အခန်း (၇၂)
Vol. 5 Ch. 72
ရာသီခွင်နတ်ဘုရား (၁၂)ယောက် သတိထားမိသွားမှာကို စိုးရိမ်နေသည့်အတွက် မုန့်ချီက ယုဟွမ်ပိုကို အဝေးမှနေ၍ စောင့်ကြည့်နေခဲ့သည်။ တံခါးပိတ်သွားသည်ကို မြင်လိုက်ရသည့်အချိန်မှသာ သူတို့ရောက်လာကြောင်း သိသွားခဲ့၏။
ထို့နောက် သူက အိမ်ထဲသို့ တတ်နိုင်သမျှ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။ သူက အခန်းထဲသို့ လှပစွာ ခုန်ဝင်လိုက်ပြီး ပြတင်းပေါက်ကို ပိတ်လိုက်၏။ ထို့နောက် ယုန်က အရင်ဆုံး စကားပြောလာအောင် စောင့်နေခဲ့သည်။ မည်သို့ဖြစ်စေကာမူ တိရစ္ဆာနတ်ဘုရား(၁၂)ယောက်ကြားထဲတွင် သူတို့မသိသော ထုံးတမ်းအစဉ်အလာများ ရှိနေနိုင်၏။
နံပါတ်(၉)မျောက်က သူ့အိမ်ထဲသို့ အလွယ်တကူ ဝင်နိုင်ထွက်နိုင်ကြောင်း မြင်လိုက်ရသည့်အချိန်တွင် ယုဟုန်ပိုက အလွန်ဒေါသထွက်ပြီး မုန်းတီးနေခဲ့သည်။ ယုဟုန်ပိုက သူ့ကိုယ်သူ အလွန်ဉာဏ်ကောင်းသည်ဟု တွေးခဲ့မိသော်လည်း ယုန်နှင့် နံပါတ်(၉)မျောက်တို့ နှစ်ယောက်လုံး၏ လှည့်စားမှုကို အလွယ်တကူ ခံရလိမ့်မည်ဟု လုံးဝ မထင်ထားမိခဲ့ပေ။
သူကတော့ သူ၏မဆင်မခြင်လုပ်ရပ်ကြောင့် စိုးရိမ်ထိတ်လန့်နေသလို သူ့အစောင့်ကလည်း ယာယီသတိလစ်နေခဲ့သည်။
"နင်က ဒီမှာဘာလာလုပ်တာလဲ...."
ယုန်က အရင်ဆုံး မေးလိုက်သည်။
မုန့်ချီက ရယ်လိုက်၏။
"ငါက အဖြူရောင်ကျောက်စိမ်းနှင့် အလဲအလှယ်လုပ်ဖို့အတွက် သူ့ကိုလာခေါ်တာ..။ တကယ်လို့ ပညာရှင်တွေ အများကြီး စောင့်ကြည့်နေမယ်ဆိုရင် ငါကိုယ်တိုင် မလုပ်နိုင်ဘူးလေ..."
သူက ထိုဆင်ခြေကို စဉ်းစားထားခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။ သို့သော် စိတ်ထဲတွင်တော့ ကျိန်ဆဲနေမိ၏။ အကယ်၍ သူ့ဆီ၌ ပြိုင်ဘက်ကင်းစွမ်းရည်မျိုးသာ ရှိနေလျှင် အခန်းထဲ၌ သိုင်းပညာရှင်များ ပြည့်နှက်နေမည်ဆိုလျှင်လည်း ထိုကျောက်စိမ်းကို အလွယ်တကူ ယူသွားနိုင်ပါလိမ့်မည်။
"ဘာလို့ နင်က ဒီလောက်ထိ ပြောင်ပြောင်တင်းတင်း ခိုးယူချင်ရတာလဲ...."
ယုန်ကတော့ သူ့ကို သံသယဝင်နေခြင်း မရှိဘဲ နားမလည်နိုင်စွာ မေးလိုက်သည်။
"ဒါက သိပ်မကြာခင်တုန်းကမှ ငါယူထားတဲ့ တာဝန်တစ်ခုပဲ..။ ငါက အဲဒီလို လုပ်မှရလိမ့်မယ်..."
မုန့်ချီက ဝိုးတဝါး ပြန်ဖြေလိုက်သည်။
ယုန်က တခြားလူ၏တာဝန်ကို မမေးသင့်သည့်အတွက် ခေါင်းညိတ်၍ ပြောလိုက်၏။
"ငါ့ရဲ့တာဝန်က ယုဟုန်ပိုကို ပြန်ပေးဆွဲဖို့ပဲ။ နင်က ဒီကိစ္စအတွက် ငါ့ကို မတိုက်ခိုက်သင့်ဘူး..."
"ကိစ္စမရှိပါဘူး...။ ယုဟုန်ပိုသာ ပျောက်ဆုံးနေမယ်ဆိုရင် ယုတုန်ကွမ်က ငါ့ဆီကို ကျောက်စိမ်းပေးမှာပဲ..."
မုန့်ချီက သေချာစွာ ပြောလိုက်၏။
ထိုအချိန်တွင် သူ၏မျက်လုံးက အနားတွင် ရှိနေသော ပြတင်းပေါက်ကို စိုက်ကြည့်လိုက်မိပြီး လှမ်းအော်လိုက်သည်။
"ဝတ်စုံဖြူဓားသမား…"
ယုန်က အံ့ဩသွားခဲ့ပြီး လှည့်ကြည့်လိုက်သည့် အချိန်တွင် နံပါတ်(၉)မျောက်က သူမဆီကို အရိပ်တစ်ခုကဲ့သို့ ပြေးဝင်လာကြောင်း မြင်လိုက်ရသည်။ ထို့နောက် သူမ၏ သွေးကြောမှတ်များကို ထိုးပိတ်သွားခဲ့၏။
သူမ ခုခံရန် အလွန်နောက်ကျသွားပြီဖြစ်သည်။ သူမကတော့ ရှောင်တိမ်းရမည့်အစား တန်ပြန်တိုက်ခိုက်ခဲ့၏။ သူမက မုန့်ချီ၏ ရင်ဘတ်ကို လက်ချောင်းလေးများနှင့် တိုက်ခိုက်လိုက်သည်။
ယုန်၏အထူးစွမ်းရည်က လက်နှင့် တိုက်ခိုက်မှုများ ဖြစ်သည်။ သူမ၏ သွေးကြောတိုက်ခိုက်ရေးပညာက ဓားပညာသာ အစွမ်းထက်သော နံပါတ်(၉)မျောက်ထက် ပို၍အားနည်းမည်ဟု မယုံကြည်နိုင်သေးပေ။
သူမ၏လှုပ်ရှားမှုက အမှန်တကယ်လည်း မုန့်ချီထက် လျင်မြန်နေခဲ့သည်။ လက်ချောင်းလေးများ လှုပ်ရှားသွားသည့်အချိန်တွင် မုန့်ချီ၏ ရင်ဘတ်ပေါ်၌ ရှိနေသော သွေးကြောပေါင်းများစွာကို တိုက်ခိုက်မိခဲ့သည်။
သို့သော် မုန့်ချီ၏သွေးကြောထဲမှနေ၍ ရွှေရောင်အလင်းတန်းတစ်ခု တောက်ပလာခဲ့၏။ သူမ၏လက်နှစ်ဖက်ကလည်း မာကျောသော အရာတစ်ခုကို ကိုင်လိုက်မိသည်ဟု ခံစားမိလိုက်သည်။ လက်ချောင်းများ၏ နာကျင်မှုကလည်း အလွန်ပြင်းထန်လှ၏။
တစ်ချိန်တည်းတွင် သူမ၏ရင်ဘတ်ကတော့ လက်ချောင်းပေါင်းများစွာ၏ တိုက်ခိုက်မှုကြောင့် ထုံကျင်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ငြိမ်သက်သွားခဲ့သည်။
မုန့်ချီက လေကို တဝကြီးရှုလိုက်မိ၏။ သူ့ရင်ဘတ်တွင်တော့ ယခုချိန်ထိ ထုံကျင်နေသေးသလို ခံစားနေရသည်။ ယုန်၏သွေးကြောပိတ်စွမ်းရည်က အတော်လေးကို ထူးဆန်းလှ၏။ ထိုအရာက သူ၏ ရွှေခေါင်းလောင်း အကာအကွယ်ကိုပင် အနည်းငယ် ဖောက်ထွက်လာပြီး သူ၏ ချီစွမ်းအင်လှည့်ပတ်မှုကို သက်ရောက်စေနိုင်သည်။ အကယ်၍ သူမ၏တိုက်ခိုက်မှုကို ပြောင်းလဲခဲ့ခြင်းမရှိလျှင် သူက သေချာပေါက်ဆုံးရှုံးသွားနိုင်သည်။
“ကြည့်ရတာ ငါက ပြိုင်ဘက်တွေကို အထင်မသေးသင့်တော့ဘူး....။ နောက်ဆိုရင် ဒီလို ကြမ်းကြမ်းတမ်းတမ်း လှုပ်ရှားတာမျိုးကို သတိထားရမယ်...”
မုန့်ချီက တစ်ယောက်တည်း စဉ်းစားမိလိုက်သည်။
သူက ရာသီခွင်နတ်ဘုရား(၁၂)ယောက်နှင့် ပတ်သက်ပြီး အနည်းငယ်လေးသာ သိထား၏။ အကယ်၍ သူပြောသည့်အရာ တစ်စုံတစ်ခုသာ မှားသွားမည်ဆိုလျှင် သူ့ကို သံသယ ဝင်လာနိုင်သည်။ ထို့ကြောင့် သူက ယုန်ကို မည်သည့်အရာမျှ မမေးခဲ့ပေ။
မူလတုန်းကတော့ သူက သူမကိုဖမ်းပြီး တခြားသော ရာသီခွင်နတ်ဘုရားများ၏ လျှို့ဝှက်ချက်များ ၊ အချက်အလက်များကို မေးမြန်းရန် စဉ်းစားထားခဲ့၏။ ထိုသို့ဆိုလျှင် သူက အဖွဲ့နှင့် ပူးပေါင်းနိုင်ပြီး သူ၏သီးခြားတာဝန်လည်း ပြီးဆုံးသွားပါလိမ့်မည်။
"နင်က ဘာလုပ်ချင်တာလဲ..."
ယုန်က ကြောက်လန့်တကြား မေးလိုက်၏။
မုန့်ချီကတော့ ပြန်မဖြေခဲ့ပေ။ သူမကို ချုပ်နှောင်ထားလိုက်ပြီး ယုဟုန်ပို၏ သွေးကြောကို ပိတ်၍ သူတို့ကို အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။ ဤနေရာက စုံစမ်းစစ်ဆေးရန် ကောင်းမွန်သော နေရာတစ်ခု မဟုတ်ချေ။
သူက ခြံဝန်းထဲသို့ ဝင်လိုက်သည့် အချိန်တွင် ချက်ချင်းရပ်လိုက်မိသည်။ မျောက်မျက်နှာဖုံးအောက်တွင် ရှိနေသော မျက်နှာကလည်း အနည်းငယ်ရှုံ့မဲ့သွားခဲ့၏။
ခြံဝန်းထဲတွင် ရှိနေသော ဝူတုံသစ်ပင်ကြီးဆီမှ သစ်ရွက်ကြွေများ ကျဆင်းနေပြီး အဖြူရောင်လူရိပ်တစ်ခုက လှုပ်ရှားနေခဲ့သည်။ သူ့ဓားဆီမှ ထွက်ပေါ်လာသော အလင်းရောင်က လူတိုင်းကို သတိထားမိစေခဲ့၏။
ဓားသမားက အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်နှင့် မျက်ခုံးထူ၍ နှာတံချွန်သည်။ သူ၏ အဖြူရောင်ဝတ်စုံက လေထဲတွင် လှုပ်ရှားနေပြီး အေးတိအေးစက် မျက်နှာပေါ်တွင် ဆုံးဖြတ်ချက် ပြတ်သားမည့် အရိပ်အယောင်မျိုး ပြည့်နေသည်။ သူ၏မျက်နှာက အတော်လေးကို ချောမောခန့်ညားသော်လည်း နက်မှောင်နေသော မျက်လုံးတစ်စုံက သိမ်းငှက်မျက်လုံးကဲ့သို့ စူးရှတောက်ပလွန်းလှ၏။
"အဲဒါ..သူပဲ..။ ဝတ်စုံဖြူ ဓားသမား လော်ချင်း..."
မုန့်ချီက ထိုနာမည်ကို စဉ်းစားမိလိုက်သည်။ သူက ယခင်လှည့်ကွက်ကြောင့် ပြဿနာတက်သွားခြင်းပေလော။ ဝတ်စုံဖြူဓားသမားက ဤနေရာတွင် ရှိနေခဲ့သည်။
လော်ချင်းက မုန့်ချီကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်၏။
"မင်းတို့ တိရစ္ဆာန်နတ်ဘုရား(၁၂)ယောက်က အဆိုးဆုံး ပြစ်မှုတွေကို ကျူးလွန်ထားတယ်..။ ငါက မင်းတို့ကို ရှင်းပစ်မယ်…"
သူက ဓားကို မြှောက်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"မင်းရဲ့ ဓားကို ထုတ်လိုက်..."
သူက နံပါတ်(၉)မျောက်မဟုတ်ကြောင်း မုန့်ချီက ပြောချင်နေခဲ့သည်။ သို့သော် လော်ချင်းက ရပ်နေမည်ဟု မတွေးခဲ့မိသလို သူ့ကိုယ်သူ ထုတ်ဖော်ရန် အတွေးမျိုးလည်း မရှိချေ။
သူက ယုန်နှင့် ယုဟုန်ပိုတို့ကို ချန်ထားခဲ့ပြီး သူ၏ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် သူ၏စွမ်းအင်များအားလုံးကို ဓားထဲသို့ ပို့ဆောင်လိုက်၏။ ဘယ်လက်ထဲတွင်တော့ တိမ်မုန်တိုင်းအပ်ကို ကိုင်ထားခဲ့သည်။
လော်ချင်းက ဓားရှည်ကို ဆွဲထုတ်လိုက်သည့်အချိန်တွင် ခြံဝန်းထဲ၌ ဓားအလင်းရောင်များ လွှမ်းခြုံသွားခဲ့၏။ ဓားအလင်းရောင်ထဲတွင် အေးစက်မှုများ အေးစက်မှုများ ပြည့်နှက်နေသည်။ ထိုဓားက မုန့်ချီ၏ မြင်ကွင်းအားလုံးကို လွှမ်းခြုံသွားသလို ထင်မှတ်ရ၏။
သူတို့၏ ပတ်ပတ်လည်၌ အလင်းရောင်များ ကျရောက်လာပြီး မည်သည့်အရာကိုမျှ မမြင်ရတော့ချေ။ ထိုအရာက ဓားချက်တစ်ချက်၏ အစွမ်းသာဖြစ်ပြီး အလွန်အံ့ဩစရာ ကောင်းလွန်းလှသည်။
မုန့်ချီ၏ အာရုံများအားလုံး သက်ရောက်ခံလိုက်ရ၏။ လော်ချင်း၏ ဓားချက်တွင် မည်သည့်အရာက အစစ်အမှန် ဓားချက်ဖြစ်ကြောင်း သူလည်း မပြောနိုင်ပေ။ အကယ်၍ သူက ခုခံချင်သည်ဆိုလျှင်ပင် ခုခံ၍ မရမှာ စိုးရသည်။
လော်ချင်းက စိတ်ဝိညာဉ်လျှို့ဝှက်အခန်းပွင့်နေခြင်း ဖြစ်နိုင်၏။ ထို့ကြောင့်လည်း သူက ငယ်ငယ်ရွယ်ရွယ်နှင့် ကွေရှုကဲ့သို့သော ပညာရှင်တစ်ယောက်ကို စိန်ခေါ်ရဲခြင်း ဖြစ်သည်။ သူက ကွေရှုထက်ပင် ပို၍ ကြောက်စရာ ကောင်းနိုင်သေး၏။
သူ၏ခန္ဓာကိုယ်က ပြောင်းလဲမှုမရှိဘဲ ဓားချက်များကသာ ပုံရိပ်ယောင်များ ပေါ်နေခြင်း ဖြစ်သည်။ မုန့်ချီ၏အပ်ကတော့ တစ်နေရာကိုသာ ပစ်မှတ်ထားနိုင်သည့်အတွက် သူ့ကို တိုက်ခိုက်၍ မရနိုင်ပေ။
ထို့ကြောင့် မုန့်ချီက မျက်လုံးမှိတ်လိုက်ပြီး အကြားအာရုံကို စွန့်လွှတ်၍ အတွေ့အထိ ခံစားမှုများကို လျစ်လျူရှုလိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံးက ရုတ်တရက် တိတ်ဆိတ်သွားပြီး သူကိုယ်တိုင်က ဗုဒ္ဓခန်းမထဲတွင် ကျမ်းစာများကို ရွတ်ဖတ်နေသလို ခံစားလိုက်ရသည်။သူက သူ့ကိုယ်သူ မေ့လျော့ပစ်လိုက်ပြီး မနက်စောစောစီးစီး ခေါင်းလောင်းတီးနေသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
စက္ကန့်ပိုင်းလေးအတွင်းဓားရှည်တစ်ချောင်း ပေါ်လာခဲ့၏။ ကျောင်းဆောင်ကြီးကလည်း ပျက်စီးသွားပြီး ဆူညံသံများ ထွက်ပေါ်လာသည်။ ခေါင်းလောင်းနှင့် တုတ်တံကလည်း ပျက်စီးသွားခဲ့၏။ မုန့်ချီက မည်သည့်အရာကိုမျှ ဖုံးကွယ်မနေတော့ဘဲ သူ့ဓားနှင့် တိုက်ခိုက်လိုက်သည်။ သူက လော်ချင်း၏တိုက်ခိုက်မှု အရင်းအမြစ်ကို မှော်ဆန်စွာ နားလည်သွားခဲ့၏။
လော်ချင်းကတော့ မုန့်ချီ၏ ဓားဆန္ဒကြောင့် နှောင့်ယှက်ခံလိုက်ရပြီး လုံးဝကို မှင်တက်သွားပုံရသည်။ သူ၏ဓားရှည်ကလည်း နှေးကွေးသွားခဲ့၏။
မုန့်ချီ၏ တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်က လော်ချင်းဆီသို့ ကျရောက်လာတော့မည့် အချိန်တွင် ခြံဝန်းထဲသို့ လူ(၈)ယောက် ခုန်ဝင်လာခဲ့သည်။ တချို့က လက်ဗလာနှင့်ဖြစ်ပြီး တချို့က တုတ်ရှည်နှင့် တခြားလက်နက်များကို သယ်ဆောင်ထားသည်။ သူတို့အားလုံးက ကြွက်၊ကျား၊ကျွဲ၊ မြွေနှင့် တခြားသော တိရစ္ဆာန်မျက်နှာဖုံးများကို ဝတ်ဆင်ထားကြသည်။
"ရာသီခွင်နတ်ဘုရား(၁၂)ယောက်လား..."
မုန့်ချီက အလွန်အံ့ဩသွားခဲ့ပြီး သူ၏တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို ရုတ်သိမ်းလိုက်သည်။
ထိုတိရစ္ဆာန်နတ်ဘုရားများက သူ့အစား လော်ချင်းကို ပစ်မှတ်ထားနေကြခြင်း ဖြစ်နိုင်၏။ လော်ချင်း မှင်တက်နေသည်ကို အခွင့်ကောင်းယူပြီး သူတို့က ဓားရှည်များ တုတ်များနှင့် တဟုန်ထိုး တိုက်ခိုက်လိုက်ကြသည်။
လော်ချင်းကလည်း သူ၏ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး သူတို့၏ တိုက်ခိုက်မှုကို တားဆီးလိုက်၏။ သူတို့၏လက်နက်အများစုကတော့ အရိပ်များကိုသာ တိုက်ခိုက်မိသော်လည်း ရာသီခွင်ကြွက်၏လက်ဖဝါးကတော့ လော်ချင်း၏ အနားကို ကပ်သွားနိုင်ခဲ့သည်။
လော်ချင်း၏ မျက်နှာအမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။ သူက ဓားကို ပြန်ပက်လိုက်ပြီး ဓားနှောင့်နှင့် ရာသီခွင်ကြွက်၏ လက်ဝါးချက်ကို ရင်ဆိုင်လိုက်သည်။
သူတို့က မုန့်ချီကို အသုံးချပြီး လော်ချင်းကို သုတ်သင်ရှင်းလင်းရန် ကြိုးစားနေခြင်းပေလော။ သူက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကို ပြီးဆုံးအောင် မသုံးခဲ့သည်မှာ ကံကောင်းသွားသည်ဟု ခံစားမိခဲ့၏။ မဟုတ်လျှင် သူ၏ဝှက်ဖဲက ပေါ်သွားနိုင်သည်။
ထို့ပြင် သူက ထိုအရာကို သုံးလိုက်လျှင် တိရစ္ဆာန်နတ်ဘုရားများနှင့် ရင်မဆိုင်ခင် သူ၏ စွမ်းအားများ ကုန်ဆုံးသွားနိုင်သည်။ ထိုသို့ဆိုလျှင် ဤနေရာ၌ သတ်ဖြတ်ခံရနိုင်ပြီး အပြင်ဘက်တွင်လည်း အလစ်ချောင်းတိုက်ခိုက်မှုများ စောင့်နေနိုင်သည်။
မုန့်ချီက ထိုပဋိပက္ခထဲတွင် ဆက်လက်ဝင်ပါလိုခြင်း မရှိချေ။ ထို့ကြောင့် ယုဟုန်ပိုကို ဆွဲခေါ်ပြီး ထွက်ပြေးသွားခဲ့သည်။ သူက မည်သည့်ဟာကွက်မျိုး ပေါ်သွားကြောင်း သူကိုယ်တိုင်လည်း မသိပေ။ သို့သော် သူက ဟန်ဆောင်ထားသူ တစ်ယောက် ဖြစ်ကြောင်း တိရစ္ဆာန်နတ်ဘုရားများက သတိထားမိသွားသည်မှာ သေချာသည်။
ထို့ကြောင့်လည်း သူတို့က ယုဟုန်ပိုနှင့် ထောင်ချောက်ဆင်ပြီး လော်ချင်းနှင့် တိုက်ခိုက်အောင် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ ထိုအခြေအနေတွင် သူတို့ကတော့ လော်ချင်းကို အဆုံးသတ်ရန်သာ ကြိုးစားနေကြ၏။ ထို့ကြောင့် သူက ယုန်ကို ခေါ်သွားခြင်း ရှိမရှိ ကိစ္စမရှိတော့ပေ။
တိရစ္ဆာန်နတ်ဘုရားများက ဝတ်စုံဖြူဓားသမားကို ရင်ဆိုင်နေကြသေးသည့်အတွက် မည်သူကမျှ မုန့်ချီကို တားဆီးခဲ့ခြင်း မရှိချေ။
ယုန်ကသာ ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်ပြီး အခြေအနေကို စောင့်ကြည့်နေခဲ့၏။ သူမ၏သွေးကြောများက အမှန်တကယ် အပိတ်ခံခဲ့ရခြင်း မရှိချေ။
"နင့်ရဲ့သွေးကြောပိတ်တဲ့ စွမ်းရည်လောက်နဲ့များ ငါ့ကို သွေးကြောပိတ်ချင်နေသေးတယ်..။ ငါက နင့်ကို လှည့်စားခဲ့ရုံပဲ..."
သူမက အံကြိတ်လိုက်သည်။ သို့သော် သူမက မုန့်ချီ၏ပြိုင်ဘက် မဟုတ်ကြောင်း သိနေခဲ့၏။ ထို့ကြောင့် မုန့်ချီ၏နောက်ကို လိုက်မသွားခဲ့ပေ။
………………….
တာ့ပိုင်ကျောင်းဆောင်၏အဝေးသို့ ရောက်သွားပြီး မြို့ထဲတွင် အကြိမ်အနည်းငယ် လှည့်ပတ်လိုက်ပြီးနောက် မုန့်ချီက ဖြည်းညင်းစွာ ရပ်လိုက်၏။ သူ့ခေါင်းထဲတွင်လည်း မေးခွန်းပေါင်းများစွာ ပေါ်လာခဲ့သည်။
“ငါက အယောင်ဆောင်တစ်ယောက်ဆိုတာ သူတို့က ဘယ်လိုများ တွေ့သွားတာလဲ။ ငါက သတ်စရာမလိုဘဲ လော်ချင်းကို အားနည်းသွားအောင် လုပ်နိုင်တယ်ဆိုတာ ဘာလို့ သူတို့က သေချာနေရတာလဲ။ အမှန်အတိုင်း ပြောရရင် သူတို့က သိုင်းသခင်တစ်ယောက်ကို သတ်ဖို့တောင် လုံလောက်တယ်လေ…”
နောက်တစ်နေ့ညတွင် မုန့်ချီက ယုရဲတိုက်ဆီကို ပြန်ရောက်လာခဲ့ပြီး ပတ်ပတ်လည်သို့ လှည့်ကြည့်နေခဲ့သည်။ ထိုနေရာတွင် လူပေါင်းများစွာ ပြည့်နှက်နေပြီး ရပ်စရာအခန်းပင် မရှိချေ။
သိုင်းပညာရှင်ပေါင်းများစွာက နံပါတ်(၉)မျောက်ကို စောင့်ကြည့်နေကြ၏။ ထိုအဖြစ်အပျက်က အလွန်ဆိုးရွားသောအရာတစ်ခု ဖြစ်သည်။ အကယ်၍ သူတို့သာ ကံကောင်းမည်ဆိုလျှင် နံပါတ်(၉)မျောက်ကိုပင် ဖမ်းဆီးမိနိုင်၏။
"ကိုရင်လေးကျန်းတင်...ဒီကိုလာ...ဒီကို...."
အပေါ်မှနေ၍ ယွဲ့ရှီရှီ၏ အသံကို ကြားလိုက်ရသည်။
မုန့်ချီက လှမ်းကြည့်လိုက်ရာ အမိုးထုပ်တန်းပေါ်တွင် လူငယ်(၄)ယောက် ပုန်းနေကြောင်း တွေ့လိုက်ရသည်။
"ကိုရင်လေးကျန်းတင်...ထိုင်စရာနေရာတောင် မရှိတော့ဘူး..."
နင်တောင်ကူက ပြောလိုက်သည်။
မုန့်ချီကတော့ အနည်းငယ် ရှုံ့မဲ့သွားခဲ့၏။ ဤနေရာက တိုက်ပွဲကွင်းပြင်တစ်ခု သို့မဟုတ် သိုင်းလောကဌာနချုပ်တစ်ခု ဖြစ်နေခြင်းပေလော။ မုန့်ချီက ထုပ်တန်းပေါ်သို့ ခုန်တက်လိုက်ပြီး အဝေးတွင် ရှိနေသော ယုရဲတိုက်ကို လှမ်းကြည့်လိုက်သည်။
"နံပါတ်(၉)မျောက်က အခုအချိန်ထိ ပေါ်မလာသေးဘူးလား..."
"ပေါ်မလာသေးဘူး...။ သူကြွယ်နတ်ဘုရားနဲ့ ဆရာကြီးတွေက အဲဒီကျောက်စိမ်းကို သေချာထိန်းသိမ်းထားတယ်လေ..။ ဘယ်သူမှ ခိုးနိုင်မှာ မဟုတ်ဘူး... "
နီယောင်က ပြန်ဖြေလိုက်သည်။
…………..
အဖြူရောင်ကျောက်စိမ်းက ယုရဲတိုက်ထဲတွင် ရှိနေသော ခန်းမထဲရှိ လေးထောင့်စားပွဲတစ်ခုပေါ်တွင် ရှိနေသည်။ ယုရဲတိုက်ထဲတွင် ယုတုန်ကွမ် အပါအဝင် ပညာရှင်(၂၀)ကျော်က ထိုစားပွဲကို ဝိုင်းရံထားကြ၏။ ငှက်များ ပျံသန်းနိုင်ခြင်းမရှိသလို ပိုးကောင်များလည်း ဝင်မလာနိုင်ချေ။
"အဘိုးကြီးယု…
ဘာလို့ဒီလောက်တောင် စိုးရိမ်နေရတာလဲ..။ တကယ်လို့ သိုင်းသခင်တစ်ယောက် ရောက်လာမယ်ဆိုရင်တောင် အတင်းအကြပ်ယူသွားမှပဲ ရနိုင်မယ်။ နံပါတ်(၉)မျောက်က သိုင်းသခင်တစ်ယောက် ဖြစ်နိုင်ပါ့မလား..."
အဘိုးအိုတစ်ယောက် အပြုံးနှင့် ပြောလိုက်သည်။
ယုတုန်ကွမ်က သက်ပြင်းချလိုက်မိ၏။
"ဒါက အေးအေးဆေးဆေးနေလို့လည်း မရနိုင်လောက်ဘူး ထင်တယ်..."
သူ့အသံ မဆုံးသေးခင် အဝေးမှနေ၍ ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရသည်။ အိမ်တစ်ခုလုံးကလည်း တုန်ခါသွားခဲ့၏။
"မိုးကြိုးခန်းမ ပေါက်ကွဲတာလား..."
အဘိုးအိုတစ်ယောက်က ရေရွတ်လိုက်သည်။
"သတိထား...အဲဒါက နံပါတ်(၉)မျောက်ရဲ့ လှည့်ကွက်ဖြစ်နိုင်တယ်…”
ယုတုန်ကွမ်က တခြားသူများကို ကျယ်လောင်စွာ သတိပေးလိုက်၏။
ထိုစကားကြောင့် လူတိုင်းက စားပွဲကို ကျောပေးထားကြပြီး နေရာတွင် စောင်ကြပ်နေကြသည်။ တချို့က တံခါးနှင့် ပြတင်း ပေါက်များကို ကြည့်နေပြီး တချို့ကတော့ မျက်နှာကျက်နှင့် အမိုးကို ကြည့်နေကြ၏။
ရုတ်တရက် ဆိုသလို အဝေးမှနေ၍ လူတစ်ယောက်က အော်ဟစ်လိုက်သည်။
“သခင်လေး(၃)ကို ပြန်ပေးဆွဲသွားပြီ...”
“သခင်လေး(၃)ကို ပြန်ပေးဆွဲသွားပြီ…”
ယုတုန်ကွမ်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။
"မင်းတို့က ဒီနေရာမှာ ခဏနေကြဦး..။ ငါ့သားကို သွားရှာလိုက်ဦးမယ်..."
အဖြူရောင်ကျောက်စိမ်း၏တန်ဖိုးက သူ့သား၏အသက်လောက် တန်ဖိုးမရှိနိုင်ပေ။ ထိုစကားကို မည်သူကမျှ ဆန့်ကျင်နေခြင်း မရှိကြချေ။
အစစ်အမှန်ပစ်မှတ်က ယုတုန်ကွမ်၏ သားဖြစ်နိုင်သည်ဟုပင် သူတို့က တွေးမိလာကြသည်။ ထိုကျောက်စိမ်းကတော့ အာရုံလွှဲရုံ သက်သက်ဖြစ်နိုင်သည်။
သူတို့က ခန့်မှန်းနေကြသည့်အချိန်တွင် ယုတုန်ကွမ်က ထွက်သွားခဲ့သည်။ သူတို့ကတော့ ဆက်လက်စောင့်ကြည့်နေကြ၏။ ခဏကြာပြီးနောက် အသံများက တဖြည်းဖြည်း ငြိမ်သွားခဲ့သည်။
ယုတုန်ကွမ်ကလည်း အားနည်းနေပုံရသော ယုဟုန်ပိုနှင့်အတူ ပြန်လာခဲ့၏။ သူက အထဲသို့ ရောက်လာသည့်အချိန်တွင် မျက်နှာအမူအရာက အေးစက်သွားပြီး စောင့်ကြပ်နေသော ဆရာကြီးများ၏ နောက်တွင်ရှိနေသော စားပွဲကို စိုက်ကြည့်လိုက်သည်။
"အဘိုးကြီးယု...ဘာဖြစ်တာလဲ…"
လူတစ်ယောက်က မေးလိုက်သည်။
ယုတုန်ကွမ်က စားပွဲကို လက်ညှိုးထိုးပြလိုက်၏။
"ကျောက်စိမ်းက အခိုးခံလိုက်ရပြီ…."
ဆရာကြီးများက ပြန်လှည့်ကြည့်လိုက်ပြီး အလွန်အံ့ဩသွားကြသည်။ ကျောက်စိမ်းက စားပွဲပေါ်တွင် မရှိတော့ပေ။ စားပွဲပေါ်တွင်တော့ စာရွက်တစ်ခုသာ ကျန်နေခဲ့တော့၏။
"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်...နံပါတ်(၉)မျောက်...."
ရေးထားသော စာရွက်ပေါ်ရှိ စာကို ဖတ်နေသည့် လူများကတော့ လုံးဝနားမလည်နိုင်သလို ခံစားလိုက်ရလေသည်။
Translated by Hein Htet.