အခန်း (၆၁)
Vol. 5 Ch. 61
ကောင်းကင်ရနံ့စားသောက်ဆိုင်ထဲမှ ထွက်လာပြီးနောက် ကျင်းအန်ချန်းက ရောင်စုံမီးအိမ်များနှင့် စားသောက်ပွဲ ကျင်းပနေသည့် ဆူညံသံများကို ခံစားကြည့်နေခဲ့သည်။ သူကတော့ အတော်လေးကို ကျေနပ်သည်ဟု ခံစားမိနေခဲ့၏။
ဤနယ်မြေက သူ၏ပိုင်နက် နယ်မြေဖြစ်ပြီး သူ့ဘဝတစ်ဝက်ခန့်တွင် အောင်မြင်မှုကို ရယူပေးနိုင်ခဲ့သည်။ ထိုအရာအားလုံးကလည်း သူ၏ ကြိုးစားမှုရလဒ်ကြောင့်ဖြစ်၏။ သူက ခေါင်းငုံ့ပြီး အလွန်နူးညံ့ပျော့ပျောင်းသော လက်ဖြူဖြူလေးတစ်စုံကို ကြည့်လိုက်မိသည်။
ထို့နောက် မနေနိုင်ဘဲ ပြုံးလိုက်မိ၏။ ထိုလက်က အလွန်ချမ်းသာကြွယ်ဝသော ကုန်သည်တစ်ယောက်၏ လက်တစ်စုံနှင့် တူညီနေသော်လည်း ကံကြမ္မာမြို့နှင့် အနီးအနားတွင် ရှိနေသော နယ်မြေ(၃)ခုထဲတွင်တော့ ထိုလက်တစ်စုံကို သတ်ဖြတ်ရေးငရဲလက်ဟု နာမည်ပေးထားကြသည်။ ထိုလက်တစ်စုံက ရန်သူပေါင်းများစွာကို ဖျက်ဆီးပစ်နိုင်ခဲ့၏။
သူက အတိတ်မှတ်ဉာဏ်များကို စဉ်းစားနေသည့်အချိန်တွင် ကိုရင်လေးတစ်ပါးက သူ့ရှေ့တွင် ရပ်လာသည်။ ထိုကိုရင်လေးက လက်အုပ်ချီ၍ အလေးအနက် ပြောလိုက်၏။
"အော်မီတော်ဖော်...ဒကာကြီး
ဒကာကြီးရဲ့ နဖူးက မည်းမှောင်နေတာကို တွေ့နေရတယ်…"
စိတ်ထဲတွင် ခဏကြာ ရှုပ်ထွေးသွားပြီးနောက် ကျင်းအန်ချန်း၏ ရင်ထဲတွင် ဒေါသများ ထွက်ပေါ်လာခဲ့သည်။ မည်သည့်အချိန်တွင် ဘုန်းတော်ကြီးများက အချိန်ပိုင်း ကံကြမ္မာဖတ်သူများ ဖြစ်သွားခဲ့ကြသနည်း။ ယခင်တစ်ခေါက် သူ့ကို ပြဿနာလာရှာခဲ့သူကတော့ မြို့အပြင်ဘက်တွင် ရှိနေသော သင်္ချိုင်းတွင် လဲလျောင်းနေပါပြီ။
"ကိုရင်လေး...
ကျုပ်နဖူးပြင်ရဲ့ဘယ်အပိုင်းက မည်းမှောင်နေတာလဲဆိုတာကို ပြောပါဦး…"
ကျင်းအန်ချန်းက ပြန်ပြောလိုက်ပြီး သူ့အနားသို့ ကပ်လာသော အစောင့်များကို လက်ကာ၍ တားဆီးထားလိုက်သည်။ သူက ထိုကိုရင်လေးကို မှတ်လောက် သားလောက်အောင် ဆုံးမရန် စဉ်းစားထားခဲ့၏။
သို့သော် သူ့စကားမဆုံးသေးခင် ကိုရင်လေး၏ အနား၌ ရပ်နေသော လူ(၄)ယောက်ကို မြင်လိုက်ရသည့်အတွက် အတော်လေး မျက်နှာပျက်သွားခဲ့၏။ ထိုလူများကို သူ ရန်စ၍ မရနိုင်ပေ။ ဤကိုရင်လေးက မည်သူဖြစ်နေသနည်း....။
မုန့်ချီက ပြုံးရုံလေးပြုံးလိုက်၏။
"ကိုယ်တော်က သတိပေးရုံသက်သက်ပါပဲ...။ ဘာလို့ မည်းမှောင်နေတာလဲဆိုတော့ နတ်ဘုရားစွမ်းရည်က ပြောပြမထားဘူး....."
ထိုအရာက သွေးစွန်းနေသော ဘုန်းတော်ကြီး သို့မဟုတ် တာအိုပညာရှင်တစ်ယောက် ဖြစ်နေခြင်းပေလော။ ကျင်းအန်ချန်းက စိတ်ထဲတွင် ကျိန်ဆဲနေမိသော်လည်း အပြင်ဘက်တွင်တော့ အပြုံးနှင့် နှုတ်ဆက်လိုက်၏။
"ဒီနေရာမှာ သခင်မလေးနဲ့ တွေ့ခွင့်ရတာ တကယ့်ကို ဂုဏ်ယူစရာပါပဲ…"
"နယ်မြေသခင်ကျင်း...ကျွန်မက ဖြတ်သွားရုံလေးပါပဲ..."
ကွေကျင်းရှုက အပြုံးနှင့် ပြောလိုက်သည်။ သူမကတော့ မုန့်ချီပြောခဲ့သည့် အဓိပ္ပာယ်ကို လမ်းတစ်လျှောက်တွင် စဉ်းစားနေခဲ့ခြင်းဖြစ်၏။
မုန့်ချီကတော့ ကျင်းအန်ချန်းကို ဆက်မကြည့်တော့ပေ။ သူက ကွေကျင်းရှုတို့ အဖွဲ့ဆီသို့ ပြန်လျှောက်သွားခဲ့သည်။ ကျင်းအန်ချန်းက ကောင်းကင်ရနံ့ စားသောက်ဆိုင်၏ ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး ကံကြမ္မာမြို့၏ လမ်းမထက်တွင် ကြောက်စရာကောင်းသော ဘုရင်တစ်ပါးဖြစ်သည်။
သူက သွမ့်ရှန်ဖေး၏သား သွမ့်မင်းရှန်နှင့် နောက်ဆုံးတွေ့ခဲ့သော လူအနည်းငယ်ထဲမှ တစ်ယောက်လည်းဖြစ်၏။ သွမ့်မင်းရှန် ပျောက်မသွားခင် ကျင်းအန်ချန်း၏ စားသောက်ဆိုင်ထဲ၌ ညစာ စားသောက်ခဲ့သည်။ မြို့စားမင်း၏သား ကွေကျင်းဟွာနှင့် လူဆိုးထိန်းခေါင်းဆောင် ဖေးကျန်းချင်တို့ကလည်း ဧည့်သည်များ ဖြစ်ကြ၏။
သို့သော် သွမ့်မင်းရှန်က စားသောက်ဆိုင်မှ ထွက်သွားပြီးနောက် အိမ်သို့ လုံးဝ ပြန်ရောက်လာခြင်း မရှိတော့ချေ။ နာမည်ကျော်ကြားသော လေလွင့်ပညာရှင် သွမ့်ရှန်ဖေးက ကျင်းအန်ချန်းနှင့် ပတ်သက်ပြီး အသေးစိတ် ရေးပေးထားခဲ့သည်။ ထို့ကြောင့် မုန့်ချီက သူ့ကို မြင်လိုက်ရုံနှင့် ချက်ချင်း မှတ်မိသွားခဲ့ခြင်းဖြစ်၏။ သူက ကျင်းအန်ချန်းကို အနည်းငယ် ခြောက်လှန့်လိုက်ရန် စဉ်းစားပြီး ပြောလိုက်ခြင်း ဖြစ်သည်။
ကျင်းအန်ချန်းကတော့ မြို့စား၏သမီးကို နှုတ်ဆက်လိုက်ပြီးနောက် အနီးနားတွင် ရှိနေသော လမ်းတစ်ခုဆီသို့ ဆက်ထွက်သွားခဲ့ကြသည်။
လမ်းထဲသို့ ရောက်သွားပြီးနောက် သူ၏မျက်နှာက ဆူပုတ်ပုတ် ဖြစ်သွားပြီး သူ့လူများကို အေးစက်စွာ အမိန့်ပေးလိုက်၏။
"အဲဒီကိုရင်ရဲ့ နောက်ကြောင်းကို သွားပြီးတော့ စုံစမ်းလိုက်စမ်း ။ သူက မိန်းကလေး ကွေကျင်းရှုနှင့် ဘယ်လိုပတ်သက်နေလဲဆိုတာ ငါသိချင်တယ်....”
အကယ်၍ သူတို့ကသာ သာမန်အသိအကျွမ်းများဆိုလျှင် သူက ထိုကိုရင်ကို သနားညှာတာနေရန် မလိုအပ်ချေ။ သူ၏သတ်ဖြတ်ရေးငရဲလက်ဟူသည်မှာ အလကားရခဲ့သော နာမည်တစ်ခု မဟုတ်ချေ။ သူ့ကို ရန်စခဲ့သူများကို ဖျက်ဆီးပစ်ရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
ကျင်းအန်ချန်းကတော့ ထိုနာမည်ကြောင့် ရှက်ရွံ့နေခြင်း မရှိဘဲ အလွန်ဂုဏ်ယူနေခဲ့၏။
"ကောင်းပါပြီ...သခင်ကြီး…"
အစောင့်နှစ်ယောက်က ပြန်ဖြေလိုက်ပြီးနောက် သူတို့၏အဖွဲ့နှင့်အတူ ထွက်သွားခဲ့ကြသည်။
ထို့နောက် သူတို့က ကွေကျင်းရှုတို့၏ နောက်သို့ ပုန်းလျှိုးကွယ်လျှိုးနှင့် လိုက်သွားခဲ့သည်။ သူတို့က သူမ၏နောက်ကို ပေါ်တင်လိုက်သွားရဲခြင်း မရှိချေ။ သူမတို့အဖွဲ့က မြို့စားရဲတိုက်ဆီကို ဦးတည်သွားနေကြောင်း သိနေကြ၏။ ထို့ကြောင့် သူတို့က ထိုနေရာတွင် ရပ်စောင့်နေရန် စဉ်းစားထားခဲ့သည်။
ထိုကိုရင်လေးက ရဲတိုက်ထဲတွင် နေထိုင်ခြင်းလော သို့မဟုတ် အပြင်ဘက်တွင် ရှိနေသော တည်းခိုဆောင်တစ်ခုတွင် နေထိုင်ခြင်းလော သူတို့က သိချင်ကြ၏။ အကယ်၍ အပြင်ဘက်တွင် နေထိုင်ခြင်းသာဆိုလျှင် သူတို့က သာမန်အသိအကျွမ်းများသာ ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်သည်။
သူတို့ကို ညွှန်ကြားလိုက်ပြီးနောက် ကျင်းအန်ချန်းက အတွေးများကို ရုတ်သိမ်းလိုက်ပြီး အိမ်သို့ပြန်လာခဲ့သည်။ သို့သော် ထိုကိုရင်၏စကားက သူ့ခေါင်းထဲတွင် စွဲနေပြီး အနည်းငယ် မသက်မသာ ခံစားရစေခဲ့သည်။
"ကြည့်ရတာ တစ်ခုခုဆိုးရွားတာများ ဖြစ်လာတော့မှာလား..။ ဒါမှမဟုတ် ငါပဲ စဉ်းစားတာ အရမ်းများနေတာလား...။ ဒီလို ကိုရင်တစ်ပါးက ကံကြမ္မာဖတ်တဲ့ အရာကို ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ...။ သူ့ပုံစံက လိမ်နေတာပဲဖြစ်မယ်..။ ဒါပေမယ့် လိုရမယ်ရ သွားထားတာတော့ ပိုပြီးတော့ကောင်းပါတယ်လေ။ ငါက မြို့အပြင်ဘက်မှာရှိတဲ့ ရှင်းအန်ကျောင်းဆောင်ကို သွားပြီး အကာအကွယ်အဆောင်တစ်ခု တောင်းထားရမယ်…"
တိုက်ပွဲပေါင်းများစွာ ကြုံခဲ့ရသော သူ့လို ပညာရှင်တစ်ယောက်က သူ့ထက်ပို၍ ဉာဏ်ကောင်းသော လူပေါင်းများစွာ သေဆုံးသွားသည်ကို မြင်ခဲ့ဖူးသည်။ ကံကြမ္မာဟူသည်မှာ သူ၏အသက်ရှင်မှုအတွက် အတော်လေးကို အရေးပါခဲ့၏။ ထို့ကြောင့် သူနှင့် သူ့လို လူအများစုက မှော်ဆန်သော အစွမ်းများကို အလွန်ယုံကြည်ကြသည်။ ထိုအရာက သူတို့ကို စိတ်အေးသွားစေနိုင်၏။
"အော်မီတော်ဖော်...ဒကာကြီးတို့(၄)ယောက် ..
ရေစက်ကြောင့်ပဲ ငါတို့က တွေ့ရတယ်....။ ရေစက်ကြောင့်ပဲ ငါတို့က ခွဲခွာရတယ်...။ အခု ငါက ပြောစရာရှိတာ ပြောပြီးသွားပြီဆိုတော့ နှုတ်ဆက်ချိန်ရောက်ပြီ..."
သူတို့နှင့်အတူ လမ်းအနည်းငယ်လျှောက်လာပြီးနောက် မုန့်ချီက လက်အုပ်ချီ၍ ပြောလိုက်သည်။
ကွေကျင်းရှုက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
"ငါက ကိုရင်လေးကို ဖိတ်ခေါ်ပြီး အင်မော်တယ်တွေအကြောင်း မေးချင်နေသေးတာ..."
ဦိးလေးဟယ်ကတော့ ချောင်းဟန့်လိုက်ပြီး မျက်လုံးကတော့ မြေပြင်ကို ဆက်၍ ကြည့်နေသေးသည်။
"စည်းမျဉ်းအရ မိသားစု မိတ်ဆွေ မဟုတ်ရင် ဒီလိုညသန်းခေါင်ကြီး ရဲတိုက်ထဲကို ဧည့်သည်ဖိတ်ဖို့ အဆင်မပြေဘူး…"
သူက ကွေကျင်းရှုကို ရဲတိုက်၏ စည်းမျဉ်းများ သတိပေးနေခြင်း ဖြစ်၏။
ဤအရာက သူတို့၏ ပထမဆုံးတွေ့ဆုံမှု ဖြစ်သည့်အတွက် အကယ်၍ မုန့်ချီကသာ အလွန်ရင်းနှီးနေသယောင် ဟန်ဆောင်လိုက်မည်ဆိုလျှင် သံသယဝင်ခြင်းကို ခံရပါလိမ့်မည်။ ထို့ကြောင့် သူက ကွေကျင်းရှု၏ ဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်၏။
သူက ဗုဒ္ဓနာမည်ကို ပြောပြလိုက်ပြီးနောက် အပြုံးနှင့် ပြောလိုက်သည်။
"တကယ်လို့ ရေစက်ပါရင်တော့ ပြန်ဆုံရမှာပါ။ အဲဒီအချိန်ကျရင်တော့ ငါ့ကို ဟင်းရွက်စွပ်ပြုတ်တစ်ပွဲနဲ့ ဧည့်ခံမယ်ဆိုရင်ပဲ လုံလောက်ပါပြီ..."
သူက ကွေကျင်းဟွာနှင့် သွမ့်မင်းရှန် ပျောက်ဆုံးမှု၏ ဆက်စပ်မှုများကို စုံစမ်းရဦးမည်ဖြစ်သည်။ ထို့ကြောင့် မုန့်ချီက ကွေကျင်းရှု ပြန်ဖြေသည်ကို စောင့်မနေဘဲ အနားတွင် ရှိနေသော လမ်းတစ်ခုဆီသို့ လှည့်ထွက်လာခဲ့သည်။
မုန့်ချီ ထွက်သွားသည်ကို ကြည့်ပြီး ကွေကျင်းရှုက သက်ပြင်းချလိုက်၏။
"ကိုရင်လေး ကျန်းတင်က အသက်ငယ်ပေမဲ့ တကယ့်ကို သက်ကြီးဝါကြီး ဘုန်းတော်ကြီးတစ်ပါးလို အနေအထိုင်မျိုးရှိတယ်...။ တကယ်လို့ တခြားတစ်ယောက်သာဆိုရင် ရဲတိုက်ထဲ ဖိတ်ခေါ်ခံရတဲ့အချိန် သူတို့ရဲ့ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်နိုင်ကြမှာ မဟုတ်ဘူး…”
"ညီမလေးကျင်းရှု...
ဘုန်းတော်ကြီးတွေက မလိမ်တတ်ပေမဲ့ စာအုပ်တွေထဲမှာ မကြာမကြာဖတ်ရတဲ့ ပုံပြင်ဒဏ္ဍာရီတွေကို မယုံသင့်ဘူး..."
လီရှင်းယုကတော့ စိုးရိမ်နေသေးသည်။ ကိုရင်လေး ကျန်းတင်က အလွန်လျှို့ဝှက်ဆန်းကြယ်လွန်းလှပြီး သူတို့ကတော့ မယုံကြည်နိုင်သေးသလို ခံစားနေရ၏။
"ကျွန်မက အဲဒီလောက် အလွယ်တကူ အရူးလုပ်ခံရမှာလား...။ ကျွန်မမျက်လုံးနဲ့ မမြင်ရသေးသရွေ့ လေတွေ မိုးတွေကို ထိန်းချုပ်နိုင်တဲ့ အင်မော်တယ်တွေ ရှိတယ်ဆိုတာ လုံးဝမယုံဘူး..."
ကွေကျင်းရှုက ပြန်ပြောလိုက်သည်။
"ဒါဆိုရင်တော့...ကောင်းတာပေါ့..."
လီရှင်းယုက သက်ပြင်းချလိုက်မိပြီးနောက် အပြုံးနှင့် မေးလိုက်သည်။
"ညီမလေးကျင်းရှု...
အခုညီမလေးက လက်ထပ်ရမဲ့အရွယ်ကို ရောက်နေပြီလေ...။ အခုထိ ဦးလေးကွေက ညီမလေးအတွက် ခင်ပွန်းကောင်းတစ်ယောက် ရှာမပေးနိုင်သေးဘူးလား…"
"အဲးီအကြောင်း မပြောနဲ့! ကျွန်မရဲ့ခင်ပွန်းက ကျွန်မကို အနိုင်ရဖို့ လိုသလို နာမည်ကျော်ကြားဖို့လည်း လိုတယ်..."
ကွေကျင်းရှုက ချက်ချင်း ပြန်ပြောလိုက်သည်။
လီရှင်းယု၏ မျက်လုံးထဲတွင် ရှိနေသော စိတ်အားထက်သန်မှုကို မြင်လိုက်ရသည့် အချိန်တွင် သူမက ဒေါသထွက်နေခဲ့၏။ သူမက မျက်နှာလေးက နီရဲလာပြီး ချက်ချင်း ပြန်ဖြေလိုက်သည်။
"ကျွန်မက ခင်ပွန်းလောင်းကို ကိုယ့်ဘာသာရွေးမယ်.."
"ညီမလေးက မိသားစုထဲမှာ တစ်ဦးတည်းသော သမီးတစ်ယောက် ဖြစ်နေတယ်လေ...။ ပြီးတော့ ဦးလေးကွေရဲ့ အသဲနှလုံးပဲ...။ ဒီတော့ သူက ညီမလေး ရွေးတဲ့သူတိုင်းကို သေချာပေါက် လက်ခံမှာပါ…"
ကွေကျင်းရှု၏ အဆင့်အတန်းအရ လီရှင်းယုက သူမကို ဆက်လက်စနောက်ရဲခြင်း မရှိတော့ဘဲ သူမ၏စကားလုံးများကို ထိန်းချုပ်လိုက်ရသည်။
ထိုအချိန်တွင် ကွေကျင်းရှု၏အမူူအရာက ရုတ်တရက် လေးနက်လာပြီး နှုတ်ခမ်းကိုကိုက်၍ ပြောလိုက်၏။
"ရိုးရိုးသားသား ပြောရမယ်ဆိုရင် အဖေက ကျွန်မကို လက်ထပ်ပေးဖို့အတွက် စီစဉ်ပေးဖူးတယ်..."
"ဟုတ်လား....အဲဒီကံကောင်းတဲ့ လူငယ်လေးက ဘယ်သူလဲ...."
လီရှင်းယုက မေးလိုက်သည်။
ကျန်းကျုံးရှန်နှင့် ဦးလေးဟယ်တို့ကတော့ မိန်းကလေးများနှင့်သာ ပတ်သက်သော အရာများကို စိတ်မဝင်စားကြချေ။ သူတို့ကတော့ လမ်းလျှောက်နေရင်း အေးအေးဆေးဆေး နားထောင်နေကြသည်။
ကွေကျင်းရှုက ဆူပုတ်ပုတ်အသံနှင့် ပြောလိုက်၏။
"အဲဒါက အစ်ကိုသွမ့်လေ..."
"လေလွင့်ပညာရှင်ရဲ့သားလား....."
လီရှင်းယုက သေချာအောင်မေးလိုက်ပြီး အတော်လေး ထိတ်လန့်သွားခဲ့သည်။
သူမက မျက်မှောင်ကြုတ်၍ ပြောလိုက်၏။
"သခင်လေးသွမ့်က လူရှုပ်လူပွေ တစ်ယောက်လို့ ကြားတယ်...။ သူက အလောင်းအစားလည်း ခုံမင်တယ်...၊ မိတ်ဆွေတွေ အပေါင်းအသင်းတွေနဲ့ ငွေကို ရေလိုသုံးတာ။ ဒါပေမယ့် သူ့ရဲ့သိုင်းပညာကတော့ သာမန်ပါပဲ..."
ကွေကျင်းရှုက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
"ကျွန်မက အစ်ကိုသွမ့်နဲ့ တိုက်ခိုက်ခဲ့ဖူးတယ်...။ သူ့ရဲ့သိုင်းပညာက လူတွေ ပြောသလောက် မဆိုးဘူး။ သူက ကျွန်မရဲ့အစ်ကိုနဲ့တောင် ယှဉ်နိုင်တယ်..။ ကြည့်ရတာ သူ လူရှုပ်လူပွေလုပ်နေတာ အကြောင်းပြချက်တစ်ခုခု ရှိမယ်ထင်တယ်..."
လီရှင်းယုက ကွေကျင်းရှုကို ကြည့်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ကွေကျင်းရှုက သွမ့်မင်းရှန်ကို စိတ်ဝင်စားနေခြင်းကြောင့်သာ အကောင်းမြင်နေခြင်း ဖြစ်မည်ဟု သူမက တွေးခဲ့မိ၏။
ကျန်းကျုံးရှန်ကတော့ ထိုအရာကို စိတ်ဝင်စားလာပြီး သက်ပြင်းချ၍ ပြောလိုက်သည်။
"ကောလာဟလတွေ ဆိုတာက တစ်ခါတစ်လေ ချဲ့ကားပြီး ပြောကြတာပဲလေ...။ သခင်လေးသွမ့်ရဲ့သိုင်းပညာက ဒီလောက်ထိ အဆင့်မြင့်လိမ့်မယ်လို့ ငါတို့လည်း မထင်ထားဘူး…"
ကွေကျင်းဟွာက သက်တူရွယ်တူ လူငယ်များထဲတွင် လျှို့ဝှက်အခန်းကို ချိုးဖောက်အောင်မြင်ရန် အလားအလာ ရှိနေသော လူငယ်တစ်ယောက် ဖြစ်သည်။ သွမ့်မင်းရှန်၏သိုင်းပညာကသာ ကွေကျင်းဟွာနှင့် ယှဉ်နိုင်မည်ဆိုလျှင် သူကလည်း အမှန်တကယ် ထူးချွန်ပြီး အစွမ်းထက်သည်ဟု ဆိုလိုနေ၏။
သူကတော့ ထိုကိစ္စတွင် ကွေကျင်းရှု၏ စကားကို ယုံကြည်နေခဲ့သည်။သူမက အဆင့်အတန်းမြင့်သော မိသားစုတစ်ခုမှ ဖြစ်ပြီး ဆုံးဖြတ်ချက်ချရာတွင် ကောင်းမွန်သည်။ ထို့ပြင် သူမ၏ အစ်ကိုကို လျော့တွက်ထားလိမ့်မည် မဟုတ်ပေ။
"သခင်လေးသွမ့်က ထူးချွန်တဲ့ ပညာရှင်တစ်ယောက်ဖြစ်နေတဲ့အပြင် တော်တော်လေးလည်း ချောမောခန့်ညားတယ်။ ဒါဆိုရင်တော့ တကယ့်ကို လိုက်ဖက်တာပဲ...။ ညီမလေးကျင်းရှု ဘယ်လိုသဘောရလဲ..."
လီရှင်းယုက အပြုံးနှင့်မေးလိုက်သည်။
ကွေကျင်းရှုက အနီရောင်ဂါဝန်လေးကို ဘယ်လက်နှင့်မြှောက်ပြီး တိုးတိုးလေး ပြောလိုက်၏။
"အခု အစ်ကိုသွမ့်က ပျောက်နေပြီး သူ့ရဲ့နေရာကိုလည်း ဘယ်သူမှ မသိကြဘူး...။ ဒီကိစ္စကြောင့် အဖေနှင့် ဦးလေးသွမ့်တို့က စကားများခဲ့ကြတယ်..."
“ဘယ်လို.. သခင်လေးသွမ့်က ပျောက်သွားတာလား...”
လီရှင်းယုနှင့် ကျန်းကျုံးရှန်တို့ နှစ်ယောက်လုံးက အလွန်ထိတ်လန့်သွားခဲ့ကြသည်။
သူက လေလွင့်ဆရာကြီး၏ သားတစ်ယောက်ဖြစ်၏။ လေလွင့်ဆရာကြီးက သိုင်းသခင်(၇)ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး ပျောက်ကွယ်သွားသည်မှာလည်း ကံကြမ္မာမြို့ထဲတွင် ဖြစ်နေသည်။
သူတို့ကတော့ ရတနာမြေပုံကို ရရှိခဲ့ပြီးနောက် တိတ်တဆိတ် ခရီးသွားလာနေခဲ့ရ၏။ ထို့ကြောင့် လက်ရှိဖြစ်နေသည့် အကြောင်းအရာများကို မသိသေးခြင်း ဖြစ်သည်။
……………………..
မုန့်ချီက အိမ်တစ်လုံး၏ အမိုးပေါ်တွင် တင်ပျဉ်ခွေထိုင်နေခဲ့ပြီး သူ့ကို ခြေရာပျောက်သွားသည့်အတွက် ကျင်းအန်ချန်းကို သတင်းပြန်ပို့နေသော အစောင့်များကို အပြုံးနှင့် စိုက်ကြည့်နေခဲ့သည်။
"မင်းက ငါ့နောက်ကို လိုက်ဖို့ တစ်ယောက်ယောက် မလွှတ်လိုက်မှာတောင် စိုးရိမ်နေခဲ့တာ..။ မဟုတ်ရင်တော့ ငါက ဒီလိုမြို့အကြီးကြီးထဲမှာ မင်းအိမ်ကို အချိန်ပေးပြီးတော့ ရှာရလိမ့်မယ်…"
မုန့်ချီက အတော်လေးကို ခံစားချက် ကောင်းမွန်နေခဲ့သည်။ သွမ့်ရှန်ဖေး ပေးခဲ့သော အချက်အလက်များအရ ကျင်းအန်ချန်း အကြောင်းကို ပြောထားသော စကားလုံး အနည်းငယ် ရှိသည်။ သူက အခြေအနေအရပ်ရပ်တွင် အသက်ရှင်နေနိုင်သော လူတစ်ယောက်ဖြစ်ပြီး ရန်ပြုမိလျှင်လည်း ချက်ချင်း လက်တုန့်ပြန်တတ်သည်။
သို့သော် သိပ်မကြာခင် မုန့်ချီက အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူ့ဆီတွင် ညဝတ်စုံ (အနက်ရောင်ဝတ်စုံ) မရှိခဲ့ပေ ။ ထို့ကြောင့် သူ့ကို အလွယ်တကူ မှတ်မိသွားနိုင်၏။
အထူးသဖြင့် သူက နံပါတ်(၉)မျောက်အဖြစ် ဟန်ဆောင်လိုခြင်းဖြစ်ပြီး တခြားသော ရာသီခွင်နတ်ဘုရားများကို ပေါ်ထွက်လာစေချင်နေသည်။ လက်ရှိအချိန်တွင်တော့ သူတို့နှင့် ဆက်သွယ်ရန် နည်းလမ်းလည်း မရှိချေ ။ အကယ်၍ သူကသာ ထိုတာဝန်ကို ပြီးဆုံးချင်သည်ဆိုလျှင် ဉာဏ်အတုံးဆုံးနည်းလမ်းကိုသာ အသုံးပြုရပါလိမ့်မည်။
"ငါက တစ်နေရာရာကနေ ညဝတ်စုံတစ်ခု ငှားရမယ်..."
သူက စဉ်းစားနေသည့်အချိန်တွင် သူ၏မျက်လုံးများက နီရဲလာခဲ့၏။
သူနှင့် မျက်နှာချင်းဆိုင် အမိုးပေါ်တွင် ညဝတ်စုံဝတ်ထားသော လူတစ်ယောက် ရှိနေသည်။ အနက်ဝတ်လူက သီးသန့်ခြံဝန်းတစ်ခုထဲကို ခိုးဝင်ရန် ကြိုးစားနေခြင်းဖြစ်၏။ သူ့ရင်ထဲတွင်တော့ ရုတ်တရက် နွေးထွေးသွားခဲ့၏။
……………….
"ကျေးဇူးပြုပြီး ငရဲပြည်ကို စိတ်ဖြောင့်ဖြောင့်နဲ့သွားပါ။ ငါက မိဘမဲ့ဖြစ်သွားမဲ့ မင်းရဲ့ကလေးတွေကို ဂရုစိုက်လိုက်ပါ့မယ်…"
သူက မျက်နှာဖုံးအောက်မှနေ၍ ပြုံးလိုက်ပြီး ခြံဝန်းထဲသို့ ခုန်ဆင်းရန် ပြင်လိုက်သည်။
ရုတ်တရက်ဆိုသလို သူ့နောက်ကျောမှနေ၍ အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရ၏။ သူက အလွန်ထိတ်လန့်သွားခဲ့ပြီး ပြန်လှည့်ကြည့်ရန် ကြိုးစားလိုက်စဉ် မျက်လုံးထဲ၌ မှောင်မည်းသွားသလို ခံစားလိုက်ရပြီး သတိလွတ်သွားခဲ့၏။
"ညလယ်ခေါင်ကြီး မင်းက ငါ့ဆီကို ညဝတ်အင်္ကျီတစ်ထည် ယူလာပေးတာ တော်တော်လေးကို ကျေးဇူးတင်ရမယ်....။ဒီကမ္ဘာကြီးထဲမှာ ဒီလိုကံတရားမျိုးလည်း ရှိနေသေးတာပဲ..."
မုန့်ချီကတော့ သတိလစ်သွားသော ထိုလူကို ကြည့်လိုက်သည်။
ထိုလူက မည်သူဖြစ်မှန်း မသိသည့်အတွက် သူက မသတ်ချင်ခဲ့ပေ။ သူက ဓားနှောင့်နှင့် ထိုလူကို သတိလစ်သွားအောင် တိုက်ခိုက်လိုက်ခြင်းသာ ဖြစ်၏။
Translated by Hein Htet