နံပါတ်တစ်လက်ဖက်ရည်နဲ့ယှဉ်နိုင်တယ်! ၂
Vol. 45 Ch. 661
စနစ်ရဲ့အူလုံလက်ဖက်တွင် လက်ဖက်အမွှေးနံ့ +၂ အရည်အသွေးရှိသောကြောင့် လက်ဖက်နံ့က အလွန်နှစ်သက်စရာကောင်းသည်။
ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီမှာ လက်ဖက်နံ့ကြားတွင် အတော်နေလို့ကောင်းသလိုခံစားရသည်။
ဤသည်က အရည်အသွေး ၂ အူလုံလက်ဖက်၏အာနိသင်ကြောင့်ပင်။
ထိုထူးခြားသောခံစားချက်နှင့်တင် တော်ဝင်ပညာရှင်လီအံ့ဩနေသည်။
သူဌေးချင်ရဲ့လက်ဖက်ခြောက်က တကယ်အံ့ဩစရာကောင်းပုံရသည်။
သူမြည်းကြည့်ချင်သည်။
မကြာမီ_
ချင်လင်က လက်ဖက်ကတ်တီ ၁၂၀ ကိုလှော်ပြီး လက်ဖက်ခြောက်ကတ်တီ ၂၀ ကျော်ရလာသည်။ ထို့နောက် ၁ ကတ်တီထုတ်ပြီး ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီကိုပေးလိုက်သည်။
လက်ဖက်ခြောက် ၁ ကတ်တီကို သူတို့နှစ်ယောက်အကြာကြီးသောက်နိုင်သည်။
ပါမောက္ခရန်က လက်ဖက်ခြောက် ၅၀၀ ဂရမ်ရပြီး အံ့ဩသွားသည်။
အရင်က လက်ဖက်ရည်သောက်ဖူးသောကြောင့် ဒီလက်ဖက်ခြောက်ဘယ်လောက်ကောင်းမှန်းသူသိသည်။
အရင်က သူဌေးချင်ကိုတောင်းဖို့အားနာခဲ့သော်လည်း အခု ၅၀၀ ဂရမ်ရပြီး တော်ဝင်ပညာရှင်လီဆီမှ ၅၀ ဂရမ်တောင်းနိုင်သည်။ သူအကြာကြီးသောက်လို့ရပြီ။
ချင်လင်ကိုနှုတ်ဆက်ပြီးသည်နှင့် ပါမောက္ခရန်က တော်ဝင်ပညာရှင်လီကို လက်ဖက်ရည်ခန်းထဲတန်းခေါ်သွားသည်။
လက်ဖက်ရည်ခန်းမှာ ဧည့်သည်များလက်ဖက်ရည်သောက်ရန်သီးသန့်ပြင်ဆင်ထားခြင်းဖြစ်သည်။ အထဲတွင် အထူးလက်ဖက်ရည်စားပွဲတချို့ရှိပြီး နေ့တိုင်းသန့်ရှင်းပေးသောစားပွဲထိုးများရှိသည်။
လက်ဖက်ရည်စားပွဲကို အရည်အသွေး ၁ သစ်မွှေး၊နံ့သာနီနှင့်လုပ်ထားပြီး အထူးကြွေထည်လက်ဖက်ရည်ခွက်အစုံတည်ခင်းထားသည်။
ထိုလက်ဖက်ရည်ခွက်အစုံကလည်း ရိုးရိုးမဟုတ်။ အားလုံးဂိမ်းထဲတွင်ထည့်ထားသောရှေးဟောင်းပစ္စည်းများဖြစ်သည်။
ဂိမ်းထဲတွင်ထည့်ထားပြီး နှစ် ၁၀၀ နီးပါးရှိသွားသည်။
ထို့ကြောင့် ရှေးဟောင်းဟုယူဆနိုင်သည်။
ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီက ဒီလက်ဖက်ရည်ခန်းထဲ လက်ဖက်ရည်သောက်ရောက်ဖူးသည်။ တော်ဝင်ပညာရှင်လီကလည်းလက်ဖက်ရည်ကြိုက်သူဖြစ်၍ လက်ဖက်ခြောက်များပါလာသည်။
သို့ရာတွင် သူတို့နှစ်ယောက်မှာ သစ်မွှေးဖြစ်စေ၊ နံ့သာနီဖြစ်စေ၊ ဒါမှမဟုတ် ရှေးဟောင်းကြွေထည်လက်ဖက်ရည်ခွက်အစုံအကြောင်း ဘာမှမသိချေ။ လက်ဖက်ရည်ခန်းထဲမှစားပွဲနှင့်ခွက်အစုံက ကောင်းမှန်းသာသိသည်။ ဒီစားပွဲပေါ်မှာ လက်ဖက်ရည်ဖျော်ရတာတောင် အလွန်ပုံစံကျနေသည်။
"တော်ဝင်ပညာရှင်လီ... လုပ်ပါ''
ပါမောက္ခရန်က ထိုင်ခုံယူပြီး တော်ဝင်ပညာရှင်လီကိုဖိတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် တော်ဝင်ပညာရှင်လီလက်ဖက်ရည်နှပ်တာပိုကောင်းသည်။
တော်ဝင်ပညာရှင်လီက ဟိတ်ဟန်ထုတ်မနေ။ လက်ဖက်ရည်ခွက်အစုံကိုင်ပြီး လက်ဖက်ရည်စနှပ်သည်။ လက်ဖက်ရည်စားပွဲဘေးတွင် စမ်းရေတောင်ရှိသည်။
ခဏအကြာ လက်ဖက်ရည်တစ်အိုးနှပ်ပြီးသွားသည်။
တော်ဝင်ပညာရှင်လီက သူ့အတွက်တစ်ခွက်ငှဲ့ပြီး ပါမောက္ခရန်ကိုတစ်ခွက်ငှဲ့ပေးလိုက်သည်။
ပါမောက္ခရန်က လက်ဖက်ရည်ခွက်ယူပြီးသောက်လိုက်သည်။ သူသောက်ဖူးသောအရသာဖြစ်၍ စွဲမက်ပြီး_
"ဒီလက်ဖက်ရည်... ဒီအရသာ... သူဌေးချင်ကိုယ်တိုင်လုပ်တာလို့မထင်မိဘူး''
တော်ဝင်ပညာရှင်လီလည်း သူ့လက်ဖက်ရည်ခွက်ယူပြီး တစ်ငုံသောက်လိုက်ရာ သူ့မျက်လုံးများဝင်းလက်သွားပြီး_
"ဒီလက်ဖက်ရည်က အရသာရှိလိုက်တာ''
သူကအမှတ်တမဲ့ နောက်တစ်ငုံထပ်သောက်လိုက်သည်။ ဝင်းလက်နေသောသူ့မျက်လုံးများပိုတောက်သွား၏။ ထို့နောက် မယုံနိုင်သလိုဖြစ်နေသည်။
လက်ဖက်ရည်ရဲ့အမွှေးနံ့နဲ့လျှာပေါ်စွဲနေပုံက လက်ဖက်နှစ်ပင်မှတဟုန်ပေါင်ထက်မညံ့။
ထိုလက်ဖက်ခြောက်ဘယ်လောက်တန်ဖိုးရှိလဲ သူသိသည်။ လူအများစု မသုံးနိုင်။ မြို့တော်ကခေါင်းဆောင်တွေတောင် နည်းနည်းစီသာရသည်။
နှစ်ကြာသည်နှင့် လက်ဖက်နှစ်ပင်မှာကျဆင်းလာ၍ နှစ်တိုင်း ခေါင်းဆောင်တွေနည်းနည်းစီရတာတင် တော်လှပြီ။
သူလည်း ခေါင်းဆောင်ဆီမှတဟုန်ပေါင်သောက်ဖူးသည်။
လက်ဖက်ရည်ကြိုက်သူဖြစ်၍ တစ်ကြိမ်သောက်ပြီး အရသာကိုမှတ်မိနေဆဲပင်။
ဒီလက်ဖက်ခြောက်က တဟုန်ပေါင်ထက်လုံးဝမညံ့။ အထူးသဖြင့် သူ့ရှေ့တွင် သူဌေးချင်ကိုယ်တိုင်လုပ်ထားသော တစ်ကတ်တီရှိနေသည်။
လက်ဖက်ရည်ကြိုက်တဲ့မြို့ထဲကခေါင်းဆောင်တွေသာမြင်ရင် သူ့ကိုမနာလိုဖြစ်ကြလေမလား?
ချင်လင်က လက်ဖက်ခြောက်လှော်ပြီးနောက် အကျန် ၁၉ ကတ်တီကိုသူ့ရုံးခန်းထဲယူလာသည်။
အရင်ကျန်သောလက်ဖက်ခြောက်နှင့်ရောပြီး ဗီရိုထဲထည့်ထားလိုက်သည်။
"ချင်လင်... ကျွန်မ ရှင်နဲ့ဆွေးနွေးစရာရှိတယ်''
ကျောက်မိုချင်းရောက်လာပြီး ထိုင်လိုက်သည်။
"ဘာဖြစ်လို့လဲ?''
ချင်လင်ကဇဝေဇဝါနှင့်မေးသည်။
"ကျွန်မအဖေက ဌာနမှူးရာထူးတိုးသွားပြီ... ကျွန်မ သူ့ကိုအောင်ပွဲခံပေးချင်လို့... အမေကလည်း ဆွေမျိုးအရင်းအချာတွေကိုဖိတ်လိမ့်မယ်... ရှင် ဒီညစာချက်ပေးလို့ရမလား?''
ကျောက်မိုချင်းကရှင်းပြသည်။
ချင်လင်က အရေးကြီးကိစ္စတစ်ခုခုထင်ပြီး ကျောက်မိုချင်းကိုချက်ချင်းလှမ်းဆွဲကာ အသားယူပြီးမှ_
"ဘာလို့ဆွေးနွေးရမှာလဲ? ဒါကိုယ်တို့အဖေလေ... အောင်ပွဲခံပေးရမှာပေါ့ မဟုတ်ဘူးလား?''
မနှစ်ကတည်းက သူ့ယောက္ခထီးရာထူးတိုးမည်မှန်း သိထားသည်။
နံပါတ်တစ်အလယ်တန်းကျောင်းက တတိယနှစ်ကျောင်းသားတွေကိုစာပြခိုင်းသလို၊ ကောလိပ်ဝင်ခွင့်စာမေးပွဲဝင်ဖြေနှုန်းအရ တိုးတက်လာမည်။
သူ့ယောက္ခထီးက မနှစ်ကရည်မှန်းထားသည့်အတိုင်းဖြစ်ခဲ့၍ ဝမ်းသာစရာ။
နောက်ပြီး ဒီလိုပွဲမျိုးအတွက် မိသားစုဆွေမျိုးဆုံပြီးအောင်ပွဲခံကြတာ သဘာဝပင်။
ချင်လင်က ကျောက်မိုချင်းကိုစီစဉ်ခိုင်းလိုက်သည်။
သူ့ယောက္ခထီးအောင်ပွဲခံဖို့ နေရာစီစဉ်ရမည်။
အပန်းဖြေစံအိမ်ထဲလုပ်ဖို့မသင့်တော်။ မည်သို့ဆိုစေ တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က လာအပန်းဖြေနေပြီး လင်းလျိုတို့လည်းရှိသည်။ သူ့ယောက္ခမမိသားစုတင်မဟုတ်၊ တခြားဆွေမျိုးများကိုဖိတ်ရဦးမည်။
စားသောက်ဆိုင်က ခရီးသည်များကြောင့် ရုတ်တရက်ပိတ်လို့မဖြစ်။
ထို့ကြောင့် အသင့်တော်ဆုံးက စီမံရေးစားသောက်ခန်းပင်။ ဒီအတွက် ကျောက်မိုချင်းကစီစဉ်ရမည်။
ညနေပိုင်းတွင် သူ့ယောက္ခမ၊ယောက်ဖနှင့်လီကျားဝမ်တို့ အရင်ဆုံးရောက်လာသည်။ သူတို့ဖိတ်ထားသောဆွေမျိုးများက နောက်မှရောက်ကြမည်။
တစ်ဖက်တွင် သူ့ယောက္ခထီးက ကျောင်းကိစ္စများပြတ်မှသာလာရမည်။
လင်းဖန်လည်း စားသောက်ခန်းထဲအစောကြီးရောက်နေသည်။ သူမသူငယ်ချင်းကိုဘာလုပ်ပေးနိုင်မလဲ လိုက်ကြည့်သည်။
"ချင်လင်... ဒီည မင်းကိုဒုက္ခပေးရမှာပဲ''
သားမက်ဖြစ်သူက သားသမီးတာဝန်ကျေပွန်ပြီး ကိုယ်တိုင်ချက်ပြုတ်၍အောင်ပွဲခံပေးချင်သောကြောင့် ချန်ရှောက်က ချင်လင်အား ဝမ်းသာအားရပြောလိုက်သည်။
ဘယ်ယောက္ခမက မပျော်ဘဲနေမလဲ?
"အမေ... အဖေ့အတွက်အောင်ပွဲခံတာ ဘာလို့ဒုက္ခများရမှာလဲ?''
ချင်လင်ကချက်ချင်းပြောသည်။
သားမက်ဖြစ်သူ၏စကားကြောင့် ချန်ရှောက်ပိုပျော်သွားသည်။
ယောက္ခမတိုင်းက ဒီလိုသားမက်မျိုးလိုချင်ကြတာပဲမလား?
ချင်လင်က ချန်ရှောက်နှင့်သူ့ယောက်ဖကျောက်မိုယွင်ကိုနှုတ်ဆက်ပြီး စားဖိုဆောင်ထဲဝင်လာသည်။
သူ့ယောက္ခထီးရာထူးတိုးအောင်ပွဲခံဖို့ ရိုးရိုးအစားအသောက်ချက်လို့မဖြစ်။ ထို့ကြောင့် ငါးစားသောက်ပွဲ၊ သာမန်ဆေးစွပ်ပြုတ်နှင့်ဘဲဥထမင်းကြော်ချက်ရန်ပြင်လိုက်သည်။