အခန်း (၇၀)
Vol. 5 Ch. 70
ယွဲ့ရှီရှီနှင့် တခြားလူများအားလုံးက ပိတ်ထားသောတံခါးကို မယုံကြည်နိုင်သော အမူအရာနှင့် ကြည့်နေမိကြသည်။ သူတို့က နားကြားမှားသလားဟုပင် ထင်မှတ်နေကြ၏။
ရေလမ်းကြောင်း (၁၈)သွယ်၏ ခေါင်းဆောင်ဖြစ်သော မူရှန်က ဤကမ္ဘာကြီးထဲတွင် သိုင်းသခင်တစ်ယောက် ဖြစ်သည်။ သူက မြို့စားကွေရှဲ့၏ သွေးသောက်ညီအစ်ကို တစ်ယောက်ဖြစ်ပြီး အသက်(၆၀)အောက်တွင် အစွမ်းထက် ပညာရှင် တစ်ယောက် ဖြစ်ခဲ့သည်။ သူက အသက်(၁၆)နှစ်ပင် မရှိသေးသော ကိုရင်လေး တစ်ပါး၏ အရှက်ခွဲမှုကို ခံရခြင်းပေလော။
ထိုသတင်းက အတော်လေးကို ထိတ်လန့်စရာ ကောင်းလွန်းလှ၏။ အကယ်၍ သူ မမွေးကတည်းက သိုင်းပညာကို စတင်လေ့ကျင့်မည်ဆိုလျှင်ပင် မူရှန်၏ ဓားပညာ နာမည်ကျော်ခဲ့သော အချိန်က အတော်လေးကို ကြာခဲ့ပြီဖြစ်သည်။
"ဒါက တခြားကိစ္စတစ်ခုခုကြောင့်လား...."
သူတို့က ရောက်တတ်ရာရာ ခန့်မှန်းကြည့်နေကြသည်။
အခန်းထဲတွင်တော့ …
မူဟန်တျန်း၏ စကားကို ကြားသည့်အခါ မုန့်ချီက စဉ်းစားကြည့်နေမိ၏။
"အခု ဘာလုပ်ရမလဲ ..။ ငါက အဖေကို အနိုင်ရတော့ သားက ရောက်လာတာလား.."
အမှန်အတိုင်းပြောရလျှင်တော့ သူက သိုင်းလောကရှိ စိန်ခေါ်မှုများကို သိနေသည်။
"ငါက မူရှန်ကို နိုင်ခဲ့တယ်ဆိုတော့ သူက အရှက်ကွဲခဲ့ရတယ် .။ ဒီတော့ သူသားနဲ့ သူ့တပည့်တွေက လက်တုံ့ပြန်ဖို့အတွက် ငါ့ကို လာပြီး စိန်ခေါ်ချင်နေတာပဲ..။ ဒါကမှ တကယ့်အစစ်အမှန် သိုင်းလောကလို့ ပြောရမှာ ...."
မုန့်ချီက သက်ပြင်းချလိုက်မိသည်။ ထို့နောက် တည်ငြိမ်စွာ ပြောလိုက်၏။
"ဒကာကြီးမူနဲ့ ကိုရင်က အချင်းချင်း သိုင်းကွက်နည်းနည်း စမ်းသပ်ကြည့်ရုံပါပဲ..။ ဘယ်လိုဖြစ်ပြီး အရှက်ခွဲတာ ဖြစ်ရမှာလဲ...။ ကျေးဇူးပြုပြီး ထွက်သွားပါတော့ ဒကာလေးမူ...."
ထိုစကားလုံးများက နင်တောင်ကူ၊ နီယောင်နှင့် တခြားလူများ၏ နားထဲတွင်တော့ မိုးကြိုးပစ်ချလိုက်သည့်ပမာ ခံစားနေရပြီး အတော်လေးကို ထိတ်လန့်သွားကြသည်။
"ဒီ ဒီ…ကိုရင်လေးက တကယ်ပဲ မူရှန်ကို အနိုင်ရခဲ့တာလား..။ ဒါက အံ့ဩစရာ ကောင်းလွန်းတယ်."
သူက အသက်ငယ်ငယ်လေးနှင့်ထိုမျှကြောက်စရာကောင်းနေခြင်းပေလော။ သို့မဟုတ် လျှို့ဝှက်ဆန်းကြယ်မှုတစ်ခုနှင့် ကြုံခဲ့ရပြီး စွမ်းအားအလွန်အကျွံ တိုးတက်သွားခြင်းပေလော။
အကယ်၍ ဒုတိယတစ်ခုသာဆိုလျှင် သူတို့က လွန်ခဲ့သော နှစ်များအတွင်း မည်သည့်အရာကို လုပ်ဆောင်ခဲ့သနည်း။
မူဟန်တျန်းကတော့ ရင်ဘတ်ရှေ့တွင် လက်တစ်ဖက်တင်၍ ပြောနေသေး၏။
"အဲဒီနေ့ကတည်းကစပြီး ကျွန်တော်ရဲ့အဖေက စိတ်ဓာတ်ကျနေခဲ့တာ ။ သူက အချိန်တိုင်း သက်ပြင်းပဲချပြီး ကိုရင်လေးရဲ့ဓားပညာက သဘာဝတရားကြီးကို ကျော်လွန်နေတဲ့ အင်မော်တယ်တွေနဲ့တောင် ညီတယ်လို့ ပြောနေတယ်...။ သူကိုယ်တိုင်ကတော့ သက်တမ်းတစ်ဝက်လောက်ကို အချိန်ဖြုန်းမိတယ်လို့ ပြောနေတယ်။ကျွန်တော့်အဖေက အဲဒီလို ဖြစ်နေတာကို ကျွန်တော်က မခံစားနိုင်ဘူး။ ဒါကြောင့် ကျွန်တော်က ကိုရင်လေးကို စိန်ခေါ်ဖို့ ရောက်လာခဲ့တာ..။ အဲဒါက အလေးအနက် တိုက်ခိုက်တာ မဟုတ်ဘူးဆိုတာ ကျွန်တော်က သိပေမယ့် ကိုရင်လေးက ကျေးဇူးပြုပြီး လက်ခံပေးပါ ...."
မုန့်ချီက ငြင်းဆန်ရန် ကြိုးစားနေရင်း ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားသည်။
"အခု ငါ့ဆီမှာ နာမည်ကျော်ကြားမှု မရှိသေးဘူး..။ ဒီတော့ ကိစ္စတော်တော်များများကို လုပ်ရတာ အရမ်းခက်တယ်..။ ဘယ်သူမှလည်း ငါ့စကားကို နားထောင်မှာ မဟုတ်ဘူး..."
ထို့နောက် သူက သက်ပြင်းချ၍ ပြောလိုက်သည်။
"ဒကာလေးမူက တကယ့်ကို သစ္စာရှိတာပဲ ..။ ဒါဆိုရင်လည်း ကိုရင်က ဒကာလေးရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ပါ့မယ်..။ ကိုရင်က ဒကာလေးကို ဓားနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေး (၅)ကြိမ်ပေးမယ်...။ တကယ်လို့ ကိုရင့်ကို ထိုင်ခုံကနေ ထသွားအောင် တွန်းအားပေးနိုင်မယ်ဆိုရင် ငါရှုံးပြီ ...."
"သူက တော်တော်မာနကြီးပါလား ။ ထိုင်ရာကနေမထဘဲ မူဟန်တျန်းရဲ့တိုက်ခိုက်မှု (၅)ကြိမ်ကို ခုခံချင်တာလား.."
ယွဲ့ရှီရှီ၊ နီယောင်နှင့် တခြားလူများ၏ ခေါင်းထဲတွင် ပထမဆုံးပေါ်လာခဲ့သည်မှာ ထိုအတွေးဖြစ်သည် ။
မူဟန်တျန်းက ယုတုန်ကွမ် ၊ ကွေကျင်းဟွာနှင့် နံပါတ် (၉)မျောက်တို့ပြီးလျှင် အစွမ်းထက်ဆုံးပညာရှင် တစ်ယောက် ဖြစ်သည်။ သူက သူ့အဖေ မူရှန်ထက်ပင်ပို၍ ထူးချွန်နေသေး၏။ သိုင်းသခင်တစ်ယောက်ကလွဲလျှင် မည်သူကရော ထိုစိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည်နည်း။
ထိုနေ့တွင် မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း မူဟန်တျန်းက သိနေသည်။ ထို့ကြောင့် ကိုရင်လေးကျန်းတင်က ထိုစကားပြောရန် အမှန်တကယ် အစွမ်းရှိနေကြောင်းလည်း နားလည်နေသည်။
သူက ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး တလေးတစား ပြောလိုက်၏။
"ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး ကိုရင်လေး ....."
ထိုစကားကို ပြောလိုက်ပြီးနောက် သူက အခန်းတံခါးကို တွန်းဖွင့်လိုက်ပြီး ဓားသွားနှင့် ဝင်လာခဲ့သည်။
ယွဲ့ရှီရှီ ၊ နင်တောင်ကူနှင့် တခြားလူများအားလုံးကတော့ မျက်လုံးပြူး၍ စိုက်ကြည့်နေကြ၏။ သို့သော် အခန်းတံခါးက အလွန်သေးငယ်လွန်းလှသည့်အတွက် မူဟန်တျန်း၏ တိုက်ခိုက်မှုကို သေချာမမြင်ရချေ။ သူတို့ကတော့ ဓားသွားဆီမှ ထွက်ပေါ်လာသော အလင်းရောင်များကိုသာ မြင်နေရ၏။ ထို့နောက် သူတို့က အသံ (၅)ချက်ကို ကြားလိုက်ရပြီး မူဟန်တျန်းက ဖြူဖပ်ဖြူရော်မျက်နှာနှင့် အပြင်သို့ ပြန်ထွက်လာသည်ကို မြင်လိုက်ရ၏။
သူက တံခါးဆီသို့ လျှောက်လာပြီး မုန့်ချီကို ပြန်လှည့်ကြည့်၍ ပြောလိုက်သည်။ ထို့နောက် ခါးသီးစွာ ပြောလိုက်၏။
"ကိုရင်လေး...
ကိုရင်လေးရဲ့ ဓားပညာက တကယ့်ကို အင်မော်တယ်တွေနဲ့ ယှဉ်နိုင်တာပဲ...။ ကျွန်တော်က အရမ်းကို မောက်မာလွန်းခဲ့တယ် ..”
“အော်မီတော်ဖော်..
ဓားပညာဆိုတာ လောကကြီးတစ်ခုလုံးရဲ့ ပိုင်ဆိုင်မှုပါပဲ ....။ ဒကာလေးမူ ဒီကိစ္စကို အရမ်းကြီး စိတ်ထဲထားမနေပါနဲ့ ...."
ထိုအသံက ကျယ်လောင်မှု မရှိသော်လည်း အခန်းထဲမှနေ၍ ပျံ့နှံ့သွားခဲ့သည်။ သို့သော် နင်တောင်ကူ၊ ကျိရှင်းနှင့် တိုက်ပွဲကို မြင်လိုက်ရသူတိုင်းကတော့ ပါးစပ်အဟောင်းသာ ဖြစ်နေကြ၏။ ကိုရင်လေးက ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေထိုင်နေသည်မှာ သီးခြားကမ္ဘာတစ်ခုကို ရောက်နေသလို ထင်မှတ်ရသည်။
မူဟန်တျန်းက သက်ပြင်းရှည်ကြီး ချလိုက်မိ၏။
"ကိုရင်လေးရဲ့လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်...။ ဒီနေ့တော့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ တောင်တစ်တောင်ထက်မြင့်တဲ့ တောင်တစ်တောင် ရှိနေပါသေးလား ဆိုတာကို ကျွန်တော် သိသွားပါပြီ ...."
ထိုစကားကို ပြောလိုက်ပြီးနောက် သူက စိတ်ပျက်လက်ပျက်နှင့် လှည့်ထွက် သွားခဲ့သည်။
ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် သူ၏ခံစားချက်များက မူလပုံစံကို ပြန်ပြောင်းသွားခဲ့ပြီး မျက်နှာအမူအရာကလည်း လှုပ်ရှားမှု မရှိခဲ့ပေ။
"ဟူး ... တကယ်ရူးတာပဲ ...."
နင်တောင်ကူနှင့် တခြားသူများက သက်ပြင်းချသံကို ကြားလိုက်ရပြီး သူတို့၏ ရင်ထဲတွင် ရှင်းပြ၍ မရနိုင်သော ခံစားချက်များ ထွက်ပေါ်လာခဲ့သည်။ သူတို့ကတော့ ခေါင်းငုံ့၍ ရွတ်ဖတ်နေသော မီးခိုရောင်ဝတ် ကိုရင်လေးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိကြ၏။
ဝါစဉ်ရ ဘုန်းတော်ကြီးတစ်ပါးကဲ့သို့ ဟန်ဆောင်နေရသော မုန့်ချီက သူ၏ စွမ်းဆောင်ရည်ကို အတော်လေး ကျေနပ်နေခဲ့သည်။
"အခုတော့ ငါ့ရဲ့ဂုဏ်သတင်းကို တည်ဆောက်ပြီးသွားပြီ..။ ဒါပေမယ့် ပြဿနာရှိတာက ငါက ဉာဏ်အလင်းပွင့်မှုကို မရောက်သေးဘူး..။ ဒီတော့ လက်ဝါးလှိုင်းတွေ၊ လက်ညှိုးလှိုင်းတွေ မသုံးနိုင်သေးဘူး..။ မဟုတ်ရင်တော့ ငါ့ရဲ့အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်တာနဲ့ ငါက တံခါးကို ဖြည်းဖြည်းချင်း ပိတ်လိုက်နိုင်မှာ.။ ငါက ဘယ်လောက်တောင် အံ့ဩစရာကောင်းလာမှာလဲ ....."
မုန့်ချီက အပေါ်ယံပြသမှုကို အလွန်သဘောကျပြီး ထူးချွန်ထက်မြက်သည့် ပညာရှင်တစ်ယောက်ကဲ့သို့ ဟန်ဆောင်ချင်နေခဲ့သည်။ သူကတော့ ထိုအရာအပေါ် ရှက်ရွံ့နေခြင်းလည်း မရှိပေ။
"ဒါက ငါ့ရဲ့လုပ်ရပ်တွေနဲ့ ကိစ္စမရှိပါဘူး..။ ဒါပေမယ့် ဘယ်သူကရော အဲဒီလိုမျိုး လုပ်ချင်မှာလဲ..။ ဟူး .တကယ်လို့ ငါသာ ထသွားပြီး တံခါးကို ပိတ်လိုက်မယ်ဆိုရင် ငါ့ရဲ့ပုံရိပ်ကို ထိခိုက်စေလိမ့်မယ် ...."
ထို့ကြောင့် မုန့်ချီက လျစ်လျူရှူလိုက်ပြီး မျက်လုံးမှိတ်၍ ချီစွမ်းအင်လှည့်ပတ်မှုကို ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ခဏကြာပြီးနောက် ဧည့်ကြိုကိုယ်တော်က ဖြည်းညင်းစွာ လျှောက်လာပြီး တံခါးပိတ်ပေးလိုက်၏။
နင်တောင်ကူနှင့် တခြားသူများကတော့ အချင်းချင်း ကြည့်နေမိကြသည်။ သူတို့၏ မျက်လုံးထဲတွင် အံ့ဩမှုများ ရှိနေကြ၏။ မူဟန်တျန်းကဲ့သို့ အစွမ်းထက်သော လူတစ်ယောက်ကပင် သိုင်းကွက်(၅)ကွက်အတွင်း ကိုရင်လေးကျန်းတင်ကို နေရာမှထအောင် လုပ်ဆောင်နိုင်စွမ်း မရှိချေ။
သူ၏ဓားပညာက အမှန်တကယ်ကို ကြောက်စရာကောင်းလွန်းလှ၏။ အင်မော်တယ်နှင့် တူညီသည်ဟု ပြောနေသည်မှာတော့ ချဲ့ကားမှုတစ်ခု မဟုတ်ပေလော။ ထိုသတင်းသာ သိုင်းလောကတစ်ခုလုံးကို ပျံ့နှံ့သွားမည်ဆိုလျှင် သူတို့က မသက်မသာ ခံစားရနိုင်သည်။
ခဏကြာပြီးနောက် သူတို့အားလုံးက သိုင်းလောကတွင် မှတ်တမ်းတင်နိုင်သော အဖြစ်အပျက်ကြီးတစ်ခုကို ကြုံလိုက်ရသလို ခံစားလိုက်ရ၏။
ယန်ကျိမြစ်တောင်ပိုင်း သူရဲကောင်း(၄)ဖော်တို့သာ ခြံဝန်းထဲတွင် ကျန်နေခဲ့သည်။ သူတို့ကတော့ ကိုရင်လေးကျန်းတင် တရားထိုင်ပြီးသည့်အချိန်ကို စောင့်နေပြီး သူတို့အတွက် လမ်းညွှန်းမှုရရန် မျှော်လင့်နေခဲ့သည်။
ဓားမောက်နှင့် ဓားရှည်က လုံးဝကို ကွဲပြားသော်လည်း လမ်းတစ်ခုတည်းတွင် တဖြည်းဖြည်း စုစည်းသွားနိုင်သည်။ သူတို့၏ ကြားထဲတွင်လည်း ဆက်သွယ်မှုများ ရှိလာ၏။ အချိန်ကို တွက်ချက်လိုက်ပြီးနောက် မုန့်ချီက တံခါးကို ဖွင့်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။
"ကိုရင်လေးကျန်းတင်…
ကျွန်တော်က သာမန်ကိုရင်လေးတစ်ပါးအဖြစ် အထင်လွဲခဲ့မိတယ် ...."
နင်တောင်ကူကတော့ သူ၏ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခြင်း မရှိဘဲ မုန့်ချီအနားသို့ ကပ်ခွင့်ရရန် ကျယ်လောင်စွာ ပြောလိုက်၏။
မုန့်ချီ ကိုယ်တိုင်က ဓားပညာကို ကျွမ်းကျင်နေခြင်း မရှိချေ။ ထို့ကြောင့် ထိုလူများက ဓားရှည်များ ကိုင်ထားသော်လည်း သူ့အတွက် ထူးခြားနေခြင်း မရှိချေ။ သူက အပြုံးနှင့် ပြောလိုက်၏။
"ကိစ္စမရှိပါဘူး..။ ငါတို့လို ကိုယ်တော်တွေက ဂုဏ်သတင်းတွေကို မမက်ပါဘူး ။ငါက ငါ့ကိုယ်ငါ ဘယ်တုန်းကမှ ဘုန်းတော်ကြီးတစ်ပါးလို့ မသတ်မှတ်ထားဘူး....”
“ကိုရင်လေးက တကယ့်ကို ဘုန်းတော်ကြီးတစ်ပါးပါပဲ ...."
အလွန်ငယ်ရွယ်သော ကိုရင်လေးတစ်ပါးကို ထိုစကားမျိုး ပြောရသည်မှာ ထူးဆန်းနေသော်လည်း ကျိရှင်းကတော့ ပြောလိုက်သည်။
မုန့်ချီ၏ခါးတွင် ချိတ်ထားသော ဓားကို မြင်သည့်အခါ ကျိရှင်းက စိတ်ဝင်တစား မေးလိုက်သည်။
"ကိုရင်လေးက ဘယ်ဂိုဏ်းကလဲဆိုတာ သိလို့ရမလား..။ ကိုရင်လေးရဲ့ဓားပညာက အင်မော်တယ်တွေကိုတောင် ယှဉ်နိုင်လောက်အောင် ကြီးကျယ်ပါတယ်.."
"ငါက မြေခွေးရိုင်းကျင့်စဉ်ကို သင်ကြားခဲ့ရပြီး အမှတ်မထင် ဆန်းကြယ်မှုတစ်ခုကို တွေ့ခဲ့ရတာပါ...."
မုန့်ချီက သူတို့ သတင်းဖြန့်နိုင်ရန် တမင်တကာ ရည်ရွယ်၍ ပြောလိုက်ခြင်းဖြစ်သည်။
"ဆန်းကြယ်မှုတစ်ခုလား ...."
ယွဲ့ရှီရှီနှင့် နီယောင်တို့၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။ သူတို့ကိုယ်တိုင်လည်း တစ်နေ့နေ့တွင် ဆန်းကြယ်မှုတစ်ခုကို တွေ့နိုင်ရန် အိပ်မက် မက်နေကြ၏။
ထိုအရာက သိသာထင်ရှားမှု မရှိသော်လည်း နင်တောင်ကူနှင့် ကျိရှင်းတို့ဆီတွင် အလားတူ အတွေးများရှိကြောင်း သူတို့၏မျက်နှာကိုကြည့်၍ မြင်နိုင်ကြသည်။ ခဏစကားပြောနေပြီးနောက် မုန့်ချီကဲ့သို့သော ပညာရှင်တစ်ယောက်နှင့် မိတ်ဆွေဖြစ်ရသည့်အတွက် သူတို့က ဝမ်းသာနေကြ၏။
မုန့်ချီက အလေးအနက် ပြောလိုက်၏။
"ငါက တိတ်ဆိတ်မှုကိုပဲ လိုချင်တယ်…။ တကယ်လို့ တစ်ခြားသူတွေသာလာပြီး စိန်ခေါ်ကြမယ်ဆိုရင် ငါက ဒီနေရာမှာမရှိဘူးလို့ ပြောပေးပါ..။ ဒီည ငါက ဒီနေရာမှာရှိမှာ မဟုတ်ဘူး..။ အပြင်ထွက်ပြီး မိတ်ဆွေဆီသွားလိုက်ဦးမယ်..."
"ကျွန်တော်နားလည်ပါတယ်....."
နင်တောင်ကူက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ သူတို့အတွက်တော့ ကိုရင်လေး ကျန်းတင်ကဲ့သို့သော ပညာရှင်တစ်ယောက်ကို အကူအညီပေးရသည်မှာ အလွန်ကြီးမားသော ဂုဏ်သရေတစ်ခုဖြစ်သည်။
ညအချိန်တွင် ထိုသတင်းက ပြန့်နှံ့လာခဲ့၏။ ကံကြမ္မာမြို့တော်ထဲတွင် ရှိနေသော သိုင်းပညာရှင်များအားလုံးကလည်း သိုင်းပညာ အလွန်ထူးချွန်ထက်မြက်သော ကိုရင်လေးကျန်းတင် အကြောင်းကို သိသွားကြသည်။ သူက နေရာမှပင် မရွေ့ဘဲ မူဟန်တျန်း၏ ဓားသိုင်းကွက်(၅)ခုကို အလွယ်တကူ ခံနိုင်ရည်ရှိသည်ဟု တစ်ယောက်စကား တစ်ယောက်နားနှင့် ပျံ့နှံ့သွားခဲ့သည်။
ရုတ်တရက်ဆိုသလို သိုင်းလောကမှ လူပေါင်းများစွာက ကျောင်းဆောင်ပျက်ကြီးဆီသို့ ရောက်လာကြပြီး သူ့ကို စိန်ခေါ်ရန် ကြိုးစားနေကြသည်။ ကိုရင်လေးကျန်းတင်က ဘုန်းတော်ကြီးတစ်ပါး ဖြစ်သည့်အတွက် မည်သူ့ကိုမှ သတ်ပစ်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ့ကို စိန်ခေါ်ရသည်မှာ အလုံခြုံဆုံးဖြစ်သည်။
အကယ်၍ သူတို့က ရှုံးနိမ့်သွားမည်ဆိုလျှင် နာမည်ကျော်တစ်ယောက်၏ လက်ထဲတွင် ရှုံးနိမ့်သည့်အတွက် မည်သူကမျှ သူတို့ကို လှောင်ရယ်ကြလိမ့်မည် မဟုတ်ချေ။ အကယ်၍ သူတို့သာ အနိုင်ရသွားမည်ဆိုလျှင် တခဏချင်း နာမည်ကျော်ကြားလာနိုင်ပြီး သိုင်းသခင် တစ်ယောက်ထက် မနိမ့်သော အဆင့်အတန်းတစ်ခုကို ရနိုင်သည်။
သို့သော် အစောပိုင်းတွင် မုန့်ချီ၏ ကြိုတင်တွက်ချက်ထားမှုကြောင့် နင်တောင်ကူ၊ ယွဲ့ရှီရှီနှင့် ယန်ကျိမြစ်တောင်ပိုင်း သူရဲကောင်း(၄)ဖော်က ထိုနေရာတွင် ကိုရင်လေးကျန်းတင် မရှိကြောင်း မရပ်မနား ပြောပြနေကြရသည်။
မုန့်ချီကတော့ ယုရဲတိုက်ကို ဆက်လက်စောင့်ကြည့်နေပြီး တစ်ချိန်တည်းတွင် မြို့စားရဲတိုက်ထဲရှိ အခြေအနေများကို စောင့်ကြည့်နေခဲ့သည်။
ဒုတိယမြောက်နေ့လယ်တွင် သူ့ကိုယ်သူ ဖုံးကွယ်ပြီး ပျားသစ်ပင်လမ်းထဲသို့ နောက်တစ်ကြိမ် လာခဲ့၏။ ပုဇင်းခန်းမ၏ အပြင်ဘက်တွင်တော့ သစ်သားဆိုင်းဘုတ် တစ်ခုကို ထောင်ထားပြီး ထိုအပေါ်တွင် စာသားတစ်ခု ရေးသားထားသည်။
“ယနေ့ရောင်းချရန် အဆင်တန်ဆာရှိသည်..”
ထိုအရာကို ကြည့်ပြီး မုန့်ချီက ခေါင်းညိတ်၍ တံခါးထဲသို့ ဝင်သွားခဲ့သည်။
ဆိုင်ရှင်က မုန့်ချီကိုကြည့်ပြီး မျက်လုံးများ ဝင်းလက်တောက်ပလာခဲ့၏။
"ငါက တိရစ္ဆာန်နတ်ဘုရားတစ်ယောက်နဲ့ ဆက်သွယ်ပြီးသွားပြီ။ သူက သဘောတူတယ်.…။ ကျေးဇူးပြုပြီး မိတ်ဆွေရဲ့ နာမည်ကိုပြောပြီး ပြောင်းလဲမှုကျင့်စဉ်ရဲ့ပထမပိုင်းကို အရင်ပေးခဲ့ရမယ်..."
"ငါ့ရဲ့နာမည်ကိုပြောရမှာလား..."
မုန့်ချီက မေးလိုက်သည်။ သူ့ရင်ထဲတွင်လည်း စိတ်အေးသွားသလို ခံစားလိုက်ရ၏။ သူက နံပတ်(၉)မျောက်နှင့် ဆက်သွယ်ခဲ့ခြင်း မဟုတ်ချေ။
ဆိုင်ရှင်က လေးတွဲ့စွာ ပြောလိုက်၏။
"လူတော်တော်များက အလုပ်အပ်ရာကနေတဆင့် တိရစ္ဆာန်နတ်ဘုရားတွေကို ထောင်ချောက်ဆင်ကြတယ်...။ တကယ်လို့ ငါတို့ကသာ ခိုင်းစေသူရဲ့နာမည်ကို မသိဘူးဆိုရင် ဘယ်လိုလုပ်ပြီး လက်တုံ့ပြန်နိုင်မှာလဲ...။ ငါတို့က တောင်းသင့်တဲ့ တန်ဖိုးကိုတော့ တောင်းရမှာပဲ...။ စိတ်မပူပါနဲ့ .။ ဧည့်သည်ရဲ့ အချက်အလက်က မပေါက်ကြားပါဘူး...."
လက်တုံ့ပြန်မည့်အကြောင်းကို ပြောနေသည့်အချိန်တွင် သူက အတော်လေးကို ထူးဆန်းနေခဲ့သည်။
"ကောင်းပြီလေ အဆင်ပြေပါတယ်...."
မုန့်ချီက ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။ သူက ဖြည်းညင်းစွာ ခေါင်းညိတ်ပြလိုက်ပြီး နောက်တွင် ရှိနေသော အခန်းထဲသို့ ဆိုင်ရှင်နှင့်အတူ ဝင်သွား ခဲ့သည်။
သူ၏ဝါးခမောက်ကို ချွတ်လိုက်ပြီးနောက် မုန့်ချီက တည့်တည့်သာ ပြောလိုက်၏။
"ငါက ကျန်းတင်ပါ…"
"ဪ မင်းက ကိုရင်လေးကျန်းတင်ကိုးးး…ဟားးးဟားးးဟားးးးဟားးဟားးးး..။ ဒါကြောင့် မင်းက ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ကြောက်စရာကောင်းတဲ့ သိုင်းပညာရှိနေတာပဲ....။ ဒါကြောင့်လည်း မင်းက ယုမိသားစုကို ရင်ဆိုင်နိုင်တာ...."
ဆိုင်ရှင်ကြီးက ရုတ်တရက်နားလည်သွားခဲ့သည်။
ထို့နောက် မုန့်ချီကို နှင်းနတ်ဘုရားနန်းတော်၏အမွေဖြစ်သော ပြောင်းလဲမှုကျင့်စဉ် ထုတ်ခိုင်းလိုက်သည်။ ယမန်နေ့ညအထိ သူက ကိုရင်လေးကျန်းတင်၏ နာမည်ကို မသိခဲ့ချေ။ ပထမတော့ ထိုကိုရင်လေးက မူရှန်ကို အနိုင်ရနိုင်သည်ဟု သူက မယုံခဲ့ပေ။ ယခုတော့ ဆိုင်ရှင်အဘိုးအိုက မုန့်ချီ၏အဆင့်အတန်းကို နောက်ထပ် သံသယမဝင်တော့ပေ။
မုန့်ချီက ပြောင်းလဲမှုကျင့်စဉ်၏ ပထမပိုင်းကို ထုတ်ပေးလိုက်သည်။ မုန့်ချီဆီတွင်လည်း ထိုအရာကို လေ့လာရန်အတွက် ကူးယူထားခဲ့သေး၏ ။
"ယုဟုန်ပိုကို (၃)ရက်အတွင်း ကိုရင်လေးဆီ ခေါ်လာပေးမယ်...။ ပြီးရင်တော့ ကျန်တဲ့အပိုင်းကို အပ်နှံရမယ်....."
ဆိုင်ရှင်အဘိုးအိုက ဧည့်သည်ကို အပြင်ထွက်ရန် ပြလိုက်ပြီး မုန့်ချီကို မေးလိုက်သည်။
“ကိုရင်လေးဆီမှာ လုံလောက်တဲ့အစွမ်းရှိနေရဲ့သားနဲ့ ဘာလို့ ရာသီခွင်နတ်ဘုရား(၁၂)ယောက်ကို အကူအညီတောင်းရတာလဲ …”
မုန့်ချီက ထိုမေးခွန်းကို မဖြေဘဲ ချက်ချင်း ထွက်သွားခဲ့သည်။ သူက ဆိုင်ရှင်နှင့် ဆက်လက်ဆွေးနွေးလိုခြင်း မရှိချေ။ ထိုအရာက လျှို့ဝှက်ချက်ကြီးတစ်ခုဖြစ်နေပြီး ရန်သူက အလွယ်တကူ သတိထားမိသွားစေနိုင်၏။
ရာသီခွင်နတ်ဘုရား (၁၂)ယောက်က လျှို့ဝှက်ဆန်းကြယ်စွာ လုပ်ဆောင်ကြခြင်းဖြစ်သည် ။ သူတို့က လျှို့ဝှက်သင်္ကေတများကို သုံးပြီး အချင်းချင်း ဆက်သွယ်ကြ၏။ ထို့ကြောင့် ခြေရာခံရန် ခက်ခဲသည်။
အကယ်၍ သူက ဆိုင်ရှင်ကို တစ်ချိန်လုံး စောင့်ကြည့်မည်ဆိုလျှင်ပင် မည်သည့်အရာမျှရလိမ့်မည် မဟုတ်ချေ။ အကယ်၍ ရာသီခွင်နတ်ဘုရား (၁၂)ယောက်ကိုသာ ထိုမျှ အလွယ်တကူ ရှာဖွေနိုင်မည်ဆိုလျှင် ထိုအဖွဲ့အစည်းက ပျက်စီးသွားခဲ့သည်မှာ ကြာလောက်ပါပြီ။
ပျားသစ်ပင်လမ်းထဲမှ ထွက်လာပြီးနောက် မုန့်ချီက လူပေါင်းများစွာ ပြည့်နှက်နေသော လမ်းမကြီးတစ်ခုကို တွေ့လိုက်ရသည်။ သူတို့အားလုံး က ဓားတစ်ချောင်းဆီကို ကိုင်ထားကြပြီး ကောင်းကင်ကြီးပေါ်တွင် ရှိနေသော အနက်ရောင်တိမ်တိုက်များကို ကြည့်နေခဲ့သည်။
“အခြေအနေက တော်တော်လေးကို ပြင်းထန်နေတာပဲ။ မိုးလည်း ရွာတော့မယ်။ နောက်ရက်အနည်းငယ်အတွင်း ဘယ်လိုအဖြစ်အပျက်တွေဖြစ်လာမလဲဆိုတာတော့ ငါလည်း မပြောတတ်တော့ဘူး…”
မုန့်ချီက ရင်ထဲတွင် သက်ပြင်းချလိုက်မိလေသည်။
Translated by Hein Htet