ်တရက် လေပြင်း တိုက်ခတ်သွားတာက တစ်ဖက်လူရဲ့ အရည်အချင်းကို စမ်းသပ်ချင်နေတာပဲ ဖြစ်သည်။

သို့သော် ဤစမ်းသပ်မှုတွင် သူသည် တစ်ဖက်လူရဲ့ ကျင့်ကြံမှု အတိမ်အနက်ကို မစမ်းသပ်နိုင်ခဲ့ပေ။

သူ့မျက်လုံးများ မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။ ချန်ယင်တုလက်သည် အရိုးထဲအထိ အေးစက်နေလိမ့်မည်ဟု ထင်ခဲ့သော်လည်း မထင်မှတ်ပဲ နွေးထွေးနေတာကြောင့် သူ၏ စူးစမ်းချင်စိတ်ကို ပိုပြင်းထန်လာစေသည်။

'နှလုံးခုန်တယ်... ​​သူ့ရဲ့ စွမ်းအင်နဲ့ သွေးတွေက စီးဆင်းနေတယ် အနံ့က အလောင်းတစ်လောင်းလိုပဲ ဆိုပေမယ့် အလောင်းလည်း မဟုတ်သလိုပဲ... ထူးဆန်းတယ် ထူးဆန်းတယ် ဘယ်လို လျှို့ဝှက်ချက်က လူသေကောင်ကို ဒီလောက်အထိ သန့်စင်ပေးနိုင်တာလဲ...ငါတို့ ဒါကို ထပ်စမ်းဖို့ အခွင့်အရေး ရှာရမယ်!'

ချန်ယင်တု: "မွန်းတည့်ချိန်နီးနေပြီ... အစ်ကိုလီ ငါတို့ရဲ့ ဧည့်သည်တွေကို ဧည့်ခံဖို့ ကျေးလက်မှာ အရသာရှိတာ မရှိပါဘူး... ကျုပ်ရဲ့ အရသာခံအာရုံကလည်း ပျက်စီးသွားတော့ မီးမ​မွှေးရဲတော့ဘူး... ဂုဏ်ထူးဆောင် ဧည့်သည်တွေကို တောင်းပန်ပါတယ်"

လီကျင်းသို့ကလည်း သူ့လက်သီးတွေကို အလျင်အမြန် ဆုပ်၍ ဦးညွှတ်လိုက်သည်။

"မဝံ့ပါဘူးဗျာ ဒီကအစ်ကိုလည်း အလုပ်များနေပြီ ထင်တယ်...ကျုပ်မြေးက ခက်ခက်ခဲခဲ ရင်ဆိုင်ဖို့ သူ့ဘာသာသူ ထိန်းသိမ်းထားတဲ့ ဝိညာဉ်အစာတွေကို ပြင်ဆင်ထားပြီးသားပါ..."

သူဦးညွှတ်လိုက်သည့် အခိုက်တွင် ခြံထဲတွင် မိုးခြိမ်းသံတစ်သံ ထွက်ပေါ်လာ၏။ ကျယ်လောင်သော အက်ကွဲသံတစ်ခု ထွက်ပေါ်လာပြီး လီကျင်းသို့ ခန္ဓာကိုယ်က တုန်ခါသွားကာ သူ့နောက်ကွယ်တွင် တောက်ပသော အလင်းရောင်တစ်ခု ဖြာထွက်သွားသည်။ နှင်းဖြူမီးရောင် အလင်းတန်းက ဟွမ်ဖောရွာ တစ်ခုလုံးကို ဖုံးအုပ်သွား၏။

နတ်အလင်းထဲတွင် သုံးပေမှ လေးပေခန့်မြင့်သော နတ်အသွင်သဏ္ဌာန်က မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ လီကျင်းသို့ ခန္ဓာကိုယ်က အနည်းငယ်ယိမ်းနွဲ့ကာ နောက်ဆုံးတွင် မတ်တပ်ရပ်လိုက်ပြီး။

"အစ်ကို​ကြီး ကျွန်တော် လမ်းလျှောက်ထွက်လိုက်ပါဦးမယ်..."

ချန်ယင်တု: "အစ်ကိုလီ သဘောပါ..."

လီကျင်းသို့သည် အိမ်အပြင်ဘက်သို့ လမ်းလျှောက်လာပြီး ရှေးဟောင်းသစ်ပင်ဆီသို့ ထွက်လာခဲ့သည်။ သူ သည်းမခံနိုင်တော့ဘဲ ပါးစပ်မှ သွေးများ ထွက်လာရာ အဂ္ဂိရတ်ဆေး တစ်လုံးကို အမြန်ထုတ်ကာ အမြန်သောက်လိုက်ရသည်။

ခဏအကြာတွင် သူ ပိုကောင်းလာပေမယ့် သူ့မျက်နှာအရောင်က ကြည့်မကောင်းနေချေ။

သူသည် ချန်ယင်တုဟုခေါ်သော ဤအဖိုးအို၏ ကျင့်ကြံမှု အတိမ်အနက်ကို မစမ်းသပ်ရသေးသော်လည်း တစ်ဖက်လူက သူ့အတိမ်အနက်ကို စမ်းသပ်သွားခဲ့သည်။

ချန်ရှီသည် လီမြေးအဘိုးအတွက် အခန်းကို သန့်ရှင်းရေး လုပ်ပေးလိုက်သည်။ သန့်ရှင်းရေးလုပ်ပြီးနောက် လီထျန်းချင်ကို သူ့ရဲ့ ဟုန်ယီအမြောက်ကို ကြည့်ရှုဖို့ ခေါ်သွားခဲ့သည်။

အသက်အရွယ်တူသူတွေနဲ့ တွေ့ဆုံတဲ့အခါ ကိုယ့်ရဲ့ ဂုဏ်အယူရဆုံး ရင်သွေးကို မပြနိုင်ရင် နှမြောစရာကြီး ဖြစ်သွားလိမ့်မည်။ အဖြူရောင် နဂါးငါးဝတ်စုံဝတ်ပြီး ညဘက် လမ်းလျှောက်​နေသလိုမျိုး ဖြစ်နေမှာ မဟုတ်ဘူးလား။

လီထျန်းချင်သည် ဟုန်ယီအမြောက်ကို ရုတ်တရက် ခုတ်​ကြည့်လိုက်ပြီး။

"မင်းသားရှောင်က အနောက်ဘုရင်ရဲ့ ကျောက်စိမ်းတံဆိပ်ကို ခိုးယူသွားလို့ နတ်ယန္တရားစခန်းရဲ့ လိုက်သတ်တာကို ခံနေရတယ်လို့ ကြားလိုက်တယ်....နတ်ယန္တရားစခန်းက ဟုန်ယီအမြောက် ရှစ်ဆယ့်ကိုး၊ စစ်သား ၈၉၀ နဲ့ ရေတပ်သားတွေကို သုံးခဲ့တယ်တဲ့... တပ်မှူးတစ်ယောက်၊ စစ်သံမှူးတစ်ယောက်၊ အလယ်စစ်တပ်နဲ့ ကျွမ်းကျင်ပညာရှင်တွေ အများကြီး ချန်ယန်တောင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်... ဒီအမြောက်ရဲ့ စည်အတွင်းပိုင်းက ယမ်းမှုန့်နဲ့ မီးလောင်ဒဏ်ရာတွေက အရမ်း လတ်ဆတ်နေသေးတယ်... ဒါ အဲ့တိုက်ပွဲက ရလာတာမလား?"

ချန်ရှီက သူ့ဘေးမှာရပ်လိုက်ပြီး ခေါင်းညိတ်ပြလေ၏။

"ထျန်းချင်... မင်းရဲ့အကြည့်တွေကို အရမ်းထက်ရှတာပဲ ရှောင်ဝမ်စွင်းနဲ့ ကျင်းဟုန်ရိ စကားပြောနေတဲ့အချိန်မှာ ငါက သူတို့နဲ့အတူတူ စားပွဲမှာထိုင်နေတာ... တိုက်ပွဲအပြီးမှာ ရှောင်ဝမ်စွင်းကို ကယ်တင်ပြီး သယ်သွားတယ်..”

ရှောင်ဝမ်စွင်းနဲ့ အတူတူ စားပွဲမှာ ထိုင်နေတယ် ဆိုတဲ့ စကားကြောင့် လီထျန်းချင်ရဲ့ နှလုံးခုန်သံက အဆမတန် မြန်သွားသည်။ ဒါ ရှောင်ဝမ်စွင်းရဲ့ ကြံရာပါပဲ ဖြစ်ရမယ်။

သူတို့ မြေးအဘိုးနှစ်ယောက် သူခိုးတွင်းထဲ ကျသွားတာ ဖြစ်နိုင်လား။

ချန်ရှီက ဟုန်ယီအမြောက်ကို ကောက်ကိုင်လိုက်ပြီး သူ့ပုခုံးပေါ် တင်လိုက်သည်။

"ငါက ထမ်းမယ်... မင်းက အနက်ရောင် သံကျည်ဆန်တွေကို သူ့အထဲမှာ ထည့်ပေးရင်း နောက်ဘက်မှာ မီးထွန်းပေး... အဝေးက တောင်ကုန်းတွေကို ချိန်ပစ်ကြည့်ရအောင်"

လီထျန်းချင် လန့်သွားပြီး အမြန် ငြင်းလိုက်သည်။ သူက မြို့ထဲမှာပဲနေပြီး သူ့ပတ်ဝန်းကျင်က ကလေးတွေကလည်း သူနဲ့တူသည်။ အကျင့်စာရိတ္တကောင်းပြီး လူတိုင်းက မင်းမျိုးမင်းနွယ်တွေရဲ့ ကျင့်ဝတ်တွေကို လိုက်နာရာ ဒါတွေကို ဘယ်မှာကစားဖူးပါ့မလဲ။

“အဲဒါထက် မပေါက်ကွဲခင် စည်ထဲကို အနက်ရောင်မှုန့်တွေနဲ့ ဖြည့်ထားရမယ်”

လီထျန်းချင်က ပြောပြသည်။

"အခုအချိန်မှာ နတ်ယန္တရားစခန်းမှာ ယမ်းမှုန့်ထည့်တဲ့ စက်က်သေတ္တာတစ်ခု ရှိနေပြီ... အဲဒါက အဝိုင်းပုံစံပဲ... ကျည်ဆံကို လှိမ့်သွင်းလိုက်တာနဲ့ ပစ်ခတ်တံကို ထိသွားလိမ့်မယ်... စက်သေတ္တာထဲက ယမ်းမှုန့်က ပေါက်ကွဲပြီး အနက်ရောင် သံကျည်ဆံတွေကို တွန်းထုတ်ပစ်လိမ့်မယ်... မင်း ကျည်ဆံကို ထည့်ချင်တယ် ဆိုရင်တော့ စက်သေတ္တာကို ထုတ်ယူပြီး နောက်တစ်လုံးနဲ့ အစားထိုးတာက ပိုအဆင်ပြေတယ်..."

ချန်ရှီ မျက်လုံးများ တောက်ပလာသည်။

"ဘယ်မှာ ရနိုင်လဲ"

လီထျန်းချင်က ခေါင်းခါလိုက်ပြီး "အဲဒါက နတ်ယန္တရားစခန်းရဲ့ နောက်ဆုံးဖန်တီးမှုပဲ လွယ်လွယ်နဲ့ မရနိုင်ဘူး... မင်းကိုယ်မင်း ခံတပ်တစ်ခုအနေနဲ့ သုံးတာ အရမ်းအန္တရာယ်များတယ် ဒီလိုမျိုး ကစားလို့မရဘူး"

"ငါတို့ ဘယ်လိုကစားရမှာလဲ"

ချန်ရှီက နှိမ့်ချစွာ အကြံဉာဏ် တောင်းလာတဲ့အခါ လီထျန်းချင်လည်း တုံ့ဆိုင်းသွားလေသည်။

"အမြောက်ကို တင်ထားလို့ရမယ့် မြေကြီးနှစ်ခု ဖန်တီးထားလို့ရတယ်... ဒါပေမယ့် ငါက အဆောင်လက်ဖွဲ့ မဆွဲနိုင်ဘူး..."

ချန်ရှီ စိတ်လှုပ်ရှားစွာနဲ့ :"ငါရတယ်! အနက်ရောင် ယမ်းမှုန့်လုပ်နည်း မသိဘူး..."

လီထျန်းချင်: "ငါသိတယ်"

ဒီအချိန်မှာ သူနည်းနည်း နောင်တရသွားသည်။ ဒီစကားကို မပြောသင့်ချေ။ ချန်ရှီ အမူအရာကို ကြည့်လျှင် ထိုစကားများ ပြောလျှင် တစ်ခုခုဖြစ်လာမည်ကို သူသိသည်။

သေချာတာကတော့ ချန်ရှီက သူ့ကို အနက်ရောင်အမှုန့်တွေ စုဆောင်းဖို့ တာဝန်ပေးခဲ့သည်။ ထို့နောက် ချန်ရှီက ထောင့်မှာ ပုန်းအောင်းနေတဲ့ ခွေးနက်ကြီးကို ဒေါသတကြီး ဓားနဲ့ထိုးလိုက်ပါတော့သည်။ လီထျန်းချင်လည်း ဘာပြောရမှန်းကို မသိတော့ဘဲ ဖြစ်သွားသည်။

ချန်ရှီသည် စုတ်တံ၊ မှင်၊ စက္ကူနှင့် မှင်ကျောက်၊ ခွေးသွေးနှင့် မုန်ညင်းတုံးကို ယူကာ အလင်းသုံးပါးကျင့်စဥ်ကို အသက်သွင်းကာ မြေကြီးအင်အားအဆောင်လက်ဖွဲ့ ကို တစ်ချက်တည်း အမြန်ဆွဲလိုက်သည်။ ဒါပေမဲ့ သူ့ခေါင်းနောက်က နတ်ကွန်းက အခုထိ စွမ်းအင်မကုန်သေးချေ။

"အစွမ်းထက်လိုက်တဲ့ ချီ!"

လီထျန်းချင် တိတ်တဆိတ် ချီးကျူးလိုက်ပါ၏။

ချန်မိသားစုတွင် အဆင်သင့် လုပ်ထားသော ပစ္စည်းများ ရှိပြီး လီထျန်းချင်ကလည်း အနက်ရောင်မှုန့်ကို ပြင်ဆင်လိုက်သည်။ ချန်ရှီက အနီရောင်အမြောက်ကို သယ်ဆောင်သွားကာ လီထျန်းချင်က ၎င်း၏ ဦးခေါင်းအရွယ်အစားရှိ အနက်ရောင်သံကျည်ဆံ အနည်းငယ်ကို ကိုင်ဆောင်ကာ ဆယ်ကျော်သက်နှစ်ဦး ခိုးထွက်သွားခဲ့သည်။ ဟေးကော်ကလည်း သူတို့နောက်ကို ခိုးကြောင်ခိုးဝှက် လိုက်လေ၏။

"မင်းတို့နှစ်ယောက် လျှောက်မပြေးနဲ့!"

လီကျင်းသို့ရဲ့ အသံထွက်လာပြီး သူတို့ကို ပြန်ခေါ်လေသည်။

"ငါ အစ်ကိုချန်နဲ့ ဆွေးနွေးပြီးပြီ မီးဖိုရှိတဲ့ နေရာကို ချန်ရှီလေးက သိတယ်ဆို ပြီးတော့ ငါတို့ကို ခေါ်သွား​ပေးဖို့ ချန်ရှီလေးကို တောင်းဆိုခဲ့ပါတယ် ဟုန်ယီအမြောက်ကို မသယ်ထားနဲ့... သတိထားစမ်းပါ! အဲ့ကပြန်လာမှ ပြန်ဆော့ကြ!!"

ချန်ရှီ အလွန်စိတ်ပျက်သွားပြီး ဟုန်ယီအမြောက်ကို စိတ်မချမ်းသာစွာ ပြန်ချထားလိုက်သည်။

လီထျန်းချင်လည်း အလွန်စိတ်ပျက်သွားပြီး လှောင်အိမ်ထဲသို့ အနက်ရောင် သံကျည်ဆံကို ပြန်ထည့်လိုက်ရသည်။ သို့သော် ရုတ်တရက် သူ့ဘာသာသူ ထိတ်လန့်သွား၏။

"ငါ ဘာဖြစ်နေတာလဲ.. ဦးလေး၇ ပျောက်ဆုံးသွားတဲ့ အမှုကို စုံစမ်းဖို့ လာတာလေ... ဒီမိသားစုက သံသယဖြစ်စရာ ရှိတယ် သူတို့က ရှောင်ဝမ်စွင်းနဲ့ ဆက်နွယ်နေနိုင်တယ်... ငါဘာလို့ အမြောက်နဲ့ ကစားရဖို့အထိ စိတ်ရှုပ်သွားတာလဲ"

လီထျန်းချင် သူ့ကိုယ်သူ လျှို့ဝှက်စွာ သတိပေးခဲ့သည်။ ချန်ရှီက ထုပ်ပိုးပြီးနောက် သူ့နောက်ကျောမှာ စာအုပ်​သေတ္တာကို လွယ်ကာ ထွက်ချသွားသည်။

လီကျင်းသို့: "ထျန်းချင်... မြန်မြန် လိုက်သွားလေ!"

လီထျန်းချင်လည်း လျင်မြန်စွာ စိတ်တည်ငြိမ်မှု ပြန်ရပြီး ချန်ရှီနောက်သို့ အမြန်လိုက်သွားခဲ့သည်။

သူသည် အရွယ်မရောက်သေးသောကြောင့် အခုနတုန်းက သတိမထားမိဘဲ ချန်ရှီနှင့် စကားပြောကာ ရယ်မောရင်း ကျေးလက်ဒေသရှိ စိတ်ဝင်စားဖွယ် အရာများအကြောင်း ပြောခဲ့သည်။ အခုတော့ ရယ်မောခြင်း မပြုနိုင်ပေ။

တောအုပ်ထဲသို့ ဝင်သောအခါ တောအုပ်ထဲတွင် မြူခိုးဖြူဖြူများ လွင့်မျောနေသည်ကို တွေ့လိုက်ရသည်။

သူတို့သည် မြူခိုးထဲတွင် လျှောက်သွားခဲ့ကြပြီး ပတ်ဝန်းကျင်တွင် ငှက်များနှင့် အင်းဆက်ပိုးမွှားများ၏ ဆူညံသံများ မရှိတော့ဘဲ အလွန်တိတ်ဆိတ်သွားကာ သူတို့ရဲ့ နှလုံးခုန်သံနှင့် အသက်ရှုသံများကိုသာ ကြားရ​တော့သည်။

လီထျန်းချင်လည်း ဤတောင်ပေါ်သစ်တောတွင် စွမ်းအင်ခံစားချက်က လေးနက်ပြီး နက်ရှိုင်းမှုရှိကြောင်း အမှန်တကယ် ခံစားရသည်။ ရံဖန်ရံခါတွင် တောင်ကြီးတွေက တီးတိုးပြောနေသလို ထူးဆန်းသော အသံကိုလည်း ကြားနိုင်သေးသည်။

ချန်ရှီသည် အရှိန်လျှော့ကာ ရှေးဟောင်း စပျစ်နွယ်ပင်ကြီးဆီသို့ လျှောက်သွား၏။ စုတ်ပြဲနေသော အနီရောင် အမြှောင်းများက ရှေးစပျစ်နွယ်ပင်နှင့် ချည်နှောင်ကာ ထိလိုက်ရုံဖြင့် ကျိုးသွားလေသည်။

ချန်ရှီသည် စာအုပ်သေတ္တာကို ချလိုက်ပြီး ထိုအနီရောင် အထည်အစင်းကို ဆုတ်ဖြဲကာ စာအုပ်သေတ္တာထဲမှ အထည်အနီ အသစ်တစ်ထည်ကို ထုတ်ယူကာ နွယ်ပင်မှာ ချည်ပေးလိုက်သည်။ ထို့နောက် နံ့သာပေါင်းတစ်ချောင်းကို ထုတ်ကာ ထွန်းညှိကာ ရှေးဟောင်းစပျစ်နွယ်ပင်၏ အမြစ်ရှေ့တွင် ထိုးထည့်လိုက်သည်။

ထိုအချိန်မှပင် လီထျန်းချင်သည် ရှေးစပျစ်နွယ်ပင်များ၏ အမြစ်များရှေ့တွင် ကျောက်တုံးများဖြင့် စက်ဝိုင်းတစ်ခုပုံစံ တည်ဆောက်ထားပြီး စက်ဝိုင်းထဲတွင် အမွှေးတိုင်ဖင်များ ရှိနေသည်ကို သတိပြုမိသွားခဲ့သည်။

လီကျင်းသို့က တိုးတိုးလေး ပြောသည်။

"ထျန်းချင်.... ကောင်းကင်မျက်လုံး..."

လီထျန်းချင်လည်း ကောင်းကင်မျက်လုံး အဆောင်လက်ဖွဲ့ကို လျင်မြန်စွာ ထုတ်ယူကာ အသက်သွင်းလိုက်တော့ တောင်ကြီးအတွင်း၌ အခြားကမ္ဘာတစ်ခု ပေါ်လာသည်။ တကယ်တော့ အနီရောင်ဝတ်ထားတဲ့ ကလေးမလေးတစ်ယောက် ရှေးဟောင်း စပျစ်နွယ်ပင်ပေါ်မှာ ထိုင်နေပြီး ချန်ရှီကို ဖြည်းညှင်းစွာ ခေါင်းညိတ်ပြနေကာ သူ့အမွှေးတိုင်ကို လက်ခံလိုက်၏။

အမွှေးနံ့သာရနံ့သည် အထက်သို့ ပျံတက်သွားပြီး အနီရောင်ဝတ် ကလေးမလေးက စုပ်ယူလိုက်ရာ ထူးကဲသော စွမ်းအားအဖြစ် ပြောင်းလဲ စိမ့်ဝင်သွားလေသည်။ အနီရောင် ၀တ်ထားသော ကလေးမလေး၏ ပုံပန်းသဏ္ဌာန်က ရှင်းရှင်းလင်းလင်း မသိသာဘဲ တောင်လေကြောင့် လွင့်ပါးသွားတော့မလိုပင်။

ချန်ရှီ အလုပ်ပြီးသွားပြီးနောက် ၎င်းတို့အား တောင်များနှင့် သစ်တောများဆီသို့ ထပ်မံခေါ်ဆောင်သွားခဲ့သည်။

မနီးမဝေး ရောက်တော့ ကျောက်တုံးများနှင့် မြေထုကြားတွင် လဲလျောင်းနေသော ကျောက်ဆင်းတုတော် တစ်ခု၏ ရှေ့တွင် ရပ်လိုက်ပြန်သည်။ ကျောက်ဆင်းတုတော်သည် ကြီးမားပြီး မြေပြင်ပေါ်ရှိ အစိတ်အပိုင်းကတင် လူတစ်ရပ်စာလောက် မြင့်မားလေ၏။

ကျောက်ဆင်းတုတော်ရှေ့တွင် ကျောက်သားဖြင့် ပြုလုပ်ထားသော စက်ဝိုင်းတစ်ခု ရှိသည်။ ကျောက်ဆင်းတုတော်၏ လက်ချောင်းတစ်ချောင်းပေါ်၌ အနီရောင်အ၀တ်စကို ချည်ထားသည်။ ချန်ရှီက အနီရောင်အ၀တ်စကို လဲကာ ကျောက်ရုပ်တုအား အမွှေးတိုင်ဖြင့် ပူဇော်သည်။

လီထျန်းချင်လည်း ကျောက်ရုပ်ထု၏ ထူးကဲသော စွမ်းအားသည် အမှန်တကယ် အသွင်သဏ္ဌာန် တစ်ခု ဖြစ်ပေါ်လာတာကို သတိပြုမိသည်။ ၎င်းက ကျောက်ရုပ်ထု၏ ခေါင်းပေါ်၌ ပြုံးလျက် ထိုင်နေလေသည်။

ချန်ရှီ ခေါ်သွားသော သစ်တောများထဲသို့ လိုက်သွားရာ ဤရှေးဟောင်း နက်နဲသော တောင်တွင် ကြီးကျယ်ခမ်းနားသော ရှေးဟောင်းသစ်ပင်များ၊ ကျောက်ကြမ်းများနှင့် ရှေးဟောင်းအပျက်အစီးများ အားလုံးကို ထူးကဲသော စွမ်းအားများဖြင့် ပေါင်းစပ်ထားတာကို တွေ့လိုက်ရသည်။

ချန်ရှီက ၎င်းတို့အတွက် နံ့သာပေါင်းထည့်ကာ အနီရောင် အထည်များကိုလည်း လဲပေးသည်။ လမ်းတစ်လျှောက်လုံး တိတ်ဆိတ်နေပြီး တောတောင်များသည် ထူးဆန်းသည့် တိရစ္ဆာန်များဆီ ကျူးကျော်ဝင်ရောက် ထားတာလည်း မခံရချေ။

"ရှောင်ရှီ...မင်း ဘာလုပ်နေတာလဲ"

လီထျန်းချင် မသိချင်ယောင်ဆောင်ကာ မေးလိုက်သည်။

"ဒါက ငါတို့ရွာက ရွာသူရွာသားတွေ တောင်ပေါ်တက်ဖို့ သုံးတဲ့လမ်းပဲ... ဒီလမ်းကို မကြာခဏ လျှောက်လာတဲ့ လမ်းသွားလမ်းလာ တချို့လည်း ရှိတယ်... မြို့ပြင်မှာ ရောင်းဖို့ တောင်ပေါ်ကပစ္စည်းတွေကို သယ်သွားကြရတယ်လေ... အနီရောင် ကြိုးတွေနဲ့ ဒီသစ်ပင်ပေါ်က ကျောက်ဆင်းတုတော်တွေကို ကြိုးမလဲပေးရင် အရောင်းအဝယ် ရှုံးတယ်"

လီထျန်းချင်က အံ့အားသင့်သွားပြီး "အမွှေးတိုင်ကော ဘာလဲ?"

"နံ့သာပေါင်းကို မီးရှို့ရတဲ့ ရည်ရွယ်ချက်က ဒီတောင်ပေါ်က နတ်တွေအတွက်ပဲ... အဲဒါက ဝတ်ပြုကိုးကွယ်မှုရဲ့ လက္ခဏာတစ်ခုပဲ"

"နံ့သာပေါင်းကို ရပြီး ဒီတောင်လမ်းမှာ လမ်းလျှောက်တဲ့ လူတွေကို တောင်နတ်တွေက အကာအကွယ် ပေးလိမ့်မယ်... တောရိုင်းတိရိစ္ဆာန်တွေ မကျူးကျော်ရဘူး ဓားပြတွေကလည်း သူတို့ကို ဒုက္ခမပေးဘူး... မင်းအချိန်ကို ဂရုမစိုက်မိလို့ မှောင်သွားရင် အနီရောင်အကွက်တွေ ရှိတဲ့ နေရာမှာ ပုန်းအောင်းနိုင်တယ်... ဝိညာဉ်တွေက လမ်းသွားလမ်းလာတွေကို ရှဲ့တွေဆီကနေ အကာအကွယ် ပေးလိမ့်မယ်"

"အသုံးဝင်လို့လား?"

"ဝင်တာပေါ့"

ချန်ရှီသည် တောင်လမ်းပေါ်ရှိ ဝိညာဉ်များကို အေးချမ်းသော မျက်နှာဖြင့် ကြည့်နေသည်။ သူ့မျက်လုံးများသည် ဤတောင်ကြီးကို ချစ်မြတ်နိုးကြောင်း ပေါ်လွင်လျက် ရှိ၏။

"အရင်တခေါက်က ငါ တောင်ပေါ်မှာ အကြာကြီးကစားပြီး အချိန်ကို မေ့သွားသေးတယ်... မှောင်လို့ အိမ်ကို အမြန်ပြန်လာတဲ့ အချိန်မှာ ရှဲ့တွေ ငါ့ကို ပစ်မှတ်ထားလာရော... ငါ သစ်ပင်အောက်မှာ ပုန်းအောင်းနေတော့ နတ်က ငါ့ကို ကာကွယ်ခဲ့တယ်... သစ်ပင်နတ်က သံချောင်းတွေလို သွားတွေနဲ့ မကောင်းဆိုးဝါးတွေကို တိုက်ခဲ့ပေမယ့် မကောင်းဆိုးဝါးက ငါ့ကို ရှာတွေ့သွားသေးတာ.... သူကငါ့ကို ကူညီပြီး ရှဲ့ကို တိုက်ထုတ်ပေးတာလေ... နောက်ဆုံးတော့ အဘိုးက ငါ့ကို ရှာတွေ့သွားပြီး အကယ်ခံခဲ့ရတယ်...."

All Chapters