အခန်း (၆၂)
Vol. 5 Ch. 62
ကျင်းအန်ချန်းက စာကြည့်ဆောင်ထဲတွင် ရှိနေသော ဗုဒ္ဓရုပ်ပွားတော်ကို အရိုအသေပေးလိုက်ပြီး တီးတိုးဆုတောင်းနေခဲ့သည်။ ခဏကြာပြီးနောက် သူက မျက်လုံးဖွင့်လိုက်ပြီး အနည်းငယ်စိတ်အေးသွားသလို ခံစားရ၏။ မူလတုန်းကတော့ တစ်စုံတစ်ခုက သူ့ရင်ထဲတွင် နှောင့်ယှက်နေခဲ့သည်။
“ကျေးဇူးပြုပြီး ဗုဒ္ဓ စောင့်ရှောက်ပေးပါ…”
သူက ရင်ထဲတွင် ဆုတောင်းလိုက်မိသည်။
"ဟုတ်တယ်။ မင်းက ဗုဒ္ဓကို ဆုတောင်းသင့်တယ်...”
အခန်းထဲမှနေ၍ အက်ရှရှအသံတစ်ခုကို ကြားလိုက်ရ၏။
ကျင်းအန်ချန်းက နောက်ကျောတွင် တင်းကျပ်သွားသလို ခံစားလိုက်ရပြီး စဉ်းစားမနေဘဲ ဗုဒ္ဓရုပ်ထုကို ဆွဲချလိုက်သည်။ ထိုရုပ်ထုဆီမှ ပျက်စီးသည့်အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
တစ်ချိန်တည်းတွင် သူက ရာမလှည့်စားမှုဟူသော သိုင်းကွက်ကို သုံးလိုက်၏။ သို့သော် သူ့လက်ထဲတွင် မည်သည့်အရာကိုမျှမဖမ်းမိလိုက်ချေ။ ထိုအချိန်တွင် ဆင်းတုတော်တင်ထားသော စားပွဲခုံ၏နောက်ဘက်၌ အနက်ဝတ်လူတစ်ယောက် ထိုင်နေကြောင်း တွေ့လိုက်ရ၏။
သူက ကလေးငယ်များ ဝတ်စဉ်လေ့ရှိသော ရုပ်ဆိုးဆိုး မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်။ ထိုမျက်နှာဖုံးကတော့ ပြုံးနေသော မျောက်တစ်ကောင်၏ မျက်နှာဖုံးဖြစ်၏။
“သူက အခန်းထဲကို ဘယ်အချိန်တုန်းကများ ဝင်လာတာလဲ။ အစောင့်တွေက ဘယ်ရောက်သွားတာလဲ…”
ကျင်းအန်ချန်းက ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသော်လည်း သူ့ကို မြင်လိုက်သည့် အချိန်တွင် ပြတင်းပေါက်ဆီသို့ ချက်ချင်းပြေးသွားခဲ့သည်။
သူက လှုပ်ရှားလိုက်သည့်အချိန်တွင် ပြုံးနေသော မျောက်မျက်နှာဖုံးကို နောက်တစ်ကြိမ် မြင်လိုက်ရပြန်သည်။
“မင်းသာ ထွက်ပြေးမယ်ဆိုရင် ငါက မင်းခြေထောက်ကို အရင်ဆုံး ဖြတ်ရလိမ့်မယ်…”
ကျင်းအန်ချန်း၏ နားထဲတွင် အက်ရှရှ လေသံတစ်ခုကို ကြားလိုက်ရ၏။
ထိုစကားကြောင့် သူလည်း အလွန်ထိတ်လန့်သွားပြီး ရင်ထဲတွင် အေးစက်သွားသလို ခံစားလိုက်ရသည်။ သို့သော် မျောက်မျက်နှာဖုံး ပိုင်ရှင်က မည်သည့်အရာကိုမျှ မလုပ်သေးသည့်အတွက် ကျင်းအန်ချန်းက တည်ငြိမ်သွားခဲ့၏။
သူက အထစ်ထစ်အငေါ့ငေါ့နှင့် မေးလိုက်ပြီး နဖူးပေါ်မှနေ၍ ချွေးစေးများ ကျဆင်းလာနေသည်။
“မင်းက ရာသီခွင်နတ်ဘုရား(၁၂)ယောက်တည်းက နံပါတ်(၉)မျောက်လား…”
“တကယ်လို့ ငါက သူ့ကို တိုက်ခိုက်လိုက်လို့ အနိုင်ရနိုင်တယ်ဆိုရင် ကိစ္စမရှိဘူး။ တကယ်လို့ မနိုင်ဘူးဆိုရင်တော့ ငါ့ရဲ့လုပ်ရပ်က သူ့ကို ပိုပြီးဒေါသထွက်သွားစေနိုင်တယ်။ သူက ငါ့ဆီကို ရောက်လာမှတော့ ငါက ထွက်ပြေးဖို့ အခွင့်အရေး မရှိနိုင်ဘူး…”
“မင်းက ငါ့ကိုသိနေမှတော့ အပိုတွေလုပ်ဖို့ စဉ်းစားမနေဘဲ ငါ့မေးခွန်းတွေကိုပဲ ကောင်းကောင်းပြန်ဖြေပါ…”
မုန့်ချီက အက်ရှရှလေသံနှင့် ပြောလိုက်သည်။
ကျင်းအန်ချန်းကတော့ စားပွဲအောက်တွင် လှုပ်ရှားရန် ပြင်ဆင်ထားပြီး အပြုံးနှင့် ပြောလိုက်သည်။
“ငါက မင်းရဲ့မေးခွန်းကိုဖြေရမှာလား…”
“သွမ့်မင်းချန်က ပျောက်မသွားခင် ဘာလုပ်ခဲ့လဲဆိုတာ ငါသိချင်တယ်…”
မုန့်ချီက တိုက်ရိုက်မေးခဲ့သည်။
ကျင်းအန်ချန်းက မျက်မှောင်ကြုတ်လိုက်မိ၏။
“ဆရာကြီးမျောက် အဲဒါက ဘာမှမဟုတ်ပါဘူး။ ကျွန်တော်က လူဆိုးထိန်းခေါင်းဆောင်ဖေးကို အကုန်လုံး ပြောပြပြီးသွားပြီ။ အဲဒီညမှာ သခင်လေးသွမ့်က အထူးအခန်းတစ်ခုကို ကြိုပြီးမှာထားခဲ့တယ်။ ပြီးတော့ မြို့စားလေးနဲ့ လူဆိုးထိန်းခေါင်းဆောင်ဖေးတို့ကို ဖိတ်ခေါ်ခဲ့တယ်။ သူက ကချေသည်တွေကိုတောင် မခေါ်တော့ဘဲ ကျွန်တော့်ကိုလည်း မောင်းထုတ်ခဲ့တယ်…”
“နာရီဝက် ကြာသွားတဲ့အချိန်မှာ မြို့စားလေးနဲ့ လူဆိုးထိန်းခေါင်းဆောင်ဖေးတို့လည်း ထွက်သွားကြတယ်။ သူလည်း ငွေရှင်းဖို့ ထွက်လာခဲ့တယ်။ ပြီးတော့ သူနဲ့ရင်းနှီးနေတဲ့ ကချေသည်လေး ညလမင်းနဲ့ စကားပြောပြီး ထွက်သွားခဲ့တာပဲ။ သူက ကျွန်တော်နဲ့ စကား(၃)ခွန်းတောင် ပြည့်အောင်မပြောခဲ့ဘူး။ အဲဒါကတော့ ညစာစားခဲ့တဲ့ အကြောင်းပါပဲ။ သူက အိမ်ပြန်သွားတဲ့အချိန်မှာ ပျောက်သွားတာပဲ ဖြစ်ရမယ်။ ဒါပေမယ့် တိုက်ခိုက်ခဲ့တဲ့ လက္ခဏာတွေလည်း ဘာမှမတွေ့ရဘူး…”
“ဟုတ်လား ။ ဒါပေမယ့် ငါရထားတဲ့သတင်းတွေကတော့ မင်းပြောသလို မဟုတ်ဘူး..”
မုန့်ချီက ကျင်းအန်ချန်းကို လှည့်စားရန် ကြိုးစားလိုက်သည်။
“ဆရာကြီးမျောက် …
ကြည့်ရတာ ဆရာကြီးမျောက်ရဲ့သတင်းတွေက လှည့်စားထားတာ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်ပြောတာတွေက အမှန်ပါပဲ…”
မုန့်ချီကတော့ စကားတစ်ခွန်းမျှမပြောဘဲ ကျင်းအန်ချန်းကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့သည်။ အလွန်အေးစက်သော အခြေအနေနှင့် ပြုံးနေသော မျောက်မျက်နှာဖုံးကြောင့် ကျင်းအန်ချန်းက အတော်လေးကို စိတ်ဓာတ်ကျနေခဲ့၏။
သူက အိုးတိုးအန်းတန်းအမူအရာနှင့် ပြန်ပြောလိုက်သည်။
“ဆရာကြီးက ဘယ်လိုထင်လို့လဲ …”
မုန့်ချီက အသံတိုးတိုးနှင့် ပြောလိုက်သည်။
“မင်းဆီမှာ သား(၃)ယောက်၊ သမီး(၂)ယောက်ရှိတယ် ။ ဒါပေမယ့် မြေးတစ်ယောက်မှ မရှိဘူးမလား…”
“အဲဒါက ဘာကိုဆိုလိုတာလဲ …”
ကျင်းအန်ချန်း၏ မျက်လုံးများက ဝင်းလက်တောက်ပလာပြီး အလွန်အမင်း ကြောက်လန့်လာပုံရသည်။
မုန့်ချီက တမင်အချိန်ဆွဲ၍ ဖြည်းညင်းစွာ ပြောလိုက်၏။
“တကယ်လို့ မင်းသာ ငါ့ကို အမှန်အတိုင်းမပြောဘူးဆိုရင် ငါက မင်းရှေ့မှာပဲ တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်မယ်။ မင်းက ဘယ်လောက်ကြာကြာ ခံနိုင်ရည်ရှိမှာလဲ။ မင်းက မင်းရဲ့သားငယ်လေးကို အချစ်ဆုံးလို့ ပြောကြတယ်။ သူနဲ့ပဲ စလိုက်ကြတာပေါ့…”
သူက ထိုသို့လုပ်ရန် လုံးဝမဖြစ်နိုင်ပေ။ ကျင်းအန်ချန်းကို ခြောက်လှန့်ရုံသက်သက်သာ ဖြစ်သည်။ ရာသီခွင်နတ်ဘုရား(၁၂)ယောက်က အလွန်ရက်စက်ကြမ်းကြုတ်ပြီး အညှာအတာကင်းမဲ့သည်။ သူတို့က တာဝန်တိုင်းကို လက်ခံပြီး နည်းလမ်းမျိုးစုံနှင့် ပြီးဆုံးအောင် လုပ်ဆောင်တတ်၏။ သူတို့ဆီတွင် သနားညှာတာမှုဟူ၍ မရှိကြပေ။
ကျင်းအန်ချန်းက ထိုအရာကို ယုံကြည်နေမည်ဖြစ်၏။ တစ်ခါတစ်ရံ နာမည်ဆိုးနှင့် ကျော်ကြားခြင်းကလည်း အကျိုးအမြတ်များ ရှိသည်။
ကျင်းအန်ချန်းက ပို၍ပင် ကြောက်လန့်လာပုံရ၏။
“ဆရာကြီးမျောက် ကျွန်တော်ပြောတာတွေက အမှန်ပါပဲ။ ကျေးဇူးပြုပြီး ကျွန်တော့်ကို တွန်းအားမပေးပါနဲ့ …”
“ငါက ဘာမှမသိဘူးလို့ မင်းထင်နေတာလား …”
မုန့်ချီကတော့ နှာခေါင်းရှုံ့လိုက်ပြီး အပြင်ဘက်သို့ ထွက်သွားတော့မယောင် ဟန်ပြင်လိုက်သည်။
“မင်းရဲ့သားငယ်လေးက အနောက်ဘက်ခြံမှာနေတာ မဟုတ်လား…”
ကျင်းအန်ချန်းက ဒေါသထွက်နေသော်လည်း ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်နေရန် ကြိုးစားနေခဲ့သည်။ သူက မုန့်ချီဆီသို့ ပြေးဝင်လာပြီး ညာလက်နှင့် သူ၏လည်ပင်းကိုချုပ်နှောင်လိုက်၏။ ထို့နောက် အစောင့်များကို ကျယ်လောင်စွာ အော်ခေါ်လိုက်သည်။
သူကတော့ အသက်ရှင်ရန် မျှော်လင့်မထားသော်လည်း ဆူဆူညံညံ ဖြစ်သွားရန် မျှော်လင့်ထားခဲ့သည်။ ဤနေရာက ကံကြမ္မာမြို့တော်ဖြစ်၏။ မကောင်းဆိုးဝါး(၁၂)ယောက်ကပင် သိုသိုသိပ်သိပ် လှုပ်ရှားရန် လိုအပ်သည်။
မုန့်ချီ၏ ခန္ဓာကိုယ်က အပြင်ဘက်သို့ တစ်ပိုင်း ရောက်နေသည့်အတွက် ကျင်းအန်ချန်းက ရှုပ်ထွေးနေခဲ့သည်။ သူက ကျင်းအန်ချန်း၏အဝေးသို့ ရှောင်သွားပြီး သူ၏သိုင်းကွက်ကို ချေဖျက်လိုက်၏။
နံပါတ်(၉)မျောက်၏ စွမ်းရည်ကို မြင်လိုက်ရသည့်အချိန်တွင် ကျင်းအန်ချန်းက သူ့လက်ကို ရုတ်သိမ်းလိုက်ပြီး မုန့်ချီ၏ အင်္ကျီလက်ကို နောက်ပြန်ချုပ်ကိုင်လိုက်သည်။ သူက မအော်နိုင်ခဲ့ပေ။
မုန့်ချီကတော့ မရှောင်ခဲ့ဘဲ နောက်ကျောနှင့် ခုခံလိုက်၏။ ထို့နောက် သူက ဓားကို ဆွဲထုတ်လိုက်ပြီး ကျင်းအန်ချန်း၏ လည်ပင်းပေါ်သို့ တင်ထားလိုက်သည်။
ထိုအချိန်တွင် ကျင်းအန်ချန်းက မုန့်ချီ၏လက်ကို ဖမ်းလိုက်ပြီး သူ၏လက်ချောင်းလေးများကို အားစိုက်လိုက်၏။ သို့သော် သူကတော့ ကျောက်တုံးတစ်တုံးကို ကိုင်ထားရသလို ခံစားလိုက်ရပြီး လက်ချောင်းထိပ်မှနေ၍ အလွန်ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။
အဆိုးဆုံးအခြေအနေကို နားလည်သွားသည့်အချိန်တွင် ဓားသွားကတော့ သူ့လည်ပင်းပေါ်ကို ရောက်နေခဲ့၏။ မုန့်ချီက ဘယ်လက်နှင့် ကျင်းအန်ချန်းကို သွေးကြောပိတ်လိုက်သည်။
သူက အပြုံးနှင့် ပြောလိုက်၏။
"သခင်ကြီးကျင်း …
ငါတို့(၂)ယောက်ရဲ့အဆင့်က တိုက်ခိုက်ဖို့ အရမ်းကို ကွာလွန်းတယ် ..."
မုန့်ချီက ကျင်းအန်ချန်းကို တမင်တကာ စိတ်ရှုပ်အောင် လုပ်လိုက်ပြီး တိုက်ခိုက်လာအောင် သွေးဆောင်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် အောင်အောင်မြင်မြင် ဖမ်းဆီးခဲ့ခြင်းဖြစ်၏။
မုန့်ချီက ရန်သူကို ဖမ်းဆီးရာတွင် ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိသည်။ သို့သော် ညအချိန်တွင် သူကသာ ရန်သူကို မြန်မြန်မဖမ်းနိုင်လျှင် ဆူညံသံများကြောင့် ကံကြမ္မာ မြို့တော်ထဲတွင် ရှိနေသော လူဆိုးထိန်းခေါင်းဆောင် ၊ မြို့စားလေးနှင့် မြို့စားမင်းကွေရှုကပင် သတိထားမိသွားနိုင်သည်။
"မင်းက ဘာလိုချင်တာလဲ ....."
သူက အဖမ်းခံထားရသော်လည်း ကျင်းအန်ချန်းကတော့ ဒေါသထွက်နေသေးသည်။
မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်၏။
"ငါက အမှန်တရားကိုပဲသိချင်တာ ...”
“ငါပြောတာေတွအားလုံး အမှန်ပဲ.လေ...."
ကျင်းအန်ချန်းက လည်ပင်းပေါ်တွင် ရှိနေသော ဓားသွားကို ကြည့်ပြီး မျက်တောင်မခတ်တမ်း ပြန်ဖြေလိုက်သည်။
မုန့်ချီက ရယ်လိုက်၏။
"မင်းက အမှန်တရားကိုပြောတာ ပိုကောင်းမယ်..။ ငါတို့ ရာသီခွင်နတ်ဘုရား (၁၂)ယောက်က ပြောထားတဲ့အတိုင်း အမြဲတမ်း လုပ်တတ်တယ် ..။ ငါက ပြောထားတဲ့အတိုင်း မင်းရဲ့မိသားစုကို သတ်ပစ်နိုင်တယ်..။ ငါပြောတဲ့အတိုင်းလည်း လုပ်နိုင်တယ်...."
ရာသီခွင်နတ်ဘုရား (၁၂)ယောက်၏ ဂုဏ်သတင်းက အမှန်တကယ်ကို အလုပ်ဖြစ်နိုင်သည်။ ကျင်းအန်ချန်းက သူ၏ မိသားစုကို အလွန်အလေးထားနိုင်၏။
သူက သက်ပြင်းချပြီး ပြောလိုက်သည်။
"ကျွန်တော်က မပြောချင်လို့ မဟုတ်ပါဘူး ..။ ပြောလို့မရလို့ပါ ...."
"တကယ်လို့ မင်း ငါ့ကိုပြောမယ်ဆိုရင်တော့ မင်းမိသားစုနဲ့ ပိုင်ဆိုင်မှုတွေကို ယူပြီး ထွက်သွားဖို့ အခွင့်အရေး ရှိသေးတယ်..။ တကယ်လို့ မင်းက ငါ့ကို မပြောဘူးဆိုရင်တော့ မင်းရဲ့မိသားစုက အခုပဲ သေရလိမ့်မယ်..."
မုန့်ချီကတော့ အမှန်တရားကို ကြားရတော့မည်ဖြစ်သည့်အတွက် စိတ်ထဲတွင် ကျေနပ်သွားခဲ့သည်။
ထိုအချိန်တွင် သူကတော့ နာမည်ဆိုး၏ အကျိုးကျေးဇူးကိုလည်း နားလည်သွားသည်။ အကယ်၍ သူကသာ သွမ့်ရှန်ဖေးဆိုလျှင် ကျင်းအန်ချန်းက သူပြောသည့်စကားများကို ယုံကြည်လိမ့်မည် မဟုတ်ချေ။ သို့သော် ရာသီခွင်နတ်ဘုရား (၁၂)ယောက်ကတော့ ပြောသည့်အတိုင်း အမှန်တကယ် လုပ်တတ်သည်။ သူက ပြောသည့်အတိုင်း ကျင်းအန်ချန်း၏ မိသားစုကို သတ်ပစ်လိမ့်မည်ဖြစ်၏။
ထို့ကြောင့်လည်း သွမ့်ရှန်ဖေးက ရာသီခွင်နတ်ဘုရား (၁၂)ယောက်ကို စုံစမ်းရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။
ကျင်းရန်ချန်က သက်ပြင်းချပြီး ပြောလိုက်၏။
"အဲဒီနေ့မှာ သခင်လေးသွမ့်က မြို့စားလေးနဲ့ လူဆိုးထိန်းခေါင်းေဆာင်တို့ကို ပြန်ပို့ပြီးသွားတာနဲ့ ချက်ချင်း ထွက်မသွားခဲ့ဘူး.။ သူက ကချေသည် ညလမင်းနဲ့ စကားပြောပြီး ခြံဝန်းထဲကို တစ်ယောက်တည်း ဆင်းသွားခဲ့တယ်။ ပြီးတော့ တခြားသူတွေကို ဖိတ်ခေါ်ပြီး နောက်တစ်ကြိမ် တည်ခင်းဧည့်ခံခဲ့တယ်..”
“အဲဒီဧည့်သည်ကတော့ အနက်ရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်နှာကိုလည်း အဝတ်နဲ့ အုပ်ထားတယ်..။ ဒီတော့ သူ့ရဲ့အသက်နဲ့ မျက်နှာကို ခန့်မှန်းကြည့်ဖို့ခက်တယ်..။ ဒါပေမယ့် ဧည့်သည်က ယောကျာ်းတစ်ယောက်ပဲ.။ သူက ကျွန်တော်နဲ့ ဆရာကြီးမျောက်တို့လို အရပ်အမောင်းမျိုး ရှိတယ်..။ ခန္ဓာကိုယ်ကတော့ ပိန်ပိန်ပါးပါးပဲ..။ သခင်လေးသွမ့်က ခြံဝန်းထဲကို ဝင်သွားတဲ့အချိန်မှာ ကျွန်တော့်ကို မောင်းထုတ်ခဲ့တယ်..။ အဲဒါကြောင့် ကျွန်တော်လည်း ထူးဆန်းသွားသလို ခံစားခဲ့ရတယ်....။ အဲဒါက မြို့စားလေးနဲ့ လူဆိုးထိန်းခေါင်းဆောင်ဖေးတို့ကို ထိခိုက်မှာကိုလည်း စိုးရိမ်နေခဲ့တာ .။ ဒါကြောင့် ကျွန်တော်က ခြံဝန်းရဲ့ တခြားတစ်ဖက်ကို သွားပြီး သူတို့ပြောတဲ့စကားတွေကို ချောင်းနားထောင်ခဲ့တယ် ..။ သူတို့က အသံတိုးတိုးနဲ့ ပြောနေကြပေးမယ့် နှင်းနတ်ဘုရားနန်းတော်ဆိုတဲ့ စကားကိုတော့ ဝိုးတဝါးကြားခဲ့ရတယ်….."
"နှင်းနတ်ဘုရားနန်းတော်...."
မုန့်ချီက တီးတိုးရေရွတ်လိုက်မိသည်။
"ဒီကမ္ဘာကြီးထဲမှာ ငါတွေ့နေရတဲ့အရာတွေ အများစုက နှင်းနတ်ဘုရားနန်းတော်နဲ့ ပတ်သက်နေတယ်..."
ကျင်းအန်ချန်းက ပြုံးနေသော မျောက်မျက်နှာဖုံးကို ကြည့်ပြီး ပြောလိုက်သည်။
"အဲဒါက နှင်းနတ်ဘုရားနန်းတော်အကြောင်းပဲ....။ ကျွန်တော်လည်း ရှင်းရှင်းလင်းလင်း မကြားရဘူး...။ ဒါပေမယ့် အကောင်းဆုံးတော့ ကြိုးစားခဲ့တယ်..။ နောက်ပိုင်းမှာတော့ စကားပြောသံက ပျောက်သွားတာပဲ...။ ကျွန်တော် အံ့ဩသွားတာကတော့ တံခါးရှေ့ကို ရောက်သွားတဲ့အချိန်မှာ ဘာမှမတွေ့ရဘူး..။ ညစာစားပွဲကတော့ ကျန်နေပြီး သူတို့နှစ်ယောက်လုံးကတော့ ပျောက်သွားခဲ့ပြီ။ အဲဒီအချိန်ကတည်းကစပြီး ကျွန်တော်က သခင်လေးသွမ့်ကို လုံးဝမတွေ့တော့တာပဲ...."
"အဲဒီမှာ တိုက်ခိုက်မှုတွေ ရှိခဲ့သေးလား ....."
မုန့်ချီက သတိထား၍ မေးခဲ့သည်။
ကျင်းအန်ချန်းက ခေါင်းခါပြလိုက်၏။
"တိုက်ခိုက်တဲ့ အရိပ်အယောင်တော့ မရှိဘူး...။ ဒါပေမယ့် ငွေတုံးတစ်တုံးကိုတော့တွေ့ရတယ် ..။ ကြည့်ရတာ သခင်လေးသွမ့်က ကိုယ်ရေးကိုယ်တာရှိလို့ အနက်ဝတ်လူနဲ့ ထွက်သွားတာ ဖြစ်နိုင်သလို အဖမ်းခံလိုက်ရတာလည်း ဖြစ်နိုင်တယ်....."
"အဲဒီငွေတုံးမှာ ထူးဆန်းတာ တစ်ခုခုရှိလား...။ စားစရာထဲမှာရော အဆိပ်ရှိလား...."
မုန့်ချီက လေးလေးနက်နက် စဉ်းစားနိုင်ပြီး သူ ဖတ်ဖူးသည့်ဝတ္ထုများအတိုင်း သဲလွန်စများကို ရှာဖွေရန် ကြိုးစားနေခဲ့သည်။
ကျင်းအန်ချန်းက ခေါင်းခါပြလိုက်၏။
"အဲဒီငွေစက သခင်လေးသွမ့်ရဲ့ငွေစဖြစ်မယ်..။ အဲဒီငွေစပေါ်မှာ သွမ့်မိသားစုရဲ့ တံဆိပ်ပါတယ်...။ စားစရာမှာလည်း ဘာမှအမှားမရှိဘူး...။ အဝတ်စ အစိတ်အပိုင်းတွေတောင် မတွေ့ရဘူး....။ ဆရာကြီးမျောက်… ကျွန်တော်က သိသမျှ အရာအားလုံးတော့ ပြောပြီးသွားပြီ ...."
မုန့်ချီက မျောက်မျက်နှာဖုံးနှင့် အနည်းငယ် ခေါင်းခါလိုက်မိသည်။ ထို့ကြောင့် ကျင်းအန်ချန်းက စိုးရိမ်သွားခဲ့၏။
ထိုအချိန်တွင် ကျန်းအန်ချန်းက မုန့်ချီ၏ အက်ရှရှလေသံကို ကြားလိုက်ရသည်။
"ရှင်းပါပြီ..၊ ဒါပေမယ့် ငါ့မှာ မေးခွန်းတစ်ခု ရှိသေးတယ်...။ အဲဒါက မင်းကိုယ်တိုင် ဖုံးကွယ်ထားလောက်ရအောင် တန်ဖိုးမရှိဘူး ထင်တယ် ..."
သူက ထိုပြဿနာကို ပြောခဲ့သော်လည်း ထိုအရာက မည်သည့်ပြဿနာမျှ မရှိချေ။ ဘာကြောင့် သူက မပြောချင်ရသနည်း။
ကျင်းအန်ချန်း၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ သူက ခဏကြာ တွေဝေနေပြီးနောက် ဖြည်းညင်းစွာ ပြောလိုက်သည်။
"ဟုတ်တယ်။ လူဆိုးထိန်းခေါင်းဆောင်ဖေးက ကျွန်တော်ကို မပြောခိုင်းလို့ပါ..။ ဒါကြောင့် ကျွန်တော်က ဖုံးကွယ်ထားရတာ ...."
"ဖေးကျန်းချင်လား......"
မုန့်ချီက ကျင်းအန်ချန်း၏ မျက်နှာကို တည့်တည့်စိုက်ကြည့်လိုက်သည်။
ကျင်းအန်ချန်းက ခေါင်းညိတ်ပြလိုက်၏။
"ဟုတ်တယ် ...။ သခင်လေးသွမ့် ပျောက်သွားတဲ့အချိန်မှာ ပထမဆုံးစစ်ဆေးခဲ့တဲ့သူက လူဆိုးထိန်းခေါင်းဆောင်ဖေးပါ ..။ သူက ကျွန်တော်ရဲ့လျှို့ဝှက်ချက်တွေကို သိတယ်။ ပြီးတော့ ကျွန်တော်ထက်ပိုပြီး သိုင်းပညာကောင်းတယ်..။ ကျွန်တော်က သူ့အမိန့်ကို မလွန်ဆန်ရဲဘူး...။ သူက ဘာလို့ ဖုံးကွယ်ထားလဲဆိုတာတော့ ကျွန်တော်လည်း မသိဘူး ...."
"ကောင်းတယ်...။ ဉာဏ်ကောင်းတဲ့သူဆိုတာ အခြေအနေပေါ် မူတည်ပြီး ပြောင်းလဲရတယ်..။ မင်းရဲ့မိသားစုတွေကို မသတ်ခဲ့ရတာတော့ နှမြောစရာပဲ ...."
မုန့်ချီက ရယ်လိုက်ပြီး စာကြည့်ခန်းထဲမှ လျင်မြန်စွာ ထွက်သွားခဲ့၏။
တခဏအတွင်း သူက ကျင်းအန်ချန်း၏ မျက်လုံးထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ကျင်းအန်ချန်းက သွေးကြောပိတ်ခံထားရသည့်အတွက် သူ့နောက်ကို လိုက်ဖမ်းနိုင်ခြင်း မရှိချေ။
သူက သက်ပြင်းချလိုက်မိပြီးနောက် ကျယ်လောင်စွာ အော်ခေါ်လိုက်၏။ တခဏအတွင်း အစောင့်များ ရောက်လာပြီး သူ၏သွေးကြောများကို ဖွင့်ပေးလိုက်သည်။ ထို့နောက် သူက မျက်နှာပျက်ပျက်နှင့် အစောင့်များကို အပြင်သို့ သွားခိုင်းလိုက်ပြီး စာကြည့်ခန်းထဲရှိ ထိုင်ခုံတွင် ထိုင်နေခဲ့သည်။
(၁) နာရီခန့် ကြာပြီးနောက် သူက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး အပြင်ဘက်တွင် ရှိနေသော အစောင့်များကို လှမ်းကြည့်လိုက်သည်။ သူတို့က သူ့ကို အာရုံစိုက်မနေကြောင်း မြင်လိုက်ရသည့်အခါ သူလည်း ပြတင်းပေါက်ကို ဖွင့်ပြီး အမှောင်ထဲကို ဝင်သွားခဲ့၏။ ထို့နောက် ခြံဝန်းထဲသို့ ခုန်ချပြီး တခြားတစ်ဖက်သို့ ပြေးသွားခဲ့လေသည်။
"မင်းက နှစ်ဖက်ချွန် လုပ်နေတာပဲ .။ ဒါပေမယ့် ငါက ဉာဏ်ကောင်းတယ် ....."
မုန့်ချီက အမှောင်ထဲရှိ တံစက်မြိတ်ပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည့်အတွက် ခြံဝန်းထဲမှ ပြေးထွက်သွားသော ကျင်းအန်ချန်းကို မြင်လိုက်ရသည်။
သူက ဝတ္ထုပေါင်းများစွာကို ဖတ်ခဲ့ဖူးပြီး ထိုကဲ့သို့ အခြေအနေတွင် တစ်စုံတစ်ခု ဖြစ်လာနိုင်ကြောင်း သိနေသည်။ တစ်စုံတစ်ယောက်က ကျင်းအန်ချင်းကို သတ်လိုက်ခြင်း ဖြစ်နိုင်သလို ကျင်းအန်ချန်းက အမှန်တရားကို မပြောခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်စေကာမူ သူ့နောက်ကွယ်တွင် တစ်စုံတစ်ယောက် ရှိနေနိုင်၏။
ပထမတွင်တော့ မုန့်ချီက စာရေးဆရာများ ပြောသည့်အရာများကို သံသယ ဝင်နေခဲ့သည်။ သို့သော် သူက အပြင်ဘက်တွင် ပုန်းနေသေးရန် ဆုံးဖြတ်ထားခဲ့သည်။ အခြေအနေက မည်သို့ ဆက်ဖြစ်လာနိုင်ကြောင်း သူက သိချင်နေခဲ့သည်။ ထို့ကြောင့် သူက အာရုံတက်ချိန် မရောက်မချင်း စောင့််နေရန် စဉ်းစားထားခဲ့၏။
ကျင်းအန်ချန်း ထွက်သွားသည်ကို မြင်သည့်အခါ သူလည်း အမိုးပေါ်သို့ ခုန်တက်လိုက်ပြီး ကျင်းအန်ချန်း၏နောက်မှ တိတ်တဆိတ် လိုက်သွားခဲ့လေသည်။
Translated by Hein Htet