အင်တိုက်အားတိုက်! အကျိုးအမြတ်က ခန့်မှန်းရခက်!
Vol. 45 Ch. 668
တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က လီခိုင်လက်ထဲမှစမ်းသပ်ချက်ကိုယူလိုက်သည်။
စမ်းသပ်ချက်အကြောင်းအရာကို သူတို့ချက်ချင်းနားလည်သည်။
ချင်းလင်စံအိမ်မှရှန်းရွှေလက်ဆောင်ဆန်တွင် အာဟာရအမျိုးမျိုးနှင့်နုပျိုစေသောဓာတ်များပါဝင်ပြီး ရှန်းရွှေမှဆန်ထက် အဆပေါင်းများစွာသာသည်။
သူတို့နှစ်ဦး မအံ့ဩဘဲမနေနိုင်။
"ဒီစမ်းသပ်ချက်က ဆန်မျိုးအသစ်လို့တောင်ပြောလို့ရတယ်''
ပါမောက္ခရန်က တအံ့တဩပြောသည်_
"ရှန်းရွှေလက်ဆောင်ဆန်လုံးလုံးမဟုတ်တော့ဘူး''
"ပါမောက္ခလီ... ရှန်းရွှေလက်ဆောင်ဆန်ရဲ့အခြေအနေကဘယ်လိုလဲ?''
တော်ဝင်ပညာရှင်လီက လီခိုင်ကိုမေးသည်_
"ကျယ်ကျယ်ပြန့်ပြန့်စိုက်လို့ရလား?''
လီခိုင်က သေချာအာမမခံနိုင်သောကြောင့်_
"တော်ဝင်ပညာရှင်လီ... ကျွန်တော် မသိသေးပါဘူး... နေရာအနှံ့ စမ်းသပ်ကြည့်ရဦးမယ်... ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်က ပတ်ဝန်းကျင်အရမ်းရွေးတယ်''
"ဒါဆို နောက်နှစ်မှသိရမှာပေါ့?''
တော်ဝင်ပညာရှင်လီ မျက်မှောင်ကြုတ်လိုက်သည်။
ရှန်းရွှေလက်ဆောင်ဆန်ကနောက်ကျမှမှည့်ပြီး ဒီနှစ်စိုက်ပျိုးချိန်လွန်မှန်း သူသိသည်။ ဆောင်းတွင်းကျ စပါးဖြစ်မည်မဟုတ်ပေ။
"နောက်နှစ်အထိစောင့်စရာမလိုပါဘူး''
လီခိုင်က ရှင်းပြသည်_
"ကျွန်တော်တို့ရှန်းရွှေလက်ဆောင်ဆန်က ရာသီကန့်သတ်ချက်မရှိဘူး... ဆောင်းတွင်းစိုက်လို့ရတယ်''
ရှန်းရွှေလက်ဆောင်ဆန်စမ်းသပ်ရင်း ချင်းလင်ဖရဲသီးနှင့်တူသော အထူးဓာတ်တစ်မျိုးတွေ့ရသည်။
ထိုအထူးဓာတ်ကို သူရင်းရင်းနှီးနှီးသိသည်။ သူ့အပူချိန်နိမ့်မျိုးစိတ်များစမ်းသပ်သည့်အတောအတွင်း ချင်းလင်ဖရဲသီးကိုသုတေသနအများကြီးလုပ်ထားသည်။
ဒီအထူးပစ္စည်းကြောင့် ချင်းလင်ဖရဲသီးက ရာသီကန့်သတ်ချက်မရှိဘဲ ဆောင်းတွင်းမှာပုံမှန်အတိုင်းကြီးထွားနိုင်ခြင်းဖြစ်သည်။
အခုရှန်းရွှေလက်ဆောင်ဆန်မှာလည်း ဒီအထူးပစ္စည်းပါလာ၍ ရှန်းရွှေလက်ဆောင်ဆန်ကိုဆောင်းတွင်းစိုက်နိုင်သည့်သဘောပင်။
ရှန်းရွှေကဆန်ထက်ပိုအားသာသော နောက်အချက်တစ်ချက်ဖြစ်သည်။
နောက်ပြီး ချင်းလင်ဖရဲသီးနှင့်ရှန်းရွှေလက်ဆောင်ဆန်က အထူးမြေကြီးမှဖြစ်၍ တချို့လက္ခဏာတွေတူတာ အံ့ဩစရာတော့မရှိ။
တိတိကျကျအကြောင်းရင်းကိုမူ ချင်လင်တစ်ယောက်တည်းသာသိသည်။
ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့နှင့်ဖရဲမျိုးစေ့က ဂိမ်းထုတ်ကုန်ဖြစ်၍ ရာသီကန့်သတ်ချက်မရှိသောအရည်အသွေးပါခြင်းဖြစ်သည်။
လီခိုင်စကားကြောင့် တော်ဝင်ပညာရှင်လီကအလောတကြီးမေးသည်_
"ပါမောက္ခလီ... မင်းတို့ချင်းလင်ဓာတ်ခွဲခန်းက ဘယ်အချိန်စမ်းသပ်မှုစမလဲ?''
"စပါးမျိုးစေ့ရိတ်သိမ်းပြီးချိန်အထိ စောင့်ရပါဦးမယ်''
လီခိုင်က ရှင်းပြသည်_
"ပြီးတော့ စမ်းသပ်စိုက်ပျိုးဖို့အတွက် တခြားလယ်မြေတွေကိုသွားပြီး စာချုပ်ချုပ်ရပါမယ်''
ရှန်းရွှေလက်ဆောင်ဆန်အများစုကိုရိတ်သိမ်းပြီးဖြစ်သော်လည်း တချို့ကိုမျိုးစေ့အဖြစ်ချန်ထားသည်။
ပုံမှန်အတိုင်းဆို ဆန်မျိုးစေ့ကိုသေချာရွေးရသည်။ သို့ရာတွင် ဒီရှန်းရွှေလက်ဆောင်ဆန်တစ်သုတ်က အနှံပြည့်သည်။ နည်းနည်းလေ့လာကြည့်လိုက်ရာ အထူးရွေးစရာမလိုပေ။
"ရှောင်လီ''
ပါမောက္ခရန်က အလျင်စလိုဝင်ပြောသည်_
"လယ်တွေနဲ့စာချုပ်ချုပ်ပြီးရင် အသိပေးဦး... ငါတို့ အခြေအနေလိုက်ကြည့်ချင်တယ်''
လီခိုင်လည်း ခေါင်းညိမ့်လိုက်သည်။
ဒါက ကိစ္စမရှိ။
ရုံချန်းပတ်ဝန်းကျင်နှင့်အလိုက်သင့်ဖြစ်သောရှန်းရွှေလက်ဆောင်ဆန်က တခြားနေရာမှာဖြစ်မဖြစ် ချင်လင်လည်းသိချင်သည်။
ထို့ကြောင့် ရှန်လီကိုအရင်ဆုံးအသိပေးပြီး ရုံချန်းနေရာအသီးသီးနှင့် မင်မြို့တော်မှတခြားစီရင်စုများ၊မြို့နယ်များအထိသွားစေကာ စမ်းသပ်စိုက်ပျိုးရန် လယ်ကွက်များကိုစာချုပ်ချုပ်စေသည်။
သူက ရှန်းရွှေလက်ဆောင်ဆန်ကို ဓာတ်ခွဲခန်းမှာမြှင့်တင်ရန်စီစဉ်ထားသည်။
ပထမအချက်အနေနှင့် ရှန်လီတို့ကအတွေ့အကြုံပိုရှိသည်။ တောင်တန်းစံအိမ်က ဒီလိုလုပ်နိုင်စွမ်းမရှိ။ တောင်တန်းစံအိမ်မှာ မရမကဆက်လုပ်ရင် အချိန်ဖြုန်းရာကျမည်။
သို့ရာတွင် စံအိမ်မှာ အရင်စာချုပ်ချုပ်ထားသောမြေဧက ၅၀၀၀ ရှိပြီး အများစုကလွတ်နေဆဲဖြစ်၍ လယ်ကွက်များပိုဖွင့်နိုင်သေးသည်။
နောက်ပြီး ရှန်းရွှေလက်ဆောင်ဆန်စိုက်ဖို့လယ်ကွက်များများလည်း စာချုပ်ချုပ်ချင်သည်။
ရှန်းရွှေလက်ဆောင်ဆန်က ပတ်ဝန်းကျင်ဘယ်လောက်ရွေးရွေး ဒီပတ်ဝန်းကျင်မှာလိုက်လျောညီထွေဖြစ်နေပြီ။ ဆန်မျိုးအသစ်ကို ချင်းလင်စံအိမ်အနီးအနားမှာ သေချာပေါက်စိုက်မည်။ ဒါမှအပင်ဖြစ်ဖို့ပိုလွယ်မည်။
ရှန်းရွှေလက်ဆောင်ဆန်ကိုကျယ်ကျယ်ပြန့်ပြန့်စိုက်နိုင်သရွေ့ ကောင်းကောင်းဖုံးကွယ်နိုင်လိမ့်မည်။ အဲဒီအချိန်ကျရင် ဂိမ်းထဲကရှန်းရွှေလက်ဆောင်ဆန်ကို သူထုတ်ချင်သလောက်ထုတ်၊ ဘယ်သူမှသံသယရှိမည်မဟုတ်ပေ။
ဒုတိယအချက်အနေနှင့် ရှန်းရွှေလက်ဆောင်ဆန်ကိုသုတေသနဆက်လုပ်ရဦးမည်။ တခြားနေရာမှာရိတ်သိမ်းတဲ့စပါးကတစ်ခုခုဖြစ်ခဲ့ရင်တောင် ချင်းလင်ဓာတ်ခွဲခန်းကဆက်လေ့လာနိုင်သည်။ တစ်နေ့ကျ ပိုကောင်းတဲ့ဆန်မျိုးပါထွက်ကောင်းထွက်လာနိုင်သည်။
စံအိမ်မှ ၁၀၀% ရှယ်ယာ၊ ဓာတ်ခွဲခန်းရှယ်ယာနှင့် တခြားရှယ်ယာများက အခုသူ့အတွက်ကိစ္စမရှိ။
အသင့်တော်ဆုံးနေရာမှာထားနိုင်မှ သူ့တန်ဖိုးကောင်းကောင်းရမည်။
တိုးတက်လာသောမျိုးစိတ်ကို ဓာတ်ခွဲခန်းကသာ သုတေသနလုပ်နိုင်သည်။
သို့ရာတွင် ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်သောမူပိုင်က စံအိမ်ရှယ်ယာဖြစ်ဖို့လည်းလိုသည်။
ဤနည်းဖြင့် လုပ်ငန်းလွတ်လပ်မှုအဆင့်ပိုမြင့်လာပြီး နောက်ဆုံးသူ့စကားအတည်ဖြစ်မည်။
နောက်ပိုင်း စပါးမျိုးစေ့သိမ်းချိန်ကျလာသည်။
စပါးမျိုးစေ့သိမ်းခြင်းက စပါးရိတ်သိမ်းခြင်းနှင့်မတူ။ စပါးမျိုးစေ့ကိုနေပြပြီး ရေပါဝင်မှုကို ၁၅% မှာထိန်းထားရသည်။
အကြောင်းအရင်းကို ချင်လင်မသိ။
ဤအချက်က အကြီးအကဲယွမ်၏မျိုးဆက်မှ သုတေသနကောက်ချက်ပင်။
ယွီရွှေ့၏စိုက်ပျိုးရေးဌာနက ဒီကိစ္စများကိုကိုင်တွယ်နိုင်သည်။ သူတို့က ဒီအပိုင်းမှာကျွမ်းကျင်သည်။
ရှေ့လျှောက် ယွီရွှေ့ကစိုက်ပျိုးရေးဌာနကိုဦးဆောင်ပြီး ရှန်းရွှေလက်ဆောင်ဆန်စိုက်ရန် လယ်ကွက်များထပ်ဖွင့်ရမည်။
ရှန်လီမှာ ချင်လင်၏ညွှန်ကြားချက်ရပြီး နည်းနည်းကြောင်သွားသည်။
အရင်က ဘာသတင်းမှမကြားသောကြောင့်ပင်။
ပါမောက္ခလီခိုင်ကဘယ်လိုလုပ်ပြီး ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်လိုက်တာလဲ?
ရုံချန်းကိုမလာခင်က ရှန်းရွှေလက်ဆောင်ဆန်အကြောင်း သူမသိပေ။ ဘာပဲဖြစ်ဖြစ် ဒီလိုဇိမ်ခံဆန်မျိုးက သူ့ဘဝနှင့်အလှမ်းဝေးလွန်းသည်။
သို့ရာတွင် ဥက္ကဌချင်ဆီရောက်လာပြီးနောက် သိဖူး၊စားဖူးပြီ။ ဒီပစ္စည်းဘယ်လောက်ရှားလဲ၊ ဘယ်လောက်ပျိုးထောင်ရခက်လဲ သူသိသည်။