← Chapters

အခန်း (၆၄)

Vol. 5 Ch. 64

အခန်း (၆၄)

Vol. 5 Ch. 64

"မင်းက ဘာလို့လေလွင့်ဆရာကြီးလို့ ပြောနိုင်ရတာလဲ…"

မုန့်ချီက မထုံတက်‌တေး အမူအရာနှင့် ပြောလိုက်သည်။

ဖေးကျန်းချင်က ကောက်ကျစ်စဉ်းလဲသော မြေခွေးတစ်ကောင်ကဲ့သို့ ရယ်လိုက်၏။ သူ၏မျက်နှာအမူအရာက မြင်းတစ်ကောင်နှင့်တူသော်လည်း ကောက်ကျစ်စဉ်းလဲသော မြေခွေးတစ်ကောင်နှင့် ပိုတူနေသည်။

"ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကို လေလွင့်ဆရာကြီးက ဖိတ်ခေါ်ထားတာ မဟုတ်ဘူးလား…"

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။

"နှင်းနတ်ဘုရားနန်းတော်ရဲ့ ရတနာတွေကို ရှာချင်နေတာက လူတစ်ယောက်တည်းမှ မဟုတ်တာ။ အဲဒါက သူမဟုတ်တာလည်း ဖြစ်နိုင်တယ်လေ…"

မုန့်ချီက ထပ်မေးလိုက်၏။

"ဒါဆိုရင် မင်းက နောက်ထပ် ဘာသဲလွန်စတွေ တွေ့ခဲ့သေးလဲ…"

ဖေးကျန်းချင်က တီးတိုးပြန်ဖြေလိုက်သည်။

"နှင်းနတ်ဘုရားနန်းတော်ရဲ့ သစ္စာဖောက်လို့ သံသယဝင်နေတဲ့ တစ်ယောက်တော့ရှိတယ်။ ဒါပေမယ့် သက်သေမရှိတဲ့အတွက် မြို့စားမင်းဆီက ခွင့်ပြုချက်ကို တောင်းလို့ မရနိုင်ဘူး…"

"ဘယ်သူ့ကို သံသယဝင်နေတာလဲ…"

မျောက်မျက်မှာဖုံး၏ နောက်ကွယ်မှနေ၍ အက်ရှရှလေသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံက အလွန်တည်ငြိမ်နေသေး၏။

ဖေးကျန်းချင်က သက်ပြင်းချလိုက်မိသည်။

"ယုတုန်ကွမ်…"

သူက နာမည်တစ်ခုသာ ပြောခဲ့သည့်အတွက် ထိုလူက မည်သူဖြစ်ကြောင်း မုန့်ချီက သိမည်ဟု ယူဆခြင်းလည်း ဖြစ်နိုင်သည်။ မုန့်ချီက စိတ်ထဲတွင် ကျိန်ဆဲလိုက်၏။ အကယ်၍ ထိုနာမည်ကသာ သွမ့်ရှန်ဖေး ပေးခဲ့သော အချက်အလက်များထဲ၌ မရှိလျှင် မည်သူဖြစ်ကြောင်း သူလည်း သိနိုင်မည်မဟုတ်ချေ။

ယုတုန်ကွမ် ဟူသည်မှာ ကွေရှု၏သွေးသောက်ညီအစ်ကို တစ်ယောက်ဖြစ်ပြီး ကံကြမ္မာမြို့ထဲတွင် အချမ်းသာဆုံးကုန်သည် တစ်ယောက်ဖြစ်သည်။ သူက အစားအသောက် ၊ လက်နက်၊ သံထည်ပစ္စည်းနှင့် အနီးနားပြည်နယ်များ၏ထောက်ပံ့ရေးတာဝန်ကို ယူထားသည်။

သူက ချမ်းသာ၍ အစွမ်းထက်သည့်အပြင် သိုင်းပညာလည်း အလွန်ထူးချွန်သည်။ ခန္ဓာကိုယ်၏ လျှို့ဝှက်အခန်းတစ်ခုကို ချိုးဖောက်နိုင်သည်ဟုပင် ကောလာဟလများပင် ကြားခဲ့ရသည်။ သို့သော် သူက နောက်ဆုံးအဆင့်တွင် ကျရှုံးသွားသည့်အတွက် သူ၏ကြိုးစားအားထုတ်မှုများအားလုံး အချည်းနှီးဖြစ်ခဲ့ရသည်။

ထိုအချိန်ကတည်းကစပြီး သူ၏သိုင်းပညာက ရပ်တန့်သွားပြီး ငွေကြေးနှင့်မိန်းမများကိုသာ စတင်ရှာဖွေနေခဲ့၏။ ကွေရှု၏ ခွင့်ပြုချက်မရသည့်အတွက် ဖေးကျန်းချင်က ယုတုန်ကွမ်ကဲ့သို့သော လူတစ်ယောက်ကို စစ်ဆေးမေးမြန်းရဲခြင်း မရှိချေ။

အကယ်၍ ဖေးကျန်းချင်က ကံကြမ္မာမြို့တော်ထဲရှိထိပ်တန်း(၁၀)ဦးထဲမှ တစ်ယောက်ဖြစ်နေလျှင်ပင် ယုတုန်ကွမ်၏နောက်တွင် မြို့စားမင်းကွေရှုနှင့် မြို့စားလေးကွေချင်းဟွာတို့ ရှိနေသည်။

"မင်းက ငါ့ကိုအသုံးချပြီး ယုတုန်ကွမ်ကို ရင်ဆိုင်ချင်တာလား…"

မုန့်ချီကတော့ ရယ်ချင်နေသော အမူအရာနှင့် ပြောလိုက်သည်။

အကယ်၍ ယုတုန်ကွမ်သာ သေဆုံးသွားမည်ဆိုလျှင် သူ့သားများက အလွန်ကြီးမားသော မိသားစုစီးပွားရေးကို ချုပ်ကိုင်လွှမ်းမိုးနိုင်မည် မဟုတ်ချေ။ ကွေရှု၏ အကူညီရှိနေလျှင်ပင် သူတို့၏စွမ်းအင်များက အလွန်နိမ့်ကျလွန်းသည်။ ထို့ပြင် သူတို့က စွမ်းအားနှင့် လွှမ်းမိုးမှုများကိုလည်း ဆုံးရှုံးရပါလိမ့်မည်။

ထိုအချိန်ကျလျှင် ဖေးကျန်းချင်၏လူများက ဝင်လာပြီး သူတို့စီးပွားရေး၏ တစ်စိတ်တစ်ပိုင်းကို ဝင်ရောက်စီမံလာပါလိမ့်မည်။ ယုတုန်ကွမ်က အပြစ်ရှိကြောင်း သတ်သေပြနိုင်မည်ဆိုလျှင် ပို၍ကောင်း၏။

အကယ်၍ လူတိုင်းကသာ သိသွားမည်ဆိုလျှင် သွေးသောက်ညီအစ်ကိုဖြစ်သော ကွေရှုကပင် တရားမျှတမှုအတွက် ယုမိသားစုကို စစ်ဆေးမေးမြန်း သတိပေးရပါလိမ့်မည်။

‌ဖေးကျန်းချင်၏ အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ အေးအေးဆေးဆေးသာ စိုက်ကြည့်နေသေးသည်။ သူက မချိပြုံးပြုံးပြီး ပြောလိုက်၏။

"အဘိုးကြီးယုနဲ့ ငါက ညီအစ်ကိုတွေလို ဖြစ်နေခဲ့တာ တော်တော်လေး ကြာခဲ့ပြီ။ ငါက အပြင်လူတစ်ယောက်ကိုသုံးပြီး သူ့ကို ဒုက္ခရောက်အောင် ဘာလို့လုပ်ရမှာလဲ။ တကယ်လို့ တာ့ပိုင်ကျောင်းဆောင်ထဲမှာ ရှာတွေ့ခဲ့တဲ့ သက်သေတွေကြောင့်သာ မဟုတ်ရင် ငါက သူ့ကို သံသယဝင်မိမှာ မဟုတ်ဘူး။ တကယ်လို့ သူက နှင်းနတ်ဘုရားနန်းတော်ရဲ့ သစ္စာဖောက်တစ်ယောက်ပဲဆိုရင် ငါက တရားမျှတမှုအတွက် သူ့ဘက်က ကာကွယ်ပေးရမှာပဲ…"

"ဘယ်လိုသက်သေမျိုးလဲ…"

မုန့်ချီက မေးလိုက်၏။ သူကတော့ ဖေးကျန်းချင်၏ အမူအရာနှင့် စကားလုံးများကြောင့် ပြောင်းလဲသွားခြင်း မရှိချေ။

ဖေးကျန်းချင်က လျင်မြန်စွာ ပြောလိုက်သည်။

"အဘိုးကြီးယုရဲ့လက်ရေးနဲ့ စာတွေကို တာ့ပိုင်ကျောင်းဆောင်ရဲ့ အတွင်းကျောင်းတော်ထဲမှာ တွေ့ခဲ့တယ်။ အပြင်ဘက်ကနေ ကြည့်မယ်ဆိုရင်တော့ အဲဒါက သံထည်ပစ္စည်းအရောင်းအဝယ် လက်မှတ်နဲ့တူတယ်။ ဒါက သာမန်လို့ ထင်ရပေမယ့် ငါကတော့ သံသယဝင်နေမိတယ်…။ ကံကြမ္မာမြို့တော်ထဲမှာ အဘိုးကြီးယုက ဘယ်တုန်းက စာနဲ့‌အရောင်းအဝယ် လုပ်ဖူးလို့လဲ..၊ ဒါက သူ့အတွက် သာမန်မဟုတ်ဘူး…”

“ဒါက တရားမဝင် သံထည်ပစ္စည်း အရောင်းအဝယ်နဲ့ ပတ်သက်နေတာရော မဖြစ်နိုင်ဘူးလား။ ဒါကြောင့် ယုတုန်ကွမ်က အဲဒါနဲ့ ပတ်သက်ပြီး မျက်နှာချင်းဆိုင် မပြောချင်တာလည်း ဖြစ်နိုင်တယ်လေ…"

မုန့်ချီက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

သူကတော့ ထိုအရာကို ဂရုစိုက်ပုံမရချေ။ အကယ်၍ ယုတုန်ကွမ်ကသာ မျက်နှာပြရန် ကြောက်လန့်နေမည်ဆိုလျှင် စာတစ်စောင်နှင့်ဆွေးနွေးရန် ဘာကြောင့် မကြောက်ရသနည်း။

ဖေးကျန်းချင်ကလည်း မုန့်ချီ၏ စကားလုံးကို သတိထားမိပုံရသည့်အတွက် ပြုံးလိုက်သည်။

"အဘိုးကြီးယုကသာ တရားဝင်တယ်လို့ သတ်မှတ်ထားတယ်ဆိုရင် ကံကြမ္မာမြို့ထဲမှာ အရာအားလုံး သူ့သဘောအတိုင်းပဲလေ။ သူက အမြဲတန်းလူနဲ့ပဲ လုပ်တယ်။ ဘယ်တော့မှ စာရေးပြီးတော့ မပေးတတ်ဘူး။ သူ့လူတွေကို လွှတ်ပြီး ဈေးညှိနှိုင်းတာမျိုးပဲ လုပ်တတ်တယ်။ ပြဿနာရှိတယ်ဆိုရင် သူက အဲဒီလူတွေကို သတ်ပစ်တာပဲ…”

“ဒါက လုံးဝမမှန်နိုင်ဘူးလေ။ စာဆိုတာက မီးရှို့ဖျက်ဆီးပစ်လို့ရတာပဲ။ မင်းက အဲဒီစာတွေကို ဘာလို့မြန်မြန်ဆန်ဆန် ရှာတွေ့ခဲ့ရတာလဲ…"

မုန့်ချီကတော့ တခြားသဲလွန်စများကို ရှာတွေ့ရန်အတွက် ဖေးကျန်းချင်ကို ဆန့်ကျင်နေသေးသည်။

ဖေးကျန်းချင်ကတော့ အရာအားလုံးကို သေချာနေသည့်အလား ဟန်ဆောင်နေခဲ့၏။

"ငါက အဘိုးကြီးယုရဲ့ ရဲတိုက်ကို သွားကြည့်ခဲ့ပြီး သူ့ရဲ့စာကြည့်ခန်းထဲကို မတော်တဆ ဝင်သွားမိခဲ့တယ်။ အဲဒီအချိန်မှာ သူက အဖြူရောင် ကျောက်စိမ်းပြားလေးတစ်ခုကို အမြန်သိမ်းလိုက်တာ တွေ့လိုက်တယ်။ ပထမတော့ ငါလည်း သေချာသတိမထားမိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီလို ကျောက်စိမ်းမျိုးက မရှားဘူးလေ။ အဲဒါက သူ့လက်ထဲမှာ ရေခဲကျောက်စိမ်းတစ်ခုလိုပဲ…”

“အဲဒါက နှင်းနတ်ဘုရားနန်းတော်မှာရှိတဲ့ အစောင့်ရှောက်(၄)ယောက်ရဲ့ သင်္ကေတပဲ။ အဲဒီလိုကျောက်စိမ်းမျိုးက မရှားပေမယ့် နှင်းနတ်ဘုရားနန်းတော်ရဲ့ သစ္စာဖောက်ဆိုတာပြဖို့ လုံလောက်တယ်။ ဒါပေမယ့် အဲဒါက အဘိုးကြီးယုရဲ့ ကျောက်စိမ်းဟုတ်မဟုတ် ငါလည်း မသေချာဘူး…"

"အဲဒါအားလုံးပဲလား…"

မုန့်ချီက ပုံမှန်လေသံနှင့် မေးလိုက်သည်။ စိတ်ထဲတွင်တော့ သွမ့်ရှန်ဖေးက သူ့ကို အချက်အလက် အနည်းငယ်သာ ပေးခဲ့သည့်အတွက် စိုးရိမ်နေခဲ့၏။ သူ၏ရည်ရွယ်ချက်ကမည်သို့ရှိသနည်း။

"ထပ်မရှိတော့ဘူး။ တကယ်လို့ ငါက သတင်းအသစ် ထပ်ရရင် မြို့စားမင်းကို သတင်းပို့ရတော့မှာ…"

ဖေးကျန်းချင်က ခေါင်းခါပြလိုက်သည်။

မုန့်ချီကတော့ ဖေးကျန်းချင်ကို ယုံကြည်နိုင်ခြင်းရှိမရှိ မသေချာသေးပေ။ ထို့ကြောင့် သူက ပြောလိုက်၏။

"တာ့ပိုင်ကျောင်းတော်မှာရှိတဲ့ အဖြစ်အပျက်ပြီးသွားတဲ့အချိန်မှာ မင်းက ယုတုန်ကွမ်ကို စောင့်ကြည့်နေခဲ့တာလား…”

“သူက အရမ်းကို ထူးချွန်တဲ့သိုင်းပညာရှင်တစ်ယောက်လေ။ တော်တော်လေး အစွမ်းထက်တဲ့လူ အနည်းစုလောက်ကပဲ သူ့နောက်ကိုမီအောင် လိုက်နိုင်မှာ။ ငါတို့ဆီမှာ အဲဒီလိုလူမျိုး မရှိမှတော့ ငါက သူ့ကို အမြဲတမ်း မျက်ခြေပြတ်သွားတယ်။ အခုတော့ ငါက သူ့သားတွေနဲ့စဖို့ စဉ်းစားထားတယ်…"

ဖေးကျန်းချင်ကတော့ သူ၏ဝှက်ဖဲများအားလုံးကို အမှန်တကယ်ကို ထုတ်ပြောနေခဲ့သည်။

မုန့်ချီက နောက်ထပ်မေးခွန်းအနည်းငယ် မေးလိုက်ပြီး ဖေးကျန်းချင်၏အဖြေတွင် ဟာကွက်မရှိကြောင်း သေချာသွားခဲ့၏။ ထို့နောက် သူက ကျင်းအန်ချန်းဆီကို လျှောက်သွားပြီး ပြောလိုက်သည်။

"အခုမင်းပြောလို့ရပြီ။ တကယ်လို့ မင်းရဲ့စကားကသာ လူဆိုးထိန်းခေါင်းဆောင်ဖေးရဲ့စကားနဲ့မကိုက်ဘူးဆိုရင် ငါ့ကိုရက်စက်တယ်လို့ အပြစ်မတင်နဲ့…" ‌

ကျင်းအန်ချန်းက ခေါင်းညိတ်ပြလိုက်ပြီး စကားပြောရန် ပြင်လိုက်သည်။ သူ ပါးစပ်ဖွင့်လိုက်သည့် အချိန်တွင် မျက်လုံးများက အေးစက်သွားခဲ့၏။ အမိုးပေါ်မှနေ၍ အရိပ်တစ်ခု ခုန်ဆင်းလာပြီး မုန့်ချီကို ဓားနှင့်တိုက်ခိုက်လိုက်၏။

တိုက်ခိုက်သူကို သတိထားမိသည့်အချိန်တွင် သူ၏လှုပ်ရှားမှုကြောင့် မုန့်ချီ၏ရင်ထဲတွင်လည်း အတော်လေး လှုပ်ရှားသွားခဲ့ရ၏။ မုန့်ချီက လက်တစ်ဖက်နှင့်ဓားသွားကိုကိုင်၍ ကြောက်စရာကောင်းစွာ တိုက်ခိုက်လိုက်ပြီး တိုက်ခိုက်လာသူကို မောင်းထုတ်ရန် ကြိုးစားလိုက်သည်။

ဘာကြောင့်မှန်း မသိသော်လည်း အလင်းရောင်အောက်တွင် ထိုအရိပ်က အနည်းငယ် လှုပ်ရှားနေခဲ့၏။ ထိုအရာက လူအစစ်နှင့် မတူဘဲ အရိပ်တစ်ခုနှင့် ပို၍တူညီနေသည်။ တဖြည်းဖြည်းနှင့် အလင်းရောင်က ကျယ်ပြန့်လာပြီး သူ၏မြင်ကွင်းများစုကို တားဆီးထားသည်။

သူကတော့ တကိုယ်လုံး အေးစက်နေပြီး ကြက်သီးမွေးညင်း ထတော့မတတ် ကြောက်လန့်နေခဲ့သည်။ သူက ဓားနှင့်ခုတ်လိုက်ပြီး လူချင်းခွဲရန် ကြိုးစားလိုက်သည်။ သူ့ဓားသွားက လှုပ်ရှားသွားသည့်အချိန်တွင် အရိပ်နှင့် ဓားအလင်းတန်းက ရေကန်ထဲတွင် ရှိနေသော ပုံရိပ်ယောင်တစ်ခုကဲ့သို့ ထင်မှတ်လိုက်ရ၏။ သူတို့က ရေထဲတွင် တံလျှပ်များကဲ့သို့ ပျောက်ကွယ်သွားသည်။

“ဒါက တော်တော်လေးဆိုးသွားပြီ…”

သူက ပုံရိပ်ယောင်တစ်ခု၏ လှည့်စားခံနေရခြင်း ရှိမရှိ မုန့်ချီကတော့ စဉ်းစားနေရန် မရခဲ့ပေ။ သူက လျှပ်စီးပြောင်းလဲမှုကိုသုံးပြီး နောက်သို့ ပြန်ဆုတ်လိုက်သည်။ သူက နောက်ပြန်ဆုတ်လိုက်သည်ဟု ထင်မှတ်ရသော်လည်း အမှန်အတိုင်းပြောရလျှင်တော့ ဘေးမှနေ၍ ရှေ့ကိုတက်လိုက်ခြင်းဖြစ်သည်။

“ရွှပ်...”

ဓားတစ်ချောင်းက သစ်သားကို ထိုးစိုက်သွားသည့် အသံမျိုး ကြားလိုက်ရသည်။

မုန့်ချီ၏ဘယ်ဘက်ပုခုံးမှနေ၍ သွေးများ စီးကျလာနေခဲ့၏။ တိုက်ခိုက်သူက သူ၏သေကွင်းသေကွက်နေရာများကိုသာ တိုက်ခိုက်နေခြင်း ဖြစ်သည်။ မုန့်ချီက ပြန်လည်တိုက်ခိုက်ရန် ကြိုးစားလိုက်ပြီး သူ၏ဓားချက်ကို တားဆီးလိုက်သည့် အချိန်တိုင်း အရိပ်တစ်ခုနှင့် တိုက်ခိုက်လိုက်ရသလို ခံစားနေရ၏။

သူ၏တိုက်ခိုက်မှုအားလုံးက ထိရောက်မှုမရှိချေ။ ထိုအရာ၏တိုက်ခိုက်မှုကိုလည်းကြိုတင်ခန့်မှန်း၍ မရခဲ့သည့်အတွက် သူ၏ကာကွယ်မှုက အကျိုးသက်ရောက်မှု မရှိခဲ့ပေ။

လျှပ်စီးပြောင်းလဲမှုကလည်း တိုက်ခိုက်သူ၏ ဓားချက်များအောက်တွင် အကြိမ်ကြိမ် ကျရှုံးနေရ၏။ သူ၏ခန္ဓာကိုယ်နေရာအနှံ့မှနေ၍ သွေးများ စီးကျလာနေပြီး ဓားဒဏ်ရာများစွာ ပေါ်လာခဲ့သည်။

“သူက မှော်ဆရာတစ်ယောက်လား…”

မုန့်ချီက အံကြိတ်လိုက်မိ၏။ သူကတော့ အနည်းငယ်လေးပင် နှေးကွေးနေခြင်း မရှိပေ။

“သူက ဘာလဲဆိုတာ ကိစ္စမရှိဘူး။ ငါက မြင်နိုင်တယ် ကြားနိုင်တယ်၊ အနံ့ခံနိုင်တယ်။ ဒါပေမဲ့ တိုက်ခိုက်လို့မရဘူး။ ဒါတွေအားလုံးက အရိပ်တစ်ခုဆိုတာကို ညွှန်ပြနေတာပဲ။ ငါက ဆက်ပြီးတော့ အချိန်ဆွဲနေလို့မရတော့ဘူး…”

သူသာ ထိုကဲ့သို့ ဆက်လက်ဒဏ်ရာရနေမည်ဆိုလျှင် အချိန်ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်တော့မည် မဟုတ်ချေ။ သူ့ရင်ထဲတွင် သေချာစဉ်းစားလိုက်ပြီးနောက် သူ၏အင်္ကျီထဲမှနေ၍ အနက်ရောင်သတ္တုပြွန်လေးတစ်ခုကို ဆွဲထုတ်လိုက်သည်။

အရိပ်က နောက်တစ်ကြိမ် တိုက်ခိုက်လိုက်ချိန်တွင် မုန့်ချီက လက်ကိုမြှောက်၍ အနက်ရောင်ပြွန်လေးနှင့် ချိန်လိုက်၏။ မှော်ဆရာတစ်ယောက်ဖြစ်စေ တခြားလူဖြစ်စေ အရိပ်နှင့် မလှမ်းမကမ်းတွင် လူရိပ်တစ်ခုကို မြင်နေရ၏။

သူ၏ဒဏ်ရာများကို ခန့်မှန်း၍ ထိုလူ၏တည်နေရာကို စစ်ဆေးကြည့်၍ ရနိုင်သည်။ မုန့်ချီက ထိုလူကို သူ့ဓားနှင့် ထိခိုက်အောင် မလုပ်နိုင်သော်လည်း တိမ်မုန်တိုင်းအပ်ကတော့ ပတ်ပတ်လည်မှနေ၍ တိုက်ခိုက်နိုင်စွမ်း ရှိသည်။ မုန့်ချီက လက်မကို သတ္တုပြွန်လေး၏ ခလုတ်ပေါ်သို့ တင်လိုက်၏။

အရိပ်ကလည်း အန္တရာယ်ကို သတိထားမိပုံရသည့်အတွက် ချက်ချင်း နောက်ပြန်ဆုတ်သွားသည်။ သူက ပြတင်းပေါက်ကို ဖျက်ဆီးပြီး ခြံဝန်းထဲသို့ ခုန်ထွက်သွားခဲ့၏။ ထို့နောက် အလွန်လျှို့ဝှက်ဆန်းကြယ်စွာ နောက်ပြန်ဆုတ်သွားခဲ့သည်။

မုန့်ချီက ခလုတ်ကို မနှိပ်ခဲ့ပေ။ ထိုအခြေအနေမျိုးတွင် သူ့ကိုခြောက်လှန့်နိုင်ခြင်းက ပို၍ကောင်း၏။ မည်သို့ဖြစ်စေကာမူအမှောင်ထဲတွင် နောက်ထပ်ရန်သူများ ပုန်းအောင်နေခြင်းရှိမရှိ သူလည်း မသိပေ။ ထိုသို့ဆိုလျှင် သူတို့ကို တိမ်မုန်တိုင်းအပ်နှင့် တားဆီးနိုင်သည်ဟု သတ်မှတ်နိုင်၏။

“ဗုန်း...”

ပြတင်းပေါက်က ပျက်စီးသွားခဲ့ပြီး အရိပ်က အမှောင်ထဲတွင ပျောက်ကွယ်သွားခဲ့သည်။ မုန့်ချီက သူ၏တိမ်မုန်တိုင်းအပ်ကို ပြန်မသိမ်းခဲ့ပေ။ လက်ထဲတွင် ကိုင်ထားပြီး အင်္ကျီလက်နှင့်ဖုံးထားခဲ့သည်။

သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ ကျန်းအန်ချန်းက ပါးစပ်ဟနေပြီး မျက်လုံးများက မည်းနက်နေကြောင်း တွေ့လိုက်ရသည်။ သူ၏လည်ပင်းမှနေ၍ သွေးများ စီးကျလာနေသည့်အတွက် သေဆုံးသွားသည်မှာ သေချာ၏။

ထိုအရိပ်က သူ၏သေကွင်းသေကွက်နေရာများကို တိုက်ခိုက်နေသည့်အချိန်တွင် တခြားသူကိုသတ်ရန် အချိန်ရခဲ့သေးသည်။ မုန့်ချီက ကြွက်သားများကို ညှစ်လိုက်ရာ သွေးထွက်နေသော ဒဏ်ရာများက ရပ်တန့်သွားခဲ့သည်။

တဖန် သူက ဖေးကျန်းချင်ဆီသို့ လျှောက်သွားလိုက်ရာ သူ၏မျက်နှာပေါ်တွင် အတော်လေး ရှုပ်ထွေးနေကြောင်း တွေ့ရသည်။ သူ၏အသက်ရှုသံက ပြင်းနေသော်လည်း အသက်ရှင်နေသေး၏။

"ဆရာကြီးမျောက်…

ဘာတွေဖြစ်သွားတာလဲ…"

ဖေးကျန်းချင်က အလွန်တုန်လှုပ်နေသော အမူအရာနှင့် မေးလိုက်သည်။

"အလစ်ချောင်းပြီး တိုက်ခိုက်ခံရတာပဲ။ သူက ကျင်းအန်ချန်းကို သတ်သွားတယ်။ ဒါပေမယ့် ငါက သူ့ကိုနောက်ဆုတ်သွားအောင် လုပ်နိုင်ခဲ့တယ်…"

မုန့်ချီက သူ့အသံကို ပုံမှန်လိုဖြစ်အောင် ထိန်းသိမ်းထားခဲ့သည်။

တိုက်ခိုက်နေစဉ် အတောအတွင်း ဖေးကျန်းချင်က ခပ်ကုန်းကုန်း အနေအထားနှင့် ဖြစ်နေသည်။ ထို့ကြောင့် တိုက်ပွဲ၏ တစ်စိတ်တပိုင်းကိုသာ မြင်ခဲ့ရ၏။ မုန့်ချီက သူ့ကို ကျောပေးထားသည့်အတွက် သူ့လက်ထဲတွင် ရှိနေသော တိမ်မုန်တိုင်းအပ်ကို မမြင်ခဲ့သော်လည်း တဖက်လူက အလွန်ထိပ်လန့်သွားခဲ့ကြောင်း မြင်ခဲ့ရသည်။

"ငါမြင်ဖူးတဲ့သိုင်းသခင်တွေကလွဲရင် ဆရာကြီးမျောက်ရဲ့စွမ်းရည်တွေက တကယ့်ကို အကောင်းဆုံးပဲ။ ယုတုန်ကွမ်ထက်တောင်ပိုပြီးတော့ ကြောက်စရာ ကောင်းနိုင်သေးတယ်။ ဒါပေမယ့် မင်းလိုလူကတောင် မခုခံနိုင်ဘူး။ ဒါက ဘယ်လိုဖြစ်ရတာလဲ။ မင်းက သူကို့ခြောက်လန့်နိုင်ခဲ့တာ ကံကောင်းသွားတယ်…"

“အဲဒီလူရဲ့သိုင်းပညာက တော်တော်ထူးဆန်းတယ်။ မှော်ဆရာတစ်ယောက်လိုပဲ။ ငါက သူ့ကို ဓားနဲ့တိုက်ခိုက်လိုက်တဲ့ အချိန်တိုင်း အရိပ်တစ်ခုကို တိုက်ခိုက်နေရသလိုပဲ…"

မုန့်ချီက ထိုကဲ့သို့ သိုင်းပညာမျိုးနှင့် ရင်းနှီးထားခြင်း မရှိပေ။ ထို့ကြောင့် ဖေးကျန်းချင်က သိနိုင်ခြင်းရှိမရှိ သဲလွန်စပေးလိုက်ခြင်းဖြစ်၏။

ဖေးကျန်းချင်၏ အမူအရာက ပြောင်းလဲသွားသည်။

"ငါက အဲဒါမျိုး လူတစ်ယောက်ကို မြင်ဖူးသလိုပဲ။ သူ့ကို တိုက်ခိုက်မိချိန်မှာ တကယ်မရှိဘဲ အရိပ်ကို တိုက်ခိုက်လိုက်သလို ဖြစ်သွားတာ။ ဒါပေမယ့် ကိုယ်တိုင်ကတော့ ဓားနဲ့အတိုက်ခံလိုက်ရတာ…"

"အဲဒါဘာလဲဆိုတာ မင်းသိလား…"

မုန့်ချီက အံ့အားသင့်စွာ မေးလိုက်သည်။

ဖေးကျန်းချင်၏ အမူအရာက ပြောင်းလဲသွားပြီး အသက်ရှုသံက မြန်လာခဲ့၏။

"အဲဒါက နှင်းနတ်ဘုရားနန်းတော်ရဲ့သစ္စာဖောက်ဖြစ်ရမယ်။ နှင်းနတ်ဘုရားနန်းတော်မှာ ပြောင်းလဲမှုကျင့်စဉ်လို့ခေါ်တဲ့ ကျင့်စဉ်တစ်ခုရှိတယ်။ အဲဒါက သူ့ကိုယ်သူပြောင်းလဲပြီး ပုံရိပ်ယောင်တွေ ဖန်တီးနိုင်တယ်။ အဲဒါက လူသားနှင့် ကောင်းကင်အဆင့် ကြားထဲမှာရှိတဲ့ တံခါးတစ်ခုပဲ…”

“သူတို့ကို အင်မော်တယ်တွေကတောင် ထိခိုက်အောင်မလုပ်နိုင်ဘူး။‌ ဒါကြောင့် သူတို့ကိုယ်သူတို့ နတ်ဘုရားတွေလို့ တွေးနေကြတာ။ အဲဒီလူက ပြောင်းလဲမှုကျင့်စဉ်ကို တော်တော်လေး အောင်မြင်ထားတယ်။ သူက လျှို့ဝှက်အခန်းကို ဖြတ်ကျော်နိုင်လုနီးပါး အောင်မြင်ထားတာပဲ။ ဒီည သူက ငါ့ကိုသတ်ဖို့ရောက်လာတာ ဖြစ်နိုင်တယ်…"

"ဒါ‌ဆိုရင်တော့ ဒီည ငါက မင်းအသက်ကို ကယ်တင်လိုက်နိုင်တာပေါ့…"

မုန့်ချီက ရယ်လိုက်သည်။ ထို့နောက် သူက သိမ်းငှက်တစ်ကောင်ကဲ့သို့ ပြတင်းပေါက်မှ ခုန်ထွက်သွားခဲ့ပြီး အမှောင်ထဲတွင် ပျောက်ကွယ်သွားခဲ့၏။ ထိုနေရာက သူဆက်နေသင့်သော နေရာတစ်ခုမဟုတ်ချေ။

အနားတွင် ရှိနေသော လမ်းထဲသို့ ထွက်သွားပြီးနောက် မုန့်ချီက ဒဏ်ရာများကို စစ်ဆေးလိုက်သည်။ မျက်နှာဖုံးအောက်တွင်တော့ သူ၏အမူအရာက အတော်လေးကိုရှုပ်ထွေး‌နေခဲ့သည်။

ထို့နောက် သူက ကျန်းအန်ချန်း၏နောက်မှ လိုက်ခဲ့သော လမ်းကြောင်းအတိုင်း ဦးတည်ချက်မျိုးစုံပြောင်းလဲ၍ ပြန်သွားခဲ့သည်။ (၁၅)မိနစ်ခန့် ကြာပြီးနောက် ပုန်းစရာနေရာတစ်ခုရှာဖွေပြီး ညဝတ်စုံနှင့်မျက်နှာဖုံးကို လဲလိုက်သည်။

………………..

အာရုံတက်ချိန်တွင် ဝူဖန်းယုက သတိပြန်ရလာခဲ့သည်။ သူက နောက်စေ့တွင် နာကျင်မှုကို ခံစားနေရသော်လည်း ပတ်ပတ်လည်တွင် ရှိနေသော လူအုပ်ကြီးက သူ့ကို လက်ညှိုးထိုး၍ ဝိုင်းကြည့်နေကြောင်း တွေ့လိုက်ရ၏။

"ဒီလူက ဘာလို့လမ်းပေါ်မှ အိပ်နေရတာလဲ။ သူနောက်မှာလည်း ဓားတစ်ချောင်းကို သယ်ထားတယ်..။ သူက ကလန်တစ်ခုခုက လူတစ်ယောက်များလား…”

“အဲဒီလိုလည်း ဟုတ်ပုံမရဘူး။ သူက ညအိပ်ဝတ်စုံကို ဝတ်ထားတာ ဖြစ်နိုင်တယ်။ သူက ပိုက်ဆံမရှင်းနိုင်လို့ စားသောက်ဆိုင်ထဲကနေ ကန်ထုတ်ခံရတာများလား…”

ထိုစကားသံများကို ကြားသည့်အချိန်တွင် သူလည်း လုံးဝနိုးလာပြီး မျက်နှာပျက်သွားခဲ့၏။ ယမန်နေ့ညတွင် သူက လူမသတ်နိုင်ခဲ့ခြင်းပေလော။ ဘာကြောင့် သူက လမ်းပေါ်တွင် အိပ်ပျော်နေရသနည်း။

Translated by Hein Htet .

All Chapters