အခန်း (၇၁)
Vol. 5 Ch. 71
တဖြည်းဖြည်း မှောင်လာသည့်အချိန်တွင် မုန့်ချီက ကျောင်းဆောင်ဆီသို့ ပြန်လာခဲ့သည်။ ထိုအချိန်တွင် ကျောင်းတော်ထဲ၌ ညစ်ပတ်နေသော ခြေရာများကို နေရာအန့ှံ တွေ့နေရ၏။
နင်တောင်ကူနှင့် အခြားသူများကတော့ ကျောက်စားပွဲဝိုင်းတစ်ခုတွင် ထိုင်နေကြ၏။ သူတို့က အလွန်စိတ်လှုပ်ရှားနေသည့်အမူအရာနှင့် သူ့ကို နှုတ်ဆက်လိုက်ကြသည်။
"ကိုရင်လေး ကျန်းတင်ပြန်လာပြီလား…"
မီးခိုးရောင်ဝတ်စုံကို ပြန်ပြောင်းထားသော မုန့်ချီက အပြုံးနှင့် ပြောလိုက်၏။
"အော်မီတော်ဖော်…
ဒကာကြီးတို့က တစ်နေ့လုံး ကြိုးစားခဲ့ကြရတာပဲ…."
သူက မေးနေစရာ မလိုအပ်ချေ။ ခြံဝန်းထဲတွင် ရှိသော ခြေရာများကိုကြည့်၍ လူပေါင်းများစွာက သူ့ကို စိန်ခေါ်ရန် ရောက်လာကြောင်း သိနေသည်။ သို့သော် သူတို့ကို နင်တောင်ကူတို့အဖွဲ့က တားဆီးထားခြင်း ဖြစ်၏။
"ကိစ္စမရှိပါဘူး ။ ကျွန်တော်တို့က နောက်ထပ်ကူညီနိုင်တာ ရှိရင်လည်း ကူညီချင်ပါသေးတယ်…"
သူတို့က ပြန်ဖြေလိုက်သည်။
မုန့်ချီက ပြုံးလိုက်၏။
"ငါတို့ဗုဒ္ဓလမ်းစဉ်မှာ ကံကြမ္မာကို ယုံကြည်ကြတယ်။ တကယ်လို့ ငါ့ကိုသာ သိုင်းသခင်တွေရဲ့တိုက်ပွဲဆီ ဖိတ်ခေါ်မယ်ဆိုရင် ငါက မင်းတို့တွေကိုလည်း အဖော်အဖြစ် ခေါ်သွားပေးပါမယ်…"
"တကယ်ပဲလား…"
မိန်းကလေးများက အတော်လေးကို ဝမ်းသာသွားခဲ့ကြသည်။ အကယ်၍ သူတို့က သိုင်းသခင်များ၏ တိုက်ပွဲကို ကြည့်ခွင့်ရမည်ဆိုလျှင်ပင် နားလည်ရန် ခက်ခဲသော်လည်း အတွေ့အကြုံများစွာ ရနိုင်သည်။ ထိုအရာက မိတ်ဆွေများကြားထဲတွင်လည်း ဂုဏ်ယူရနိုင်၏။
နင်တောင်ကူနှင့် ကျိရှင်းတို့ကလည်း လျင်မြန်စွာ တည်ငြိမ်သွား၏။ ချက်ချင်းပင် အရိုအသေ ပေးလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် ကိုရင်လေး…"
မုန့်ချီက ခေါင်းညိတ်ပြလိုက်ပြီး သူ၏အခန်းထဲကို ဝင်သွားခဲ့၏။ သူကတော့ ထိုလူငယ်(၄)ယောက်၏ တီးတိုးစကားသံများကို ကြားနေရသေးသည်။
“ငါက ဘာလို့ အသက်ငယ်ငယ်လေးနဲ့ သိုင်းလောကမှာ ကျင်လည်ကျက်စားခဲ့ရတာလဲ..”
မုန့်ချီက သက်ပြင်းချလိုက်မိသည်။
ထို့နောက် သူက ထိုင်ခုံပေါ်တွင် ထိုင်လိုက်ပြီး ဖြစ်ခဲ့သည့် အရာများအားလုံးကို ပြန်လည်စဉ်းစားနေခဲ့သည်။ မကြာသေးခင်ကရခဲ့သည့် သဲလွန်စများကိုလည်း ပြန်လည်စစ်ဆေးနေခဲ့၏။
အဓိကတာဝန်ကတော့ ယုဟုန်ပိုကို စောင့်ကြည့်ပြီး သူ၏ထောင်ခြောက်ထဲသို့ တိရစ္ဆာန်နတ်ဘုရားတစ်ပါး ရောက်လာမည့်အချိန်ကို စောင့်နေရမည်ဖြစ်သည်။ သူက အလျင်လိုနေရန် မလိုအပ်ချေ။
နံပါတ်(၉)မျောက်က စာကြည့်ဆောင်ထဲကို ရောက်လာပြီးနောက် ယုရဲတိုက်က အတော်လေးကို သတိထားနေခဲ့သည်။ ယုဟုန်ပိုကတော့ အထူးခြားဆုံးဖြစ်ပြီး သူက မတော်တဆဖြစ်မှာကို ကြောက်နေသည့်အတွက် ယုတုန်ကွမ်၏အနားတွင်သာ နေခဲ့သည်။
ထို့ကြောင့် သူတို့ဆီ၌ တိကျသောအစီအစဉ်တစ်ခုသာ မရှိလျှင် သူတို့က ပြသာနာရှာမိမည်ဖြစ်သည်။ ရာသီခွင်နဂါး ကိုယ်တိုင်လှုပ်ရှားခြင်း မရှိသရွေ့ အချိန်တိုလေးအတွင်း ယုဟုန်ပိုကို ပြန်ပေးဆွဲရန် မဖြစ်နိုင်ပေ။
အကယ်၍ သူသာ ယုဟုန်ပိုကို ပြန်ပေးဆွဲရမည်ဆိုလျှင် အကောင်းဆုံးအချိန်က မနက်ဖြန်ညဖြစ်ကြောင်း မုန့်ချီက တွေးခဲ့မိ၏။ ကျောက်စိမ်းပြား ခိုးယူမှုနှင့် ပတ်သက်ပြီး လူတိုင်းက ရှုပ်ထွေးနေကြသည်။ ထိုအချိန်တွင် ယုဟုန်ပိုကို အလွယ်တကူ ဖမ်းဆီးနိုင်စွမ်း ရှိ၏။
သို့သော် ထိုအရာက မုန်ချီ၏အတွေးသာ ဖြစ်သည်။ တိရစ္ဆာန်နတ်ဘုရားများက မည်သည့်အရာကို စဉ်းစားနေကြောင်း မည်သူက သိနိုင်မည်နည်း။ ထို့ကြောင့် ညနေစောင်း အချိန်ကတည်းကစပြီး ယုဟုန်ပိုကို စောင့်ကြည့်နေခဲ့သည်။ သူက တိရစ္ဆာန်နတ်ဘုရားများ ပေါ်မလာမခြင်း စောင့်ကြည့်နေရမည်ဖြစ်၏။
“အဲဒီညမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်အရ ရေခဲတမန်က ပြောင်းလဲမှုကျင့်စဉ်ကို လေ့ကျင့်ထားတဲ့ ပညာရှင်တစ်ယောက် ဖြစ်နိုင်တယ်။ ဒါမှမဟုတ် မျက်ခုံးကြား ပင်မတံခါးပေါက်ကို အာရုံစိုက်နေပြီး စိတ်ဝိညာဉ်လျှို့ဝှက်အခန်းကို ကျင့်ကြံနေတဲ့လူ တစ်ယောက်လည်း ဖြစ်နိုင်တယ်။ ပြောင်းလဲမှုကျင့်စဉ်ရဲ့ ပထမပိုင်း စမ်းသပ်မှုအရ အဲဒါက ပင်မတံခါးကို လေ့ကျင့်နိုင်တဲ့ သိုင်းပညာတစ်ခု ဆိုတာတော့အမှန်ပဲ။ ဒါကြောင့် ရေခဲတမန်က မလိမ်ခဲ့ဘူး….”
မုန့်ချီက ထိုစကားများကို ယုံကြည်ရခြင်းရှိမရှိ စဉ်းစားနေခဲ့သည်။ သူက ထိုစကားများထဲတွင် အလိမ်အညာများကိုလည်း ခွဲထုတ်ရန် လိုအပ်နေသေး၏။
အကယ်၍ သူကသာ အလိမ်အညာများကို မတွေ့ခဲ့ရလျှင် ဘာကြောင့် ဖေးကျန်းချင် အကြောင်းကို ပြောခဲ့ရသနည်း။ ဘာကြောင့် သူ့ကို ပြောင်းလဲမှုကျင့်စဉ် အကြောင်းသာ ပြောခဲ့ရသနည်း။ သူက စိတ်ဝိညာဉ်လျှို့ဝှက်အခန်း၏ လုပ်ဆောင်မှုကို မသိသေးသည့်အတွက်ကြောင့်လည်း ဖြစ်နိုင်သည်။ ထိုလူက ကွေရှု၏ လက်အောက်ငယ်သားတစ်ယောက်လည်း ဖြစ်နိုင်၏။
“ဒါဆိုရင် ဖေးကျန်ချင်က စိတ်ဝိညာဉ်လျှို့ဝှက်တံခါးပွင့်နေတဲ့ သိုင်းသခင်ရဲ့လှုပ်ရှားမှုတွေကို တမင်ဖုံးကွယ်ပေးထားတာပဲ။ ဒါဆိုရင် သူက ဘယ်လိုလူမျိုးကို ဖုံးကွယ်ပေးချင်နေတာလဲ…”
မုန့်ချီက မျက်လုံးထဲတွင် လှုပ်ရှားနေပြီး အဖြူရောင် ပြတင်းပေါက်စက္ကူကို စိုက်ကြည့်နေခဲ့မိသည်။ သူ့ခေါင်းထဲတွင်တော့ ကွေရှု၏နာမည်သာ ပေါ်လာခဲ့၏။
မြို့စားမင်းတစ်ယောက်၊ ပါရမီရှင်ဓားသမားတစ်ယောက် ၊ အမှန်တရားဂိုဏ်း၏ ဂိုဏ်းသခင်တစ်ယောက်…
ထိုအရာက ကွေရှု၏ နာမည်ဂုဏ်သတင်းများ ဖြစ်သည်။ အာဏာအရဖြစ်စေ၊ ကြွယ်ဝချမ်းသာမှုအရဖြစ်စေ သူက လူသားတစ်ယောက်၏ အထွတ်အထိပ်ကို ရောက်နေသည်ဟု ဆိုနိုင်သည်။
မုန့်ချီက သူ့အကြောင်းကို စုံစမ်းခဲ့ရာမှတဆင့် တဖြည်းဖြည်း ပို၍သိလာခဲ့၏။ သူက ငယ်ရွယ်စဉ် မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ခဲ့ပြီး သက်လတ်ပိုင်းအရွယ်တွင် ထိုမိန်းကလေးက သေဆုံးသွားခဲ့သည်။ သူ့ဆီတွင် သမီးတစ်ယောက်နှင့် သားတစ်ယောက်ရှိပြီး သွေးသောက်ညီအစ်ကိုများစွာ ရှိ၏။
လွန်ခဲ့သော(၅)နှစ်အတွင်း သူက တိုက်ပွဲအနည်းငယ်လေးသာ တိုက်ခိုက်ခဲ့ပြီး ကံကြမ္မာမြို့တော်ထဲတွင် ရှိနေသော ကိစ္စရပ်အားလုံးကိုလည်း သူ့သားကွေကျင်းဟွာကသာ စီမံခန့်ခွဲနေခဲ့သည်။
“ပြီးတော့ လူသတ်သမားက ကျင်းအန်ချန်းကိုပဲ သတ်သွားခဲ့တာ။ ဖေးကျန်းချင်ကလည်း တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးနေခဲ့တာပဲ။ သူက ပိုပြီးများတဲ့ လျှို့ဝှက်ချက်တွေကိုတောင် သိနေသေးတယ်။ ဘာလို့ သူ့ကို မသတ်ရတာလဲ။ လူသတ်သမားက ငါ့ရဲ့ရွှေခေါင်းလောင်းအကာအကွယ်ကိုတောင် ထိုးဖောက်နိုင်တယ်လေ…”
“ဒါပေမယ့် ကွေရှုဆိုရင်လည်း စွမ်းအားတွေ ၊ ငွေကြေးတွေနဲ့ သိုင်းပညာကို ထပ်မလိုတော့ဘူးလေ။ ဘာလို့ သူက သွမ့်မင်းချန်ကို ဖမ်းပြီး သွမ့်ရှန်ဖေးကို ပစ်မှတ်ထားနေရတာလဲ…”
အကယ်၍ သွမ့်မင်းချန်ကို ခေါ်ဆောင်သွားသူက သာမန်မဟုတ်လျှင် ကျင်းအန်ချန်းကို သတ်ပစ်ချင်နေသည့် တခြားအကြောင်းပြချက်များကို မစဉ်းစားနိုင်တော့ပေ။ သူက နံပါတ်(၉)မျောက်ကို သတ်ပစ်ရုံနှင့်ပင် လုံလောက်ပြီဖြစ်သည်။
“နှင်းနတ်ဘုရားနန်းတော်ရဲ့ ရတနာတွေကြောင့်လား၊ ဒါပေမယ့် သူက ဘာလို့ အဲဒါတွေကို လိုချင်နေရတာလဲ။ သူက လျှို့ဝှက်အခန်း(၃)ခုနဲ့ ပတ်သက်တဲ့ သိုင်းကျမ်းတွေကို လိုချင်နေတာများလား။ ဒါဆိုရင် သူက ပိုပြီးအစွမ်းထက်လာနိုင်ပြီး လူသားနဲ့နတ်ဘုရားကြား အတားအဆီးတွေကို ဖြတ်ကျော်နိုင်လိမ့်မယ်လို့ ထင်နေတာလား…”
မုန့်ချီက သဲလွန်စများကို သေချာစဉ်းစားနေခဲ့သည်။ အရာများအားလုံး၏ နောက်ကွယ်တွင် ရှိနေသည်မှာ ကွေရှုဖြစ်နိုင်ချေများသည်။
“သူက ယုတုန်ကွမ်ရဲ့ရတနာတွေ အကြောင်းကို သိထားတယ်။ ဒါကြောင့် သွမ့်မင်းချန်ကို ပစ်မှတ်ထားတာဖြစ်နိုင်တယ်။ သွမ့်မင်းချန်ကတော့ နှင်းနတ်ဘုရားနန်းတော်နဲ့ ဆက်သွယ်ဖို့ ကြိုးစားနေတယ်။ ဒီတော့ သူတို့တွေ ဆုံတဲ့အချိန်ထိ စောင့်နေတာက အကောင်းဆုံးပဲ။ ပြီးရင်သူတို့အားလုံးကို ရှင်းပစ်လိုက်လို့ ရသွားပြီ…”
မုန့်ချီကတော့ တဖြည်းဖြည်း ပို၍သေချာလာခဲ့သည်။
“ဒါဆိုရင် အခုသွမ့်မင်းချန်ရဲ့ ရတနာမြေပုံက ကွေရှုဆီမှာ ဖြစ်နိုင်တယ်။ တကယ်လို့ နှင်းနတ်ဘုရားနန်းတော်ရဲ့ ဆရာကြီးကလည်း နှိပ်စက်ခံနေရမယ်ဆိုရင် သူ့ရဲ့မြေပုံကို ထုတ်ပေးလိုက်မှာပဲ။ ကျန်းကျုံးရှန်နဲ့ သူ့ဇနီးကလည်း တိရစ္ဆာန်နတ်ဘုရား (၁၂)ယောက်ကို ကြောက်လို့ ကွေရှုကို မြေပုံပေးလိုက်တယ်။ ဒါဆိုရင် နောက်ဆုံးကျန်နေတဲ့ ယုတုန်ကွမ်ရဲ့မြေပုံကလည်း ကွေရှုဆီကို ရောက်သွားလောက်ပြီ။ ဒီတော့သူ့ဆီမှာ မြေပုံအားလုံးရှိနေပြီပေါ့…”
မုန့်ချီက စဉ်းစားနေရင်း ထိုအကြောင်းပြချက်ကို တွေ့လိုက်ရသည်။ သို့သော် မေးခွန်းပေါင်းများစွာ ရှိနေသေး၏။ ဥပမာအနေနှင့် ပြောရလျှင် ဘာကြောင့် ဖေးကျန်းချင်က ညကြီးမင်းကြီး လိုဏ်ခေါင်းထဲမှ ထွက်လာပြီး မြို့စားမင်းကွေရှုကရော ထိုနေရာတွင် ရှိနေရသနည်း။
သံသယဝင်စရာအကောင်းဆုံးကတော့ ရေခဲတမန်နှင့်နှင်းနတ်ဘုရားနန်းတော်မှ လူများအသတ်ခံရသည့်အချက် ဖြစ်သည်။ သူတို့ကိုသတ်သည့်သူက ဓားပညာအလွန်ကျွမ်းကျင်သည်။ သူတို့လေးစားရသူ တစ်ယောက်လည်း ဖြစ်သည့်အတွက် နှင်းနတ်ဘုရားနန်းတော်မှ အကြီးအကဲတစ်ယောက်လည်းဖြစ်နိုင်၏။
ထိုအရာက ကွေရှုမဟုတ်နိုင်ပေ။ ဘာကြောင့်ထိုလူက သူ၏လက်အောက်ငယ်သားများကို သတ်ပစ်ရသနည်း။ အကယ်၍ သူကသာ ရေခဲတမန်ကို အသုံးချပြီး ကွေရှုကိုသံသဝင်စေချင်သည်ဆိုလျှင်တော့ သေချာပေါက် အမိန့်တစ်ခုချန်ထားနိုင်သည်။
“ပြီးတော့ ဒီလူက ငါထွက်သွားတဲ့အချိန်မှာ ငါ့ရဲ့တည်နေရာနဲ့ လှုပ်ရှားမှုတွေကိုလည်း သိနေတယ်။ သူက ငါကိုယ်တိုင်တောင် သတိမထားမိဘဲ ငါ့နောက်ကို လိုက်လာနိုင်တယ်။ ဒါဆိုရင် သူက နှင်းနတ်ဘုရားနန်းတော်ရဲ့ နန်းတော်သခင်များလား…”
မုန့်ချီက အလွန်ထိတ်လန့်ပြီး ကြောက်လန့်သွားခဲ့သည်။
“သူက ဘာလုပ်ချင်နေတာလဲ…။ ကွေရှုရဲ့လျှို့ဝှက်ချက်ကို ဖုံးကွယ်ပြီး ရတနာမြေပုံတွေကို လ်ုချင်နေတာလား။ ဒါပေမယ့် သူက ဘာလို့သတ်ချင်နေရတာလဲ…”
ခေါင်းထဲတွင် အနည်းငယ် ရှုပ်ထွေးလာပြီးနောက် မုန့်ချီက အတွေးများကို ရှင်းထုတ်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် ငါက ပင်မတာဝန်ကို အရင်ဆုံးလုပ်ရမယ်။ ငါက ကွေရှုနဲ့ ယုတုန်ကွမ်တို့ကို စောင့်ကြည့်ပြီး အခြေအနေကို ဆုံးဖြတ်ရမယ်…”
……………………..
ဝူဖန်းယုက အဆောက်အဦးထဲသို့ တိတ်တဆိတ် ဝင်လာခဲ့သည်။ အလင်းရောင်မရှိသော ညအချိန်ကသာ သူ့ကို လုံခြုံမှုပေးနိုင်၏။ ယခင်တခေါက် လူသတ်ရမည့် တာဝန်ကျရှုံးသွားသည့်အတွက် သူ၏နာမည်သိသွားပြီး ယုဟုန်ပို၏ လက်တုံ့ပြန်မှုကို စိုးရိမ်နေခဲ့သည်။ ထို့ကြောင့် သူက အချိန်အတိုင်းအတာတစ်ခုထိ ပုန်းအောင်းနေခဲ့ရ၏။
“သူ့နောက်ကွယ်မှာရှိတဲ့ သိုင်းပညာရှင်က ဘယ်သူလဲ။ ဘာလို့ သူက ငါ့ကိုမသတ်ဘဲ သတိပေးခဲ့ရတာလဲ…”
ထိုမေးခွန်းက ဝူဖန်းယု၏ခေါင်းထဲတွင် အချိန်အတော်ကြာရှိနေပြီး စားမဝင်အိပ်မပျော် ဖြစ်နေစေခဲ့သည်။
“ဖျောက် …”
ထိုအချိန်တွင် သူ၏နောက်စေ့မှနေ၍ နာကျင်မှုကို ခံစားလိုက်ရပြီး ဝူဖန်းယုက တိုက်ခိုက်ခံလိုက်ရသည်။
"နောက်တစ်ကြိမ်လား..."
ထိုအရာကတော့ သူသတိလစ်မသွားခင် ပေါ်လာခဲ့သော အတွေးတစ်ခုဖြစ်လေသည်။
………………
ယုရဲတိုက်၏အနားတွင် ရှိနေသော အိမ်တစ်အိမ်၏ အမိုးပေါ်၌ စောင့်နေရင်း မုန့်ချီက ရဲတိုက်ထဲရှိ အရာအားလုံးကို စောင့်ကြည့်နေခဲ့သည်။ သို့သော် ယခုတစ်ကြိမ်တော့ သူက ယုတုန်ကွမ်ကို အာရုံစိုက်မနေဘဲ ဖယောင်းတိုင်မီးများ လိုက်မှုတ်နေခဲ့သော ယုဟုန်ပိုကိုသာ အာရုံစိုက်နေခဲ့သည်။
ယုဟုန်ပိုက အရှေ့ဘက်အခန်းတွင် အိပ်စက်ရန် သွားနေခဲ့သည်။ ယနေ့ညတွင် အတော်လေး တိတ်ဆိတ်နေသည်ဟု မုန့်ချီက တွေးလိုက်မိသည့်အချိန်တွင် အစောင့်ဝတ်စုံ ဝတ်ထားသော လူတစ်ယောက်က သူ၏လက်အောက်ငယ်သားများနှင့်အတူ ယုဟုန်ပိုနေထိုင်သော ခြံဝန်းထဲသို့ ဝင်သွားခဲ့၏။
အဝေးမှနေ၍ သူတို့မည်သည့်အရာကိုပြောနေကြောင်း မုန့်ချီက မကြားခဲ့ပေ။ သို့သော် ယုဟုန်ပိုက စိတ်လှုပ်ရှားစွာ လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့ဓားကိုဆွဲ၍ အစောင့်နှင့်အတူ ထွက်လာခဲ့၏။
“သူတို့က အန္တရာယ်ရှိနေတဲ့အချိန်မှာတောင် ညကြီးမင်းကြီး အပြင်ထွက်ရဲသေးတယ်။ ဒါဆိုရင် တစ်ခုခုထူးဆန်းတာ ဖြစ်နေတာပေါ့။ ဒါတိရစ္ဆာန်နတ်ဘုရားတွေရဲ့ လှည့်ကွက်လား ဒါမှမဟုတ် ယုရဲတိုက်ရဲ့လျှို့ဝှက်ချက်လား…”
မုန့်ချီက အလွန်စိတ်လှုပ်ရှားသွားပြီး နောက်မှလိုက်သွားခဲ့သည်။ မည်သည့်လှည့်ကွက်ဖြစ်နေစေကာမူသူက ဝမ်းသာနေသည်။
……………….
ယုဟုန်ပိုက ညာလက်တွင် ဓားရှည်ကို တင်းတင်းကိုင်ထားပြီး အစောင့်၏နောက်မှ လိုက်လာခဲ့သည်။ သူ၏မျက်နှာပေါ်တွင် မုန်းတီးမှုများ ပြည့်နှက်နေပြီး တစ်စုံတယောက်ကို အပိုင်းပိုင်းအစစ လုပ်ပစ်ချင်နေပုံရ၏။
မည်သို့ဖြစ်စေကာမူသူက ယုတုန်ကွမ် သဘောအကျဆုံး သားတစ်ယောက်ဖြစ်၏။ သူ၏ခံစားချက်များကို ထိန်းချုပ်နိုင်ခြင်း မရှိချေ။
"သူက ဒီနေရာမှာလား…."
သူ့ရှေ့တွင် ရှိနေသော အဝါရောင်နံရံနှင့် အနက်ရောင်အုတ်ခဲများကို မြင်သည့်အခါ ယုဟုန်ပိုက ကြောက်လန့်တကြား မေးလိုက်၏။၊
"သခင်လေး….
ဝူဖန်းယုက ဒီနေရာမှာ သေချာပေါက်ပုန်းနေတယ်။ ဒီသစ္စာဖောက်က ဝတ်စုံဖြူဓားသမားရဲ့ နာမည်ကိုသုံးပြီး ကျွန်တော်တို့ကို ခြိမ်းခြောက်ချင်နေတာ.."
အစောင့်က ပြန်ဖြေလိုက်သည်။
ယုဟုန်ပိုက သူ့ကိုအေးစက်စွာ ကြည့်လိုက်၏။
"ကျူးမင်ယွမ်…
ဒီနေရာမှာ ဝတ်စုံဖြူဓားသမား ရှိနေတယ်ဆိုတာ မင်းက သိနေတာပဲ။ ဒါတောင် ဝူဖန်းယုကိုဖမ်းဖို့ မင်းက ငါ့ကို တွန်းအားပေးနေသေးတာလား…"
အကယ်၍ ယခုတစ်ကြိမ် ကိစ္စကသာ အရေးမကြီးလျှင် သူကိုယ်တိုင် ထွက်လာလိမ့်မည် မဟုတ်ချေ။ အစောင့်များကို လွှတ်လိုက်လျှင်ပင် လုံလောက်သည်။
"သခင်လေး…
ဒါက အဆင်ပြေပါတယ်။ တကယ်လို့ ဝူဖန်းယုက ဒီမှာပုန်းနေတယ်ဆိုရင်တောင် ကျွန်တော်တို့က သွားလို့ရတယ်။ ကျွန်တော်တို့ကသာ ဝတ်စုံဖြူဓားသမားရှိတဲ့ ခြံဝန်းနားကို ကပ်မသွားဘူးဆိုရင် လုံခြုံပါတယ်။ လွန်ခဲ့တဲ့ နှစ်ရက်လောက်တုန်းက ဒီအတွင်းထဲမှာ လူဆိုးအဖွဲ့တစ်ဖွဲ့ တိုက်ခိုက်ကြသေးတယ်။ ဒါပေမယ့် ဝတ်စုံဖြူဓားသမားက ဝင်ပြီးမနှောင့်ယှက်ခဲ့ဘူး…"
ကျူးမင်ယွမ်က အလျင်အမြန် ရှင်းပြလိုက်သည်။
အကယ်၍ ဝတ်စုံဖြူဓားသမားကို နှောင့်ယှက်မိမည်ဆိုလျှင် အများဆုံး သူ့ကို သင်ခန်းစာပေးမည်သာဖြစ်ပြီး သတ်ပစ်လိမ့်မည်မဟုတ်ေ။သူကတော့ သူ့အဖေ၏ယုံကြည်မှုကို ပြန်ရရန်အရေးကြီးသည်။
ထို့သေူက ဖြည်းညင်းစွာ ခေါင်းညိတ်ပြီးပြောလိုက်၏။
“ကောင်းပြီ သွားကြစို့….”
သူတို့က အဝါရောင်နံရံကို ကျော်တက်လိုက်ပြီးနောက် ဝူဖန်းယု ပုန်းနေသောခြံဝန်းဆီသို့ တရွေ့ရွေ့ကပ်သွားကြသည်။ ခြံဝန်းထဲ၌ ရှာဖွေနေစဉ် ယုဟုန်ပိုက သေချာဂရုစိုက်နေမိသည်။ သို့သော် အိမ်နားပတ်လည်တွင်တော့ မည်သူ့ကိုမှမတွေ့ရချေ။
"သေစမ်း…အထဲမှာ ဘယ်သူမှမရှိဘူး…”
“ဒါပေမယ့် သူ အဲဒီမှာ ရှိခဲ့တယ်…”
ကျူးမင်ယွမ်က အံ့ဩသွားခဲ့သည်။
ယုဟုန်ပိုကမျက်မှောင်ကြုတ်လိုက်ပြီး တံခါးကို တွန်းဖွင့်လိုက်၏။ ထိုအချိန်တွင် သူ့လက်ကို ရုတ်တရက် ဆွဲကိုင်ခံလိုက်ရပြီး မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွားခဲ့၏။
ဝူဖန်းယုက အိပ်ရာပေါ်တွင် တိတ်တဆိတ် လဲကျနေသည်။ သူ၏မျက်လုံးက ပြူးနေပြီး အတော်လေးကို ကြောက်လန့်နေပုံရ၏။ သို့သော် သူက သေသွားခဲ့ပြီဖြစ်သည်။
“ဝှစ် …”
ထိုအချိန်တွင် လေလှိုင်းတစ်ခု တိုက်ခတ်လာပြီး တံခါးက ပိတ်သွားခဲ့၏။ အနက်ရောင်အရိပ်တစ်ခုကလည်း ရုတ်တရက် လှုပ်ရှားလာပြီး သူ့လက်က လျှပ်စီးကြောင်းတစ်ခုပမာ လျင်မြန်လွန်းလှသည်။
သူက ယုဟုန်ပို၏သွေးကြောမှတ်များကို ပိတ်လိုက်၏။ ယုဟုန်ပို၏သိုင်းပညာက ထိုအရိပ်ကို မမီပေ။ သို့သော် သူက သိုင်းပညာအတွေ့အကြုံ လိုအပ်နေခြင်းသာဖြစ်သည်။
သူကတော့ ထိုမြင်ကွင်းကြောင့် ကြက်သေသေသွားပြီး သတိလက်လွတ်ဖြစ်သွားခဲ့၏။ သူက အရိပ်ထဲကို ကြောက်လန့်တကြား စိုက်ကြည့်နေရင်း ပိန်ပိန်သွယ်သွယ် မိန်းမပျိုတစ်ယောက်ကို မြင်လိုက်ရသည်။
သူမက အနက်ရောင်ဝတ်စုံကို ဝတ်ထားပြီး မျက်နှာပေါ်တွင်တော့ အလွန်လှပသော အဖြူရောင်ယုန်မျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
"ယုန်လား…"
သူက အကူအညီတောင်းချင်နေသော်လည်း ထိုနာမည်သာ ထွက်လာခဲ့၏။ မျက်နှာဖုံး၏အောက်တွင် ရှိနေသော အနက်ရောင်မျက်လုံးများက သူ့ကိုစိုက်ကြည့်နေခဲ့သည်။
"သခင်လေးယု…
ဘာမှမစိုးရိမ်ပါနဲ့။ ငါက နင့်ကို ဓားစာခံအနေနဲ့ပဲလိုချင်တာပါ။ နင်သာ ကောင်းကောင်းနေမယ်ဆိုရင် သူက နင့်အသက်ကို ချမ်းသာပေးပါလိမ့်မယ်…"
ယုန်က တိုးတိုးလေးရယ်လိုက်ပြီး သူမ၏အသံက အနည်းငယ်ချိုသာနေသည်။
"နင်က ငါ့ရဲ့သွေးကြောမှတ်တွေကို မတိုက်ခိုက်ခဲ့ဘူး။ ငါ့ကိုဘာလုပ်ခိုင်းချင်နေတာလဲ…"
ယုဟုန်ပိုက အလွန်ဉာဏ်ကောင်းသော လူတစ်ယောက်ဖြစ်ပြီး အတွေ့အကြုံနည်းပါးသည်။ ကျူးမင်ယွမ်ကတော့ မြေပေါ်တွင် လဲကျနေခဲ့၏။
ယုန်က သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်၏။
"နင်က ငါ့လက်ထဲကို ရောက်ပြီဆိုမှတော့ ရတနာမြေပုံအကြောင်းကိုပြောတာ ပိုကောင်းမယ်…"
“ဘယ်သူလဲ …”
ရုတ်တရက်ဆိုသလို သူမက ပြတင်းပေါက်၏ အပြင်ဘက်ကို လှည့်ကြည့်လိုက်သည်။
ထိုအချိန်တွင် ပြတင်းပေါက်က ပွင့်သွားပြီး မျောက်မျက်နှာတစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့၏။
"နံပါတ်(၉)မျောက်လား…"
သူတို့နှစ်ယောက်က အလွန်အံ့အားသင့်စွာ ရေရွတ်လိုက်မိကြလေသည်။
Translated by Hein Htet.