← Chapters

အခန်း (၆၈)

Vol. 5 Ch. 68

အခန်း (၆၈)

Vol. 5 Ch. 68

မုန့်ချီက ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။ ထင်ထားသည့်အတိုင်း သူက ထိတ်လန့်သွားခြင်း မရှိသော်လည်း အဖြစ်အပျက်တစ်ခုလုံးက ပို၍ရှုပ်ထွေးလာပြီး အတော်လေး စိတ်ရှုပ်စရာ ကောင်းလှသည်။

မည်သူက အမှန်တရားကို ပြောခဲ့ကြောင်း မသိတော့သလို မည်သည့်အရာက အမှန်တရားဖြစ်ကြောင်း မသိတော့ပေ။ ယခုချိန်က သဲလွန်စများနှင့် စကားလုံးများကို ရှာဖွေဖော်ထုတ်ရန် အချိန်ကောင်းတစ်ခု မဟုတ်သေးချေ။ သူ့ကို အလစ်ချောင်း စောင့်နေသော လူရှိမရှိသာ မုန့်ချီက သေချာစစ်ဆေးခဲ့သည်။

ထို့နောက် သူက တံခါးကိုဖွင့်ပြီး ဝင်လာခဲ့၏။ အိမ်ထဲတွင် အလောင်း(၉)လောင်း ရှိနေသည်။ ဝူချမ်း၊ ရေခဲတမန်နှင့်သူ၏နောက်လိုက်(၂)ယောက်အပြင် ဆိပ်ကမ်းအလုပ်သမားပုံစံ ဝတ်ဆင်ထားသော အခြားလူ(၄)ယောက်လည်း ရှိနေခဲ့သည်။

သူတို့၏ဒဏ်ရာများကို သေချာစစ်ဆေးကြည့်ပြီးနောက် သူတို့(၉)ယောက်လုံးက သေစေနိုင်လောက်သော တိုက်ခိုက်မှုတစ်ခုကြောင့် သေဆုံးသွားရခြင်းဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဒဏ်ရာများက သူတို့၏လည်ပင်းတွင် ရှိနေပြီး ဓားဒဏ်ရာများ ဖြစ်သည်။ အခန်းထဲတွင် ရှုပ်ပွနေသည့် အခြေအနေလည်း မရှိချေ။

သတ်ဖြတ်သူ၏ သိုင်းပညာက အလွန်အမင်းကို ကြောက်စရာကောင်းသည်။ သတ်ဖြတ်သူက ယမန်နေ့ညတွင် သူ့ကို အရိပ်နှင့် တိုက်ခိုက်ခဲ့သူဟုပင် မုန့်ချီက သံသယ ရှိနေခဲ့၏။ ထိုအရိပ်၏ဓားပညာက အလွန်ထူးချွန်လွန်းလှပြီး သူ၏ရွှေခေါင်းလောင်းအကာအကွယ်ကိုပင် ဖျက်ဆီးပစ်နိုင်သည်။ ထို့ပြင် အာရုံများကို နှောင့်ယှက်နိုင်သည့် ထူးထူးဆန်းဆန်း အစွမ်းလည်း ရှိနေသေးသည်။

အကယ်၍ သူကသာ ရေခဲတမန်နှင့်သူ့လူများကို သတိလက်လွတ် ဖြစ်သွားစေမည်ဆိုလျှင် ထိုရလဒ်ကို ရရှိရန် ခက်ခဲနေခြင်း မရှိနိုင်ပေ။ ထိုအရိပ်ကတော့ ဓားချက်ပေါင်းများစွာအတွင်း မုန့်ချီကိုသတ်ရန် မအောင်မြင်ခြင်းမဟုတ်ဘဲ တိမ်မုန်တိုင်းအပ်ကို စိုးရိမ်နေခြင်းသာဖြစ်သည်။ အကယ်၍ မုန့်ချီကသာ ကြောက်လန့်နေခဲ့မည်ဆိုလျှင် သူက သေဆုံးသွားနိုင်၏။

သို့သော် ထိုအရာက မုန့်ချီ၏ ထင်မြင်ချက်သက်သက်လည်း ဖြစ်သည်။ သူက အရိပ်နှင့် ပတ်သက်ပြီး မည်သည့်အရာကိုမျှသေချာစွာမသိပေ။ သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ လူတိုင်းက ထူးဆန်းစွာ သေဆုံးနေသည်ကို သတိထားမိသည့်အချိန်တွင် မျက်မှောင်ကြုတ်လိုက်မိသည်။

သူတို့၏မျက်နှာပေါ်တွင် အကြောက်တရားများ သံသယများ မရှိချေ။ ထိုအစား လေးစားရိုကျိုးနေသည့် အမူအရာမျိုးသာ ဖြစ်သည်။

“ဒါ နှင်းနတ်ဘုရားနန်းတော်က အကြီးအကဲ‌ တစ်ယောက်ယောက်များလား။ ဒါပေမယ့် ဘာလို့ သူတို့ကို သတ်ပစ်ချင်ရတာလဲ…”

မုန့်ချီက သံသယဝင်စွာ စဉ်းစားနေမိသည်။ တောင်မြောက်ဖြတ်လမ်းဆိုင်ကို ဦးတည်နေသော လိုဏ်ခေါင်းကလွဲလျှင် ခြံဝန်းထဲ၌ စိုးရိမ်နေရသည့် လက္ခဏာများလည်း မရှိချေ။

ထိုအရာကို စစ်ဆေးကြည့်ပြီးနောက် မုန့်ချီက နောက်သို့ တိတ်တဆိတ် ပြန်ဆုတ်သွားပြီး ဦးတည်ချက်ကို ဆက်တိုက်ပြောင်းလဲနေသည်။ ထို့နောက် သူက မြို့ကို တစ်ပတ် ပတ်လိုက်ပြီး ယုရဲတိုက်၏အပြင်ဘက်ကို ပြန်ရောက်လာခဲ့၏။

သူက ကြုံခဲ့ရသည့် အဖြစ်အပျက်တစ်ခုလုံးကို သေချာစဉ်းစားနေခဲ့သည်။ ထိုနေရာတွင် ဆန်းကြယ်မှုများစွာ ရှိနေပြီး တစ်စုံတစ်ယောက်ကို လှည့်စားရန် အကြောင်းအရင်းများစွာလည်း ရှိ၏။ သူ့ခေါင်းထဲတွင် အတွေးမျိုးစုံ ရောက်လာခဲ့သော်လည်း နောက်ဆုံးတွင်တော့ အဖြေတစ်ခုမျှမရခဲ့ပေ။

မြို့စားရဲတိုက်ထဲတွင်တော့ ဝတ်စုံဖြူဓားသမား၏ စိန်ခေါ်မှုကြောင့် အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ ကွေရှုက သူ၏ဓားပညာကို လေ့ကျင့်ရန်အတွက် ကိစ္စအဝဝကို သူ့သမီး ကွေကျင်းရှု၏ လက်ထဲသို့ အပ်ထားခဲ့သည်။

သို့သော် သူမ၏ ဦးလေးယုတုန်ကွမ် ၊ မူရှန်နှင့် ဖေးကျန်းချင်တို့ကလည်း သူမ၏အနားတွင် ကူညီပေးနေကြ၏။ သူတို့ကတော့ အစီအစဉ်တကျ လုပ်ဆောင်ရန် ကူညီပေးနေကြပြီး အလွန်ရှုပ်ထွေးသော အခြေအနေကို တဖြည်းဖြည်း တည်ငြိမ်သွားစေခဲ့သည်။

ထို့ကြောင့် ယုတုန်ကွမ်က သူ၏ရဲတိုက်ဆီသို့ ညလယ်ခေါင်ရောက်မှသာ ပြန်ရောက်လာခဲ့၏။ အနက်ရောင်တိမ်တိုက်များကတော့ လမင်းကြီးကို ဖုံးကွယ်ထားခဲ့သည်။ သူကတော့ လက်နောက်ပစ်ပြီး ကောင်းကင်ကြီးကို မော့ကြည့်နေမိသည်။

"အဖေ …

မြို့စားမင်းက လော်ချင်းရဲ့စိန်ခေါ်မှုကို လက်ခံလိုက်ပြီလား…"

သူ၏တတိယသား ဟုဟုန်ပိုက သူ့ကို လာတွေ့ခဲ့သည်။

ယုတုန်ကွမ်က သူ့ကို ခေါင်းညိတ်ပြလိုက်၏။

"အစ်ကို(၅)က သိုင်းသခင်အဆင့် တိုက်ပွဲကို မျှော်နေတာ တော်တော်လေး ကြာခဲ့ပြီ။ ဒီတိုက်ပွဲက လူသားနတ်ဘုရားအတားအဆီးကို ဖြတ်ကျော်ဖို့အတွက် သူ့ကို အကူအညီပေးနိုင်တယ်…"

သူက အသေးစိတ် ရှင်းပြနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယုဟုန်ပိုက သူသဘောအကျဆုံး သားတစ်ယောက်ဖြစ်၏။ သူ၏သားအကြီးဆုံး ယုဟုန်ဝမ်ကတော့ ကဗျာရေးခြင်း၊ စာရေးခြင်းကိုသာ စိတ်နှစ်ထားပြီး သိုင်းပညာအပေါ် ထူးချွန်မှုမရှိချေ။

သူက တစ်နှစ်ပတ်လုံးမြို့တော်မှာသာ နေထိုင်ခဲ့သည်။ သူက မိသားစု၏ စီးပွားရေးလုပ်ငန်းများကို အမွေဆက်ခံနိုင်သော်လည်း ကုန်သည်တစ်ယောက် မဖြစ်လိုပေ။

ဒုတိယသားဖြစ်သော ယုဟုန်ကတော့ ငယ်ငယ်ကတည်းက အကျင့်ဆိုးနှင့် ကြီးလာခြင်းဖြစ်ပြီး အသက်(၃၀)(၄၀)ခန့် ရှိနေသည်ပင် သူ့ကို ရင့်ကျက်ခြင်း မရှိဟု တခြားသူများက သတ်မှတ်ထားကြသည်။

အငယ်ဆုံးသားဖြစ်သော ယုဟုန်ပိုတစ်ယောက်တည်းကသာ သူ၏သိုင်းပညာကို အမွေဆက်ခံထားပြီး ကုန်သွယ်ရေးတွင်လည်း အတော်လေးကို ထူးချွန်လှသည်။ ထို့ကြောင့် သူက ကုန်သွယ်ရေးအများအပြားကို တာဝန်ယူထား၏။ အကယ်၍ သူသာ ကောင်းမွန်စွာ လုပ်ဆောင်နိုင်သည်ဆိုလျှင် မိသားစုစီးပွားရေးလုပ်ငန်းများက သူ့အပိုင် ဖြစ်လာနိုင်သည်။

ယုတုန်ကွမ်ကတော့ သူ့သားများကို အကြီးအငယ် စိတ်မဝင်စားပေ။ သူက အကြောင်းအရာတစ်ခုတည်းကိုသာ ယုံကြည်နေခဲ့၏။ သိုင်းလောကတွင် ကျင်လည်သောလူများက စွမ်းရည်ရှိမှသာ မိသားစုစီးပွားရေးလုပ်ငန်းများကို အောင်မြင်စွာ လုပ်ဆောင်နိုင်မည်ဖြစ်သည်။ မဟုတ်လျှင် မိသားစုတစ်ခုလုံး လျင်မြန်စွာ သေဆုံးသွားရမည်ဖြစ်သည်။

"သိုင်းသခင်အဆင့် တိုက်ပွဲမရှိခဲ့တာ နှစ်ပေါင်းဘယ်လောက်တောင် ကြာခဲ့ပြီလဲ…"

ယုဟုန်ပိုက သက်ပြင်းချ၍ ပြောလိုက်သည်။

ယုတုန်ကွမ်က ရယ်လိုက်၏။

"ဆရာသခင်တွေရဲ့ကြားထဲမှာတော့ တိုက်ပွဲတွေမရှားပါဘူး။ ဒါပေမယ့် တိကျတဲ့အနေအထားတွေကိုတော့ သူတို့က ပြောလို့မရဘူး။ ဒီလိုအဆင့်တူပညာရှင်မျိုး တိုက်ခိုက်ဖို့ဆိုတာက တော်တော်လေးရှားတယ်။ ဒါပေမယ့် အဖေက အစ်ကို(၅)ကို ယုံကြည်ချက်ရှိတယ်…"

သူက ရပ်လိုက်သည်။

"ဟုန်ပို…

မင်းက အဲဒီဓားပျံတွေကို ဘယ်လိုလုပ်ထားလဲ…"

ယုဟုန်ပိုက သူ့အဖေ၏မျက်လုံးကို မကြည့်ရဲဘဲ အပြစ်ရှိသလို ပြောလိုက်သည်။

"အခုချိန်ထိ ဘယ်သူလုပ်တာလဲဆိုတာ အဖြေရှာမရသေးဘူး။ တကယ်လို့ အပြင်လူကို ကူညီပြီး ကျွန်တော်တို့ကို ချောက်ချတဲ့သစ္စာဖောက်ကို တွေ့မယ်ဆိုရင် အရေခွံစုပ်ပြီး အရိုးတွေကို တစ်စစီချိုးပစ်ချင်တာ…"

"တတိယသခင်လေးက တော်တော်လေး ဒေါသကြီးတာပဲ။ အခုချိန်က သစ္စာဖောက်ကို ရှာရမယ့် အချိန်မဟုတ်ဘူး။ ဓားပျံတွေက အရေးကြီးဆုံးအရာပဲ။ တကယ်လို့ မင်းက သူတို့ကိုရှာမတွေ့ဘူးဆိုရင် နောက်ထပ်ပြင်ဆင်ထားလိုက်.."

ယုတုန်ကွမ်၏မျက်နှာက မည်းနက်နေပြီး မကျေမနပ်အမူအရာနှင့် သူ့သားကို ပြောလိုက်သည်။

ယုဟုန်ပိုကတော့ သူ့အဖေကို ပြဿနာမရှာရဲဘဲ အပြုံးနှင့် လိုက်ပြောနေရသည်။ ထို့နောက် သူတို့က အတွင်းခြံဝန်းထဲသို့ ဝင်သွားပြီး သူ့အဖေ၏စာကြည့်ခန်းဆီသို့ လျောက်သွားခဲ့သည်။ အိမ်တော်ထိန်းနှင့် တခြားလူများကလည်း သူနှင့်အတူ ပါလာခဲ့၏။

ယုတုန်ကွမ်က စာကြည့်ခန်းကို ရောက်လာပြီး ကြေးနီသော့ခလောက်ကြီးကို ဖွင့်လိုက်သည်။ ထို့နောက် သူက တံခါးကို ဖြည်းညင်းစွာ တွန်းဖွင့်လိုက်ရာ အတွင်းထဲကို ကြည့်ပြီး အတော်လေးကို မျက်နှာပျက်သွား၏။

"ဘာဖြစ်လို့လဲ အဖေ…"

ယုဟုန်ပိုက မည်သည့်အရာကိုမျှ မသိသည့်အလား မေးလိုက်၏။

ယုတုန်ကွမ်က တိတ်တဆိတ် ပြောလိုက်သည်။

"စာကြည့်ခန်းထဲကို လူတစ်ယောက် ဝင်သွားတယ်.."

အိမ်တော်ထိန်းများနှင့် တခြားလူများအားလုံးက စိုးရိမ်ထိတ်လန့်သွားကြ၏။ ထိုအရာက သူတို့၏တာဝန်ပေါ့လျော့မှုဖြစ်သည်။

သူ့အဖေက အလွန်ထူးခြားသော သိုင်းပညာရှင်တယောက်ဖြစ်ပြီး စက္ကန့်ပိုင်းလေးအတွင်း ပြောင်းလဲမှုများကို သိနိုင်ကြောင်း ယုဟုန်ပိုက သိနေသည်။ ထို့ကြောင့် သူက သံသယဝင်နေခြင်း မရှိဘဲ အခန်းထဲကို အရင်ဆုံးဝင်ပြီး စစ်ဆေးကြည့်လိုက်သည်။

"ဒီမှာ စာတစ်စောင် ရှိတယ်…"

သူက အဖြူရောင်ကျောက်စိမ်းပြား၏ရှေ့တွင် သပ်သပ်ရပ်ရပ် ခေါက်ထားသော စာရွက်ဖြူလေးတစ်ရွက်ကို လက်ညှိုးထိုးပြလိုက်သည်။

"ငါ့ဆီကိုယူလာခဲ့…"

ယုတုန်ကွမ်က အမိန့်ပေးလိုက်၏။

ကိုယ်ရံတော်က ထိုစာရွက်ကိုယူပြီး ငွေအပ်နှင့် စစ်ဆေးကြည့်လိုက်သည်။ အဆိပ်မရှိကြောင်း သေချာသွားမှသာ စာရွက်ကိုကောက်ယူပြီး ယုတုန်ကွမ်ကို တလေးတစား ပေးလိုက်၏။

ယုတန်ကွမ်က ဖတ်ကြည့်လိုက်သည့်အချိန်တွင် သူ့သားကလည်း အနားတိုးပြီး ဖတ်ကြည့်လိုက်၏။

"မိတ်ဆွေက အဖြူရောင်ကျောက်စိမ်းတစ်ခု ပိုင်ဆိုင်ထားတယ်လို့ ငါကြားတယ်။ အဲဒါကအရမ်းကို အဆင့်မြင့်တဲ့ပညာရှင်တွေ ထွင်းထုထားတဲ့အရာမျိုးပဲ။ ငါက အဲဒါကို လိုချင်လို့ ဒီနေ့ရောက်လာခဲ့တာ။ ဒါပေမယ့် ဧည့်သည်က ပိုင်ရှင်မသိဘဲ ပစ္စည်းကို ယူသွားလို့မဖြစ်သေးဘူးလေ။ ဒီတော့ ငါက(၆)ရက်အတွင်း လာယူမယ်။ မိတ်ဆွေက အလှူအတန်းရက်ရောတယ်လို့ ကြားဖူးပါတယ်။ ဒီတော့ ငါ့ကို အချည်းနှီး ပြန်သွားရအောင် မလုပ်ပါနဲ့ ….နံပါတ်(၉)မျောက်…"

ထိုစာကို ဖတ်လိုက်ပြီးနောက် သူက အလွန်ထိတ်လန့်ပြီး ဒေါသထွက်သွားသလို ကြောက်လည်း ကြောက်သွားခဲ့သည်။ သူက နံပါတ်(၉)မျောက်ကို တစစီဖျက်ဆီးပစ်ချင်နေသလို ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကိုပင် သတ်ပစ်ချင်နေခဲ့သည်။

"သူ‌က တော်တော် တရားလွန်သွားပြီ…"

ယုတုန်ကွမ်က ဒေါသတကြီးနှင့် စာကို ဆုပ်ချေပစ်လိုက်သည်။

သူ့အဖေနှင့်ဦးလေးမြို့စားမင်း၏ သိုင်းပညာကို စဉ်းစားမိသည့်အချိန်တွင် ယုဟုန်ပိုက အကြောက်တရားနှင့် ဒေါသများကို ဖိနှိပ်ထားခဲ့သည်။ သူက အလွန်ဒေါသထွက်နေသည့် အမူအရာနှင့် အော်ပြောလိုက်၏။

"အဖေ…

ကျွန်တော်တို့က နံပါတ်(၉)မျောက်ကို‌ သေချာပေါက် သင်ခန်းစားပေးရမယ်…"

အိမ်တော်ထိန်းများနှင့် ကိုယ်ရံတော်များအားလုံးကလည်း အချင်းချင်း ကြည့်နေမိကြသည်။ မည့်သည့်အချိန်တွင် နံပါတ်(၉)မျောက်က သူခိုးတစ်ယောက်အဖြစ် ပြောင်းလဲသွားရသနည်း။

"မနက်ဖြန်ကျရင် မင်းရဲ့ဦးလေးတွေကို ဒီနေရာဆီ ဖိတ်ခေါ်လိုက်…”

ယုတုန်ကွမ်က ခဏကြာ စဉ်းစားပြီး အပြုံးနှင့် ပြောလိုက်သည်။

“ဦးလေးကွေကတော့ ပြိုင်ပွဲအတွက် လေ့ကျင့်နေတယ်။ ဒါကြောင့် အခုချိန်မှာ သူ့ကို မနှောင့်ယှက်နဲ့…"

သူက ခံစားချက်များကို တဖြည်းဖြည်း ဖိနှိပ်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"နောက်တစ်ခုက ဒီကိစ္စကို သိုင်းလောကတစ်ခုလုံး သိသွားပါစေ.."

မုန့်ချီက ညတစ်ဝက်ခန့် ယုရဲတိုက်ကို စောင့်ကြည့်နေခဲ့သည်။ သို့သော် ယုတုန်ကွမ်၏ တုံပြန်မှုကတော့ အလွန်တည်ငြိမ်လွန်းလှပြီး စာကို ရသည့်အချိန်တွင် ကနဦးဒေါသထွက်ခြင်းကလွဲပြီး မည့်သည့်အရာမျှဖြစ်မလာခဲ့ချေ။

သူက သံသယဝင်စရာမျိုး မလုပ်ခဲ့သည့်အတွက် မုန့်ချီလည်း မည့်သည့်သဲလွန်စမျှမသိခဲ့ရပေ။ ထို့ကြောင့် သူက ကျောင်းဆောင်သို့ စောစော ပြန်လာခဲ့ရသည်။

နောက်တစ်နေ့ မနက်တွင်တော့ သူက ချီစွမ်းအင်များကို လေ့ကျင့်လိုက်ပြီးနောက် သိုင်းလေ့ကျင့်နေခဲ့သည်။ ထို့နောက် မုန့်ချီက စားသောက်ဆိုင်သို့ သွားပြီး နေ့လည်စာစား၍ သတင်းများကို စုံစမ်းနေခဲ့သည်။

လမ်းတွင် သူက ဝါးခမောက်တစ်ခုနှင့် သူအိပ်မက် မက်နေသော အဖြူရောင်ဝတ်စုံတစ်ခုကို ဝယ်ယူခဲ့သည်။ ထိုဈေးဆိုင်တွင်ပင် သူက ကွေရှုနှင့်လော်ချင်းတို့၏ပြိုင်ပွဲအကြောင်းကို ကြားခဲ့ရသေး၏။

"သိုင်းသခင်(၂)ယောက်ရဲ့တိုက်ပွဲလား။ ဒီလိုတိုက်ပွဲမျိုးက တော်တော်လေး ရှားတယ်။ နှစ်ပေါင်း(၁၀၀)နေရင်တောင် တစ်ကြိမ်တိုက်ခိုက်ဖို့မလွယ်ဘူး…”

“ဟုတ်တယ်။ ငါတို့က အဲဒီလို အံ့အားသင့်စရာကောင်းတဲ့ အခြေအနေကို ကြုံရတော့မှာပဲ။ ဒါပေမယ့် သိုင်းလောကထဲ နာမည်ကျော်ကြားတဲ့လူတွေကိုပဲ မြို့စားရဲတိုက်ထဲ ဖိတ်ခေါ်တာကတော့ တော်တော်လေးဆိုးသွားပြီ။ ငါတို့က အဲဒီတိုက်ပွဲကို မြင်ခွင့်ရမှာ မဟုတ်ဘူး…”

“အဲဒါက တော်တော်‌လေးဝမ်းနည်းဖို့ကောင်းတယ်။ ဒါပေမယ့် ချောင်မန်ကျိက တိုက်ပွဲရလဒ်ကို အလောင်းအစားလုပ်နေတယ်လို့ ကြားတယ်။ မင်းတို့ရော ဘယ်သူနိုင်မယ်လို့ထင်လဲ ။ မြို့စားမင်းလား ဝတ်စုံဖြူဓားသမားလား…"

ထိုမေးခွန်းကို ကြားလိုက်ရသည့်အချိန်တွင် ဆိုင်ထဲ၌ ရှိနေသော လူတိုင်းက စိတ်အားတက်ကြွစွာ ဆွေးနွေးနေကြသည်။

"မြို့စားမင်းက လွန်ခဲ့တဲ့ နှစ်ပေါင်း(၂၀)နောမည်ကျော်ကြားနေတာ။ သူက သိုင်းသခင်ကြီးတစ်ယောက် ဖြစ်နေပြီလေ။ လော်ချင်းလို အခုမှ သိုင်းသခင်ဖြစ်တဲ့လူက သူ့ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။ ငါကတော့ မြို့စားမင်းပဲ…"

“အဲဒီလိုလည်း ပြောလို့မရဘူးလေ။ လော်ချင်းက လောကတစ်ခွင်လုံးကို ဓားနဲ့လှည့်ပတ်သွားလာနေတာ။ သူက ပြိုင်ဘက်ကင်းလို့ လူသိများတယ်။ ရန်သူတွေအားလုံးကို သိုင်းကွက်(၃)ကွက်အတွင်း အနိုင်ယူနိုင်ခဲ့တာပဲ။ လော်ချင်းက တက်လူလေ။ မြို့စားမင်းကတော့ မတိုက်ခိုက်တာ နှစ်ပေါင်းများစွာ ကြာနေပြီ။ သူ့ရဲ့ထက်မြက်တဲ့အငွေ့အသက်တွေ ဆုံးရှုံးနေမှာ ကြောက်ရတယ်…"

"မြို့စားမင်းက ခုနှစ်စင်ကြယ်ကျန်းချန်ကို တိုက်ခိုက်ခဲ့တဲ့အချိန်မှာ သိုင်းကွက်(၅)ကွက် သုံးခဲ့ရတယ်။ ဝတ်စုံဖြူဓားသမားကတော့ သိုင်းကွက်(၂)ကွက်ပဲ သုံးခဲ့တာ…"

"မြို့စားမင်းက (၃)နှစ်အတွင်း နောက်ထပ်လျှို့ဝှက်ခန်းတစ်ခု ပွင့်သွားတာရော မဖြစ်နိုင်ဘူးလား…"

လူတိုင်းတွင် မတူညီသော အတွေးအမြင်များရှိနေပြီး မည်သူမျှ‌ ညှိနှိုင်း၍ မရနိုင်ပေ။ သူတို့က ငြင်းခုန်မှုကြောင့် အချင်းချင်း တိုက်ခိုက်လုမတတ် ဖြစ်လာခဲ့၏။ သူတို့က ထိုဒေါသကို လောင်းကြေးအဖြစ် ပြောင်းလိုက်သည်မှာ ကောင်းမွန်သော အရာတစ်ခုဖြစ်သည်။

မုန့်ချီက အရသာရှိသော စားသောက်ဖွယ်များကို အေးအေးဆေးဆေး စားနေသည်။ မြို့စားမင်းကွေရှုက တံခါးပိတ်လေ့ကျင့်နေကြောင်း သိထားပြီး မိန်းကလေးကွေက မြို့ထဲတွင် ရှိနေသော ကိစ္စများကို တာဝန်ယူထားရသည်။ သူက တာ့ပိုင်ကျောင်းဆောင်ထဲတွင်လည်း ဝတ်စုံဖြူဓားသမားနှင့် ပတ်သက်သော အကြောင်းအရာများကို စုံစမ်းခဲ့၏။ သူကတော့ အမွှေးတိုင်ထွန်းပြီး ဓားနှင့် ဖျက်ဆီး၍ ပြိုင်ပွဲကို စောင့်နေသည်ဟု ပြောကြသည်။

မြို့စားလေးကွေချင်းဟွာကတော့ ကံကြမ္မာမြို့ထဲတွင် ရှိမနေခြင်းပေလော။ မုန့်ချီကတော့ ထိုအရာကို အစိုးရိမ်ဆုံးဖြစ်သည်။ လက်ရှိအချိန်တွင် သူရထားသော အချက်အလက်များက အမှန်တကယ် ဟုတ်မှန်နေခြင်းရှိမရှိ ခက်ခဲသည်။ ထို့ကြောင့် အခြားလူများကိုမေးရန် နည်းလမ်းတစ်ခု ရှာဖွေချင်ခဲ့သည်။

"စကားမစပ် မနေ့ညတုန်းက နံပါတ်(၉)မျောက် ပေါ်လာတာကို သိလား…"

ချောင်မန်ကျိက လောင်းကြေးများကို ပြောနေရင်း ထိုသတင်းကို ဖြန့်ခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ။ နံပါတ်(၉)မျောက်က ဘယ်သူ့ကို နောက်တစ်ကြိမ် သတ်လိုက်တာလဲ…"

စားသောက်ဆိုင်ထဲတွင် ရှိနေသော ဧည့်သည်များက သာမန်လူများဖြစ်ကြသည်။ သို့သော် သူတို့ထဲတွင် သိုင်းလောကသတင်းကို အလွန်စိတ်ဝင်စားသော သိုင်းပညာရှင်များလည်း ရှိကြ၏။

ထို့ပြင် ကံကြမ္မာမြို့တော်၏မြို့စားမင်းက သူတို့၏သိုင်းသခင်တ‌စ်ယောက်ဖြစ်ပြီး ထိုလူများအားလုံးက သိုင်းလောကကိစ္စရပ်များကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။

ချောင်မန်ကျိက ခေါင်းခါပြီး ပြောလိုက်၏။

"နံပါတ်(၉)မျောက်က ဘယ်သူ့ကိုမှ မသတ်ခဲ့ဘူး။ အဲဒီအစား သူကြွယ်နတ်ဘုရားရဲ့ အိမ်ထဲကိုဝင်သွားပြီး သူရဲ့အိမ်ထဲမှာ စာတစ်စောင် ချန်ထားခဲ့တယ်…"

"ဘယ်လိုစာမျိုးလဲ…”

လူတစ်ယောက်က မေးလိုက်၏။

"အဲဒီစာထဲမှာတော့ ငါက မင်းရဲ့အဖြူရောင်ကျောက်စိမ်းပြားကို လိုချင်တယ်လို့ရေးထားတယ်တဲ့.. "

ချောင်မန်ကျိက ပုံပြောသမားတစ်ယောက်ကဲ့သို့ ပြန်ပြောနေခဲ့သည်။

ထိုစကားကို ကြားသည့်အခါ လူတိုင်းကတော့ အသက်ကိုမနည်းရှူလိုက်ရ၏။ ထိုလုပ်ရပ်ကတော့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသည့်အတွက် အတင့်ရဲစွာ လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။

"ယုတုန်ကွမ်က သိုင်းသခင်တွေပြီးရင် အစွမ်းထက်ဆုံးပဲ။ ဘာလို့ သူက ရန်စတဲ့ စာတစ်စောင်ပဲ ထားခဲ့ရတာလဲ။ ဒီလိုသာဆို ယုတုန်ကွမ်က ဘယ်နေရာမှာ မျက်နှာသွားထားရတော့မှာလဲ…”

“နောက်(၆)ရက်ကြာရင်တော့ နံပါတ်(၉)မျောက်က လက်ဗလာနဲ့ ပြန်ရတော့မယ်။ အဖြူရောင်ကျောက်စိမ်းကို ပညာရှင်ပေါင်းများစွာ ဝိုင်းရံထားမယ်ဆိုရင် နံပါတ်(၉)မျောက်က ဘယ်လိုခိုးမလဲဆိုတာ ကြည့်တာပေါ့။ သူကြွယ်နတ်ဘုရားက အဲဒီအဖြူရောင်ကျောက်စိမ်းကို အလေးအနက်ထားတယ်လို့ ကြားဖူးတယ်။ ဒါဆိုရင် ဒီတစ်ကြိမ်တော့ နံပါတ်(၉)မျောက်က ကျဆုံးရတော့မယ်လို့ ငါလည်း လက်ခံတယ်.."

"နံပါတ်(၉)မျောက်က တော်တော်လေးကို ကောက်ကျစ်တယ်။ သူက မြို့စားမင်း မကူညီနိုင်တဲ့အချိန်ကို သေချာပေါက်ရွေးထားတာ…"

စားသောက်ဆိုင်ထဲတွင် ရှိနေသော ဧည့်သည်များက ဝမ်းသာအားရ ဆွေးနွေးနေကြသည်။ ထိုအရာကတော့ အလွန်ရှားပါးသော သိုင်းလောက ရေးရာကိစ္စတစ်ခုဖြစ်၏။

မုန့်ချီက ထိုစကားများကို နားထောင်နေရင်း အတော်လေး ကျေနပ်နေခဲ့၏။ ထိုအရာက သူလိုချင်သော ရလဒ်တစ်ခုဖြစ်သည်။ ဝတ်စုံဖြူဓားသမားနှင့် မြို့စားမင်းတို့၏ တိုက်ပွဲကမလွဲမသွေ ဖြစ်ပါလိမ့်မည်။

အကယ်၍ ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကသာ အားလပ်နေမည်ဆိုလျှင် အမြင်ကျယ်စေရန် လာကြည့်ကြမည်ဖြစ်သည်။ မုန့်ချီကတော့ စာတစ်စောင်တည်းနှင့် ပဋိပက္ခများစွာ ဖန်တီးထားနိုင်ခဲ့၏။

ထိုသို့ဆိုလျှင် ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကလည်း နံပါတ်(၉)မျောက်ကို ရှာဖွေရပါလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏သီးခြားတာဝန်ကို ပြည့်စုံရန် မျှော်လင့်ချက်ရှိ၏။ ထိုအရာတစ်ခုတည်းနှင့် မလုံလောက်သေးပေ။

ဗိုက်ဖြည့်ပြီးနောက် မုန့်ချီက ဝါးခမောက်ကို ကောက်ယူပြီးဆောင်းလိုက်၏။ ထို့နောက် ချောင်မန်ကျိ၏နောက်မှနေ၍ တိတ်တဆိတ် လိုက်သွားခဲ့သည်။

Translated by Hein Htet.

All Chapters