ရေမွှေးအရည်အသွေးတက်လာပြီ! ၂
Vol. 45 Ch. 675
နေ့ဝက်ကြာပြီးနောက်_
ရေမွှေးထည့်ထားသောခွက်ကို သူ့ရှေ့ချထားသည်။ ရေမွှေးနံ့က Jean လုပ်သောရေမွှေးနှင့်ခွဲမရပေ။
ထိုရေမွှေးကိုဂိမ်းထဲယူသွားပြီး မှတ်ချက်ကိုကြည့်လိုက်သည်။
မှတ်ချက်က Jean ပေးသောရေမွှေးနှစ်ပုလင်းနှင့် လုံးဝတထပ်တည်း။
ချင်လင်လည်းပြုံးလိုက်သည်။
ဒီလိုဆိုရင် ကျောက်မိုချင်းပစ္စည်းပြတ်မှာစိုးရိမ်စရာမလိုတော့။
နောက်ပြီး ဒီရေမွှေးကိုအများကြီးထုတ်ရင် အမျိုးသမီးထုကြားမှာ ရေပန်းစားသွားမှာမလား?
အမျိုးသမီးအတော်များများအိမ်ထောင်ကျပြီးရင် သူတို့ယောက်ျားတွေက စိတ်ဝင်စားမှုလျော့လာသည်။ ဒီပစ္စည်းနဲ့ဆိုရင် ညတိုင်းသတို့သမီးဖြစ်နိုင်သည်။
ဒါပေမဲ့ ဒါကစိတ်ကူးသက်သက်သာ။
ဒီပစ္စည်းအာနိသင်က နည်းနည်းရှက်စရာကောင်းသည်။ အမျိုးသားတွေအပေါ်မှာသာ အာနိသင်ရှိသည်တဲ့။ အယူသီးတဲ့သူဆို လိင်စိတ်ဆန္ဒအားပေးသောပစ္စည်းဟုတွေးပြီး အောက်တန်းကျတဲ့ထုတ်ကုန်ဖြစ်သွားမည်။
ဒါ ချင်းလင်ကုမ္ပဏီရဲ့အဆင့်အတန်းမြင့်တဲ့လမ်းကြောင်းနဲ့ မအပ်စပ်။
ဒီပစ္စည်းကိုကြော်ငြာတာနဲ့ 'အမျိုးသမီးအဖော်'ဆိုသောခေါင်းစဉ်မျိုးရလာမည်။
ဒီလိုကြီးကျယ်တဲ့ခေါင်းစဉ်မျိုး သူမလိုချင်။
သူလုပ်ထားသောရေမွှေးကိုကြည့်ရင်း ဟွမ်ရှင်းကိုတွေးမိသည်။
ဘာပဲဖြစ်ဖြစ် သူကသန်း ၁၀၀ ရင်းနှီးမြှုပ်နှံပြီး ရေမွှေးကုမ္ပဏီထောင်ထားသူ။ အထူးသဖြင့် သူထုတ်သောရေမွှေးက သမားရိုးကျဆန်လွန်းပြီး စာရင်းပြုစုလိုက်ရင် အပြတ်အသတ်ရှုံးလိမ့်မည်။
ပြီးတော့ သူလုပ်တဲ့ရေမွှေးက အဆပေါင်းများစွာသာသည်။
သို့ရာတွင် ဟွမ်ရှင်းကသူ့ရေမွှေးအပေါ်ယုံကြည်ချက်ရှိပုံကိုတွေးမိပြီး ရုတ်တရက်သူ့ရေမွှေးထက်ပိုကောင်းတယ်သွားပြောရင် လက်မခံမှာစိုးသည်။
ဘာပဲဖြစ်ဖြစ် ယွမ်သန်း ၁၀၀ နှင့်စီးပွားစနိုင်သောဒုတိယမျိုးဆက်သူဌေးသားဖြစ်၍ နည်းနည်းတော့မာန်ရှိမည်။
ဒီတော့ စကားစပ်မိမှ ဟွမ်ရှင်းကိုပြောမည်။ မဟုတ်လည်း သူကိုယ်တိုင်သုံးဖို့သာသိမ်းထားမည်။
နောက်အချိန်များ၌_
ချင်းလင်ဓာတ်ခွဲခန်းက မင်မြို့တော်သွားပြီး စမ်းသပ်စိုက်ပျိုးရန်လယ်ကွက်များ စာချုပ်ချုပ်သည်။
မင်စီရင်စုတွင် လက်ရှိချင်းလင်ဓာတ်ခွဲခန်း၏ဂုဏ်သတင်းကြောင့် ဘယ်မြို့၊ဘယ်စီရင်စုကိုသွားသည်ဖြစ်စေ ဒေသခံများက အလွန်အာရုံစိုက်ကြသည်။
သို့ဖြစ်၍ မင်စီရင်စုတခြားနေရာများတွင် စမ်းသပ်ရလဒ်က လျင်လျင်မြန်မြန်ထွက်လာသည်။
တခြားမြို့များတွင်စိုက်ပျိုးသောရှန်းရွှေလက်ဆောင်ဆန်က မင်မြို့တော်တွင်စိုက်သည်နှင့်ကွာခြားသည်။ အပင်ပေါက်ချိန်ပိုနှေးရုံသာမကချေ။
ရုံချန်းနှင့်တကယ်အလှမ်းဝေးသောမြို့များတွင် အပင်မပေါက်နိုင်သောလက္ခဏာများတောင်တွေ့ရသည်။
အကြောင်းရင်းကို ချင်လင်သိသည်။
လီခိုင်၊ ပါမောက္ခရန်နှင့် တော်ဝင်ပညာရှင်လီလည်း သိသည်။
ဂိမ်းထုတ်ကုန်ဖြစ်ရင်တောင် ပတ်ဝန်းကျင်အလိုက်သင့်ဖြစ်မှုက အကန့်အသတ်ရှိပြီး လိုအပ်ချက်အရမ်းများသည်။ အတိုင်းအတာတစ်ခုကျော်သွားရင် စိုက်ဖို့မဖြစ်နိုင်တော့။
သို့ရာတွင် လောလောဆယ် သူတို့မှာရှန်းရွှေထက်မျိုးစေ့ပိုများသည်။ အနည်းဆုံး မင်စီရင်စုနေရာအတော်များများတွင် အပင်ပေါက်နိုင်သည်။
သူတို့သာအောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ရင် အရည်အသွေးကသာမန်ပဲရှိဦးတော့၊ အထွက်နှုန်းအလွန်များလိမ့်မည်။
နောက်ပြီး ရှန်လီက ပုံမှန်အပင်ပေါက်နိုင်သောနေရာများကိုချက်ချင်းလူလွှတ်၍ လယ်ကွက်များစာချုပ်ထပ်ချုပ်စေသည်။ မျိုးစေ့များကို အသုတ်လိုက်စစိုက်သည်။ ထို့နောက် စပါးမှည့်ပြီးရိတ်သိမ်းသောအခါ နောက်ဆုံးရလဒ်များကိုဆုံးဖြတ်နိုင်မည်။
ချင်းလင်ဓာတ်ခွဲခန်းက လယ်ကွက်အများကြီးစာချုပ်ချုပ်သောကြောင့် စီရင်စုတာဝန်ခံလည်းအလွန်ဝမ်းသာနေသည်။
ဒီနေရာမှာ ရှန်းရွှေလက်ဆောင်ဆန်စိုက်နိုင်လားမသိသော်လည်း အနည်းဆုံး စမ်းသပ်မှုပထမအဆင့်ကိုကျော်နိုင်ခဲ့ပြီ။
ချင်းလင်စံအိမ်တွင်မူ ရှန်းရွှေလက်ဆောင်ဆန်ဖြစ်မှန်းသေချာ၍ အသုတ်ခွဲစိုက်နေပြီဖြစ်သည်။
ထို့ကြောင့် လီခိုင်လည်းအလုပ်ရှုပ်နေသည်။ ရှန်းရွှေလက်ဆောင်ဆန်ကြောင့် သူ့အပူချိန်နိမ့်သီးနှံသုတေသနကိုခဏဘေးဖယ်ထားရသည်။
တစ်ဖက်တွင် တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က ရှန်းရွှေလက်ဆောင်ဆန်ကိုစိတ်ဝင်စား၍ နေ့တိုင်းလိုလို လီခိုင်နောက်လိုက်နေသည်။ ချင်းလင်ဓာတ်ခွဲခန်းတွင် အခမဲ့လုပ်သားများဖြစ်လာသလိုပင်။
မျက်စိတစ်မှိတ်အတွင်း နိုဝင်ဘာရောက်သွားပြီး တောင်ပိုင်းရာသီဥတုက အေးစပြုလာသည်။
ချင်းလင်အပန်းဖြေစံအိမ်ပင်မဧည့်ခန်း_
ချင်လင်ကဆိုဖာပေါ်တွင် ဇိမ်ကျကျထိုင်နေသည်။
သူ့လက်ထဲတွင် နည်းနည်းဟောင်းနွမ်းနေသောတရုတ်တိုင်းရင်းဆေးစာအုပ်ကိုင်ထားသည်။
ထိုတရုတ်တိုင်းရင်းဆေးစာအုပ်ကို စျေးကြီးပေးဝယ်ထားခြင်းပင်။
တရုတ်တိုင်းရင်းဆေးပညာက လေ့လာရခက်သည်။ ကိုယ်ဘာသာလေ့လာဖို့ဆို ပိုခက်သည်။ သို့ရာတွင် ချင်လင်က အရင်ဆေးဖုံထဲမှဆေးပင်များအကြောင်းနှံ့နှံ့စပ်စပ်သိထားသည်။
ဒီကမ္ဘာပေါ်မှာ ဒီဆေးပင်တွေအကြောင်း သူ့ထက်ပိုသိသူမရှိဟုတောင်ဆိုနိုင်သည်။
ထို့ကြောင့် ဒီလိုတရုတ်တိုင်းရင်းဆေးစာအုပ်ကိုဖတ်သောအခါ ထိုဆေးပင်များနှင့်ဆက်စပ်သောဗဟုသုတများကို တစ်ချက်ကြည့်ရုံနှင့်နားလည်နိုင်သည်။ ကိုယ်တိုင်လေ့လာရတာ ငှက်ပျောသီးအခွံနွှာရသလိုပင်။
သူအားနေလို့တရုတ်တိုင်းရင်းဆေးကို ကိုယ်တိုင်လေ့လာခြင်းမဟုတ်။ ဖုံးကွယ်ဖို့ပင်။
ဘာပဲဖြစ်ဖြစ် သူ့မှာလီခိုင်လိုအရည်အချင်းအစစ်မှမရှိဘဲ။
အခု တရုတ်တိုင်းရင်းဆေးနည်းဖြစ်စေ၊ ဆေးစွပ်ပြုတ်ဖြစ်စေ၊ အားလုံးက တရုတ်တိုင်းရင်းဆေးနှင့်ဆက်စပ်နေသည်။ ဝန်ကြီးလုကလည်း သူတရုတ်တိုင်းရင်းဆေးကိုထဲထဲဝင်ဝင်နားလည်သည်ဟုထင်နေသည်။
ထို့ကြောင့် မတတ်သာ၍ ကိုယ်တိုင်လေ့လာနေရသည်။ အနည်းဆုံး မတောက်တခေါက်လေ့လာထားမှ ရှေ့လျှောက်ဒီလိုဆေးပင်တွေနဲ့ပတ်သက်ရင် သူများကိုရွှီးနိုင်မည်။
တမင်သက်သက်ဧည့်ခန်းထဲလာထိုင်တာကတော့ တော်ဝင်ပညာရှင်လီနဲ့ပါမောက္ခရန်တို့ကို မျက်နှာပြဖို့ပေါ့။ သူတကယ် တရုတ်တိုင်းရင်းဆေးကိုသုတေသနလုပ်နေသည်ဟု အထင်လွဲစေချင်သည်။
ဒီလူတွေဒီလိုထင်ပြီးယုံကြည်နေသရွေ့ ဘယ်သူမှသံသယဝင်မည်မဟုတ်။
ခဏအကြာ_
တော်ဝင်ပညာရှင်လီနှင့်ပါမောက္ခရန်က အပေါ်ထပ်မှဆင်းလာသည်။
ချင်လင်ကိုမြင်လျှင် သူတို့နှစ်ဦးအံ့ဩသွားသည်။
"သူဌေးချင်... တရုတ်တိုင်းရင်းဆေးလေ့လာနေတာလား?''
ပါမောက္ခရန်က နှုတ်ဆက်သည်။
တော်ဝင်ပညာရှင်လီလည်းပြုံးပြီး_
"ဒါကြောင့် သူဌေးချင်ကိုလေးစားတာ... ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်အောင်မြင်မှုတွေရထားတာကို တည်တည်ငြိမ်ငြိမ်နဲ့တရုတ်တိုင်းရင်းဆေးစာပေတွေလေ့လာနေသေးတယ်... ဒါကြောင့် ဒီလောက်ကောင်းတဲ့ဆေးစွပ်ပြုတ်တွေလုပ်နိုင်တာကိုး''
တော်ဝင်ပညာရှင်လီနောက်တွင်ရပ်နေသောသွမ့်မုရွေ့ရန်က သူဌေးချင်ကိုလေးစားသောအကြည့်နှင့်ကြည့်နေလေသည်။