ရှန်းရွှေလက်ဆောင်ဆန်တကယ်ဖြစ်ပြီ? အရည်အသွေးပိုကောင်းလာတယ်?
Vol. 45 Ch. 666
ချင်းလင်စံအိမ်ခရီးသည်များ ရေပေါ်တံတားနှင့်ပန်းပင်လယ်အကျယ်ကိုဖြတ်သွားသောအခါ စပါးခင်းအကျယ်ကြီးကိုမြင်ရမည်။
ခရီးသည်အတော်များများက ဇဝေဇဝါဖြစ်သွားလိမ့်မည်။ မည်သို့ဆိုစေ ချင်းလင်စံအိမ်လိုရှုမျှော်ခင်းနေရာမျိုးနှင့် ဒီလိုစပါးခင်းက သိပ်မလိုက်ဖက်။
အထူးသဖြင့် စပါးခင်းကိုတင်းတင်းကြပ်ကြပ်ကာထားသေးသည်။ အပြင်ဘောင်များရှိရုံသာမက သတိပေးဆိုင်းဘုတ်များလည်းရှိသည်။ ကြည့်ရတာ သာမန်စပါးဟုတ်ပုံမပေါ်။
ဒီရက်ပိုင်း ရွှေရောင်မှည့်ဝင်းနေသောစပါးခင်းကို စံအိမ်လာသောခရီးသည်များမြင်နိုင်သည်။ အနှံပြည့်ဝသောကြောင့် စပါးပင်များငိုက်နေလေသည်။
နောက်တစ်နေ့_
ချင်လင်နှင့်လီခိုင်က ယွီရွှေ့တို့စိုက်ပျိုးရေးဌာနဝန်ထမ်းများနှင့်အတူ အစောကြီးရောက်နေသည်။ အားလုံး စပါးရိတ်သိမ်းဖို့ရောက်နေခြင်းပင်။
ချန်တပေတောင် မနက်အစောကြီးရောက်လာသည်။
သူ့ကို ဘောင်းဘီလိပ်တင်ပြီး စပါးပျိုးပင်ဝင်စိုက်ခဲ့သူတစ်ယောက်ဟု သိထားကြသည်။
"ငါဆင်းကြည့်လိုက်မယ်''
လီခိုင်က အရင်ဆုံးလယ်ကွက်ထဲဆင်းသည်။ သူကစပါးပင်ရှေ့ငုတ်တုတ်ထိုင်ပြီး အနှံနည်းနည်းဆွတ်ကာ အခွံခွာကြည့်လိုက်သည်။
ခဏအကြာ ကျောက်စိမ်းလိုကြည်စိမ်းနေသောဆန်စေ့များ လီခိုင်လက်ထဲကျလာသည်။
ဒီဆန်စေ့ပုံစံက အရင်ညီလေးချင်ယူလာဖူးသော ရှန်းရွှေလက်ဆောင်ဆန်နှင့်တူသည်။
ထိုဆန်စေ့များကြောင့် လီခိုင်မျက်လုံးများအရောင်တောက်သွားပြီး အမှတ်တမဲ့ သူ့ပါးစပ်ထဲတန်းထည့်လိုက်သည်။
ချိုမြိန်သောအရသာက ချက်ချင်း သူ့ပါးစပ်ထဲစိမ့်ဝင်သွားသည်။
မချက်ရသေးသော်လည်း ရှန်းရွှေလက်ဆောင်ဆန်ကိုအောင်အောင်မြင်မြင်ပျိုးထောင်နိုင်ပြီဖြစ်ကြောင်း လီခိုင်အတပ်ပြောနိုင်သည်။
လီခိုင်ကချက်ချင်း စိတ်လှုပ်ရှားသံနှင့် ချင်လင်အား_
"ညီလေးချင်... ရပြီ.. ရပြီ.. ရှန်းရွှေလက်ဆောင်ဆန်ရပြီ... အခု ဒီဆန်ဘယ်လောက်အထိအရည်အသွေးကောင်းလဲ ကြည့်ရတာပေါ့''
ချင်လင်က ရှန်းရွှေလက်ဆောင်ဆန်ရပြီမှန်းသိသည်။ လီခိုင်စိတ်လှုပ်ရှားနေပုံကြောင့် သူကသရုပ်ဆောင်မုဒ်သုံးကာ အံ့ဩနေသောမျက်နှာထားနှင့်_
"တကယ်လား?''
လီခိုင်က အားရပါးရခေါင်းညိမ့်ပြီး ချက်ချင်းစပါးနှံနည်းနည်းထပ်ဆွတ်ကာ အခွံခွာလိုက်သည်။ ထို့နောက် ချင်လင်ပါးစပ်နားထိုးပေးပြီး_
"ညီလေးချင်... မြည်းကြည့်... ချက်တောင်မချက်ရသေးဘူး... အရသာက ချိုနေပြီ''
ဆန်စေ့များပါးစပ်ထဲရောက်လာပြီး ချိုတိုတိုအရသာကို ချင်လင်ခံစားမိသည်။ ချက်ပြီးရင် အရမ်းအရသာရှိလိမ့်မည်။
အရသာနှင့်တင် အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်မှန်း သူသိသည်။
လီခိုင်က ယွီရွှေ့တို့ဘက်လှည့်ပြီး_
"လာရိတ်သိမ်းလို့ရပြီ... ဧကတွက်ချက်ပြီး ဘယ်လောက်ရလဲမှတ်ထားပါ''
"ကောင်းပါပြီ ပါမောက္ခလီ''
ယွီရွှေ့ကချက်ချင်းခေါင်းညိမ့်ပြီး စိုက်ပျိုးရေးဝန်ထမ်းများကိုလယ်ကွက်ထဲခေါ်ကာ ရိတ်သိမ်းတော့သည်။
စိုက်ပျိုးရေးဝန်ထမ်းအများစုမှာ အသက်ကြီးပြီး အားလုံးလိုလို အရင်ကလယ်ထဲဆင်းဖူးသူများဖြစ်၍ စပါးရိတ်သိမ်းရတာ ခက်ခက်ခဲခဲမဟုတ်။
နေ့ဝက်ကျိုးချိန်တွင် ယွီရွှေ့နှင့်စိုက်ပျိုးရေးဝန်ထမ်းများ စပါးရိတ်သိမ်းပြီး၍ စချိန်ကြည့်ကြသည်။
"တစ်ဧက ဘယ်လောက်ရလဲ?''
ယွီရွှေ့တို့ချိန်ပြီးသည်နှင့် လီခိုင်ကချက်ချင်းမေးသည်။
"တစ်ဧက ၁၅၀၀ ကတ်တီထွက်ပါတယ်''
ယွီရွှေ့က တအံ့တဩနှင့်ပြောသည်။
"အဲလောက်အများကြီး?''
လီခိုင်အံ့အားသင့်သွားသည်။
အများကြီးထွက်နေသည်။
သူသိထားပုံအရ ရှန်းရွှေလက်ဆောင်ဆန်က တစ်ဧကကတ်တီ ၁၀၀၀ မှ ၁၂၀၀ အထိသာထွက်သည်။ ၃၀၀ တောင်ပိုများသည်။
လီခိုင်ကစိတ်လှုပ်ရှားစွာနှင့် စပါးပုံထဲမှတစ်ဆုပ်ယူလိုက်ပြီး_
"ညီလေးချင်... ငါ ဓာတ်ခွဲခန်းသွားပြီး ရှန်းရွှေကဆန်နဲ့တူမတူ ပါဝင်ဖွဲ့စည်းပုံစမ်းကြည့်မယ်... မင်း နေ့လယ်ပိုင်း စပါးကြိတ်ပြီး အရသာစမ်းလို့ရတယ်''
ချင်လင်ခေါင်းညိမ့်လိုက်သည်။ လီခိုင်ထွက်သွားပြီးနောက် ယွီရွှေ့တို့ကို ရှန်းရွှေလက်ဆောင်ဆန်ကြိတ်ခိုင်းသည်။ စိုက်ပျိုးရေးဌာနက ဆန်ကြိတ်စက်အသင့်ပြင်ထားသည်။
ချင်လင်က ယွီရွှေ့ကို စိုက်ပျိုးရေးဌာနတွင် ရှန်းရွှေလက်ဆောင်ဆန်ကြိတ်ခိုင်းလိုက်သည်။ ယွီရွှေ့နောက်လိုက်၍စစ်ဆေးပြီးမှ ဆန်တစ်ထုပ်ယူပြီး အပန်းဖြေစံအိမ်ရုံးခန်းထဲပြန်လာခဲ့သည်။
သူကတံခါးလော့ချပြီး ဂိမ်းထဲဝင်၍ ရှန်းရွှေလက်ဆောင်ဆန်မှတ်ချက်ကိုကြည့်လိုက်သည်:
(ရှန်းရွှေလက်ဆောင်ဆန်: အရည်အသွေး ၁)
(လျှို့ဝှက်ပျိုးထောင်ထားသော အထူးဆန်မျိုးဖြစ်သည်။ အလွန်ရှားပါးပြီး အာဟာရတန်ဖိုးကြွယ်ဝသည်။
အာဟာရကြွယ်ဝခြင်း +၁၊ အရသာ +၁၊ စားကောင်းခြင်း +၁၊ နုပျိုစေခြင်း +၁)
ဂိမ်းမျိုးစေ့ရှန်းရွှေလက်ဆောင်ဆန်လို အရည်အသွေးမျိုးရှိသည်။
ဒီလိုအဖြစ်မျိုးကြုံတာလည်း ဒါပထမဆုံး။
အရင် ဂိမ်းမှထုတ်ယူခဲ့သောမျိုးစေ့အရည်အသွေးက စိုက်ပျိုးပြီးလျှင်ကျဆင်းသွားသည်။
ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့က အရည်အသွေး ၁။ လက်တွေ့ဘဝမှာ အောင်မြင်စွာစိုက်ပျိုးပြီးနောက်ပိုင်း အရည်အသွေး ၁ ရှိနေဆဲဖြစ်ပြီး ကျဆင်းမသွားပေ။
ဂိမ်းမျိုးစေ့က မျိုးစိတ်ပြောင်းနိုင်စွမ်းရှိပြီး ပတ်ဝန်းကျင်နှင့်အလိုက်သင့်ရှိနိုင်သည်ဟူသောအရည်အသွေးနှင့် ဆက်စပ်နေလိမ့်မည်။
အစပိုင်း ရှန်းရွှေလက်ဆောင်ဆန်ကိုတခြားနေရာမှာစိုက်မရ။ အထူးမြေကြီးနှင့်မှသာ မျိုးစိတ်ပြောင်းပြီး ချင်းလင်စံအိမ်ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်သည်။
လိုက်လျောညီထွေဖြစ်ပြီးမှတော့ အရည်အသွေးမကျတော့။
သို့ရာတွင် ဂိမ်းမျိုးစေ့သာ ဒီလိုပတ်ဝန်းကျင်နှင့်အလိုက်သင့်ဖြစ်သည်။
စံအိမ်ထဲစိုက်ထားတဲ့ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့က တခြားနေရာမှာဖြစ်မဖြစ် သူမသိ။
မည်သို့ဆိုစေ ရှန်းရွှေလက်ဆောင်ဆန်က ပတ်ဝန်းကျင်ကန့်သတ်ချက်အလွန်များသည်။
ချင်လင်က ရှန်းရွှေလက်ဆောင်ဆန်အိတ်ကို ဂိမ်းထဲမှပြန်ထုတ်လာသည်။ ထို့နောက် ထိုအိတ်ကိုစားဖိုဆောင်ထဲယူသွားပြီး ဆရာလင်းဆီပေးလိုက်သည်။
…
နေ့လယ်ပိုင်း_
အပန်းဖြေစံအိမ်စားသောက်ခန်းထဲ၌ တော်ဝင်ပညာရှင်လီ၊ ပါမောက္ခရန်နှင့် လင်းလျိုတို့ထိုင်နေကြသည်။ သူတို့အားလုံး စူးစမ်းနေကြ၏။
အကြောင်းမှာ သူဌေးချင်က စံအိမ်ထဲစိုက်ပျိုးထားသောဆန်ကိုဖိတ်ကျွေးချင်သည်ဟု စားပွဲထိုးတစ်ယောက်က အသိပေးထားသောကြောင့်ပင်။
ဒီအကြောင်း အရမ်းသိချင်နေကြသည်။
လင်းလျိုနှင့်ထန်ဝမ်လည်း ဆွေးနွေးနေသည်။