အခန်း (၆၇)
Vol. 5 Ch. 67
တောင်မြောက်ဖြတ်လမ်းဆိုင်၏ အနောက်ဘက်တွင် ခြံဝန်းအကျယ်ကြီး တစ်ခုရှိသည်။ မုန့်ချီကတော့ အရိပ်ထဲတွင် စောင့်နေပြီး ဝူချမ်း၏ အိပ်ရာကို စောင့်ကြည့်နေခဲ့၏။
ယုတုန်ကွမ်၏ စာကြည့်ခန်းထဲတွင် စာတစ်စောင် ချန်ထားခဲ့ပြီးနောက် မုန့်ချီက မြို့မြောက်ပိုင်း ရေတံခါးပေါက်တွင် ရှိနေသော တောင်မြောက်ဖြတ်လမ်းဆိုင်ရှေ့တွင် ညအချိန်ထိ သွားရောက်စောင့်ဆိုင်းနေခဲ့ပြီး ဝူချမ်း၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့သည်။
နှင်းနတ်ဘုရားနန်းတော်က ပျက်စီးသွားခဲ့သည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ကျန်ရှိနေသည့် တပည့်များကလည်း သူတို့၏ လျှို့ဝှက်ချက်များကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့ကြသည်။ သူတို့က အလွန်အတွေ့အကြုံရှိသော လျှို့ဝှက်ချက် ထိန်းသိမ်းသူများ ဖြစ်ကြ၏။
ထို့ကြောင့် အကယ်၍ သူကသာ ကျင်းအန်ချန်းကဲ့သို့ လုပ်ဆောင်လိုက်မည်ဆိုလျှင် ဝူချမ်းက သေချာပေါက် ပြဿနာရှာမည်ဖြစ်ကြောင်း ယုံကြည်နေခဲ့၏။ အနီးအနားတွင်လည်း ဝူချမ်းကို စောင့်ကြည့်နေသော အဖွဲ့သားများ ရှိနေနိုင်သည်။ သူတို့ကသာ တစ်စုံတစ်ခု လွဲမှားသွားကြောင်း ခံစားမိသွားမည်ဆိုလျှင် ချက်ချင်း အဆက်အသွယ် ဖြတ်ပစ်နိုင်၏။
ဝူချမ်းကလည်း ပါးစပ်ထဲတွင် အဆိပ်ကို သိမ်းဆည်းထားနိုင်ပြီး သူ၏လျှို့ဝှက်ချက်ကို ထိန်းသိမ်းရန်အတွက် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားနိုင်သည်။ မုန့်ချီကတော့ ထိုအခြေအနေများကို စဉ်းစားပြီး သူ့ကို တွန်းအားမပေးခင် တခြားနည်းလမ်းများကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ထို့ကြောင့် မုန့်ချီက နေ့ခင်းပိုင်းတွင် ဝူချမ်းကို ခြောက်လှန့်ရန် ရည်ရွယ်ချက်နှင့် သူ၏ ခန္ဓာကိုယ်ပေါ်တွင် အနက်ရောင်လွှမ်းခြုံနေသည်ဟု ပြောလိုက်ခြင်းဖြစ်သည်။ ထိုအရာက သူ့ကို ကံဆိုးတော့မည်ဟု တွေးမိစေမည်ဖြစ်၏။
နှင်းနတ်ဘုရားနန်းတော်က နတ်ဘုရားများ၏မျိုးဆက်ဟု ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားကြပြီး လူသားနှင့် နတ်ဘုရားကြားတွင် ရှိနေသော အတားအဆီးများကို ဖြတ်ကျော်ချင်ခဲ့သည်။ သူတို့က အင်မော်တယ်များ၊ နတ်ဘုရားများကို ယုံကြည်ကြသည့်အပြင် ကံကြမ္မာနှင့် အခြားအရာများကိုလည်း သေချာပေါက် ယုံကြည်နိုင်သည်။
သူတို့က သာမန်လူများထက်ပင် ပို၍ အယူသီးနိုင်၏။ အကယ်၍ သူတို့ကသာ ထူးဆန်းသော ကိုရင်တစ်ပါး၏ ကျိန်စာကို ကြုံရမည်ဆိုရင် မယုံကြည်လျှင်ပင် သေချာပေါက် မသက်မသာ ခံစားရစေနိုင်၏။ ထိုအခြေအနေမျိုးတွင် ဝူချမ်းက သူ၏ စိုးရိမ်မှုကို ဖြေသိမ့်ရန်အတွက် ကံဆိုးမှုများ ဖယ်ရှားပေးနိုင်သော အကြီးအကဲ တစ်ယောက်ကို သွားရောက်ရှာဖွေပါလိမ့်မည်။
သူကတော့ နှင်းနတ်ဘုရားနန်းတော်၏ ယုံကြည်မှုများကို အခြေခံ၍ စဉ်းစားထားခြင်း ဖြစ်သည်။ ထိုအရာက တဖြည်းဖြည်း တိုးတက်လာသော အမွေဆက်ခံမှု တစ်ခုလည်းဖြစ်ပြီး သွမ့်ရှန်ဖေးပေးခဲ့သော သဲလွန်စတစ်ခုလည်း ဖြစ်၏။
သူက သူ၏အစီအစဉ်ကို လုံးဝယုံကြည်ချက် မရှိသော်လည်း ဝူချမ်း၏ တုန့်ပြန်မှုကိုကြည့်၍ တစ်စုံတစ်ခု စမ်းသပ်ရန် ကြိုးစားကြည့်လိုက်ခြင်းဖြစ်သည်။
ကောင်းကင်ပေါ်တွင်တော့ လမင်းကြီးကို အနက်ရောင်တိမ်တိုက်များက ဖုံးလွှမ်းထားပြီး အလင်းရောင် မှိန်ပျပျသာ ထွက်ပေါ်လာနေခဲ့၏။ သူကတော့ သွေးကြောမှတ်များကို စုစည်းထားသည့်အတွက် ဝူချမ်း၏ အိပ်ရာကို လှမ်းမြင်နေရသည်။
အချိန်တော်တော်ကြာပြီးနောက် အနည်းငယ် လှုပ်ရှားသွားကြောင်း မုန့်ချီက သတိထားမိခဲ့သည်။ ဝူချမ်းက ပြတင်းပေါက်ကို ဖွင့်ပြီး အပြင်ဘက်သို့ သတိထား၍ ကြည့်လိုက်၏။ ထို့နောက် သူနှင့်ကန့်လန့်ဖြတ်အနေအထားတွင် ရှိနေသော တစ်စုံတစ်ယောက်ကို ခေါင်းညိတ်ပြလိုက်သည်။
"ကန့်လန့်ဖြတ်နေရာမှာလား..."
မုန့်ချီ၏ရင်ထဲတွင် လှုပ်ရှားသွားပြီး ဝူချမ်း လှမ်းကြည့်နေသော နေရာကို လိုက်ကြည့်လိုက်သည်။
"ဒါဆိုရင် နှင်းနတ်ဘုရားနန်းတော်က လူတွေက ဝူချမ်းကို တကယ်ဘဲ စောင့်ကြည့်နေကြတာပေါ့...။ သူတို့က မျက်နှာချင်းဆိုင်မှာ ရှိနေတာလား..."
ထိုနေရာတွင် လူပေါင်းမည်မျှ ပုန်းနေနိုင်ကြောင်း သူမသိခဲ့ပေ။ သို့သော် သူက ဝူချမ်းကို မဆင်မခြင် မဖမ်းခဲ့မိသည့်အတွက် အတော်လေးကို ကျေနပ်သွားခဲ့၏။
ဝူချမ်းက ပြတင်းပေါက်မှနေ၍ ခုန်ထွက်လာပြီး ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ သူ၏ သိုင်းပညာစွမ်းရည်ကလည်း အတော်လေးကို ထူးချွန်လှ၏။ သူက အခန်းတစ်ခုထဲသို့ ဝင်လိုက်ပြီးနောက် သူ့နောက်တွင် ရှိနေသော တံခါးကို တိတ်တဆိတ် ပိတ်လိုက်သည်။
ထိုအခန်းထဲတွင် ဖယောင်းတိုင်မီး အလင်းရောင်မရှိသလို အထဲမှနေ၍ အသံတစ်ခုမျှ ထွက်ပေါ်လာခြင်းလည်း မရှိချေ။ ထိုအရာက အခန်းအလွတ်ကြီး တစ်ခုပမာ ထင်မှတ်ရ၏။
မုန့်ချီက အခန်းကို စစ်ဆေးကြည့်တော့မည့်အချိန်တွင် ဖေးကျန်းချင်က လိုဏ်ခေါင်းတစ်ခု တူးထားခဲ့သည့်အဖြစ်ကို အမှတ်ရသွားခဲ့သည်။ ထို့ကြောင့် သူက ထိုနေရာကို ခုန်ချသွားခဲ့ခြင်း မရှိဘဲ အနီးအနားတွင် ရှိနေသော ခြံဝန်းကို အရင်ဆုံး စစ်ဆေးကြည့်လိုက်သည်။
ဖေးကျန်းချင်ကတော့ သူ၏လိုဏ်ခေါင်းပေါ်သွားမှာကို ကြောက်လန့်နေခဲ့သည်။ ထို့ကြောင့် သူတို့ ရွေးချယ်ထားသော လမ်းကြောင်းအား တခြားလူများ သတိမထားမိနိုင်သော နေရာတစ်ခုဖြစ်ပြီး ထိုလမ်းကြောင်းကလည်း တိုတောင်းလှသည်။
ထိုအခန်းကတော့ အနောက်ဘက်တွင် အနီးဆုံးခြံဝန်းနှစ်ခုနှင့် ဆက်သွယ်ထား၏။ ထိုလိုဏ်ခေါင်းကတော့ အရှေ့ဘက်နှင့် မြောက်ဘက်တွင် ရှိနေသော ခြံဝန်းကို သေချာပေါက် သွားလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့်် သူက လိုဏ်ခေါင်း၏ ဝင်ပေါက်အဖြစ် အရှေ့ဘက်တွင် ရှိနေသော ခြံဝန်းနှင့် မြောက်ဘက်တွင် ရှိနေသော ခြံဝန်းကိုသာ ရွေးချယ်ရမည်ဖြစ်၏။
လိုဏ်ခေါင်းထွက်ပေါက်ကတော့ အနောက်ဘက်တွင် ရှိနေသော ခြံဝန်းနှစ်ခုထဲမှ တစ်ခုဖြစ်နိုင်ကြောင်း မုန့်ချီက သေချာသွားခဲ့သည်။ အကယ်၍ နှင်းနတ်ဘုရားနန်းတော်မှ လူများကသာ သတိထားနေမည်ဆိုလျှင် ဝင်ပေါက်က အနောက်ဘက် ခြံဝန်းနှင့် ဝေးဝေးရှိလိမ့်မည် မဟုတ်ချေ။ သူကတော့ ထိုအရာများကို တစ်ခုချင်း စစ်ဆေးရန် အချိန်ရနေသေးသည်မှာ ကံကောင်းသွား၏။
သူက ဝူချမ်း၏ နောက်သို့ တိုက်ရိုက်လိုက်ဝင်သွားရန် မတွေးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် အခန်းထဲတွင် တခြားလူများ စောင့်ကြည့်နေမှာကို သံသယ ရှိနေခဲ့သည်။ အကယ်၍ သူသာ မစဉ်းစားဘဲ ဝင်သွားခဲ့မည်ဆိုရင် ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားနိုင်၏။
မုန့်ချီက မတ်တပ်ရပ်လိုက်ပြီး ညအမှောင်ကို အကာအကွယ်ယူ၍ အနောက်ဘက်တွင် ရှိနေသော ခြံဝန်းတစ်ခုထဲကို တိတ်တဆိတ် ဝင်သွားခဲ့သည်။ ခဏကြာပြီးနောက် ထိုအရာက သာမန်မိသားစုတစ်နေထိုင်သော ခြံဝန်းတစ်ခုဖြစ်ကြောင်း သေချာသိသွားခဲ့သည်။
ထို့ကြောင့် သူလည်း နောက်ထပ်ခြံဝန်းတစ်ခုထဲသို့ တိတ်တဆိတ်ဝင်သွားပြီး အုတ်ကြွပ်အမိုးကို ကပ်၍ အတွင်းထဲတွင် ရှိနေသော လှုပ်ရှားမှုများကို ကပ်၍ နားထောင်နေခဲ့သည်။
ထိုနေရာမှနေ၍ မကြာခဏဆိုသလို တီးတိုးပြောဆိုသံများကို ကြားရသည့်အတွက် သူလည်း စိတ်အေးသွားခဲ့၏။ အခန်းနှင့် ဝူချမ်း၏ ခြံဝန်းအနေအထားအရ မုန့်ချီက ဝူချမ်း၏အသံကို အလွန်အမင်း နားစိုက်ထောင်ရန် မလိုအပ်တော့ပေ။
"မင်းရဲ့ ရှင်းပြမှုကို ကျေးဇူးတင်ပါတယ် ဟန်ရှီ...။ ဒါက ငါ့ကို စိတ်ထင့်သွားအောင် လုပ်လိုက်တာပဲ ဖြစ်မယ်...။ ငါက ကိုရင်လေးတစ်ယောက်ရဲ့ စကားကို စိုးရိမ်နေမိတာပဲ…"
ထိုအချိန်တွင် မုန့်ချီက အနည်းငယ် အသက်ကြီးသော အဘိုးအိုတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။
"နတ်ဘုရားတွေကို ယုံကြည်ပြီး ကောင်းကင်ဘုံကို ဂါဝရပြုတယ်ဆိုတာက ငါတို့နှင်းနတ်ဘုရားနန်းတော်ရဲ့ အုတ်မြစ်ပဲလေ...။ မင်းက ဘာမှမမှားပါဘူး..။ ဒါပေမယ့် ဘယ်သူက မရိုးမသားပြောတာလဲ ဆိုတာကိုတော့ ခွဲခြားနိုင်ဖို့ လိုအပ်တယ်။ ပြီးတော့ ဒီတစ်ကြိမ် ငါတို့က တော်တော်လေးကို ဆုံးရှုံးထားခဲ့တာ။ ငါတို့ရဲ့ အခြေအနေကလည်း တော်တော်လေးကို ကြောက်စရာ ကောင်းနေတယ်။ ပြီးတော့ ငါတို့ရဲ့ဆရာကြီးကလည်း ပျောက်နေတယ်လေ။ ငါတို့က စိုးရိမ်နေလို့လည်း ဘာမှအကူအညီ မဖြစ်နိုင်ဘူး…"
“ဆရာကြီးက ပျောက်နေတာလား...”
နှင်းနတ်ဘုရားနန်းတော်တွင် မည်သည့်လျှို့ဝှက်ချက်များ ရှိနေကြောင်း မုန့်ချီက မသိချေ။ သို့သော် ဆရာကြီးဟူသည်မှာ ဟန်ရှီထက်ပို၍ အဆင့်မြင့်သော လူတစ်ယောက်ဖြစ်ကြောင်း ပြောနိုင်သည်။
"ရေခဲတမန်...
ဆရာကြီးနဲ့ ပတ်သက်ပြီး ဘာသတင်းမှ မကြားရဘူးလား…"
ရေခဲတမန်က အေးစက်စွာ ပြောလိုက်၏။
"အမိုးပေါ်က မိတ်ဆွေ အောက်ကို ဆင်းလာခဲ့ပါ...."
ဟန်ရှီက သူ့ကို သတိထားမိနေခြင်းပေလော။ မုန့်ချီက အလွန်ထိတ်လန့်သွားခဲ့၏။ သူလည်း အမှားလုပ်မိခြင်းကို ရှောင်ရှားရန်အတွက် ချက်ချင်း လှုပ်ရှားခဲ့ခြင်းမရှိပေ။
ရေခဲတမန်က နောက်တစ်ကြိမ် ထပ်ပြောလိုက်၏။
"အမိုးပေါ်က မိတ်ဆွေ..
ငါတို့က နှင်းနတ်ဘုရားနန်းတော်ကဆိုတာ မင်းလည်း ကြားပြီးသွားပြီပဲ။ ဒါဆိုရင် မင်းက ပြောင်းလဲမှုကျင့်စဉ်ကို သတိမထားမိတာ မဖြစ်နိုင်ဘူး။ ဒါမှမဟုတ် ငါ့ရဲ့ စွမ်းရည်က ထူးချွန်မှုမရှိတဲ့အတွက် ငါ့ရဲ့ကျင့်စဉ်က မကောင်းသေးတာလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့် ငါ့ဆီမှာ ထူးခြားတဲ့ အာရုံခံနိုင်စွမ်းတော့ ရှိတယ်..."
ထိုစကားကို ကြားသည့်အချိန်တွင် သူ့ကို သိသွားပြီဖြစ်ကြောင်း မုန့်ချီက နားလည်သွား၏။ ထို့အေမိုးပေါ်မှ ခုန်ဆင်းလိုက်ပြီး တံခါးကို ခေါက်၍ ဝင်လာခဲ့သည်။
အခန်းထဲတွင် လူ(၄)ယောက် ရှိနေ၏။ သူတို့ကတော့ ဝူချမ်း၊ နောက်ကျောတွင် အဖုကြီး ရှိနေသော အဘိုးအိုတစ်ယောက်နှင့် တခြားနှစ်ယောက်ကတော့ အစောင့်များ ဖြစ်ပုံရသည်။
"အော်...ဆရာကြီးမျောက်ပါလား..."
မုန့်ချီ၏ မျောက်မျက်နှာဖုံးကို မြင်သည့်အချိန်တွင် အကြီးအကဲက အလွန်ထိတ်လန့်အံ့ဩသွားခဲ့သည်။ သူက ထိုအရာကို ထင်မှတ်ထားပုံ မရချေ။ သူက သင်္ဘောဆိပ်တွင် ကုန်ထမ်းသည့် လူတစ်ယောက်ကဲ့သို့ ပုံစံမျိုးဝတ်ဆင်ထားသည်။
“ပြောင်းလဲမှုကျင့်စဉ်က တော်တော်လေး ထူးခြားပါလား...”
မုန့်ချီကတော့ မိတ်ဆွေဟောင်းများဆီကို လာလည်နေသည့်အလား တံခါးကို ပိတ်လိုက်ပြီး အစောင့်နှစ်ယောက်၏ သွေးကြောကို ပိတ်လိုက်သည်။
ရေခဲတမန်ကတော့ ခုခံနေခဲ့ခြင်း မရှိချေ။ သူက ရယ်ကာမောကာနှင့် ပြောလိုက်၏။
"တကယ့်ကို အံ့ဩစရာကောင်းတာပဲ...။ ဒါပေမယ့် ထင်ထားသလိုလည်း ဆန်းကြယ်မှု မရှိပါလား။ မင်းက ဘာလို့ ဒီနေရာကို ရောက်လာတာလဲ ဆရာကြီးမျောက်..."
ယမန်နေ့ညတွင် ကျင်းအန်ချန်းကို အလွယ်တကူ သတ်လိုက်ပြီးနောက် သူ့အစွမ်းက ကန့်သတ်ချက်ရှိကြောင်း မုန့်ချီက ခန့်မှန်းမိခဲ့သည်။ ထို့ကြောင့် သူက အရေးမပါသော လျှို့ဝှက်ချက်များကို ပြောပြပြီး ထွက်ပြေးရန် အခွင့်အရေးတစ်ခုကို ရှာဖွေချင်ခဲ့၏။
"ငါ့မှာ ရည်ရွယ်ချက် နှစ်ခုရှိတယ်...။ ပထမတစ်ခုကတော့ ငါက ပြောင်းလဲမှုကျင့်စဉ်ရဲ့ ဆန်းကြယ်မှုတွေကို သိချင်တာ…"
ထိုအရာကတော့ သူ စဉ်းစားမိလိုက်သော အရာတစ်ခုဖြစ်သည်။
ဟန်ရှီက သံသယဝင်စွာ ပြောလိုက်၏။
"မင်းက ငါတို့နဲ့ ပြောင်းလဲမှုကျင့်စဉ်အကြောင်း ဆွေးနွေးချင်တာလား...။ ဒါဆိုရင်တော့ မင်းက လူမှားသွားပြီ။ ငါက အခုချိန်ထိ ဆရာကြီးရဲ့အဆင့်ကို မရောက်သေးဘူး။ ပြီးတော့ ပြောင်းလဲမှုကျင့်စဉ် အပြည့်အဝကိုလည်း မရသေးဘူး။ ငါက နည်းနည်းလေးပဲ သိသေးတယ်…”
“ဒါပေမယ့် မင်းက ပြောင်းလဲမှုကျင့်စဉ်ရဲ့ အကျိုးအာနိသင်အကြောင်းကို ပိုပြီးတော့ သိတယ် မဟုတ်လား...."
မုန့်ချီက တည်ငြိမ်စွာ မေးလိုက်သည်။
ဟန်ရှီက ခေါင်းညိတ်ပြလိုက်၏။
"ပြောင်းလဲမှုကျင့်စဉ်က နှင်းနတ်ဘုရားနန်းတော်က လူတွေအတွက်တော့ အထူးအဆန်း မဟုတ်ပါဘူး။ အဲဒါက မျက်ခုံးကြားမှာရှိတဲ့ ပင်မသွေးကြောကို အထူးအလေးထားရတာ။ အဲဒါက ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ စိတ်ဝိညာဉ်လျှို့ဝှက်အခန်းကို ဖွင့်ဖို့အတွက် တကယ့်ကို ထူးခြားတဲ့ နည်းလမ်းတစ်ခုပဲ။ တကယ်လို့ ကျင့်ကြံသူက အဆုံးမှာ မအောင်မြင်ခဲ့ဘူးဆိုရင်တောင် သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအားက သာမန်လူတွေထက် အဆပေါင်းများစွာ ပိုပြီးတော့ အစွမ်းထက်တယ်။ ဒါကြောင့်လည်း ငါက မြင်စရာ ကြားစရာမလိုဘဲ ပတ်ပတ်လည်မှာရှိတဲ့ အရာအားလုံးကို ခံစားမိနေတာလေ…"
ထိုအရာက လျှို့ဝှက်ချက်တစ်ခုမဟုတ်ပေ။ သို့သော် လူတိုင်းသိနိုင်သော သတင်းအချက်အလက်လည်း မဟုတ်ချေ။ နံပါတ်(၉)မျောက်က ထိုအရာကို မသိသည်မှာ သာမန်သာဖြစ်၏။
"မျက်ခုံးကြားတွင် ရှိနေသော ပင်မသွေးကြောလား။ စိတ်ဝိညာဉ် လျှို့ဝှက်အခန်းလား..."
မုန့်ချီကတော့ ပြောင်းလဲမှုကျင့်စဉ်အကြောင်းကို ပို၍စိတ်ဝင်စားလာခဲ့၏။
သူက အပြုံးနှင့်ပြောလိုက်သည်။
"ဒါကြောင့်လည်း ခုနတုန်းက ငါ့ကို သတိထားမိသွားတာပဲ…"
ခဏစဉ်းစားပြီးနောက် သူက သတိထား၍ မေးလိုက်၏။
"တကယ်လို့ လူတစ်ယောက်ကသာ ပြောင်းလဲမှုကျင့်စဉ်ရဲ့ အနှစ်သာရကို နားလည်သွားမယ်ဆိုရင် အစွမ်းထက် စိတ်ဝိညာဉ်ကို သုံးပြီး တစ္ဆေသရဲတွေလို ပုံရိပ်ယောင်နဲ့ တိုက်ခိုက်လို့ရတာလား။ တခြားလူတွေကတောင် ခုခံလို့ မရနိုင်တာလား…"
"မင်း….မင်းက ဒါကိုဘယ်လို သိလာတာလဲ…"
ရေခဲတမန်က အလွန်အံအားသင့်စွာ ပြန်မေးလိုက်သည်။ အစောပိုင်းတွင် မုန့်ချီပြောခဲ့သော စကားများအရ သူက ပြောင်းလဲမှုကျင့်စဉ်အကြောင်း လုံးဝမသိပေ။ သို့သော် သူက ပြောင်းလဲမှုကျင့်စဉ်ကို နားလည်သွားမှသာ ရနိုင်သော အဆင့်ကို မည်သို့သိသွားခဲ့သနည်း။
"မနေ့ညတုန်းက အဲဒီလိုလူတစ်ယောက်ကို တိုက်ခိုက်ခဲ့ရတယ်။ ငါက တိုက်ခိုက်လိုက်တဲ့ အချိန်တိုင်း ပုံရိပ်ယောင်ကိုပဲ တိုက်ခိုက်မိနေတာ။ ငါက သူ့ကို နောက်ဆုတ်သွားအောင်လုပ်ဖို့တောင် တော်တော်လေးကြိုးစားခဲ့ရတယ်။ သူက မင်းတို့ရဲ့ဆရာကြီးဖြစ်မယ်လို့ သံသယဝင်မိတယ်..."
မုန့်ချီကတော့ သူ၏တွက်ချက်မှုကို အခြေခံပြီး ရေခဲတမန်ကို အချက်အလက်တချို့ ပြောပြလိုက်သည်။
"မဖြစ်နိုင်ဘူး..၊ မင်းက ပြောင်းလဲမှုကျင့်စဉ် အထွဋ်အထိပ်ကို ရောက်နေတဲ့ လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး နောက်ဆုတ်သွားအောင် လုပ်နိုင်မှာလဲ.."
ဟန်ရှီက မုန့်ချီ၏အစွမ်းကို မယုံကြည်နိုင်ခဲ့ပေ။
သို့သော် သိပ်မကြာခင် သူက သတိပြန်ဝင်လာပြီး တွေးတွေးဆဆနှင့် ပြောလိုက်၏။
"ငါက ကံကြမ္မာမြို့ထဲမှာ ဆရာကြီးနှင့် ပတ်သက်ပြီး အချိန်အကြာကြီး ရှာဖွေနေခဲ့တာ။ အခုအချိန်ထိ သူနဲ့ တွေ့တောင် မတွေ့ရသေးဘူး။ သူသေသွားမှာကိုပဲ ငါက စိုးရိမ်နေခဲ့တာ။ မင်းတွေ့တာက သူမဟုတ်လောက်ဘူး။ တကယ်လို့ သူသာဆိုရင် သူ့ရဲ့ပြောင်းလဲမှုကျင့်စဉ်က အဲဒီလို ကြောက်စရာကောင်းတဲ့ အဆင့်ကို မရောက်သေးဘူး…"
"ဒါဆိုရင် မင်းတို့ရဲ့ နန်းတော်သခင်များလား..."
ဆရာကြီးတစ်ယောက်၏ ပြောင်းလဲမှုကျင့်စဉ်က ထိုမျှအစွမ်းထက်လိမ့်မည်ဟု မုန့်ချီက မယုံကြည်နိုင်သေးပေ။ မဟုတ်လျှင် နှင်းနတ်ဘုရားနန်းတော်တွင် ရှိနေသော တပည့်များက အစောပိုင်းကတည်းက ထိုအရာကို တိတ်တဆိတ် ကျင့်ကြံနေကြမည်ဖြစ်၏။
ဟန်ရှီက ခေါင်းခါပြလိုက်သည်။သူက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။
"အဲဒါက ပြောင်းလဲမှုကျင့်စဉ်မဟုတ်လောက်ဘူး..."
"ဟမ်..."
မုန့်ချီက သံသယဝင်သွားခဲ့၏။
ဟန်ရှီက မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။
"ပြောင်းလဲမှုကျင့်စဉ်က စိတ်ဝိညာဉ်လျှို့ဝှက်အခန်းကို ဖွင့်နိုင်တဲ့ အစွမ်းထက် သိုင်းပညာတစ်မျိုးပဲ။ ဒါပေမယ့် အဲဒါတစ်ခုတည်း ရှိနေတာတော့ မဟုတ်ဘူး။ တကယ်လို့ တခြားဂိုဏ်းတွေကသာ မျက်ခုံးကြားပင်မသွေးကြောကို လေ့ကျင့်ပြီး လျှို့ဝှက်အခန်းကို ဖွင့်နိုင်မယ်ဆိုရင် သူတို့ကလည်း တစ်ဖက်လူရဲ့ အာရုံကို နှောင့်ယှက်နိုင်ပြီး ပြိုင်ဘက်ကို မှားယွင်းတွက်ချက်မိစေနိုင်တယ်။ ပြီးတော့ ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပြီး တိုက်ခိုက်မှုတွေက လွဲချော်သွားနိုင်တယ်။ အဲဒါက ပြောင်းလဲမှုကျင့်စဉ် ဟုတ်မဟုတ်လည်း မပြောနိုင်ဘူး…"
"လျှို့ဝှက်အခန်းကို ဖွင့်တာလား…"
မုန့်ချီက စဉ်းစားနေရင်း ခေါင်းစဉ်ပြောင်း၍ ပြောလိုက်သည်။
"ငါက ဒီနေရာကို ရောက်လာတာ နောက်ထပ်အကြောင်းပြချက်တစ်ခုရှိတယ်။ ငါက နှင်းနတ်ဘုရားနန်းတော်ထဲမှာရှိတဲ့ ရတနာတွေကို သိချင်နေတာ။ ဒါပေမယ့် အခုငါ့ဆီမှာ နောက်ထပ်မေးခွန်းတစ်ခု ထပ်ရှိသွားပြီ။ မင်းတို့ရဲ့ဆရာကြီးက ဘာလို့ ပျောက်နေတာလဲ။ ဘယ်အချိန်တုန်းက ပျောက်သွားတာလဲ…"
သူက သွမ့်မင်းချန်အကြောင်းကို တိုက်ရိုက်မမေးခဲ့ဘဲ သွယ်ဝိုက်၍သာ မေးခဲ့သည်။
ဟန်ရှီက အပြုံးနှင့် ပြောလိုက်၏။
"အဲဒီအရာနှစ်ခုက အတူတူပဲလေ။ ဆရာကြီးမျောက်က ငါတို့ကို ရယ်မှာလည်း မကြောက်တော့ပါဘူး။ ငါတို့ နှင်းနတ်ဘုရားနန်းတော် ပျက်စီးသွားတဲ့အချိန်မှာ အစောင့်အရှောက်(၄)ယောက်က ရတနာမြေပုံတစ်ခုဆီကို ယူသွားတယ်။ အဲဒီရတနာမြေပုံ(၄)ခုကို ပေါင်းလိုက်မှပဲ ရတနာတွေကို တွေ့နိုင်မယ်။ ဒါပေမယ့် မင်းသိထားတဲ့အတိုင်း လူတစ်ယောက်ရဲ့စိတ်ကို သိနိုင်ဖို့က ခက်တယ်လေ။ အဆုံးမှာတော့ အစောင့်အရှောက် တစ်ယောက်တည်းကပဲ အမွေအနှစ်တွေကို ရချင်နေခဲ့တယ်…”
“ငါတို့ဆီမှာတော့ ရတနာမြေပုံတစ်ခုပဲရှိတယ်။ တခြားမြေပုံ(၃)ခုထဲမှာ တစ်ခုက ပျောက်နေတယ်။ တစ်ခုက သူကြွယ်နတ်ဘုရားရဲ့ လက်ထဲမှာရှိတယ်။ တခြားတစ်ခုကိုတော့ လေလွင့်ဆရာကြီးရဲ့သား သွမ့်မင်းချန်က ယူသွားတယ်။ သူက ရတနာတွေကို လိုချင်နေတာဆိုတော့ ငါတို့နဲ့ မကြာခဏဆက်သွယ်တတ်တယ်။ ငါတို့က သူနဲ့ပူးပေါင်းဖို့ စီစဉ်နေတဲ့အချိန်မှာ သူနှင့်အတူ ဆွေးနွေးခဲ့တဲ့ ဆရာကြီးကလည်း ပျောက်သွားခဲ့တယ်…"
ပျောက်ဆုံးသွားသည်ဟူသော မြေပုံက မုန့်ချီ၏ လက်ထဲတွင် ရှိနေသည်။ ထိုအရာကို စဉ်းစားပြီး သူ့ရင်ထဲတွင် လှုပ်ရှားသွား၏။ ကြည့်ရသည်မှာ သွမ့်မင်းချန်က အလွန်လျှို့ဝှက်ဆန်းကြယ်သောလူနှင့်အတူ အမှန်တကယ် သွားတွေ့ခဲ့ပုံရသည်။ ထို့ပြင် သူ၏ ပျောက်ကွယ်သွားမှုကလည်း ထိုလူဆွဲခေါ်သွားခြင်းကြောင့် မဟုတ်ပေ။
ထိုသို့ဆိုလျှင် နှင်းနတ်ဘုရားနန်းတော်၏ ဖော်ပြချက်များက မမှန်နိုင်တော့ပေ။ ဟန်ရှီက ဆရာကြီးကို ရှာဖွေရန်အတွက် လူအများအပြား စေလွှတ်ခဲ့သည်။ သို့သော် မည်သည့်သတင်းမျှမသိရသေးခင် ဖေးကျန်းချင်က သူ့နောက်ကို လိုက်လာသည့်အတွက် သူတို့လည်း ပုန်းနေခဲ့ရ၏။ ထို့ကြောင့် သူတို့လည်း ဆရာကြီးအကြောင်း စုံစမ်းရန် ခက်ခဲနေပြီး မည်သည့်သဲလွန်စမျှ မရခဲ့ပေ။
မုန့်ချီက ရေခဲတမန်၏ နောက်လိုက်များကို နှိုးလိုက်ပြီးနောက် သူတို့ကို နောက်တစ်ကြိမ် စစ်ဆေးလိုက်သည်။ သူတို့ပြောသည့်စကားကလည်း ဟန်ရှီပြောသည့်စကားနှင့် ကိုက်ညီနေခဲ့၏။
တခြားအချက်အလက်များ မရှိတော့ကြောင်း နားလည်သွားသည့်အတွက် မုန့်ချီက ပြုံးလိုက်မိသည်။
"ညအချိန်မှာ ခိုးပြီး လာခဲ့ရသည့်အတွက် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ငါက အခုပဲ ထွက်သွားပါတော့မယ်…"
"မင်းက ပြောင်းလဲမှုကျင့်စဉ်အကြောင်း မှတ်မိသလောက် ချရေးပေးလို့ ရနိုင်မလား…"
သူက ပြောင်းလဲမှုကျင့်စဉ်သတင်းကို အလွန်အမင်း စိတ်ဝင်စားခြင်း မရှိသော်လည်း ဟန်ရှီက ထိုအရာကို ရေးပေးနိုင်စွမ်းရှိသည်။ သူက မျက်ခုံးကြားပင်မ သွေးကြော လေ့ကျင့်မှု အကြောင်းကို သိချင်ရုံ သက်သက်သာ ဖြစ်၏။
ရေခဲတမန်က သက်ပြင်းချလိုက်ပြီး ပြောင်းလဲမှုကျင့်စဉ် ပထမပိုင်းကို ရေးပေးလိုက်သည်။ ထိုအရာက အပြည့်အစုံ မဟုတ်ချေ။
ကျင့်စဉ်ပထမပိုင်းကို ရလိုက်ပြီးနောက် မုန့်ချီက အခန်းထဲမှ လျင်မြန်စွာ ထွက်သွားပြီး အပြင်ဘက်တွင် နှစ်နာရီကြာ စောင့်ကြည့်နေခဲ့သည်။ ထိုအချိန်တွင်
မည်သူကမျှ ရေခဲတမန်ကို လာမရှာကြောင်း တွေ့လိုက်ရသလို ထိုအဘိုးကြီးကလည်း ထွက်သွားခဲ့ခြင်း မရှိချေ။
သူက အကြိမ်ကြိမ် လမ်းကြောင်းပြောင်းပြီး ကျင်းရွှေတံတားဆီသို့ ထွက်လာခဲ့၏။ သူက မြို့မြောက်ပိုင်းမှ ထွက်သွားတော့မည့်အချိန်တွင် ခေါင်းထဲ၌ သံသယများ ပေါ်လာခဲ့သည်။ အကယ်၍ ရေခဲတမန်ကသာ သေမှာကို ကြောက်လန့်နေမည်ဆိုလျှင် ပူးပေါင်းပေးလိမ့်မည် မဟုတ်ချေ။
မုန့်ချီက မေးခွန်းများစွာကို မေးလိုက်သည့် အချိန်တွင်လည်း ရေခဲတမန်က စဉ်းစားမနေဘဲ ပြန်ဖြေခဲ့၏။ ဥပမာအနေနှင့် ပြောရလျှင် အစောပိုင်းတွင် သူသုံးခဲ့သည်မှာ ပြောင်းလဲမှုကျင့်စဉ် ဟုတ်မဟုတ်လည်း သံသယရှိနေခဲ့သည်။
ရင်ထဲတွင် လှုပ်ရှားသွားပြီးနောက် မုန့်ချီက ပြန်လာ၍ ခြံဝန်းထဲကို စစ်ဆေးကြည့်လိုက်သည်။ ထိုအခန်းထဲတွင်တော့ လုံးဝကို တိတ်ဆိတ်နေခဲ့၏။ မုန့်ချီက တစ်ခုခုလွဲမှားနေကြောင်း ခံစားမိသည့်အတွက် ပြတင်းပေါက်စက္ကူကို ဖောက်ကြည့်လိုက်သည့်အခါ အခန်းထဲတွင် လဲကျနေသော လူများပြည့်နှက်နေ၏။
ရေခဲတမန်က တိုင်လုံးကြီးကို မှီထားပြီး အေးစက်နေသည့် မျက်နှာအနေအထားကြောင့် သေဆုံးသွားပြီ ဖြစ်ကြောင်း ပြသနေလေသည်။
Translated by Hein Htet