အခန်း (၆၅)
Vol. 5 Ch. 65
ဝူဖန်းယုက ယမန်နေ့ညတွင် ဖြစ်ခဲ့သည့်အရာများကို မှတ်မိသွားသည့်အချိန်၌ အလွန်ထိတ်လန့်ကြောက်ရွံ့သွားခဲ့သည်။ သူ့ကို မည်သူက တိုက်ခိုက်ခဲ့ကြောင်းလည်း မမှတ်မိတော့ပေ။
သူက ယာယီမှင်တက်နေပြီးနောက် သူ့ကိုယ်သူ ရှာဖွေကြည့်လိုက်သည်။ သူ၏ ညဝတ်စုံကလွဲလျှင် မည်သည့်အရာကိုမျှ ဆုံးရှုံးသွားခြင်း မရှိသလို ထူးခြားသော ဒဏ်ရာမျိုးလည်း ရခဲ့ခြင်းမရှိပေ။
“ငါ ဘာတွေဖြစ်ခဲ့တာလဲ…”
သူက အတော်လေးကို ကြောက်လန့်နေပြီး စိတ်ထဲတွင်လည်း ရှုပ်ထွေးနေခဲ့သည်။
သူက ခေါင်းမော့ကြည့်လိုက်သည့်အချိန်တွင် ရင်းနှီးသော မျက်နှာတစ်ခုက သူ့ကိုကြည့်နေကြောင်း တွေ့လိုက်ရသည်။
"ကျူးမင်ယွမ်…"
ဝူဖန်းယု၏ ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။ ယမန်နေ့ညတွင် သူက သူ့အဖော်ကို သတ်ရန်ကြိုးစားခဲ့ခြင်း ဖြစ်သည်။
ကျူးမင်ယွမ်က အလွန်လေးနက်နေသော အမူအရာနှင့် ပြောလိုက်၏။
"အစ်ကိုကြီးဝူ...မင်းက ဘာလို့ဒီမှာအိပ်နေရတာလဲ...။ မင်းမိန်းမက အိမ်အပြင်ကို ကန်ထုတ်လိုက်လို့လား..."
"မနေ့ညတုန်းက ငါသောက်တာ အရမ်းများသွားတယ်။ ဒီတော့ အိမ်ခြေရာမဲ့တွေက ငါ့ရဲ့အဝတ်တွေကို ချွတ်ယူသွားတာ..."
ဝူဖန်းယုက အံကြိတ်ပြီး ပြန်ဖြေလိုက်၏။
ရုတ်တရက်ဆိုသလို သူ့စိတ်ထဲ၌ အလွန်ကြောက်စရာကောင်းသော အတွေးတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက ကျူးမင်ယွမ်၏ မိသားစုကို ထိခိုက်အောင် လုပ်မည့်အတွက် သူ့ကို သတိပေးခြင်းများ ဖြစ်နေမည်လော။ သူကတော့ စဉ်းစားလေလေ ပို၍ ကြောက်လာလေလေဖြစ်၏။
ကျူးမင်ယွမ်ကတော့ ပို၍သတိထားနေပုံရပြီး အစွမ်းထက်သော လူတစ်ယောက်က သူ့ကို ကာကွယ်နေခြင်း ဖြစ်မည်ဟု တွေးနေမိပုံ ရသည်။ ကျူးမင်ယွမ်က ဝူဖန်းယု၏ အနားတွင် ရှိနေသော ဓားသွားကို မြင်သည့်အခါ အေးစက်စွာရယ်လိုက်၏။
"မင်းက ပစ္စည်းထုတ် ဆုံးရှုံးသွားတဲ့အတွက် တကယ့်ကို စိတ်ဓာတ်ကျနေတာပဲ...။ မင်းက အစ်ကိုကြီးယုကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ မသိဘူးလား…"
"ဟူး....."
ဝူဖန်းယုက သက်ပြင်းချလိုက်မိသည်။ သူတစ်ယောက်တည်းကသာ သူ၏ ခံစားမှုများကို နားလည်နိုင်၏။
…………………………
နောက်တစ်နေ့မနက်တွင် မုန့်ချီက စွန့်ပစ်ထားသော ကျောင်းဆောင်တစ်ခုကို တွေ့လိုက်ရပြီး သူ၏ စွမ်းအားများကို ပြန်ဖြည့်ရန် နေ့ဝက်ခန့် အိပ်စက်ခဲ့ရသည်။
သူက နေ့လည်စာစားသည့်အချိန်ကို ရောက်မှသာ ကျောင်းဆောင်ထဲမှ ထွက်လာခဲ့၏။ သူက ဓားကိုကိုင်၍ လျှောက်လာရင်း အနားတွင် လူများသော စားသောက်ဆိုင် တစ်ခုကို တွေ့လိုက်ရသည့်အတွက် အထဲကို ဝင်သွားခဲ့သည်။
"ကိုရင်လေး....
ကိုရင်လေးက နေရာမှန်ကို ရောက်လာတာပဲ။ ဒီမှာစားမယ်ဆိုရင် ဒီတစ်မြို့လုံးမှာ အကောင်းဆုံး အသီးအရွက်ဟင်းလျာတွေရတယ်..."
စားပွဲထိုးလေးက သူ့ကို ကြိုဆိုလိုက်ပြီး ဟင်းလျာများနှင့်မိတ်ဆက်ပေးနေသည်။
"အော်မီတော်ဖော်..
ကျေးဇူးပြုပြီး ဒီက ကိုရင်လေးအတွက် တိတ်ဆိတ်တဲ့နေရာတစ်ခုပေးပါ။ပြီးတော့ ဟင်းသီးဟင်းရွက်ဟင်းလျာတွေ ယူလာပေးပါ…"
မုန့်ချီက ဟင်းသီးဟင်းရွက်အစားအစာများကို မကြိုက်သော်လည်း အလွန်ချေးများနေခြင်း မရှိချေ။ သူက သတင်းများကို နားစွင့်လိုသည့်အတွက် ဤစားသောက်ဆိုင်ထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။
စားပွဲထိုးလေး၏ အမူအရာကို ကြည့်၍ ဤနေရာတွေ ရှိနေသော ဘုန်းတော်ကြီးများက အသားမစားကြကြောင်း နားလည်သွားသည်။ သူကလည်း သတင်းစုံစမ်းလိုခြင်းသာ ဖြစ်သည့်အတွက် တခြားသူများ သတိမထားမိစေရန် နေထိုင်ရမည်ဖြစ်၏။
"အပေါ်ညာဘက်ထောင့်ကို သွားလိုက်ပါ…"
စားပွဲထိုးလေးက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"ဧည့်သည်တစ်ယောက် ..
ထိပ်တန်းဟင်းသီးဟင်းရွက် စားဖွယ်(၄)မျိုး…"
သူက အော်ဟစ်မှာကြားလိုက်ပြီးနောက် မုန့်ချီကို ထောင့်နေရာလေးတစ်ခုဆီသို့ ပို့ဆောင်ပေးလိုက်သည်။ ထို့နောက် သူ့ပုခုံးပေါ်တွင် တင်ထားသော ပုဝါကိုယူ၍ စားပွဲကို နောက်တစ်ကြိမ် သေချာသုတ်လိုက်၏။
မုန့်ချီက နေရာတွင် ထိုင်လိုက်ပြီးနောက် မျက်လုံးမှိတ်ပြီး ပတ်ပတ်လည်တွင် ရှိနေသော စကားလုံးများကို သေချာနားထောင်နေခဲ့သည်။
"မင်းက ကြားခဲ့သေးလား..။ ကောင်းကင်ရနံ့စားသောက်ဆိုင်က ကျင်းအန်ချန်း သေသွားပြီ...."
"ဘယ်လို…. သတ်ဖြတ်ရေးငရဲလက်က သေသွားပြီလား...."
သူ့မိတ်ဆွေက အလွန်ထိတ်လန့်သွားသည်ကို မြင်သည့်အခါ တခြားတစ်ယောက်က တီးတိုးပြောလိုက်သည်။
"ငါက ဘာလို့ မင်းကိုလိမ်ရမှာလဲ..။ ငါ့ရဲ့ညီအစ်ကိုဝမ်းကွဲက အဲဒီမှာ အလုပ်လုပ်နေတာ..။ မနေ့ညတုန်းက ကျင်းအန်ချန်းရဲ့ခန္ဓာကိုယ်ကို လူဆိုးထိန်းခေါင်းဆောင်ဖေးက စစ်ဆေးဖို့ သွားတာ မြင်ခဲ့တယ်တဲ့...."
ထိုစကားကို ကြားသည့်အခါ မုန့်ချီက အလွန်ရှုပ်ထွေးနေခဲ့သည်။ ဖေးကျန်းချင်က ကျင်းအန်ချန်း သေဆုံးရသည့် အကြောင်းအရင်းကို ဖုံးကွယ်ထားရန် ကြိုးစားနေခြင်းပေလော။
"ငါတို့က မင်းကို ယုံပါတယ် ။ ဒါပေမယ့် နည်းနည်းလေး ထိတ်လန့်သွားတာပါ။ အဲဒါက ကျင်းအန်ချန်းလေ...။ သတ်ဖြတ်ရေး ငရဲလက်..သူက လူပေါင်းများစွာကို သတ်ပြီး အဲဒီနာမည်ကို ရထားတာ။ သူက သေခြင်းတရားကနေ အကြိမ်ပေါင်းများစွာ လွတ်မြောက်ခဲ့တယ်။ ပြီးတော့ အချိန်အကြာကြီး အသက်ရှင်နေနိုင်ခဲ့တယ်လေ။ သူ့လို လူတစ်ယောက်ကို ဘယ်သူကရော ရန်စရဲမှာလဲ…"
ခပ်ဝဝကုန်သည်တစ်ယောက်က ဝမ်းသာနေသော အမူအရာနှင့် ပြောလိုက်သည်။
"သူ့လို လူမျိုးက သေမယ်ဆိုရင်တောင် အေးချမ်းဦးမှာ မဟုတ်ဘူး။ အခုတော့ ကောင်းကင်ရနံ့စားသောက်ဆိုင်ထဲမှာ တော်တော်လေး ရှုပ်ထွေးနေလောက်ပြီ...။ ကျင်းညီအစ်ကိုတွေကလည်း သံသယဝင်ခံနေရတယ်…”
ပတ်ပတ်လည် စားပွဲဝိုင်းများတွင် ရှိနေသော လူများအားလုံးက အချင်းချင်း ဆွေးနွေးနေကြသည်။
ခပ်ဝဝကုန်သည်က ဆက်၍ ပြောလိုက်၏။
"အစ်ကိုချောင်...
ကျင်းအန်ချန်းက ဘာလို့သေသွားတာလဲဆိုတာသိလား..."
အစ်ကိုချောင်ဟုခေါ်သော လူတစ်ယောက်က ချောင်းဟန့်လိုက်သည်။ မျက်လုံးများပေါင်းစွာက စိုက်ကြည့်နေသည့်အချိန်တွင် သူက ရေနွေးကြမ်းတစ်ခွက်ကို ယူသောက်လိုက်ပြီး ပြန်ဖြေလိုက်၏။
"သူ့ကို တိရစ္ဆာန်(၁၂)ကောင်ထဲမှာရှိတဲ့ နံပါတ်(၉)မျောက်က သတ်သွားတာ…"
“ဘယ်လို..တိရစ္ဆာန်(၁၂)ကောင်ဟုတ်လား...၊ နံပါတ်(၉)မျောက်...ဟုတ်လား…”
အလွန်ထိတ်လန့်အံ့ဩနေသည့် အသံများကို ကြားနေရသည်။ တိရစ္ဆာန်(၁၂)ကောင်က မကောင်းဆိုးဝါးများဖြစ်ကြပြီး သူတို့၏ အိပ်မက်ဆိုးများ ဖြစ်ပုံရ၏။
မုန့်ချီက အနည်းငယ် ရှုံ့မဲ့သွားခဲ့သည်။ ဖေးကျန်းချင်က ကျင်းအန်ချန်း၏ သေဆုံးမှုကို နှင်းနတ်ဘုရားနန်းတော်၏ သစ္စာဖောက်အစား သူ့ဆီသို့ ဦးတည်လိုက်ခြင်းဖြစ်၏။ သူက ထိုသို့လုပ်သည့်အတွက် ဘာများအကျိုးရှိမည်နည်း.။
ခဏကြာပြီးနောက် ခပ်ဝဝကုန်သည်က ဆက်ပြောလိုက်၏။
"အစ်ကိုချောင်...တကယ်ပဲ နံပါတ်(၉)မျောက်လား…"
“ကျင်းအန်ချန်းက တောင်ပိုင်းပြည်နယ်(၅)ခုမှာရှိတဲ့ အကောင်းဆုံး တိုက်ခိုက်ရေးသမားတွေထဲက တစ်ယောက်လို့ သတ်မှတ်လို့ရတယ်။ ဘယ်သူမှ သူ့အသက်ကို မယူနိုင်သေးဘူး…”
တိရစ္ဆာန်(၁၂)ကောင်နှင့် ပတ်သက်သော တိုက်ပွဲအချက်အလက်များက ပြည့်စုံမှုမရှိချေ။ တချို့လူများကတော့ သူတို့ကို သိုင်းသခင်အဆင့်ရှိသည်ဟု သတ်မှတ်ကြသည်။ တချို့လူများကတော့ ကျင်းအန်ချန်းကဲ့သို့သော ပညာရှင်တစ်ယောက်ကို အနိုင်မရနိုင်ဟု တွေးထားကြသည့်အတွက် ထိုအရာကို သံသယဝင်နေကြသည်။
နံပါတ်(၉)မျောက်ကတော့ ဒုတိယအမျိုးအစားထဲတွင် ပါဝင်နေသည့်အတွက် ထိုလူများက သံသယဝင်နေကြခြင်းဖြစ်၏။
တိရစ္ဆာန်(၁၂)ကောင်က တစ်ယောက်ယောက်ကို သတ်ဖြတ်သည့် အချိန်တိုင်း အလျင်လိုခြင်း မရှိချေ။ သူတို့နှင့် ပတ်သက်သောအရာများကိုလည်း သင်္ကေတအဖြစ် ချန်ထားတတ်ကြ၏။
“အဲဒီနေရာမှာ မျောက်မျက်နှာဖုံးတစ်ခု ကျန်နေခဲ့တယ်..။ ပြီးတော့ ကျင်းအန်ချန်းရဲ့ လည်ပင်းကိုလည်း ဓားနဲ့တစ်ချက်တည်း ပိုင်းသွားတာ…"
အစ်ကိုချောင်ဟူသော လူက အသေးစိတ်ရှင်းပြလိုက်သည်။
"တစ်ချက်တည်းလား..။ သူ့ရဲ့ရင်ဘတ်မှာရှိတဲ့ ဓားဒဏ်ရာကို ဖုံးကွယ်ထားခဲ့တာလား..."
မုန့်ချီကတော့ သူ့အတွက် သက်သတ်လွတ်ဟင်းလျာများ ယူလာသော စားပွဲထိုးလေးကို ကြည့်ပြီး ပြုံးလိုက်မိသည်။ သူက ထိုအရာများကို စားသုံးကြည့်လိုက်သည့် အချိန်တွင် အရသာ အတော်လေးကောင်းနေကြောင်း တွေ့လိုက်ရ၏။သက်သတ်လွတ်ဟင်းလျာတစ်ပွဲကို စားသောက်လိုက်ပြီးနောက် ခန္ဓာကိုယ်ထဲတွင် အမှန်တကယ်ကို လန်းဆန်းသွားခဲ့သည်။
ခဏကြာပြီးနောက် ထိုလူများက အချင်းချင်းဆက်၍ ပြောနေကြသည်။
"တိရစ္ဆာန်(၁၂)ကောင်က အဲဒီလောက် ကြောက်စရာကောင်းလို့လား...၊ သူတို့က နယ်မြေသခင်ကျင်းကိုတောင် သတ်ပစ်နိုင်တယ်..."
"ဟုတ်တယ်...၊ တိရစ္ဆာန်(၁၂)ကောင်က အထူးဆန်းဆုံး ၊ အရက်စက်ဆုံးနဲ့ အဆန်းကြယ်ဆုံးအဖွဲ့လို့ ငါလည်း ကြားဖူးတယ်။ ပထမတုန်းက ငါလည်း မယုံနိုင်ဘူး။ ဒါပေမယ့် ဒီနေ့တော့ အဲဒါက ဒဏ္ဍာရီမဟုတ်ဘူးဆိုတာ ငါ သိခဲ့ရပြီ…”
“သူတို့က ကံကြမ္မာမြို့ထဲမှာတောင် ပြဿနာရှာရဲတယ်...။ သူတို့က မြို့စားမင်း ဒေါသထွက်သွားမှာကို မကြောက်ကြဘူးလား…”
“ရာသီခွင်နဂါးနှင့် ရာသီခွင်ကြွက်က ဘယ်သူ့ကိုမှ မကြောက်တဲ့ သိုင်းသခင်တွေလို့ ငါကြားဖူးတယ်..."
"သူတို့ကိုမပြောနဲ့ နံပါတ်(၉)မျောက်ရဲ့ အစွမ်းကိုတောင် လျော့တွက်လို့မရဘူး...။ ကျင်းအန်ချန်းက ကံကြမ္မာမြို့နဲ့ တောင်ပိုင်းပြည်နယ်(၅)ခုမှာ ရှိတဲ့ပညာရှင်တွေထဲမှာ ထိပ်ဆုံးအယောက်(၂၀)စာရင်းဝင်တယ်...။ နံပါတ်(၉)မျောက်က သူ့ကို အလွယ်တကူ သတ်ပစ်နိုင်တယ်ဆိုမှတော့ သူက လူဆိုးထိန်းခေါင်းဆောင်ဖေးကိုတောင် ယှဉ်နိုင်တယ်...”
“ဘယ်သူက အဲဒါကို ဂရုစိုက်နေမှာလဲ..။ သူက ငါတို့ ပြဿနာရှာလို့ မရဘူးဆိုတာကို သိထားရင်ရပြီ…"
သူတို့က စကားပြောနေကြရင်း နံပါတ်(၉)မျောက်အပေါ် အကြောက်တရားက တဖြည်းဖြည်းချင်းဆီ တိုးမြင့်လာခဲ့သည်။
"ဘာလို့ နံပါတ်(၉)မျောက်က ကျင်းအန်ချန်းကို သတ်ပစ်ချင်ရတာလဲ..."
ခပ်ဝဝကုန်သည်က စိတ်ဝင်တစား မေးလိုက်သည်။
အစ်ကိုချောင်ဟူသော လူက အပြုံးနှင့် ပြောလိုက်၏။
"တိရစ္ဆာန်(၁၂)ကောင်က သူတို့ရဲ့တာဝန်ကို လုံးဝမပြောကြဘူး..။ သူတို့ဆီမှာ အကြောင်းပြချက်ဆိုတာလည်း မရှိဘူး...။ ဒါပေမယ့် ဒီကိစ္စက သခင်ကြီးသွမ့်ရဲ့သား သွမ့်မင်းချန်ပျောက်သွားတဲ့ကိစ္စနဲ့ ပတ်သက်နေနိုင်တယ်လို့ သံသယ ရှိနေတယ်။ နောက်ကွယ်မှာ လျှိ့ဝှက်ချက်ကြီးတစ်ခု ရှိနေနိုင်တယ်..."
လူတိုင်းက သွမ့်မင်းချန် ပျောက်ကွယ်မှုနှင့် ပတ်သက်ပြီး ကိုယ်ပိုင်အတွေးများ ရှိနေသည်။ ထို့ကြောင့် မုန့်ချီက သူတို့ဆီမှနေ၍ အရေးပါသော အချက်အလက်များကို ရနိုင်လိမ့်မည် မဟုတ်တော့ပေ။
သူက စားသောက်ဖွယ်များကို ဖြည်းညင်းစွာ စားသုံးပြီး စားပွဲထိုးကို ကျသင့်ငွေပေး၍ စားသောက်ဆိုင်ထဲမှ ထွက်လာခဲ့သည်။ သူက ရေတံခါးရှိနေသည့် နေရာကို ဦးတည်၍ လျှောက်လာခဲ့၏။
လေလွင့်ဆရာကြီးဆီမှ ရခဲ့သော အချက်အလက်များထဲတွင်နှင်းနတ်ဘုရားနန်းတော်၏ သစ္စာဖောက်နှင့် ပတ်သက်သည့် အချက်အလက်တချို့ အမှန်တကယ် ရှိနေခဲ့သည်။ ကြည့်ရသည်မှာ သွမ့်ရှန်ဖေးက ကိုယ်တိုင် စုံစမ်းထားပုံရသည်။
သွမ့်ရှန်ဖေး ရှာတွေ့ထားခဲ့သော သစ္စာဖောက်က ဝူချမ်းဟုခေါ်ပြီး ရေတံခါးအနားတွင် ဖွင့်ထားသည့် မြောက်ပိုင်းကုန်ပစ္စည်းဆိုင်တစ်ခု၏ ဆိုင်ရှင်ဖြစ်သည်။ သူက အမြဲလိုလို အိမ်ထဲတွင်သာ နေတတ်ပြီး မိတ်ဆွေအပေါင်းအသင်း နည်းပါးသည်။
ကျင်းရွှေတံတားမှ ထွက်လာပြီးနောက် မုန့်ချီက မြို့၏လူသူအကျဲပါးဆုံးနေရာကို ရောက်လာခဲ့သည်။ ထိုနေရာတွင် ကောင်ကင်ရနံ့စားသောက်ဆိုင် ရှိနေသော်လည်း သူကတော့ ထိုနေရာကို ရှောင်တိမ်း၍ သွားခဲ့၏။
တောင်မြောက်ဖြတ်လမ်း ဟူသော ဆိုင်ထဲတွင် …
မုန့်ချီက ပုတီးတစ်ခုကို ကိုင်ထားပြီး အပြုံးနှင့် ပြောလိုက်သည်။ သူက အလုပ်သမားကို မေးလိုက်၏။
"ဒီပုတီးတွေက အရမ်းမဆိုးပါဘူး။ ဒါပေမယ့် ဒီထက်ပိုကောင်းတာရှိသေးလား..."
"ပိုကောင်းတဲ့ပုတီးလား..."
ထိုအလုပ်သမားက သူ့ကို ခြေဆုံး ခေါင်းဆုံးကြည့်နေသည်။ မုန့်ချီ၏ အဝတ်အစားများကိုကြည့်ရသည်မှာ သူက သာမန်ကိုရင်လေးတစ်ပါးသာ ဖြစ်နိုင်၏။ သူက မည်သည့်အရာကို တတ်နိုင်မည်နည်း။
မုန့်ချီက သူ၏အိတ်ထဲမှနေ၍ ငွေစများ ထုတ်ပေးလိုက်သည့်အချိန်တွင် အလုပ်သမားလေးက ချက်ချင်းပင် အပြုံးနှင့် ပြောလိုက်သည်။
"ကျွန်တော်တို့ဆီမှာ တကယ်ပဲ ပိုကောင်းတဲ့ ပုတီးတွေရှိပါတယ်...။ ကျွန်တော်က ဆိုင်ရှင်ကို သွားခေါ်လိုက်မယ်…"
သွမ့်ရှန်ဖေး၏အချက်အလက်များထဲတွင် သူ့ကို ပြောထားခဲ့သည်။ အကယ်၍ တန်ဖိုးကြီးသော ပစ္စည်းတစ်ခုသာဆိုလျှင် ဆိုင်ရှင်ကိုယ်တိုင် ထွက်လာနိုင်သည်ဟု ပြောခဲ့၏။ ထိုအရာကို ဆိုင်ဝန်ထမ်းက မဆုံးဖြတ်နိုင်သည့်အတွက် ဝူချမ်းကိုယ်တိုင် ထွက်လာရမည်ဖြစ်သည်။ မုန့်ချီက သွမ့်ရှန်ဖေး ပြောခဲ့သော နည်းလမ်းကို အသုံးပြုခဲ့ခြင်းဖြစ်၏။
ခဏကြာပြီးနောက် အသက်(၃၀) ဝန်းကျင်ခန့်ရှိသော သက်လတ်ပိုင်း လူကြီးတစ်ယောက် ထွက်လာခဲ့သည်။ သူ့လက်ထဲတွင်တော့ ပုတီးတစ်ကုံးကို ကိုင်ထားပြီး အပြုံးနှင့် ပြောလိုက်၏။
"ကိုရင်လေး...
ဒီပုတီးကိုတော့ တောင်ပင်လယ်မှာ ရှိတဲ့ ရေညှိသစ်သားနဲ့ ဖန်တီးထားတာ...။ ဒါက ချီစွမ်းအင်တွေကို လှုံ့ဆော်ပေးနိုင်ပြီး ကိုရင်လေးရဲ့စိတ်ကို တည်ငြိမ်စေနိုင်တယ်...."
မုန့်ချီက ပုတီးစေ့ကို ညင်သာစွာ ပွတ်ကြည့်လိုက်ရာ သူ့နှာခေါင်းထဲတွင် ထူးခြားသော မွှေးရနံ့တစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက အစွမ်းထက်သော်လည်း ပြင်းထန်သော ရနံ့တစ်ခုတော့ မဟုတ်ချေ။ အလွန်တည်ငြိမ်သော ခံစားမှုတစ်ခုကို ပေးနိုင်၏။
"မဆိုးပါဘူး...။ မြောက်ပိုင်းပစ္စည်းရောင်းတဲ့ ဆိုင်မှာ တောင်ပင်လယ်က ပုတီးတစ်ကုံးကို ရလိမ့်မယ်လို့ ငါလည်း မထင်ထားဘူး..."
မုန့်ချီက အေးအေးဆေးဆေးပြောလိုက်သည်။
ဝူချမ်းက အပြုံးနှင့် ပြောလိုက်၏။
"ဒီဆိုင်ကို တောင်မြောက်ဖြတ်လမ်းလို့ ခေါ်တယ်လေ။ ဒီတော့ ေမြောက်ပိုင်းမှာရှိတဲ့ ပစ္စည်းတွေ နှစ်မျိုးစလုံးကို ရောင်းချပါတယ်။ ကိုရင်လေးက ဒီပုတီးကို သဘောကျရဲ့လား...”
"အရမ်းသဘောကျပါတယ်…"
မုန့်ချီက ထိုပုတီးကို စိတ်ဝင်စားနေသည်။ ထိုအရာက သူ၏လေ့ကျင့်မှုအတွက် အမှန်တကယ် အကျိုးရှိနိုင်၏။ သူက ထိုအရာကို ဝယ်လိုက်လျှင်လည်း ကိစ္စမရှိချေ။
ထို့နောက် သူက ဝူချမ်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး အလေးအနက် ပြောလိုက်သည်။
"ဒကာကြီး...
ဒကာကြီးရဲ့ပတ်ပတ်လည်မှာ အနက်ရောင်အငွေ့အသက်တွေကို မြင်နေရတယ်...။ ဒကာကြီးက သိပ်မကြာခင် ဒုက္ခတွေ့တော့မယ်.."
ထိုစကားကို ကြားသည့်အခါ ဝူချမ်း၏အပြုံးက ချက်ချင်းပျောက်ကွယ်သွားသည်။ သူက ထိုကိုရင်လေးကို ရိုက်နှက်ပစ်ချင်စိတ်ပင် ပေါ်လာခဲ့၏။ ထိုအရာက သိုင်းလောကရန်ကြွေးများ ဖြစ်နိုင်သည်။
အကယ်၍ သူကသာ ကိုရင်လေးကို ယုံကြည်လိုက်မည်ဆိုလျှင် ထိုကိုရင်လေးက သူ၏ ပြဿနာကို တားဆီးပေးမည်ဟူသော မက်လုံးနှင့် သူ့ပုတီးကို အလကားယူသွားပါလိမ့်မည်။
သူ၏အမူအရာက ပြောင်းလဲသွားပြီး ပြောလိုက်၏။
"ငါက ဗုဒ္ဓလမ်းစဉ်ကို လုံးဝမယုံဘူး..။ ကိုရင်လေး ကျေးဇူးပြုပြီး ထွက်သွားပါတော့..."
မုန့်ချီကတော့ စကားတစ်ခွန်းမျှ မပြောခဲ့ပေ။ သူက အေးစက်စွာရယ်လိုက်ပြီး ဆိုင်ထဲမှ ထွက်သွားလိုက်သည်။
အကယ်၍ သာမန်လူတစ်ယောက်ကသာ အော်ဟစ်မောင်းထုတ်ခံရမည်ဆိုရင် အနည်းဆုံးတော့ ဒေါသထွက်ပြီး ပြန်ပြောမိပါလိမ့်မယ်။သို့သော် သူကတော့ အနည်းငယ် ယဉ်ကျေးနေသည့်အတွက် ဝူချမ်းက ပို၍ သံသယဝင်နေမိ၏။
နေ့အချိန်အတောအတွင်း လျှောက်သွားနေရန် မသင့်တော်သည့်အတွက် မုန့်ချီက ညအချိန်မှသာ ပြန်လာပြီး စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ မုန့်ချီက ခဏကြာ လျှောက်လာခဲ့ပြီးနောက် စွန့်ပစ်ကျောင်းဆောင်ဆီသို့ ပြန်လာသည့်လမ်းတွင် ကျန်းကျုံးရှန်က ရပ်နေကြောင်း တွေ့လိုက်ရသည်။
"ဒကာကြီးကျန်း...ငါ့ကို လာရှာတာလား…"
မုန့်ချီက သူ့ကို သေချာကြည့်လိုက်သည်။
ကျန်းကျုံးရှန်က အနည်းငယ် တွေဝေနေခဲ့၏။ သူက ပြောလိုက်သည်။
"ကိုရင်လေးကျန်းတင်...
မြို့စားမင်းကွေက ကိုရင်လေးကို ဖိတ်ခေါ်ခိုင်းလိုက်လို့ပါ…"
"မြို့စားမင်းကွေ...ဟုတ်လား..."
မုန့်ချီက အံ့ဩသွားခဲ့သည်။ အကြောင်းအရာများက ထိုမျှလျင်မြန်နေလိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။
ကျန်းကျုံးရှန်က လျင်မြန်စွာ ပြောလိုက်၏။
“နံပါတ်(၉)မျောက်က နောက်တစ်ကြိမ် ပြန်ပေါ်လာပြီး နယ်မြေသခင်ကျင်းကို သတ်သွားတယ်။ ကိုရင်လေးက သူနဲ့ တိုက်ခိုက်ခဲ့ဖူးတယ်လေ။ ဒါကြောင့် မြို့စားမင်းကွေနဲ့ လူဆိုးထိန်းခေါင်းဆောင်ဖေးတို့က သဲလွန်စသိချင်လို့ မေးမြန်ချင်နေတာ ဖြစ်မယ်…"
"နံပါတ်(၉)မျောက်က နောက်တစ်ကြိမ် ပြန်ပေါ်လာတာလား...။ ငါက သူ့ကို ဓားနဲ့ခုတ်ခဲ့တာလေ။ သူ့ရဲ့ ဒဏ်ရာက တော်တော်လေးကို ပြင်းထန်တယ်…"
မုန့်ချီက အလွန်ထိတ်လန့်သွားသည့်အလား ဟန်ဆောင်နေခဲ့သည်။ သူ့စိတ်ထဲတွင်တော့ ထိုအရာကို ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်၏။
ကျန်းကျုံးရှန်က မုန့်ချီကို ထူးဆန်းစွာ ကြည့်လိုက်သည်။
"ကိုရင်လေး...
ကျွန်တော်လည်း အဲဒါကို သံသယဝင်နေတာ။ တကယ်လို့ ကိုရင်လေးရဲ့ တိုက်ခိုက်မှုက သူ့ကို မသတ်နိုင်ဘူးဆိုရင်တောင် အနည်းဆုံးတော့ သူက ရက်ပေါင်းများစွာ အိပ်ယာထဲလှဲနေရမှာ။ ဒီလူသတ်သမားက တစ်ယောက်ယောက်အယောင်ဆောင်ထားတာများလား…"
"နံပါတ်(၉)မျောက်က အကာအကွယ်ကျင့်စဉ်ကို ကောင်းကောင်းလေ့ကျင့်ထားတာလည်း ဖြစ်နိုင်တယ်...။ ဒါကတော့ ငါလည်း သေချာမသိခဲ့ဘူး…"
မုန့်ချီက အလျင်အမြန် ပြောလိုက်သည်။
"ဒကာကြီးကျန်း...
ကျုပ်နဲ့ နံပါတ်(၉)မျောက်တို့ရဲ့ တိုက်ပွဲအကြောင်း မြို့စားမင်းကွေကို ပြောခဲ့သေးလား..."
ဖေးကျန်းချင်တို့က အလွန်ထူးခြားသော ဓားသမားများဖြစ်ကြပြီး အဆင့်မြင့်ပညာရှင်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့က နံပါတ်(၉)မျောက်ကို သတ်ပစ်လုနီးပါး ဖြစ်ခဲ့၏။
အကယ်၍ ကျန်းကျုံးရှန်ကသာ ကွေရှုကို ပြောပြလိုက်မည်ဆိုရင် အလွန်အတွေ့အကြုံ ရင့်ကျက်နေသော ဖေးကျန်းချင်က ခန့်မှန်းကြည့်ရန် ခက်ခဲလိမ့်မည်မဟုတ်ချေ။ ယမန်နေ့ညတွင် သူနှင့် တိုက်ခိုက်ခဲ့သော နံပါတ်(၉)မျောက်က မုန့်ချီ ဟန်ဆောင်ထားခြင်း ဖြစ်ကြောင်း သိသွားနိုင်၏။
ကျန်းကျုံးရှန်က ခေါင်းခါပြလိုက်သည်။
"အဲဒါက ကိုရင်လေးရဲ့ကိစ္စပါ။ တခြားလူတွေကို မပြောပါဘူး။ ဒါကြောင့် ကိုရင်လေးက နံပါတ်(၉)မျောက်ရဲ့ ဗိုက်ကို ဓားနဲ့ခုတ်လိုက်တာ မြင်ခဲ့တယ်လို့ပဲ ပြောခဲ့တာ။ ကျွန်တော့်ရဲ့ဇနီးနဲ့ ကျွန်တော်က ရတနာမြေပုံနဲ့ ပတ်သက်ပြီး မြို့စားမင်းကို ဘာမှမပြောခဲ့ဘူး။ အဲဒါက ကူးထားတဲ့မြေပုံတစ်ခုလို့ပဲ သူ့ကို ပြောခဲ့တာ…"
မုန့်ချီက ကျန်းကျုံးရှန်ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ရာ သူ၏ မျက်လုံးထဲတွင် ရိုးသားမှုများကို တွေ့နေရသည်။ ထိုအချိန်ကျမှသာ သူလည်း စိတ်အေးပြီး သက်ပြင်းချလိုက်မိ၏။
"ဒါဆိုလည်း ကျုပ်က ရဲတိုက်ထဲကို အခုချက်ချင်း လိုက်ခဲ့ပါမယ်…”
အကယ်၍ ကူရှောင်စန်းသာဆိုလျှင် ကျန်းကျုံးရှန်နှင့် သူ့ဇနီးကတော့ လျှို့ဝှက်ချက် မပေါက်ကြားစေရန် အကြိမ်ပေါင်း(၁၀၀)ခန့် သတ်ပစ်ခံရနိုင်သည်။ သို့သော် သူကတော့ ထိုသို့မလုပ်နိုင်ပေ။ မည်သို့ဖြစ်စေကာမူ သူက ပင်မတာဝန်ကို လက်ခံပြီးသားဖြစ်သည်။
သူကသာ သွမ့်မင်းချန်ကို ရှာတွေ့မည်ဆိုရင် နံပါတ်(၉)မျောက်အဖြစ် ဟန်ဆောင်နေရမည်ဆိုလျှင်လည်း ကိစ္စမရှိချေ။ အကယ်၍ ထိုစုံတွဲက သူ၏ လျှို့ဝှက်ချက်ကို မတော်တဆ ထုတ်ပြောလိုက်မည် ဆိုလျှင်လည်း ကိစ္စမရှိချေ။ အများဆုံးတော့ သူ၏တာဝန်ပြီးဆုံးရန်အတွက် အနည်းငယ်သာ အနှောင့်အယှက် ဖြစ်နိုင်သည်။
Translated by Hein Htet