အင်တိုက်အားတိုက်! အကျိုးအမြတ်က ခန့်မှန်းရခက်! ၂
Vol. 45 Ch. 669
အခု ပါမောက္ခလီခိုင်က ရှန်းရွှေလက်ဆောင်ဆန်ကိုတကယ်ပျိုးထောင်နိုင်ပြီတဲ့။
ဒါချင်းလင်ဖရဲသီးနောက်ပိုင်း ချင်းလင်ဓာတ်ခွဲခန်း၏ဒုတိယမြောက်ထုတ်ကုန်ဖြစ်လာလိမ့်မည်။
သို့ရာတွင် ရှန်းရွှေလက်ဆောင်ဆန်ဟုဆက်ခေါ်၍မဖြစ်။ ချင်းလင်ဆန်ဟုခေါ်ရမည်။
အထက်ကလူတွေအထူးမှာရင် ချင်းလင်လက်ဆောင်ဆန်ဖြစ်မည်။
ထို့ကြောင့် ရှန်လီလည်း အရင်ဆုံး ရုံချန်းပတ်ဝန်းကျင်စီရင်စုများတွင် စမ်းသပ်စိုက်ပျိုးမည့်လယ်ကွက်များကို စာချုပ်လိုက်ချုပ်သည်။
ရှန်းရွှေလက်ဆောင်ဆန်ကိုအကြီးအကျယ်ထုတ်လုပ်နိုင်မလား သူလည်းသိချင်သည်။
ရှန်လီ၏လှုပ်ရှားမှုကြောင့် ရုံချန်း၊နင်းမြို့တော်နှင့်တခြားစီရင်စုမှအစိုးရအရာရှိများသိသွားကြသည်။
ချင်းလင်အားဖြည့်လက်ဖက်ရည်ကို နင်းမြို့တော်ကိုနှိုက်ယူသွားပြီးနောက်ပိုင်း အိမ်နီးချင်းစီရင်စုများကလည်း ချင်းလင်ကုမ္ပဏီနှင့်ချင်းလင်ဓာတ်ခွဲခန်းကိုမျက်စိဒေါက်ထောက်ကြည့်ပြီး ကြက်ခိုးဖို့အခွင့်အရေးရှိမရှိစောင့်နေကြသည်။
အောင်မြင်ရင် ချင်းလင်ကုမ္ပဏီ၏အကျိုးရလဒ်များကြောင့် သူတို့အလုပ်သမားပြဿနာကိုဖြေရှင်းနိုင်ပြီး ဝင်ငွေတိုးလာမည်။
အထူးသဖြင့် ချင်းလင်ဖရဲသီးက စျေးကွက်ကိုရိုက်ခတ်ပြီးနောက်ပိုင်း တခြားစီရင်စုများက ချင်းလင်ဓာတ်ခွဲခန်းကိုဆက်သွယ်ပြီး သူတို့ဆီမှာ ဖရဲသီးစိုက်၍ရမရသိချင်ကြသည်။
ထို့ကြောင့် ရှန်လီလက်အောက်မှစီမံရေးတာဝန်ခံတချို့ကို ထိုစီရင်စုကလူများ လာရောက်ဆက်သွယ်ကြလေ့ရှိသည်။
ဖရဲသီးကို ရုံချန်းမှာတင်စိုက်နိုင်သည်မဟုတ်၊ တခြားနေရာများမှာလည်း စိုက်နိုင်သည်။
ယခု ချင်းလင်ဓာတ်ခွဲခန်းက မင်မြို့တော်စီရင်စုအသီးသီးရှိလယ်ကွက်များကို ရုတ်တရက်အင်တိုက်အားတိုက်စာချုပ်ချုပ်နေပြီ။ သူတို့တစ်ခုခုကြီးကြီးမားမားလုပ်တော့မည်။
ထို့ကြောင့် စီရင်စုအားလုံးကလည်း အခြေအနေကိုစုံစမ်းမေးမြန်းကြ၏။
ရုံချန်းက တိုက်ရိုက်အကျဆုံးပင်။ သတင်းထွက်လာသောအခါ ချန်လီကိုချက်ချင်း ချင်းလင်စံအိမ်သွားပြီးမေးမြန်းစေသည်။
စံအိမ်မှာ ချင်လင်ကိုမတွေ့။
ချင်လင်ရုံးခန်းက ဒီမှာမရှိတော့။
ချင်လင်ကိုဖုန်းဆက်လိုက်မှ ကောင်းယောင်ယောင်နှင့် ချင်းလင်အပန်းဖြေစံအိမ်လာဖို့စီစဉ်ပေးသည်။
ချင်းလင်အပန်းဖြေစံအိမ်အကြောင်း ချန်လီအတော်သိချင်နေသည်။
ချင်းလင်အပန်းဖြေစံအိမ်က အထက်တန်းစားနေရာ၊ ပိုက်ဆံရှိတိုင်း နေလို့မရသောနေရာဟူ၍ အားလုံးသိထားကြသည်။
သို့ရာတွင် ချင်းလင်အပန်းဖြေစံအိမ်အကြောင်း စီရင်စုကလူတွေသိပ်မသိ။ သူတို့မရောက်ဖူး။ ဒီအကြောင်းစုံစမ်းဖို့လည်း လူမလွှတ်ခဲ့ပေ။ ကြော်ငြာဗီဒီယိုများမှာသာမြင်ဖူးသည်။
ချန်လီကနောက်မှလိုက်ရင်း အပန်းဖြေစံအိမ်ထဲရောက်လာရာ အပြင်နှင့်ကာခြားထားသော ရွှေရောင်အခင်းအကျင်းပန်းတံတိုင်းကိုတွေ့ရသည်။
ထိုပန်းတံတိုင်းများက တစ်ချက်ကြည့်ရုံနှင့် ရင်သပ်ရှုမောစရာ။ ဗီဒီယိုထဲမှအတွင်းပိုင်းရှုခင်းနှင့်မယှဉ်သာသော်လည်း အလွန်ထူးခြားသောတံတိုင်းများဖြစ်လေသည်။
"လက်ထောက်ချန်... ဝင်ခဲ့ပါ!''
ကောင်းယောင်ယောင်က ချန်လီကိုအပန်းဖြေစံအိမ်ထဲဖိတ်လိုက်သည်။
အပန်းဖြေစံအိမ်အတွင်းမြင်ကွင်းကို ချန်လီအလွန်စိတ်ဝင်စားနေသည်။ ဗီဒီယိုထဲကရှုခင်းမှာ အတော်လေးလှသည်။
သို့ရာတွင် အပန်းဖြေစံအိမ်ထဲဝင်လိုက်သောအခါ ထိုလှပသောရှုခင်းက ဒုတိယဖြစ်သွား၏။ စံအိမ်ထဲဝင်ဝင်ချင်း ထူးထူးခြားခြားသန့်စင်သောလေက သူ့ကိုလန်းလန်းဆန်းဆန်းဖြစ်သွားစေသည်။
ဒီလိုအသက်ကောင်းကောင်းရှူရတဲ့ခံစားချက်မျိုးမရတာ အတော်ကြာခဲ့ပြီ။ သူငယ်ငယ်က ကျေးလက်မှာပဲ ဒီလိုလေအရည်အသွေးမျိုးရတာမလား?
"မန်နေဂျာကောင်း... အပန်းဖြေစံအိမ်ထဲက လေအရည်အသွေးကောင်းလှချည်လား?''
ချန်လီမအံ့ဩဘဲမနေနိုင်။
ဒီလိုလေအရည်အသွေးနဲ့၊ လှပတဲ့မြင်ကွင်းမျိုးနဲ့၊ ဒီမှာလာအပန်းဖြေတဲ့သူတွေ ကြည်နူးစရာအတွေ့အကြုံမျိုးရမှာ အသေအချာပဲမလား?
ကောင်းယောင်ယောင်က ရှင်းပြသည်_
"ပါမောက္ခလီခိုင်က ပန်းပွားမြက်မျိုးအသစ်ပျိုးထောင်လိုက်ပုံရပါတယ်... အဲဒီမြက်က လေသန့်စင်ပေးတယ်... ဒီအပန်းဖြေစံအိမ်ထဲမှာ အများကြီးရှိလို့ လေအရည်အသွေးအရမ်းကောင်းနေတာပါ''
"အဲလိုမြက်မျိုး တကယ်ရှိလား? ဒါဆိုရင် အခု အဲဒီပန်းပွားမြက်ကို စိုက်ပျိုးနိုင်ပြီလား?''
ချန်လီအံ့အားသင့်သွားသည်။ သူ့မျက်လုံးများတွင် မယုံနိုင်ပုံနှင့်။
နိုင်ငံထဲမှာ လေထုအခြေအနေဘယ်လောက်ဆိုးရွားကြောင်း သူသိသည်။
ရုံချန်းကဖွံ့ဖြိုးအောင်လုပ်နေသော်လည်း စက်မှုဇုံတွင် စက်ရုံအရေအတွက်တိုးလာသည်နှင့်အမျှ လေအရည်အသွေးလည်း ကျဆင်းလာသည်။
ဒီလိုလေသန့်စင်နိုင်တဲ့ပန်းပွားမြက်မျိုးရှိရင် ရုံချန်းတစ်ခုလုံးမဖြစ်မနေစိုက်ဖို့ သူအကြံပြုမည်။
လေအရည်အသွေးကလည်း သူတို့ဒေသဆိုင်ရာခရီးသွားအစီအစဉ်အတွက် အလွန်အရေးပါသည်။
နောက်ပြီး ဒီတန်ဖိုးကိုသူသိသည်။ ပေကျင်းလိုမြို့ကြီးတွင် ဒီနှစ်အမှုန်အမွှားသန့်စင်ရေးကုန်ကျစရိတ်က ဘီလီယံ ၇၆၀ ရှိလိမ့်မည်။
ထိုအထဲတွင် မြို့တွင်းလေထုသန့်စင်ရေးက ၁၀ ဘီလီယံကျော်ကျမည်။
ကြောက်စရာကောင်းသော အသုံးစရိတ်ပင်။
ဒီလိုပန်းပွားမြက်မျိုးသာရှိရင် ပန်းခင်းတွေ၊ အလှစိုက်ပင်တွေ၊ ရှုခင်းတွေနဲ့ မြို့တော်ရဲ့တခြားနေရာတွေမှာစိုက်လိုက်ရင် လေယာဉ်နဲ့အမြှောက်တွေဝယ်ဖို့ ပိုက်ဆံဘယ်လောက်များစုမိမလဲ?
ပြည်သူအကျိုးအတွက်အသုံးချရင်တောင် ပြည်သူလူထု၏အကျိုးအမြတ်အသီးသီးက အကြီးအကျယ်တိုးတက်လာမည်။
ကောင်းယောင်ယောင်က ခေါင်းခါပြီး_
"လက်ထောက်ချန်... အသေးစိတ်ကို ကျွန်မမသိပါဘူး... ဒါပေမဲ့ သုတေသနအောင်မြင်ပြီလို့တော့ မထင်ဘူး... အောင်မြင်ပြီဆိုရင် ချင်းလင်ဓာတ်ခွဲခန်းက သေချာပေါက်လှုပ်ရှားမှာပါ''
ထိုစကားက ချန်လီကိုသတိပေးလိုက်သလိုပင်။
အခု ချင်းလင်ဓာတ်ခွဲခန်းက လှုပ်ရှားနေတာမလား?
ဒီလေသန့်စင်နိုင်တဲ့ပန်းပွားမြက်မျိုးကိုစမ်းသပ်အောင်မြင်လို့ အပင်စိုက်ဖို့နေရာရှာနေရတာမလား?
ဒီလိုသာဆိုရင် ချင်းလင်ဓာတ်ခွဲခန်းကတော့ နောက်ထပ်အံ့ဩစရာတစ်ခုကိုလုပ်နိုင်ပြန်ပြီပေါ့။
ဒါကြောင့်လည်း သူမျှော်လင့်မိသည်။
ချန်လီက ကောင်းယောင်ယောင်နောက်လိုက်ပြီး ချင်လင်ရုံးချန်းထဲရောက်လာရာ အမျိုးသမီးသုံးဦးကိုတွေ့သည်။
ထိုအမျိုးသမီးသုံးဦးကို သူသိသည်။ စံအိမ်မှာ သုံးလေးကြိမ်ဆုံဖူးသည်။ ဒီအမျိုးသမီးသုံးဦးရဲ့အမျိုးသားတွေက ရုံချန်းမှာနာမည်ရှိနေ၍ သူတို့အာရုံစိုက်ထားရသည်။
နှစ်ယောက်က ရုံချန်းမှာ ယွမ်သန်း ၄၀၀ ရင်းနှီးမြှုပ်နှံထားပြီး ရုံချန်းတွင်အကောင်းဆုံးရင်းနှီးမြှုပ်နှံသူများဖြစ်သည်။ စီရင်စုက သူတို့နှင့်အဆက်အသွယ်အမြဲလုပ်ချင်သော်လည်း အခွင့်အရေးမရဘဲရှိနေသည်။
လီရှင်းမှာ ပါမောက္ခလီ၏တူဖြစ်ပြီး မင်မြို့တော်မှလီမိသားစုဝင်တစ်ဦးဖြစ်သည်။
ပါမောက္ခရန်နှင့်လူကြီးတစ်ယောက်ကိုမြင်ပြီး ချန်လီအံ့ဩသွားသည်။
အရင်တစ်ခါ ချင်းလင်စံအိမ် ရေပန်းစားရှာဖွေခံရစဉ်က ပါမောက္ခရန်ကို သူသိခဲ့သည်။
သို့ရာတွင် လူကြီးကိုသူသိချင်စိတ်ပေါက်လာပြီး_
"မန်နေဂျာကောင်း... အဲဒါပါမောက္ခရန်မလား? သူ့ဘေးကလူကြီးက ဘယ်သူလဲ? ပါမောက္ခရန်က သူ့ကိုအရမ်းရိုသေနေသလိုပဲ''