← Chapters

စီရင်စုတိုင်း စိတ်စောနေ!

Vol. 45 Ch. 671

စီရင်စုတိုင်း စိတ်စောနေ!

Vol. 45 Ch. 671

ရုံချန်း_

လျန်ဟယ်မြို့မှာ အစားအစာထုတ်လုပ်ရေးအတွက်အရေးပါသောမြို့တစ်မြို့ဖြစ်သည်။

ဤနေရာရှိလှေကားထစ်စိုက်ခင်းများက ပိုတောင်နာမည်ကြီးသည်။ လှေကားထစ်စိုက်ခင်းရှုမျှော်ခင်းနေရာများတည်ဆောက်ထား၍ နှစ်တိုင်းခရီးသည်အများအပြားလာရောက်လေ့ရှိသည်။

လျန်ဟယ်မြို့ထဲတွင် စည်းရိုးခတ်ထားသောလယ်ကွင်းတစ်ကွင်းရှိသည်။ အထဲတွင် လူတချို့အလုပ်များနေကြ၏။ ထိုဘေးတွင် ဆိုင်းဘုတ်တစ်ခုထောင်ထားသည်:

"ချင်းလင်ဓာတ်ခွဲခန်းစမ်းသပ်စိုက်ခင်း

ခွင့်ပြုချက်မရှိဘဲမဝင်ရ''။

မလှမ်းမကမ်းတွင် ကားတစ်စီးလာထိုးရပ်သည်။

ကားပေါ်မှ ချန်လီဆင်းလာသည်။ ချင်းလင်ဓာတ်ခွဲခန်းက ရှန်းရွှေလက်ဆောင်ဆန်စိုက်တော့မည်မှန်းသိ၍ စာချုပ်ချုပ်ထားသောနေရာများကို သူကိုယ်တိုင်လာရောက်စစ်ဆေးသည်။

ရှကျိုင်းရွာ၏ဆိုးရွားသောဖြစ်ရပ်နောက်ပိုင်း အလားတူဖြစ်ရပ်မျိုးထပ်ဖြစ်မှာ သူစိုးရိမ်သည်။

လျန်ဟယ်မြို့တော်ဝန်ကျန်းဝေစန်းလည်း သူတို့နှင့်အတူဆင်းလာသည်။

"လက်ထောက်ချန်... ဒါချင်းလင်ဓာတ်ခွဲခန်းနဲ့စာချုပ်ချုပ်ထားတဲ့လယ်ကွင်းတွေပါ''

ကျန်းဝေစန်းက ပတ်ပတ်လည်လယ်ကွင်းများကိုညွှန်ပြပြီးပြောသည်_

"ကျွန်တော်တို့မြို့က အကြောင်းကြားစာရရချင်း အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်ထားပါတယ်''

ချန်လီကခေါင်းညိမ့်ပြီး_

"ကောင်းကောင်းပူးပေါင်းပါ... ဒီမှာ ချင်းလင်ဓာတ်ခွဲခန်းစမ်းသပ်တာအောင်မြင်ရင် နောင်မှာ အကျိုးအမြတ်တွေရလိမ့်မယ်''

ကျန်းဝေစန်းသဘောပေါက်သည်။ ဒီအတွက် လက်ထောက်ချန်သတိပေးစရာမလို။ ဘာပဲဖြစ်ဖြစ် ပြည်နယ်ကသတ်မှတ်ထားသောစိုက်ပျိုးမြေအပြင် သူတို့မြို့တွင်းတခြားနေရာများတွင်လည်း ချင်းလင်ဖရဲသီးကိုစိုက်နိုင်သည်။

နောက်တစ်ခေါက်က သူတို့အလှည့်။

ချင်းလင်ဖရဲသီးစိုက်ရင် ဘယ်လောက်မြတ်လဲ အားလုံးသိသည်။

သို့သော်လည်း သူဒီအတွက်အသေအချာအာရုံစိုက်ရဦးမည်။ မည်သို့ဆိုစေ ရှကျိုင်းရွာကို ချင်းလင်ဓာတ်ခွဲခန်းက နာမည်ပျက်စာရင်းသွင်းလိုက်သောသတင်းဆိုးမှာ စီရင်စုတစ်ခုလုံးပြန့်နေပြီ။

အခု ရှကျိုင်းရွာသားတွေ နောင်တအကြီးအကျယ်ရနေကြသည်။ ရှကျိုင်းရွာသားအတော်များများမှာ သူတို့အဆက်အသွယ်များမှတဆင့် တခြားရွာများသို့ပြောင်းရွှေ့နေထိုင်ကြသည်ဟုဆိုသည်။

အရင်ကတော့ဖြစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ကျေးလက်ဒေသတွင် အိမ်ထောင်စုအပြောင်းအရွှေ့အလွန်ပြင်းထန်သည်။

ဒါပေမဲ့ အခုလုံးဝမတူတော့။ အိမ်ထောင်စုစာရင်းကို မြေကွက်နှင့်တွဲထားပြီ!

လက်ရှိ ရုံချန်းကမြေဘယ်လောက်တန်ဖိုးရှိလဲ လူတိုင်းသိကြသည်။ မြေ ၁၀ ဧကရှိသောမိသားစုတစ်စုမှာ သဲမြို့တော်လိုနိုင်ငံတကာမြို့ကြီးတွင် တစ်နှစ်လုပ်စာမကသောဝင်ငွေမျိုးရနိုင်သည်။

ထို့ကြောင့် အရင်ကျေးလက်ကရွှေ့ပြောင်းလာသူများမှာ သူတို့နေရပ်ဆီပြန်ရွှေ့ချင်ကြသည်။

ဖြစ်ချင်တော့ အခုပြန်ရွှေ့ဖို့အတော်ခက်သွားပြီ။

တခြားစီရင်စုများတွင် စီရင်စုထဲနေထိုင်သူများကိုအားကျရသော်လည်း ရုံချန်းတွင်မူ ကျေးလက်သူကျေးလက်သားများကို အားကျရသည်။ လုံးဝဆန့်ကျင်ဘက်ပင်။

ချင်းလင်ဓာတ်ခွဲခန်းကစမ်းသပ်စိုက်ပျိုးမည့်အကြောင်းကို လက်ထောက်ချန်ဆီမှ ကျန်းဝေစန်းလေ့လာထားသည်။

စိုက်ပျိုးမှုအောင်မြင်ရင် လျန်ဟယ်မြို့မှာ ဖရဲသီးရောဆန်ပါစိုက်နိုင်ပြီ။ သူတို့ကျေးလက်နေသူတွေကို မြို့ကြီးကလူတွေအားကျရလိမ့်မည်။

လျန်ဟယ်မြို့မှာ ပြဿနာမရှိမှ ချန်လီကချက်ချင်းကားထဲဝင်ပြီး ကားဆရာကိုနောက်တစ်နေရာမောင်းခိုင်းလိုက်သည်။

…

ချင်းလင်စံအိမ်_

မဖွံ့ဖြိုးသေးသောမြေတွင်လည်း ပျားပန်းခတ်လှုပ်ရှားနေကြသည်။

ဒီအတောအတွင်း ယွီရွှေ့နှင့်စိုက်ပျိုးရေးဌာနဝန်ထမ်းများအားလုံးထွက်ပြီး လယ်ကွက်တချို့ပြင်ကာ မြေဩဇာကျွေးကြသည်။

ချင်းလင်စံအိမ်စာချုပ်ချုပ်ထားသော မြေဧက ၅၀၀၀ တွင် ဧက ၁၅၀၀ ကို မွေးမြူရေးခြံဆောက်၊ ဖရဲသီးစိုက်၊ အလှအပသခွားသီးစိုက်ပြီးနောက် ဧက ၃၅၀၀ လွတ်နေသေးသည်။

တခြားနေရာများမှာ စမ်းသပ်ဖို့လိုသေးသော်လည်း ချင်းလင်စံအိမ်ကမလို။ ဂိမ်းမျိုးစေ့ရှန်းရွှေလက်ဆောင်ဆန်က စံအိမ်ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေပြောင်းလဲပြီးပြီ။

ချင်းလင်စံအိမ်နားတဝိုက်တောင် အတူတူပင်။

ချင်လင်ကရှန်းရွှေလက်ဆောင်ဆန်စိုက်ရန် ပြင်ပမြေများကို စာချုပ်ပိုချုပ်ဖို့စီစဉ်ထားသည်။

အရင်စာချုပ်ချုပ်ထားသောမြေကို တချို့တဝက်ချန်ထားရဦးမည်။

ဘာပဲဖြစ်ဖြစ် ဓာတ်ခွဲခန်းစမ်းသပ်စိုက်ခင်းတွင်စိုက်ထားသောမျိုးစေ့များစွာရှိပြီး တချို့ကမျိုးစိတ်ပြောင်းလာဦးမည်။

အဲဒီအချိန်ကျ ချန်ထားသောမြေတွင် ထိုသီးနှံများစိုက်ပြီး စိုက်ခင်းအဖြစ်ပြောင်းမည်။

နောက်ပြီး ဒီစိုက်ခင်းထဲကသီးနှံများကို အပြင်မှာမတွေ့နိုင်သောကြောင့် ခရီးသည်များကိုယ်တိုင်ခူးဆွတ်ပြီး ချက်စားခွင့်ပေးတာမဆိုး။

မြေဩဇာကျွေးထားသောလယ်ကွက်ထဲတွင် လီခိုင်က ယွီရွှေ့တို့နှင့်အလုပ်ရှုပ်နေသည်။ ပျိုးကြဲ၍ မျိုးစေ့ချနေကြ၏။

လီခိုင်ကိုယ်တိုင် စံအိမ်လယ်ကွက်ကိုတာဝန်ယူထားသည်။ သူကိုယ်တိုင်မျိုးစေ့ချပြီး မှတ်တမ်းတင်မည်။ ဒီလယ်ကွက်ထဲကပျိုးပင်တွေအောင်မြင်သရွေ့ ကျယ်ကျယ်ပြန့်ပြန့်စိုက်နိုင်သည်။

ချင်လင်က စံအိမ်တဝိုက်တွင်အပင်ဖြစ်မည်မှန်းအသေအချာသိ၍ ဒီအဆင့်ကိုကျော်နိုင်သည်ဟုထင်သော်လည်း ထုတ်မပြောနိုင်ချေ။ ပုံမှန်လုပ်ငန်းစဉ်အရ လီခိုင်လုပ်တာမမှား။

ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ချပြီးနောက် လီခိုင်က နေ့တိုင်းသွားလေ့လာပြီးမှတ်တမ်းတင်မည်။

ပါမောက္ခရန်နှင့်တော်ဝင်ပညာရှင်လီလည်း နေ့တိုင်းသွားသည်။

သူတို့နှစ်ဦးက ရှန်းရွှေလက်ဆောင်ဆန်ကိုအတော်စိတ်ဝင်စားနေကြသည်။

ရက်ပိုင်းအတွင်း စံအိမ်ထဲစိုက်ထားသောရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့အားလုံးအပင်ပေါက်လာသည်။ ထင်ထားတဲ့အတိုင်း အပင်မပေါက်နိုင်သောအခြေအနေမျိုးမရှိချေ။

လီခိုင်ကချက်ချင်း ချင်လင်ဆီသွားပြီး စိတ်လှုပ်ရှားစရာသတင်းကိုပြောပြသည်။

တခြားသူများလည်း စိတ်လှုပ်ရှားနေကြသည်။

နင်းမြို့တော်ပထမဌာန စီရင်စုလက်ထောက်ရုံးခန်းထဲ၌ လျန်ချန်သည် ဒီရက်ပိုင်းရှန်းရွှေလက်ဆောင်ဆန်အကြောင်းများဖတ်နေသည်။

ချင်းလင်ဓာတ်ခွဲခန်းက စမ်းသပ်စိုက်ပျိုးရန်မြေစာချုပ်လိုက်ချုပ်သည့်အကြောင်း စီရင်စုအားလုံးသိပြီးဖြစ်သလို ချင်းလင်ဓာတ်ခွဲခန်းက ရှန်းရွှေလက်ဆောင်ဆန်စမ်းသပ်မည့်အကြောင်းလည်းသိထားပြီးဖြစ်သည်။

လျန်ချန်ကနေ့တိုင်းဒီအကြောင်းဖတ်ပြီး ဖတ်လေလေ ရှန်းရွှေလက်ဆောင်ဆန်ဘယ်လောက်အံ့ဩဖို့ကောင်းလဲသိလေလေပင်။

ရုံချန်းမှချင်းလင်အားဖြည့်လက်ဖက်ရည်လုယူခဲ့သူဖြစ်သည့်အလျောက် ရှန်းရွှေလက်ဆောင်ဆန်ကိုလည်းကြံနေသည်။

ရုံချန်းမှာ ချင်းလင်ဖရဲသီးစိုက်ကြတာ အားကျစရာ။ သူတို့သာရှန်းရွှေလက်ဆောင်ဆန်စိုက်နိုင်ရင် ချင်းလင်ဖရဲသီးစိုက်တာထက်ပိုပြီး အထင်ကြီးစရာကောင်းမည်။

သို့ရာတွင် အချက်အလက်များဖတ်ပြီးနောက် ရှန်းရွှေလက်ဆောင်ဆန်ကို စိုက်ချင်သလိုစိုက်မရမှန်း သိလိုက်ရသည်။

ဒီဆန်က ပတ်ဝန်းကျင်အရမ်းရွေးသည်။

နေရာအတော်များများမှာစိုက်ရင်တောင် ပေါက်မည်မဟုတ်။ ဒါကြောင့် အကြီးအကဲယွမ်ဦးဆောင်သောသုတေသနအဖွဲ့ က မအောင်မြင်ခဲ့ခြင်းပင်။

အခု ချင်းလင်ဓာတ်ခွဲခန်းကတိုးတက်အောင်လုပ်ပြီး ရုံချန်းမှာစိုက်ရင်တောင် ကန့်သတ်ချက်အလွန်များဦးမည်။ မဟုတ်ရင် ချင်းလင်ဓာတ်ခွဲခန်းကစမ်းသပ်စိုက်ပျိုးဖို့ စီရင်စုအသီးသီးမှာမြေစာချုပ်လိုက်ချုပ်စရာလိုမည်မဟုတ်ပေ။

All Chapters