အနောက်ဘက်တောင်ကုန်း၌ အမဲလိုက်ခြင်း
Vol. 012 Ch. 1136
ပြင်းထန်သော ဓားအားလှိုင်း ရိုက်ခတ်သွားခဲ့လျှင် သူမ၏ဆံပင်များ လေထဲ လူးလွင့်သွားကြသည်။ လှိုင်းများ သူမ၏မျက်နှာကို ရိုက်ခတ်လာခဲ့ကာ ကြီးမားသော ဖိအားကို ခံစားရ၏။
ရီဖူရှင်းက ဓားကို ပြန်မသိမ်းမီအထိ သူမ၏မျက်နှာက ပြာနှမ်းနေခဲ့၏။ ထို့နောက်တွင် ဓားအသိသည် ပျောက်ကွယ် သွားခဲ့သည်။
ကွင်းထဲမှ တော်ဝင်မိသားစုဝင်များ အားလုံးသည် ရီဖူရှင်း၏စွမ်းရည်ကို ကြည့်ကာ ရင်သပ်ရှုမော ဖြစ်ကြ၏။ သူကား အမှန်တကယ် အားကောင်းပေသည်။ လီရှောင်ကား တော်ဝင်မိသားစုဝင်ဖြစ်ရာ ပုံမှန်အားဖြင့် ထူးချွန်ထက်မြက်သူလေး ဖြစ်၏။ သို့သော်လည်း သူမသည် သတ္တမဓားထံ၌ လက်ကိုပင် မြှောက်ရန် အားမရှိပေ။
“ကျားယဲ့ဓား …” တော်ဝင်မိသားစုဝင် အများအပြားက ရီဖူရှင်း၏ ဓားချက်ကို ကြည့်ကာ အတွေးများပွား နေကြသည်။ အရှင်မင်းကြီးကား တာလီကျောင်းတော် အပေါ် အလွန် ကောင်းပေသည်။ ဘုရင်ထန်တောက်က ကျားယဲ့ဓားကျမ်းကို နန်းတော်သို့ ပို့ခဲ့ကာ အင်ပါယာလီက ဓားကျမ်းမိတ္တူအား တာလီကျောင်းတော်သို့ ပို့စေခဲ့သည်။ ကျားယဲ့ဓားကျမ်းသည် တော်ဝင်မိသားစုဝင်များပင် မျက်စိကျနိုင်သော အရာမဟုတ်သော်လည်း သတ္တမဓားကား ထိုဓားပညာကို လေ့ကျင့်ပြီး ဖြစ်နေသည်။
လီရှောင်ကား သက်မမောချလိုက်၏။ ဓားသည် သူမ၏ဆံပင်ဖျားများကို ဖြတ်တောက်သွားခဲ့ကာ မြေပြင်ပေါ်သို့ ဆံပင်စလေးများ ဝဲလျက်ကျဆင်း စေခဲ့သည်။ သို့သော်လည်း သူမ၏မျက်လုံးများကမူ ရီဖူရှင်းအား ဒေါသတကြီး ကြည့်၏။ သည်ခွေးကောင်ကား သူမကို အနည်းငယ်မျှပင် မျက်နှာသာ မပေးပေ။
“ကောင်းပြီ … လီရှောင်။ သတ္တမဓားက သူ့စွမ်းရည်ကို သက်သေပြပြီးပြီ။ မင်းက သူ့ကို ဓားထုတ်ခိုင်းတာ အရိုက်ခံဖို့ တောင်းဆိုနေသလိုပဲ” လီစွမ်းက ပြုံးလျက်ပြောသည်။ ထို့နောက် သူက လူအုပ်ကြီးအား ပြောသည် … “အားလုံး အဆင်သင့်ဖြစ်ပြီပဲ။ အစ်ကို၃ ဘယ်မှာလဲ”
သည်တစ်ခေါက် အမဲလိုက်ပွဲအား မင်းသား၃က ဦးဆောင်ရပေမည်။
“မင်းသား၃ ရောက်လာပြီ” လူအများအပြားက တစ်နေရာသို့ ကြည့်ကြသည်။ ထိုနေရာမှ လူတစ်စု လျှောက်လာ၏။ ရှေ့ဆုံးမှ ဦးဆောင်လာသူ အချို့မှာ ထည်ဝါသော ရောင်ဝါများ ရှိကြသည်။ ရှေ့ဆုံးမှ ဦးဆောင်လာသော လူငယ်သည် မင်းသား၈နှင့် ရုပ်ဆင်၏။ သူတို့မှာ ညီအစ်ကိုအရင်းများ ဖြစ်ကြပေမည်။
မင်းသား၃အနီးမှ လူများအားလုံးမှာလည်း နန်းတွင်းမျိုးရိုးများ ဖြစ်ကြသည်။ သူက ထိုနေရာသို့ ကြည့်ကာ ဝေခွဲမရသော ခံစားချက်များ ရှိနေသည်။ မင်းသား၃၏နောက်မှ သူက ရင်းနှီးသော မျက်နှာများအား မြင်သောကြောင့် ဖြစ်သည်။
တောက်လီတောင်မှ တိဟောက်လည်း ထိုအထဲတွင် ပါလာသည်။
ဤတွင် သည်လူများမှာ ဘုရင်ခံထန်တောက်ကို ထောက်ခံသူများ ဖြစ်ကြောင်း သိလိုက်၏။
ရီဖူရှင်း မမှားပေ။ မင်းသား၃၏ဘေးမှ တစ်ယောက်မှာ ဘုရင်ထန်တောက်၏ သားအရင်းဖြစ်သော လီကျယ်ဖြစ်သည်။
ထိုမြင်ကွင်းကို ကြည့်ကာ ရီဖူရှင်း၏ခေါင်းထဲသို့ အတွေးတချို့ ဝင်လာခဲ့သည်။ နန်းတွင်းတွင်လည်း အစုအဖွဲ့များကိုယ်စီ ရှိကြဟန်ရသည်။
ရန်ဟောင်အဆင့်တွင်ရှိသော အင်ပါယာလီသည် သူတို့၏ အားပြိုင်မှုများအား ဂရုမစိုက်ပေ။ သူတို့က အာဏာကို မည်သို့ပင် ပြိုင်ဆိုင်ပါက ရန်ဟောင်တစ်ပါးအား ကိုင်လှုပ်နိုင်စရာ မရှိပေ။ သူတို့ကား အတွေးအကြံများ မတူညီခြင်းကြောင့်သာ တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
မျှတစွာ ယှဉ်ပြိုင်ခြင်းက တိုးတက်မှု၏ အခြေခံတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့က ပွင့်လင်း လွတ်လပ်စွာပင် အစုအဖွဲ့များ ပြုလုပ်ကြခြင်း ဖြစ်ဟန်ရသည်။
မင်းသား၃သည် ဘုရင်ထန်တောက်၏ လူများနှင့်အတူ သွားလာနေသော အချိန်တွင် လီစွမ်းနှင့် လီယောင်တို့သည် တာလီနန်းတွင်း အကြံပေး၏လူများနှင့် ပိုမိုရင်းနှီးသော ဆက်ဆံရေး ရှိကြပေသည်။
ထို့အပြင် လီကျွမ်းကား မင်းသားကြီး၏ဘက်မှ ဖြစ်သည်။ သူနှင့် မင်းသား၈တို့သည် တစ်ဖွဲ့တည်း ဖြစ်ကြ၏။
ထိုနည်းဖြင့် ကြည့်ပါကာ အရာအားလုံးမှာ ရှင်းလင်းပေသည်။ မင်းသား၃နှင့် မင်းသား၈တို့သည် ညီအစ်ကိုများ ဖြစ်ကြသော်လည်း သူတို့ရွေးချယ်သော အဖွဲ့ကြောင့် ဝေးကွာ နေခဲ့ကြသည်။
နန်းတွင်း မိသားစုအများစုမှာ သဘာဝအားဖြင့် ယှဉ်ပြိုင်ခြင်းတွင် ပါဝင်ခြင်း မရှိကြသလို ပါဝင်ရန်လည်း အဆင့်မမီပေ။
ဘုရင်ထန်တောက်၊ မင်းသားကြီးနှင့် တာလီနန်းတွင်း အကြံပေးတို့သည်သာ အင်ပါယာလီဘုံ၌ အမြင့်ဆုံးသော အဆင့်အတန်းများကို ပိုင်ဆိုင်ကြပေသည်။
သို့သော်လည်း နန်းတွင်းအကြံပေးသည် ထိုကိစ္စရပ်များအား အမှန်တကယ်အားဖြင့် အလေးမထားသည်ကို သိနားလည်ပေသည်။
“အစ်ကို …” လီစွမ်းနှင့် တခြားလူများက ခေါ်ကြသည်။
“အရှင့်သား” တခြားလူများကလည်း လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ကြ၏။ မင်းသား၃ကား တာလီတွင် မြင့်မားသော အဆင့်အတန်း ရှိပေသည်။ သူ၏ပါရမီသည် မင်းသား၁နှင့် မင်းသား၂တို့အား ယှဉ်နိုင်၏။
အနာဂတ်တွင် မင်းသား၃သည် ကြီးမားသော အောင်မြင်မှုများ ရမည်ဟု ခန့်မှန်းကြသည်။
“အစ်ကို … လူတစ်ယောက်က ညီမကို ဓားနဲ့ချိန်ရွယ်တယ်” လီရှောင်က သူ့ထံသို့ လျှောက်သွားကာ တိုင်တန်းသည်။
“ဟုတ်လား … ဘယ်သူက အတင့်ရဲပြီး မင်းကို ဓားနဲ့ချိန်ရဲတာလဲ” မင်းသား၃က ပြုံးလျက်ပြောသည်။ သူက လီရှောင်၏စရိုက်ကို သိနားလည်ဟန် ရသည်။
သူမ၏ဆိုးသွမ်းသော စရိုက်များနှင့် လူတိုင်းက အလိုလိုက်မှုတို့ကြောင့် သူမသည်သာ တခြားလူများကို အနိုင်ကျင့်ခဲ့ပေသည်။
“သူ …” လီရှောင်က ရီဖူရှင်းအား လက်ညှိုးထိုးပြသည်။
လီရှောင်၏ အကျင့်စရိုက်ကို ကြည့်ကာ ရီဖူရှင်းသည် အနည်းငယ် စိတ်ပျက်ရွံရှာမှုကို ခံစားရ၏။
မင်းသား၃က ရီဖူရှင်းအား ပြုံးလျက်ကြည့်ကာ ပြောသည် … “နန်းတွင်းအကြံပေးရဲ့ တပည့်အသစ်ကို ကျုပ်က ငါက အမြဲတမ်း တွေ့ချင်ခဲ့တာ။ တိဟောက် ဘယ်လောက် စွမ်းတယ်ဆိုတာ ငါသိတယ်။ ရှန့်ထိုအဆင့်အောက်က အကောင်းဆုံး တိုက်ပွဲကို မမြင်လိုက်ရတာ နာတာပဲ။ ဒါပေမဲ့ အနောက်ဘက် တောင်ကုန်းမှာ ထပ်ပြီးတော့ ယှဉ်ပြိုင်နိုင်ကြတာပဲ”
“ဟုတ်ကဲ့ပါ အရှင့်သား” ရီဖူရှင်းကလည်း လက်နှစ်ဖက်ကို ဆုပ်ကာ ပြောသည်။ မင်းသား၃ကား ရှန့်ထိုဖြစ်ရာ လီရှောင်ကဲ့သို့ ပြုမူမည် မဟုတ်ပေ။
“အစ်ကို …” လီရှောင်က ခေါ်သည်။
“သတ္တမဓားကို ဓားထုတ်ခိုင်းတာ မင်းမလား” မင်းသား၃က လီရှောင်အား မျက်လုံးပြူးလျက် ကြည့်သည်။
“ကောင်းပြီ။ ငါတို့ သွားကြမယ်” မင်းသား၃က ပြောလျှင် ကွင်းတစ်ခုလုံးအား နဂါးအော်သံများ ကြားလာရသည်။ နဂါးများဆွဲသော ရထားလုံးများသည် မြေပြင်မှနေ၍ ကောင်းကင်သို့ တစ်စီးပြီးတစ်စီး ပျံသန်း ထွက်ခွာကြသည်။ မင်းသားများက ရထားလုံးများထဲတွင် ထိုင်ကြကာ တခြားလူများက နဂါးကြီး၏ ကျောပေါ်တွင် လိုက်ပါ စီးနင်းကြသည်။
***
အနောက်ဘက် တောင်ကုန်းကား အဆုံးအစမဲ့သော တောင်တန်းကြီးတစ်ခု ဖြစ်သည်။ တောင်ကုန်းများအား ဧရာမဝင်္ကပါကြီးတစ်ခု ဖုံးအုပ်ထားသည်။ ဝင်္ကပါ အစီအရင်ထဲတွင် ပိတ်နေသော သားရဲများမှာ အပြင်သို့ မထွက်နိုင်ဘဲ အတွင်း၌သာ ရှင်သန်နေထိုင် ရပေသည်။
တော်ဝင် မိသားစုဝင်များသာ ထိုသီးသန့်နေရာသို့ ဝင်ရောက်ခွင့်ရှိပြီး သူတို့အတွက် လေ့ကျင့်ရေးနေရာ ဖြစ်စေသည်။
အနောက်ဘက် တောင်ကုန်းသား မိစ္ဆာသားရဲများ စုစည်းထားရာနေရာ ဖြစ်ပေသည်။
နဂါးဆွဲရထားလုံးများသည် အနောက်ဘက် တောင်ကုန်းအပေါ်သို့ ကျဆင်းလာခဲ့သည်။ တော်ဝင်မိသားစုမှ အုပ်စုများသည် မြေပြင်ပေါ်သို့ ဆင်းသက်ကာ ရှေ့သို့ ကြည့်လိုက်ကြ၏။ ထိုနေရာကား မိစ္ဆာသားရိုင်း အရောင်အဝါများဖြင့် ပြည့်နှက်နေခဲ့ကာ အရိုင်းဆန်သည်။
“အနောက်ဘက် တောင်ကုန်းက အရင်ခေတ်ကတည်းက သားရိုင်းတွေ ကျက်စားရာ နေရာပဲ။ တော်ဝင်မိသားစုကလည်း သူတို့ကို နှစ်ပေါင်းများစွာ အမဲလိုက်ခဲ့ကြတယ်။ အမဲလိုက်တဲ့သူ များလာလို့ စွမ်းအားမြင့် သားရိုင်းတွေက တောင်ကို စွန့်ခွာပြီး ထွက်သွားစ ပြုလာတယ်။ ဒါကြောင့်ပဲ တော်ဝင်မိသားစုက ဧရာမဝင်္ကပါ အစီအရင်ကြီးတစ်ခု ဖန်တီးပြီးတော့ ပိတ်ဆို့လိုက်တာပဲ။ ဒီလိုနဲ့ ဒီနေရာဟာ တော်ဝင်မိသားစု တစ်ခုတည်းအတွက် အမဲလိုက်ရာနေရာ ဖြစ်လာခဲ့တယ်” လီယောင်က ရထားလုံးပေါ်မှ ရီဖူရှင်းနှင့်အတူ ဆင်းလာရင်း ပြောသည်။
“ပြီးတော့ တော်ဝင် မိသားစုဝင်တွေဟာ အမဲလိုက်တဲ့အချိန် သူတို့ရဲ့တန်ခိုး အဆင့်ထက် နိမ့်တဲ့သားရိုင်းတွေကို သတ်ဖြတ်လေ့မရှိဘူး။ ဒီသားရိုင်းတွေကို ကြီးပြင်းဖို့ ခွင့်ပြုပေးပြီးတော့ တော်ဝင် မိသားစုဝင်တွေကိုလည်း အဆင့်အတူအတွင်းပဲ အမဲလိုက်ဖို့ သတ်မှတ်ချက် ပြုလုပ်ထားတယ်”
ရီဖူရှင်းက ခေါင်းညိတ်ကာ မေးသည် … “အနောက်ဘက် တောင်ကုန်းမှာ အရမ်း စွမ်းအားမြင့်တဲ့ သားရဲတွေ မရှိဘူးမလား”
“အများစုကတော့ ရှန့်ထိုသားရဲ အဆင့်အောက်မှာပဲ။ သူတို့က ရှန့်ထိုအဆင့်မှာ ရှိရင်တောင်မှ ပထမအဆင့်မှာပဲ ရှိတယ်။ စွမ်းအားမြင့် သားရိုင်းတွေအများစုက ထွက်သွားခဲ့ကြပြီ။ တချို့ သားရိုင်းတွေက တော်ဝင်မိသားစုအတွက် အသုံးဝင်လို့ သူတို့ကို ထိန်းချုပ် ထားခဲ့တယ်။ ထိန်းချုပ်ခံဖို့ ငြင်းပယ်သူတွေကို အနောက်ဘက် တောင်ကုန်းသို့ ပို့တယ်။ သားရိုင်းတွေ ဆင့်ကဲ ပြောင်းလဲတာမျိုးလည်း ရှိသေးတယ်”
“ဒါကြောင့် အမဲလိုက်တဲ့အခါ အုပ်စုက ခွဲထွက်မသွားဖို့ အရမ်း အရေးကြီးတယ်။ အရင်တုန်း ကတည်းက စွမ်းအားကြီး သားရိုင်းတွေဟာ လူသားတွေကိုလည်း ပြန်အမဲလိုက်တတ်တဲ့ သမိုင်းသာဓကတွေ ရှိတယ်။ သူတို့ကလည်း တန်ခိုး အဆင့်မြင့်လာတဲ့အခါ ဉာဏ်ရည် ဉာဏ်သွေး မြင့်လာလို့ အရမ်း အန္တရာယ်များတယ်”
“သတ္တမဓား … တကယ်လို့ မင်းက ရှားပါးသားရိုင်းတွေ တွေ့ခဲ့ရင် သူတို့ကို ယဉ်ပါးအောင် လုပ်ပြီး မင်းရဲ့စီးတော်အဖြစ် ထိန်းချုပ်သင့်တယ်”
“သေချာတာပေါ့” ရီဖူရှင်းက ခေါင်းညိတ်သည်။
မင်းသား၃က လေထဲသို့ တက်သွားလျှင် တခြားသော စွမ်းအားမြင့် ရှန့်ထိုများကလည်း နောက်မှ လိုက်ကြသည်။ သူက လေထဲသို့ တက်ကာ ပြောသည် … “မင်းတို့တွေ ကြိုက်တဲ့နေရာသို့ သွားနိုင်ပြီ။ သွားကြစို့ …”
“သွားစို့ …”
တစ်ယောက်ပြီး တစ်ယောက်က ရှေ့သို့ တက်သွားခဲ့ကြကာ တောင်တန်းကြီး၏ အတွင်းပိုင်းသို့ ဝင်လာခဲ့ကြသည်။ အနောက်ဘက် တောင်ကုန်းတွင် အမဲလိုက်ခြင်းသည် လူငယ် မျိုးဆက်များအတွက် လေ့ကျင့်ခြင်း တစ်မျိုးလည်းဖြစ်သည်။
တော်ဝင်မိသားစုဝင်များ အားလုံးသည် စိတ်အားထက်သန်စွာ လှုပ်ရှားနေခဲ့ကြကာ သူတို့အားလုံးမှာ လူငယ်မျိုးဆက်များ ဖြစ်ကြသည်။ ရှန့်ထိုများမူကား ကောင်းကင်ထက်မှ အခြေအနေကို စောင့်ကြည့် နေခဲ့ကြ၏။
“အနောက်နောင်ဘက်မှာ သားရိုင်းမြွေဆိုး တစ်ကောင်ရှိတယ်” လေထဲမှ ရှန့်ထိုတစ်ဦးက ဆိုသည်။ တော်ဝင် မိသားစုဝင်များက အနောက် တောင်ဘက်သို့ မြန်ဆန်စွာ ရွေ့လျားသွားကြ၏။
ထိုနေရာတွင် သူတို့သည် ထွက်ပြေးရန် ကြိုးစားနေသော မီတာတစ်ရာ အရှည် မြွေဆိုးကြီး တစ်ကောင်အား မြင်ကြသည်။
မြွေဆိုးကြီးသည် အပြာရောင်ဦးခေါင်းနှင့် အနက်ရောင် ခန္ဓာကိုယ် ရှိသည်။ သူ့ထံမှ အလွန် အန္တရာယ်များသော အငွေ့အသက်များ ထွက်ပေါ်နေ၏။
အချို့သော တော်ဝင် မိသားစုဝင်များသည် လေးနှင့်မြှားများကို ဆောင်ထားကြသည်။ လေထဲတွင် ရွှေရောင် တဖျတ်ဖျတ် လက်သွားသည်။ မြှားများသည် လေထုကို ခွင်းကာ ကြောက်မက်ဖွယ် အရှိန်ဝါဖြင့် ရှေ့သို့ တိုးဝင်သွား၏။
မြွေရိုင်းကြီးက ပါးစပ်ကြီးကို ဟကာ မှုတ်ထုတ်လိုက်သည်။ ချက်ချင်းပင် လေပွေမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ မြားများကို ဝါးမျိုသွားခဲ့ပြီး သူ့ပါးစပ်ထဲသို့ ဝင်သွားကြသည်။
မြွေရိုင်းကြီးကား ရှီအဆင့် အမြင့်ဆုံး၌ရှိကာ ဝါးမျိုခြင်း စွမ်းအားကို ပိုင်ဆိုင်သည်။ သူကား ဆင်တစ်ကောင်ကိုပင် တစ်ကြိမ်တည်းဖြင့် ဝါးမျိုနိုင်၏။
ရှီအဆင့်မှ လူငယ်မျိုးဆက် အချို့သည် အမြန်နှုန်းမြှင့်ကာ ရှေ့သို့ တက်သွားကြပြီး မြွေဆိုးကြီးအား ပထမဆုံး သတ်ဖြတ်ရန် ကြိုးစားကြသည်။
မြွေဆိုးကြီးက မျှော်လင့်ချက် မရှိတော့ကြောင်း နားလည်လိုက်ကာ နောက်သို့ ပြန်လှည့်၍ အဆိပ်ငွေ့များ မှုတ်ထုတ်သည်။ ထို့နောက် ပါးစပ်ကြီးကို ဟကာ တစ်စုံတစ်ယောက်အား စုတ်ယူဝါးမျိုရန် ကြိုးစားသည်။
ထိုလူက မြန်ဆန်စွာပင် နောက်ဆုတ်သည်။ နောက်ထက် အလင်းတစ်ချက် လက်သွားကာ ဝါးမျိုခြင်း စွမ်းအားထံသို့ ဦးတည်သွားခဲ့ပြီး မြွေကြီး၏ခေါင်းထံသို့ တန်းတန်းမတ်မတ် ဝင်လာသည်။ ကျယ်လောင်သော အသံနှင့်အတူ မြွေဆိုးကြီးသည် အတွင်းမှ ပေါက်ကွဲ ထွက်လာ၏။ ထိုနေရာမှ တန်ခိုးရှင်တစ်ဦး ထွက်ပေါ်လာသည်။
“စိတ်ဝင်စားစရာပဲ” ရီဖူရှင်းဘေးမှ လီယောင်က ပြောသည်။
“အရှင့်သား … ကျုပ်လည်း အမဲလိုက် သွားတော့မယ်” ရီဖူရှင်းက ဆိုသည်။
လီယောင်က သူ့အား ကြည့်ကာ ပြောသည် … “တစ်ယောက်တည်း သွားတာက အန္တရာယ်ရှိတယ်”
“ရပါတယ်… အရှင့်သား … ရှန့်ထိုသားရဲတွေနဲ့ တွေ့ရင်တောင် ကျုပ်က လွတ်မြောက်အောင် ထွက်ပြေးနိုင်ပါတယ်။ ဒီနေရာကို လေ့ကျင့်ဖို့ လာမှတော့ မတိုက်ခိုက်ဘဲ ဘာလုပ်မှာလဲ” ရီဖူရှင်းက လူအုပ်ကြီးဖြင့် မသွားလိုပေ။
“အတင့်ရဲတယ်” လီရှောင်က အဝေးမှ ပြောသည်။
“မင်းသမီးက ကျုပ်နဲ့ လိုက်ရဲလို့လား” ရီဖူရှင်းက လီရှောင်အား ပြုံးလျက်ပြောသည်။
လီရှောင်က သူ့အား ဒေါသတကြီး ကြည့်သည်။ သူမအနေဖြင့် မည်သို့ တစ်ဦးတည်း သွားရဲမည်နည်း။
“ကောင်းပြီ” လီယောင်က သဘောတူဟန်ဖြင့် ခေါင်းညိတ်သည်။
“ဒါဆို ကျုပ်သွားပါပြီ အရှင့်သား” ရီဖူရှင်းက မြန်ဆန်စွာပင် ဓားကို စီးနင်း၍ ထွက်သွားခဲ့သည်။ လူအများအပြားက ထွက်သွားသော သတ္တမဓားကို ကြည့်ကာ အမှန်တကယ် မောက်မာသူ ဖြစ်ကြောင်း တွေးမိကြ၏။
“ကျုပ်လည်း တစ်ယောက်တည်း သွားမယ်” တိဟောက်က ပြောကာ ရှေ့သို့ တက်သွားသည်။ ရီဖူရှင်းက သွားရဲမှတော့ သူကလည်း မသွားရဲစရာ မရှိပေ။
“သတ္တမဓားနဲ့ တိဟောက်တို့က နန်းတွင်းမိသားစုဝင်တွေ မဟုတ်ဘူး။ ဒါတောင် သူတို့က တစ်ယောက်တည်း သွားရဲကြတယ်။ ငါတို့အနေနဲ့ တကယ်ပဲ တစ်အုပ်တည်း သွားလို့ မသင့်ဘူး။ လူစုခွဲမယ်” မင်းသား၃က ပြောသည်။
“ကောင်းပြီ” အားလုံးက သဘောတူကြသည်။ ယခင်ကလည်း အုပ်စုငယ်များခွဲကာ အမဲလိုက်ကြပေသည်။ ထိုသို့ လေ့ကျင့်ခြင်းကသာ ပိုမို၍ အကျိုးများ၏။
“သတိထားကြ” မင်းသား၃က ပြောသည်။ သူတို့အားလုံးက လူစုခွဲကာ ကိုယ်စီအမဲလိုက်ရန် ထွက်ခွာကြ၏။
***