← Chapters

အခန်း (၆၉)

Vol. 5 Ch. 69

အခန်း (၆၉)

Vol. 5 Ch. 69

တောင်မြောက်ရေလမ်းကြောင်း၏ ဆုံမှတ်သဖွယ်ဖြစ်ပြီး အရှေ့အနောက် ပို့ဆောင်ရေး၏ကျောရိုးဖြစ်နေသည့် ကံကြမ္မာမြို့တော်က လောကတစ်ခွင်တွင် လူသူအထူထပ်ဆုံးနေရာတစ်ခု ဖြစ်နေခဲ့သည်။

နေမွန်းတည့်ချိန်ကို ရောက်သည့်အချိန်တွင် လမ်းမများပေါ်၌ လူများ အုတ်အုတ်ကျက်ကျက် ပြည့်နှက်နေပြီး ပုခုံးချင်းတိုက်လုမတတ် ဖြစ်နေကြ၏။

အရာအားလုံးကို သိနေသော ချောင်မန်ကျိကတော့ ပြဇာတ် ဇာတ်ညွှန်းတစ်ခုကို ဖတ်ပြနေပြီး နေ့ခင်းကြောင်တောင်တွင်ပင် သူ၏ငွေအိတ်ကို အန္တရာယ်မရှိဘဲ သယ်ဆောင်သွားနေသည်။ သူ၏လောင်းကြေးများကြောင့် သူ၏အစောင့်နှစ်ယောက်ကလည်း သူနှင့် တစ်ချိန်လုံး ရှိနေခဲ့၏။

သူက အေးအေးဆေးဆေး လမ်းလျှောက်နေစဉ် အလွန်လေးလံသော အရာတစ်ခုက သူ့ခါးကို ထောက်ထားကြောင်း ခံစားမိလိုက်သည်။ နားထဲတွင်လည်း အက်ရှရှလေသံတစ်ခုကို ကြားလိုက်ရ၏။

"ရှေ့လမ်းထဲကို ချိုးဝင်လိုက်… "

နေမင်းကြီးက ခြစ်ခြစ်တောက်ပူနေသော်လည်း သူ၏နဖူးမှနေ၍ ချွေးသီးချွေးပေါက်များ ကျဆင်းလာနေခဲ့သည်။ သူ့ခါးတွင် ထောက်ထားသည်မှာ အစစ်အမှန် အန္တရာယ်ရှိသော လက်နက်ဟုတ်မဟုတ် သူက စစ်ဆေးရဲခြင်းမရှိသလို လမ်းပေါ်တွင် ဓားပြတိုက်ရဲသည့် ထိုလူ၏သတ္တိကို သံသယဝင်ရဲခြင်းလည်း မရှိ‌ချေ။

ချောင်မန်ကျိက ဦးတည်ချက်ပြောင်းလိုက်ပြီး ရှေ့လမ်းထဲသို့ ချိုးဝင်သွားခဲ့သည်။ ထိုလမ်းထဲသို့ သွားနေချိန်တွင် လူသတ်သမားက အရပ်အမောင်း အနေတော်နှင့် မျက်နှာတစ်ခုလုံးနီးပါး ဖုံးကွယ်ထားသော ဝါးခမောက်တစ်ခု ဆောင်းထားကြောင်း တွေ့လိုက်ရသည်။

ထိုအချိန်တွင် သူ့အစောင့်နှစ်ယောက်ကလည်း တစ်စုံတစ်ခု လွဲမှားနေကြောင်း နားလည်သွားကြ၏။ သို့သော် သူတို့နှစ်ယောက်က ရုန်းရင်းဆန်ခတ် မလုပ်ရဲချေ။ တစ်ယောက်က ချောင်မန်ကျိ၏ အနောက်မှ လိုက်လာပြီး တခြားတစ်ယောက်ကတော့ အကူအညီတောင်းရန် ထွက်ပြေးသွားခဲ့သည်။

လမ်းနှစ်လမ်းကို ဖြတ်ကျော်လာပြီးနောက် သူတို့က လူအနည်းစုသာရှိသော နေရာတစ်ခုကို တဖြည်းဖြည်း ရောက်လာခဲ့သည်။ ထိုနေရာတွင် အဖြူရောင်နံရံများနှင့် အနက်ရောင်အုတ်ချပ်များ ပြည့်နှက်နေပြီး ရေညှိ‌များ ဖုံးလွှမ်းနေခဲ့သည်။

"လုံလောက်ပြီ။ နောက်ကနေ လိုက်လာတဲ့ တစ်ယောက်ကို ဒီလမ်းဝဆီ သွားနေခိုင်းလိုက်... "

မုန့်ချီက အသံတိုးတိုးနှင့် ဆက်၍ အမိန့်ပေးနေခဲ့သည်။

သူ၏လက်ညှိုးနှင့် လက်ခလယ်ကလည်း ချောင်မန်ကျိ၏ခါးကို ယခုအချိန်ထိ ထောက်ထားသေး၏။ သူသာ အစွမ်းကုန် သုံးလိုက်မည်ဆိုလျှင် သူ၏ လက်ချောင်းလေးများကလည်း လက်နက်များကို ယှဉ်နိုင်သည်။

ချောင်မန်ကျိက သူ့အစောင့်ကို ထွက်သွားရန် ညွှန်ကြားလိုက်ပြီး တုန်ယင်နေသော အသံနှင့် ပြောလိုက်၏။

"မိတ်ဆွေ...

ကျွန်တော်တို့အားလုံးက သိုင်းလောကသားတွေပါပဲ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချမ်းသာမှုကို လိုချင်ကြပါတယ်။ တကယ်လို့ မိတ်ဆွေမှာ အခက်အခဲရှိတယ်ဆိုရင် ကျွန်တော်က သေချာပေါက် ကူညီပေးမှာပါ…"

"မင်းက ကံကြမ္မာမြို့ထဲမှာ အရာအားလုံးကို သိတယ်လို့ ငါကြားတယ်..."

သူက ထိုလူကို နှစ်ရက်တိတိ စောင့်ကြည့်နေကြောင်း ‌မပြောခဲ့ပေ။

ထိုစကားကို ကြားသည့်အခါ ချောင်မန်ကျိက စိတ်အေးသွားခဲ့သည်။ မုန့်ချီက သူ့ဆီမှနေ၍ မေးခွန်းများသာ မေးလိုခြင်းဖြစ်ကြောင်း နားလည်သွား၏။ ထိုအရာက သူ့အတွက် ကံကောင်းခြင်းဖြစ်သည်။

"အဲဒါက တခြားသူတွေအားလုံးရဲ့ ကျေးဇူးကြောင့်ပါ။ ကျွန်တော့်မှာ မိတ်ဆွေတွေ အများကြီး ရှိတယ်။ ဒါကြောင့် သတင်းအချက်အလက်တွေကို ပိုပြီးတော့ ရနိုင်တယ်.."

"ကောင်းပြီ..။ တကယ်လို့ ငါက ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကို အလုပ်အပ်ချင်တယ်ဆိုရင် သူတို့နှင့် ဘယ်လိုဆက်သွယ်ရမလဲ…"

မုန့်ချီက တီးတိုးမေးလိုက်သည်။

ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကို အလုပ်အပ်ရန်အတွက် တခြားလူများဆီ၌ သေချာပေါက် နည်းလမ်းတစ်ခု ရှိနိုင်သည်။ မဟုတ်လျှင် သူတို့၏ တည်နေရာကို ရှာဖွေနေရင်း သေသွားနိုင်သည်။

သွမ့်ရှန်ဖေးကတော့ ရာသီခွင်နတ်ဘုရား(၁၂)ယောက်နှင့် ဆက်သွယ်ထားပြီး သူတို့ဆီမှ အချက်အလက်များ ရခဲ့သည်ဟု မုန့်ချီက သံသယဝင်နေခဲ့၏။ မဟုတ်လျှင် သူတို့က ထိုမျှတိုက်တိုက်ဆိုင်ဆိုင် တွေ့ရလိမ့်မည် မဟုတ်ချေ။

ထိုအချိန်တွင် သူ့ခါးကို ထောက်ထားသော အရာဝတ္ထုက အနည်းငယ် လှုပ်ရှားလာကြောင်း ချောင်မန်ကျိက နားလည်သွား၏။ ထို့ကြောင့် သူလည်း ရွေးချယ်စရာမရှိဘဲ ပြောလိုက်ရသည်။

"မိတ်ဆွေက ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကို ဘာလို့ရှာချင်နေလဲ ဆိုတာတော့ ကျွန်တော်မသိသလို သိလည်း မသိချင်ဘူး။ မိတ်ဆွေက သူတို့ကို အလုပ်အပ်ချင်တယ်ဆိုရင်တော့ ပျားသစ်ပင်လမ်းထဲမှာရှိတဲ့ ပုဇင်းခန်းမကို သွားပြီးတော့ မေးလို့ရတယ်။ အဲဒီမှာ ဆိုင်ရှင်ကို အမြစ်မဲ့ ပန်းပွင့်(၃၈၀) ဝယ်ချင်တယ်လို့ ပြောလိုက်ပါ။ ပြီးတော့ သူ့ကို လုပ်ရမည့် တာဝန်ပြောပြီး အဲဒီအတွက် ပေးဖို့ အဆင်သင့်ရှိတယ်လို့ ပြောလိုက်ရင်ရပြီ။ တကယ်လို့ ရာသီခွင်နတ်ဘုရား(၁၂)ယောက်က သဘောတူတယ်ဆိုရင် ပုဇင်းခန်းမထဲမှာ အမြစ်မဲ့ပန်းပွင့် ရနိုင်တယ်လို့ ပြောလိမ့်မယ်။ ဒါဆိုရင် မန်နေဂျာနဲ့ တိုက်ရိုက်ပြောလို့ရပြီ။ အော်...ဒါနဲ့ ကျသင့်တဲ့တန်ဖိုးရဲ့ တစ်စိတ်တစ်ပိုင်းကိုတော့ အရင်ဆုံး ပေးရလိမ့်မယ်…"

"မဆိုးပါဘူး...မင်းက တော်တော်လေး ရိုးသားတာပဲ..."

ချောင်မန်ကျိ၏ နားထဲတွင် အက်ရှရှလေသံကို ကြားလိုက်ရသည်။ ထို့နောက် မြေပြင်ပေါ်သို့ ငွေစလေးများ ကျလာသည်။

သူက ထိုငွေစများကို ငုံ့ကြည့်လိုက်စဉ် သူ၏မျက်လုံးထဲ၌ လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုလူက လမ်း၏ တခြားတစ်ဖက်မှနေ၍ ပျောက်ကွယ်သွားကြောင်း နားလည်သွားခဲ့သည်။

သူက အံ့သြမှင်တက်စွာ ရပ်နေခဲ့ပြီး အနည်းငယ် ကြောက်လန့်သွားသလို ခံစားလိုက်ရသည်။ အကယ်၍ သူကသာ ထိုလူနှင့် မပူးပေါင်းခဲ့လျှင် ငရဲပြည်သို့ ရောက်ရပါလိမ့်မည်။ သူ့ဆီတွင် ထက်မြက်သော သိုင်းပညာ မရှိသော်လည်း မိတ်ဆွေအပေါင်းအသင်းများစွာ ရှိနေသည့်အတွက် တစ်ဖက်လူ၏ အစွမ်းကို ကောင်းကောင်းကြီး နားလည်နေ၏။

မုန့်ချီက ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကို အလုပ်အပ်ပြီး ဆွဲဆောင်ရန် စဉ်းစားထားခဲ့သည်။ သို့သော် သူကတော့ တစ်နေ့ချင်းဆီ လုပ်ရမည့်အရာများကို ပုံမှန်အရာတစ်ခုကဲ့သို့ စိတ်ရှည်လက်ရှည် လုပ်ဆောင်နေခဲ့၏။

ညအချိန်တွင် ယုရဲတိုက်ကို စောင့်ကြည့်နေသည်။ နေ့အချိန်တွင် သူ၏ သိုင်းပညာကို တိုးတက်အောင် လေ့ကျင့်နေပြီး ပတ်ပတ်လည်တွင် လှည့်၍ စုံစမ်းစစ်ဆေးနေခဲ့သည်။ သို့သော် သိုင်းသခင်များ၏ တိုက်ပွဲအကြောင်းနှင့် နံပါတ်(၉)မျောက် ပစ္စည်းခိုးမည့် အကြောင်းသာ ကြားနေရသည်။

ရာသီခွင်နတ်ဘုရား(၁၂)ယောက်ထဲတွင် တချို့က အနီးအနားတွင် ရှိနေကြသော်လည်း ယခုအချိန်ထိ ထွက်မလာသေးခြင်း ဖြစ်နိုင်သည်။ အကယ်၍ သူကသာ အလုပ်တစ်ခု အပ်နှံလိုက်မည်ဆိုလျှင် သူကိုယ်တိုင်ကလည်း နံပါတ်(၉)မျောက် ဖြစ်သည့်အတွက် ထိုအရာကို လက်ခံရပါလိမ့်မည်။ ထို့နောက် သူက အေးအေးဆေးဆေးထွက်သွား၍ ရနိုင်၏။

(၄)ရက်မြောက်နေ့တွင်တော့ တိုက်ပွဲကို ကြည့်ချင်နေသော သိုင်းပညာရှင်များ တစ်ယောက်ပြီး တစ်ယောက် ရောက်လာ‌နေကြသည်။ ကံကြမ္မာမြို့တော်ကလည်း တဖြည်းဖြည်း ပို၍သက်ဝင်လှုပ်ရှားလာပြီး တည်းခိုဆောင်များတွင် ဧည့်သည်များနှင့် ပြည်နှက်နေကြသည်။

သူ၏ ဗိုက်ကို ဖြည့်လိုက်ပြီးနောက် မုန့်ချီက ကျောင်းဆောင်ဆီသို့ ပြန်လာခဲ့၏။ ခြံဝန်းထဲတွင်တော့ ကောင်လေး(၂)ယောက်နှင့် မိန်းကလေး(၂)ယောက်ကို တွေ့လိုက်ရသည်။

သူတို့ကတော့ သာမန်လူငယ်များဖြစ်ကြ၏။ လူငယ်နှစ်ယောက်ကတော့ အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်းနှင့် စာသင်သားတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသည်။

မိန်းမပျိုများကတော့ အတော်လေးကို ကျက်သရေရှိပြီး ကြည့်ပျော်ရှုပျော်ရှိ၏။ တစ်ယောက်က အစိမ်းရောင်ဂါဝန်ရှည်နှင့် အဖြူရောင်ဖိနပ်ကို စီးထားသည်။ တခြားတစ်ယောက်ကတော့ တစ်ကိုယ်လုံး စွတ်စွတ်ဖြူနေသော ဝတ်စုံကို ဝတ်ဆင်ထား၏။ သူတို့သုံးနေသည့် ဓားက ဓားရှည်များဖြစ်သည်။

မုန့်ချီက တစ်ယောက်တည်း တီးတိုးပြောနေစဉ် သူတို့၏ခါးတွင် ချိတ်ထားသော ဓားရှည်များကို သတိထားမိခဲ့သည်။ ကျန်းကျိဝေကတော့ ဓားပညာက သင်ယူရန် ခက်ခဲသည်ဟု ပြောခဲ့သည်။ ထိုအရာကို ကောင်းကောင်းအသုံးပြုနိုင်ရန်တော့ ပို၍ပင် ခက်ခဲနိုင်‌သေး၏။

မုန့်ချီက ဓားရှည် အသုံးပြုနေသော လူများကို အမြဲလိုလို အလေးထားတတ်သည်။ သတင်းစုံစမ်းနေသည့် အချိန်တွင် မုန့်ချီက လူသိခံလိုခြင်းမရှိချေ။ ထို့ကြောင့် သူက ဝယ်ထားသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ခဲ့ခြင်းလည်း မရှိပေ။

မီးခိုးရောင်ဝတ် ကိုရင်တစ်ပါးဝင်လာသည်ကို သူတို့(၄)ယောက်က သတိထားမိခဲ့ကြသည်။ သို့သော် သူက ကျောင်းဆောင်ထဲတွင် ရှိနေသော ကိုရင်များထဲမှ တစ်ပါး ဖြစ်မည်ဟု တွေးခဲ့မိသည့်အတွက် မည်သူကမျှ သတိမထားမိကြပေ။

သူတို့က အချင်းချင်း စကားပြောနေကြပြီး သိုင်းသခင်နှစ်ယောက်ဖြစ်သော ကွေရှုနှင့်လော်ချင်းတို့၏ တိုက်ပွဲအကြောင်းကိုသာ ဆွေး‌နွေးနေကြ၏။ တဖန် နံပါတ်(၉)မျောက်က အဖြူရောင်ကျောက်စိမ်းကို ခိုးယူမည့်အကြောင်းများ ပြောနေပြီး စိတ်လှုပ်ရှားနေပုံပေါ်သည်။

"တကယ်လို့ ငါတို့ကသာ သိုင်းသခင်နှစ်ယောက်ရဲ့ တိုက်ပွဲကို ကြည့်ခွင့်ရမယ်ဆိုရင် ငါတို့ရဲ့ ဓားပညာကလည်း သေချာပေါက် တိုးတက်လာနိုင်တယ်..."

အစိမ်းဝတ်မိန်းမပျိုက ပြောလိုက်သည်။ သူမက သာမန်အရည်အသွေးမျိုးသာ ရှိနေသော မိန်းကလေးငယ်လေး တစ်ယောက်ဖြစ်ပြီး မျက်နှာပေါ်တွင် ကျောက်ပေါက်မာ အနည်းငယ်ရှိသည်။

အရပ်ရှည်ရှည်လူငယ်က အပြုံးနှင့် ပြောလိုက်၏။

"အချိန်ကျလာရင် ယန်ကျိမြစ်တောင်ပိုင်း သူရဲကောင်း(၄)ဖော်ဆိုပြီး ငါတို့ရဲ့ နာမည်ဂုဏ်သတင်းက ကျော်ကြားလာမှာပါ..."

"ဖိတ်စာရတဲ့သူတွေပဲ တိုက်ပွဲကိုကြည့်ဖို့ မြို့စားရဲတိုက်ထဲကို ဝင်လို့ရတယ်လို့ ပြောကြတယ်…"

အဖြူဝတ်မိန်းမပျိုကတော့ မျက်နှာဝိုင်းဝိုင်းဖြစ်ပြီး သူမ၏ ပါးနှစ်ဖက်က ဖောင်းဖောင်းလေး ဖြစ်နေသည်။

အရပ်ပုပုလူငယ်ကတော့ အရပ်ရှည်ရှည်လူငယ်ကို ကြည့်ပြီး မျှော်လင့်တကြီး ပြောလိုက်သည်။

"အစ်ကိုနင်...

အစ်ကိုနင်ဆီမှာ မိတ်ဆွေတွေ အများကြီး ရှိတယ်မဟုတ်လား...။ နည်းလမ်းတစ်ခုခု ရှာလို့ရမလား …"

ထိုလူများကလည်း စားသောက်ဆိုင်ထဲတွင် ရှိနေသော လူများကဲ့သို့ တူညီသော ခေါင်းစဉ်ကိုသာ ဆွေးနွေးနေကြသည်။ မုန့်ချီကတော့ စိတ်မဝင်စားဘဲ သူ ယာယီနေထိုင်သော အခန်းထဲသို့ တိုက်ရိုက်ဝင်သွားခဲ့၏။

ဧည့်ကြိုကိုယ်တော် တစ်ပါးကထွက်လာပြီး လက်အုပ်ချီ၍ ပြောလိုက်သည်။

"ကိုရင်လေးကျန်းတင်...

ဘာလို့ဒီနေ့အစောကြီး ပြန်လာရတာလဲ..”

“အပြင်မှာလူ‌တွေ အများကြီးရှိနေတယ်…။ တော်တော်လေး ဆူညံနေလို့ ငါလည်း ဒီမှာအေးအေးဆေးဆေး လာနားတာ…"

မုန့်ချီက ပြောလိုက်သည်။

ဧည့်ကြိုကိုယ်တော်က ခြံဝန်းထဲတွင် ရှိနေသော လူ(၄)ယောက်ကို လက်ညှိုးထိုးပြလိုက်သည်။

"ဟုတ်တယ် ။ တော်တော်များများက အခန်းရှာမရလို့ ကျောင်းဆောင်ထဲမှာပဲ နေကြရတာ…"

ဤနေရာသို့ရောက်လာသော သိုင်းလောကပညာရှင်များစွာ ရှိနေသည်။ ထို့ကြောင့် တချို့ကတော့ ပျက်စီးနေသော ဤကျောင်းဆောင်ထဲတွင်သာ နေကြရ၏။

စကားအနည်းငယ် ပြောပြီးနောက် မုန့်ချီက အခန်းထဲသို့ ဝင်သွားခဲ့သည်။ သူက အခန်းထဲ၌ ထိုင်နေသည့်အချိန်တွင် တစ်စုံတစ်ယောက်က တံခါးခေါက်လိုက်သည်။

"ဒကာလေးက ဘာလိုအပ်လို့လဲ..."

မုန့်ချီက တံခါးဖွင့်လိုက်သည့်အချိန်တွင် အပြင်ဘက်၌ တွေ့ခဲ့သော အရပ်ရှည်ရှည် လူငယ်က အခန်းအပြင်ဘက်တွင် ရပ်နေကြောင်း တွေ့လိုက်ရသည်။ သူက အဆင့်အတန်းမြင့်သော ဝတ်စုံကို ဝတ်ဆင်ထားပြီး ပိန်ပိန်သွယ်သွယ်နှင့် မျက်ခုံးကျဉ်းသည်။

ထိုလူငယ်က အပြုံးနှင့် ပြောလိုက်၏။

"ကျွန်တော်က ယန်ကျိမြစ်တောင်ပိုင်း သူရဲကောင်း(၄)ဖော်ထဲက နင်တောင်ကူပါ။ ဟိုမှာ ထိုင်နေတဲ့(၃)ယောက်ကတော့ ကျွန်တော့်ရဲ့ သွေးသောက်ညီအစ်ကို မောင်နှမတွေဖြစ်တဲ့ ကျိရှင်း၊ ယွဲ့ရှီရှီနှင့် နီယောင်တို့ပါ။ ကိုရင်လေးရဲ့ဘွဲ့တော်ကို သိခွင့်ရှိမလား…”

သူက သူတို့၏ နာမည်ကို အမှန်တကယ်သိရန် မလိုအပ်ပေ။ မုန့်ချီက ပြန်ဖြေလိုက်၏။

"ငါက ကိုရင်လေး ကျန်းတင်ပါ။ ဘာလို့ ရောက်လာတာလဲ ဒကာလေးနင်…"

နင်တောင်ကူက သူ၏အပြုအမူကို အကောင်းဆုံးထိန်းချုပ်ရန် ကြိုးစားလိုက်သည်။

"နဂိုတုန်းကတော့ ကိုရင်လေးက ဒီကျောင်းတော်ထဲမှာ နေထိုင်တဲ့ ကိုယ်တော်တစ်ယောက်လို့ တွေးခဲ့တာ...။ ဒါပေမယ့် ကျွန်တော်မှားသွားတယ်။ ကိုရင်လေးက ဘယ်ကျောင်းတော်ကနေ လာတာပါလဲ..။ ကိုရင်လေးကရော သိုင်းသခင်တိုက်ပွဲကို ကြည့်ချင်လို့လား ဒါမှမဟုတ် နံပါတ်(၉)မျောက်က အဖြူရောင် ကျောက်စိမ်းခိုးတာကို ကြည့်ချင်လို့လား..."

"ငါကတော့ ဓမ္မကိုပဲ ယုံကြည်ပါတယ်။ ငါက ကံကြမ္မာမြို့ထဲကို ရောက်နေတာလည်း တော်တော်လေး ကြာနေပါပြီ။ ဒါကြောင့် ဒီနေရာကို အထူးတလည် ရောက်လာတာ မဟုတ်ဘူး…"

မုန့်ချီက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

"အော်..."

နင်တောင်ကူက ပြန်ဖြေလိုက်၏။ ထို့နောက် စကားအနည်းငယ်ပြောပြီး ထွက်သွားခဲ့သည်။

တံခါးကို ပိတ်လိုက်သည့်အချိန်တွင် မုန့်ချီက အိပ်ရာဆီသို့ လျှောက်သွားခဲ့၏။ ထို့နောက် သူက နင်တောင်ကူက သူ့အဖော်(၃)ယောက်ကို စကား‌ပြောသည့်အသံကို တိုးတိုးကြားလိုက်ရသည်။

"သူက သာမန် ကိုရင်တစ်ပါးပါပဲ။ ဘာမှထူးခြားတာ မရှိဘူး…”

“သူ့ရဲ့ ရုပ်ရည်ကို ကြည့်ပြီး ငါတို့လို သိုင်းလောကသား တစ်ယောက်ဖြစ်မယ်လို့ ထင်ထားတာ.."

ယွဲ့ရှီရှီဟူသော အစိမ်းဝတ်မိန်းမပျိုက အပြုံးနှင့် ပြောလိုက်သည်။

ကျိရှင်းက ပြောလိုက်၏။

"ရုပ်ချောပြီး ဦးနှောက်မရှိတဲ့သူတွေလည်း အများကြီးရှိတာပဲလေ...။ သိုင်းကျောင်းတွေ ဂိုဏ်းကြီးတွေကတော့ ရုပ်ရည်ကို ကြည့်ပြီး တပည့်ရွေးချယ်တာမှ မဟုတ်တာ။ ဒါပေမယ့် သူက ဓားပညာကို သေချာပေါက်လေ့ကျင့်ထားတဲ့ လူတစ်ယောက်တော့ ဖြစ်နိုင်တယ်...”

"ထားလိုက်ပါ ။ ဒါနဲ့ မနက်ဖြန်ညရောက်ရင် နံပါတ်(၉)မျောက်က အဖြူရောင်ကျောက်စိမ်းကို ခိုးမှာပဲ။ ငါတို့က ယုရဲတိုက်ရဲ့ အနားမှာ စောင့်နေသင့်လား.."

နီယောင်က အပြုံးနှင့် ပြောလိုက်၏။

ယွဲ့ရှီရှီကလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

"ဟုတ်တယ်...။ သိုင်းလောကမှာရှိတဲ့ လူအများစုက မနက်ဖြန်ည ရောက်လာကြမှာ။ နံပါတ်(၉)မျောက်က ဘယ်လောက်ပဲစွမ်းရည်ရှိရှိ လက်သီးနှစ်ဖက်တည်းနဲ့ လက်သီးပေါင်းများစွာကို အနိုင်ရနိုင်မှာ မဟုတ်ဘူး...”

“သူ့ကို တွေ့သွားမယ်ဆိုရင် သေချာပေါက် ထောင်ချောက်ကလည်း လွတ်နိုင်မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျရင် ငါတို့က သူ့ကို ဖမ်းဖို့ အခွင့်အရေး ရနိုင်တယ်။ တကယ်လို့ ငါတို့ကသာ နံပါတ်(၉)မျောက်ကို ဖမ်းနိုင်မယ်ဆိုရင် ငါတို့ရဲ့ ဂုဏ်သတင်းကလည်း လောကတခွင်ကို ပျံ့နှံ့သွားလိမ့်မယ်…”

နင်တောင်ကူက တက်ကြွစွာ ပြောလိုက်သည်။

မုန့်ချီကတော့ ပြုံးလိုက်မိပြီး လေ့ကျင့်မှုကို ဂရုတစိုက် လုပ်နေခဲ့၏။ နှစ်နာရီကြာပြီးနောက် သူ့အခန်းထဲမှ ထွက်လာပြီး လမ်းမပေါ်သို့ သွားခဲ့သည်။

ပုဇင်းခန်းမက အလွန်ဟောင်းနွမ်းပျက်စီးနေသော ဆေးဆိုင်တစ်ဆိုင် ဖြစ်ပုံရသည်။ ဆိုင်ရှင်က မျက်လုံးမှေးပြီး အသက်ကြီးသည့်အတွက် အကြားအာရုံကလည်း ကောင်းမွန်ပုံ မရချေ။ ထို့ကြောင့် မုန့်ချီကို ကောင်းကောင်းဧည့်ခံနိုင်ခြင်း မရှိပေ။

မုန့်ချီက သာမန်ဝတ်စုံတစ်ခုနှင့် ဝါးခမောက်တစ်လုံးကို ဆောင်းထားခဲ့၏။ သူက ဆိုင်ရှင်ဆီသို့ လျှောက်သွားပြီး ပြောလိုက်သည်။

"ကျုပ်က အမြစ်မဲ့ပန်းပွင့်(၃၈၀)ဝယ်ချင်တယ်…"

အမြစ်မဲ့ပန်းပွင့်ဟူသည်မှာ အမှန်တကယ် မရှိသော ဆေးပစ္စည်းတစ်မျိုးဖြစ်သည်။ ဆိုင်ရှင်ကတော့ ပေသီးနှင့် တွက်ချက်နေပုံရသည်။

မုန့်ချီပြောသည့်စကားကို ကြားသည့်အခါ သူက ရပ်ပြောလိုက်သည်။

"အမြစ်မဲ့ ပန်းပွင့်(၃၈၀)လား..."

"ဟုတ်တယ်..၊ မင်းတို့လုပ်ရမဲ့တာဝန်ကတော့ သိုင်းသခင်နှစ်ယောက်ရဲ့ တိုက်ပွဲမစခင် ယုမိသားစုရဲ့ အငယ်ဆုံးသား ယုဟုန်ပိုကို ပြန်ပေးဆွဲပေးဖို့ပဲ။ အဲဒီအတွက် ငါက ပြောင်းလဲမှုကျင့်စဉ် ပေးမယ်…"

သူ့ဆီတွင် ပြီးပြည့်စုံသော ပြောင်းလဲမှုကျင့်စဉ် မရှိသော်လည်း သူတို့ကိုတော့ လှည့်စား၍ ရနိုင်သည်။

ထို့ပြင် ရာသီခွင်နတ်ဘုရား(၁၂)ယောက်က သူ့နောက်သို့ လိုက်လာမှာကိုလည်း ကြောက်စရာ မလိုအပ်ချေ။သူတို့က သံသရာနယ်မြေထဲတွင် သူ့ကို မည်သို့ လုပ်နိုင်မည်နည်း။

ပြောင်းလဲမှုကျင့်စဉ်ဟူသော စကားကို ကြားသည့်အခါ ဆိုင်ရှင်က သူ့ကို သတိလက်လွတ် မော့ကြည့်လိုက်သည်။ ထို့နောက် သူက အချိန်အတော်ကြာ စဉ်းစားနေပြီး သက်ပြင်းချလိုက်၏။

"ဒီနေ့တော့ အမြစ်မဲ့ပန်းပွင့် မရှိဘူး။ မနက်ဖြန်ကျမှ ပြန်လာခဲ့ပါ…"

မုန့်ချီက ကျေနပ်စွာ ပြုံးလိုက်၏။ ထို့နောက် ထွက်သွားပြီး လမ်းကြောင်းများစွာ ပြောင်းလဲ၍ သီးခြားနေရာတစ်ခုဆီသို့ ရောက်လာခဲ့သည်။ ထိုနေရာတွင် သူ၏ ဝါးခမောက်ကို သိမ်းပြီး အင်္ကျီကိုလည်း လဲလိုက်သည်။

သူ ကျောင်းဆောင်ဆီသို့ ပြန်ရောက်လာသည့်အချိန်တွင် ယန်ကျိမြစ်တောင်ပိုင်း သူရဲကောင်း(၄)ဖော်၏ ပတ်ပတ်လည်တွင် သူတို့၏ မိတ်ဆွေများဖြစ်နိုင်သော သိုင်းလောကသားများကို တွေ့လိုက်ရ၏။ သူတို့ကတော့ အချင်းချင်း စကားပြောနေကြသည်။

"အဲဒီ ကိုရင်လေးက ဘယ်သူလဲ..."

"သာမန် ကိုရင်တစ်ပါးပါပဲ...။"

"ဒါကြောင့်ကိုး...သူက တော်တော်လေးငယ်သေးတာပဲ…"

ခနကြာ စကားပြောနေပြီးနောက် သူတို့က မူလခေါင်းစဉ်ဆီသို့ ပြန်ရောက်သွားကြပြီး မုန့်ချီကလည်း ဆက်လက်လေ့ကျင့်နေခဲ့သည်။

သူတို့က စကားပြောနေသည့်အချိန်တွင် လူတစ်ယောက် ဝင်လာသည်ကို သတိထားမိခဲ့၏။ ထိုလူက အသက်(၃၀)ဝန်းကျင်သာ ရှိနိုင်သေးပြီး မျက်ခုံးထူထူနှင့် မျက်နှာပေါက်က တည်ကြည်သည်။

ထိုလူက ရင်ဘတ်ကို လက်နှင့် အုပ်ပြီး ယဉ်ယဉ်ကျေးကျေး မေးလိုက်၏။

"ကိုရင်လေးကျန်းတင်က ဒီမှာရှိလား..."

ထိုလူက သာမန်မဟုတ်ကြောင်း နင်တောင်ကူက တွေးခဲ့မိသည်။ ထို့ကြောင့် ရယ်ကာမောကာနှင့် ပြောလိုက်၏။

"ကျွန်တော်တို့လည်း ဒီနေ့ပဲ ရောက်တာပါ...။ ကိုရင်လေး ကျန်းတင်ဆိုတာက ဘယ်သူလဲ မသိဘူး...။ ဒီက မိတ်ဆွေကြီးရဲ့ နာမည်ကို ပြောပြမယ်ဆိုရင် ဧည့်ကြိုကိုယ်တော်ကို ဖိတ်ခေါ်ပေးလို့ ရပါတယ်…"

"မူဟန်တျန်း…"

ထိုလူက ပြန်ဖြေလိုက်သည်။

ထိုနာမည်ကြောင့် ယွဲ့ရှီရှီ၏ အမူအရာက ပြောင်းလဲသွားပြီး အတော်လေးကို အံ့ဩသွားပုံရသည်။

"ဒါဆိုရင် ရှင်က တောင်ပိုင်းမှာ ရှိတဲ့ ရေလမ်း(၁၈)သွယ်က သခင်လေးလား..."

“ဘယ်လို...”

ထိုလူများ အားလုံးက အံ့ဩသွားကြသည်။

တောင်ပိုင်းတွင် ရှိနေသော ရေလမ်း(၁၈)သွယ်ဟူသည်မှာ ဤကမ္ဘာကြီးထဲတွင် ထိပ်တန်းအင်အားစုတစ်ခုဖြစ်သည်။ သူတို့ အဖွဲ့အစည်း၏ခေါင်းဆောင်မူရှန်က ပထမတန်းစား ပညာရှင်တစ်ယောက်ဖြစ်ပြီး မြို့စားမင်း ကွေရှု၏ သွေးသောက်ညီအစ်ကို တစ်ယောက်လည်းဖြစ်သည်။

မူဟန်တျန်းကလည်း ငယ်စဉ်ကတည်းက နာမည်ကြီးခဲ့၏။ သူ၏ သိုင်းပညာကလည်း သူ့အဖေထက် ကျော်လွန်ပြီး အနာဂတ်တွင် သိုင်းသခင်တစ်ယောက် ဖြစ်လာမည်ဟု မျှော်လင့်နေကြသည်။ ယန်ကျိမြစ်တောင်ပိုင်း သူရဲကောင်း(၄)ဖော်ကတော့ သူ့ကို ယှဉ်နိုင်သည့် အဆင့်မဟုတ်ချေ။

"ရေလမ်း(၁၈)သွယ်ဆိုတာက အဖွဲ့အစည်းတစ်ခုပါပဲ။ ရေလမ်း(၁၈)သွယ်မှာက ခေါင်းဆောင်တစ်ယောက်ပဲ ရှိတယ်။ သခင်လေးဆိုတာ မရှိပါဘူး…"

မူဟန်တျန်းက တည်ကြည်စွာ ပြောလိုက်၏။

"ဟုတ်တယ်...သခင်လေး ပြောတာမှန်တယ်…"

ကျိရှင်းကလည်း ထောက်ခံလိုက်သည်။

ထိုအချိန်တွင် ခြံဝန်းထဲသို့ ဝင်လာသော ဧည့်ကြိုကိုယ်တော်ကို သတိထားမိသွားသည့်အတွက် မူဟန်တျန်းက ကျန်းတင်၏တည်နေရာကို မေးလိုက်သည်။

ဧည့်ကြိုကိုယ်တော်က မုန့်ချီ၏ အခန်းကို လက်ညှိုးထိုးပြလိုက်၏။

"ကိုရင်လေး ကျန်းတင်က အခုပဲ ပြန်ရောက်ပါတယ်..."

“ဘယ်လို.. သာမန်ကိုရင်လေးက သခင်လေးမူ ရှာနေတဲ့ ကိုရင်လေးကျန်းတင် ဆိုတာလား…"

နင်တောင်ကူနှင့် တခြားလူများအားလုံးက မှင်တက်သွားကြသည်။

ခဏကြာ ပင့်သက်ရှိုက်လိုက်ပြီးနောက် မူဟန်တျန်းက မုန့်ချီ၏အခန်းဆီသို့ လျှောက်သွားပြီး အရိုအသေပေး၍ ပြောလိုက်၏။

"ကိုရင်လေး ကျန်းတင်...

ကျွန်တော့်နာမည် မူဟန်တျန်းပါ။ ကျွန်တော်က ကျွန်တော့်အဖေရဲ့ အရှက်ရမှုကို လက်တုန့်ပြန်ဖို့အတွက် ရောက်လာခဲ့တာ...။ ကျေးဇူးပြုပြီး ကျွန်တော်နှင့် တိုက်ခိုက်ပေးပါ…"

Translated by Hein Htet

All Chapters