← Chapters

အခန်း (၇၃)

Vol. 5 Ch. 73

အခန်း (၇၃)

Vol. 5 Ch. 73

"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်...နံပါတ်(၉)မျောက်...."

ထိုစကားကို ကြားသည့်အခါ သိုင်းပညာရှင်(၂၀)ကျော်က အလွန်ရှုပ်ထွေးပြီး ရှက်ရွံ့နေကြသည်။ ခန်းမထဲတွင် ရှိနေသော အခြေအနေကလည်း တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။

လူတိုင်းက စောင့်ကြည့်နေသည့်အချိန်တွင် နံပါတ်(၉)မျောက်က အဖြူရောင်ကျောက်စိမ်းကို လျှို့ဝှက်ဆန်းကြယ်စွာ ခိုးယူသွားခဲ့သည်။ ထိုအရာက မယုံကြည်နိုင်စရာ ကောင်းလွန်းလှအောင် ထိတ်လန့်အံ့ဩစရာ ကောင်းနေ၏။ သူတို့ကိုယ်တိုင်ပင် ယုံကြည်နိုင်ဖွယ် မရှိကြောင်း လက်ခံရပါလိမ့်မည်။

သူတို့မျက်နှာက နီလိုက် စိမ်း‌လိုက် ဖြစ်နေ၏။ တချို့ကတော့ လက်(၂)ဖက် တုန်ယင်နေပြီး တချို့ကတော့ အံကြိတ်နေကြသည်။

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…"

လူတစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်၏။

"ဒါက လှည့်စားထားတာပဲ ဖြစ်နိုင်တယ်။ တစ်ယောက်ယောက်က သူ့ကို ကူညီပေးလိုက်တာ…"

အကြီးအကဲ တစ်ယောက်ကလည်း အခြားလူများကိုကြည့်ပြီး ဒေါသတကြီး ပြောလိုက်၏။ နံပါတ်(၉)မျောက်က နတ်ဘုရားတစ်ပါး ဖြစ်နေမှသာ ထိုအရာကို လုပ်နိုင်ပါလိမ့်မည်။

လူအုပ်ကြီးက ငြင်းခုန်နေကြသည့်အချိန်တွင် ယုတုန်ကွမ်က သက်ပြင်းချပြီး ပြောလိုက်၏။

"မိတ်ဆွေတို့….

ဒီကိစ္စအတွက်နဲ့ တိုက်ခိုက်မနေကြပါနဲ့တော့။ ဒီအဖြူရောင်ကျောက်စိမ်းက ဘာမှတန်ဖိုးမရှိပါဘူး။ ဒါက ပစ္စည်းတစ်ခုသက်သက်ပါပဲ…"

"အဘိုးကြီးယု…

ထပ်ပြီးပြောမနေနဲ့။ ငါတို့အားလုံးရဲ့သိက္ခာက အကုန် မြောင်းထဲရောက်သွားပြီ၊ ဒီအဖြူရောင်ကျောက်စိမ်းက သေးပေမယ့် အလွယ်တကူ ရှာလို့ရတယ်။ ဒါကြောင့် မင်းက လူတိုင်းကို စစ်ဆေးဖို့အကြံပေးချင်တယ်…"

သူတို့၏ရိုးသားမှုကို သက်သေပြရန်အတွက် လူတိုင်းက သဘောတူကြသည်။ သို့သော် သူတို့က ပတ်ပတ်လည်တွင် ရှာဖွေနေကြသော်လည်း အဖြူရောင်ကျောက်စိမ်းကိုတော့ မတွေ့ရတော့ပေ။ ယုတုန်ကွမ်ကိုယ်တိုင်ပင်‌ မတွေ့ရချေ။ ခန်းမထဲတွင်လည်း မရှိပေ။ ထိုအခါ ခန်းမတစ်ခုလုံးက လုံးဝကို တိတ်ဆိတ်သွားခဲ့၏။

……………………..

ထိုလူများ၏အော်သံကို ကြားသည့်အချိန်တွင် ယုရဲ‌တိုက်၏ ပတ်ပတ်လည်၌ ပုန်းနေကြသော လူများကတော့ အလွန်စိတ်လှုပ်ရှားပြီး ကြောက်လန့်နေကြသည်။ သူတို့ကလည်း ညအချိန်တွင် လှုပ်ရှားနေသောအရိပ်တစ်ခုကို ရှာဖွေနေကြသည်။

ထိုသို့ကြည့်နေကြသည့်အချိန်တွင် မုန့်ချီကိုယ်တိုင်လည်း နာမည်ကျော် တစ်ယောက်ရောက်လာမည့်အချိန်ကို ထိုင်စောင့်နေရသလို ထင်မှတ်ရ၏။ ခဏကြာပြီးနောက် ဆူညံသံများက ငြိမ်သက်သွားပြီး ညကလည်း တဖြည်းဖြည်း တိတ်ဆိတ်မှောင်မိုက်လာသည်။

"ဒီအခက်အခဲတွေကြောင့် နံပါတ်(၉)မျောက်က ရောက်မလာတော့ဘူးလား…"

နီယောင်က စိတ်ပျက်လက်ပျက်နှင့်‌ပြောလိုက်သည်။

သူတို့က နံပါတ်(၉)မျောက်နှင့်ပညာရှင်များ၏ တိုက်ပွဲကို ကြည့်ချင်နေခဲ့သည်။ ထိုသို့ဖြစ်လာမည်ဆိုလျှင် သူမတို့ကလည်း နံပါတ်(၉)မျောက်ကို တိုက်ခိုက်ရန် ကူညီပေးနိုင်သည်။

“အဖြူရောင်ကျောက်စိမ်းကို ပညာရှင်(၁၂‌)ယောက်က ဝိုင်းရံထားတော့ သိုင်းသခင် တစ်ယောက်ဆိုရင်တောင် ခိုးယူဖို့ အရမ်းခက်တယ်။ နံပါတ်(၉)မျောက်ကတော့ ပြောမနေနဲ့တော့…။ သူက နာမည်ပျက်မှာ ကြောက်လို့ မလာတာပဲ ဖြစ်မယ်…"

ကျိရှင်းက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

နင်တောင်ကူနှင့်ယွဲ့ရှီရှီတို့ကလည်း ထိုအရာကို ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။ သူတို့ကလည်း တူညီစွာ ခံစားမိနေကြ၏။ သို့သော် သူတို့ကတော့ အနားတွင် ရှိနေသော ကိုရင်လေး၏အစွမ်းကို မှတ်မိနေကြသည်။

သူတို့က ကိုရင်လေးကိုကြည့်ပြီး မေးလိုက်၏။

"ကိုရင်လေးကျန်းတင်… ဘယ်လိုမြင်လဲ…"

"ငါ့အမြင်ကို ပြောတာလား…"

မုန့်ချီက ရယ်လိုက်၏။

"နံပါတ်(၉)မျောက်က အဖြူရောင်ကျောက်စိမ်းကိုခိုးဖို့ ယုံကြည်ချက်ရှိမယ်လို့ ထင်တယ်။ မဟုတ်ရင် သူက ဒကာကြီးယုကို ရန်စဖို့ မလိုဘူးလေ…”

“နံပါတ်(၉)မျောက်မှာ တခြားပစ်မှတ်တစ်ခု ရှိမယ် ထင်တယ်။ အဖြူရောင်ကျောက်စိမ်းကို ခိုးတာက အပေါ်ယံပဲ ဖြစ်နိုင်တယ်။ ရာသီခွင် နတ်ဘုရား(၁၂)ယောက်က ရက်စက်ကြမ်းကြုတ်ပြီး ညှာတာမှုကင်းမဲ့တယ်လို့ လူသိများတယ်။ နာမည်ပျက်တာက သူ့ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ဘူး.."

"ကိုရင်လေးပြောတဲ့အတိုင်း နံပါတ်(၉)မျောက်ကသာ ပြောတဲ့အတိုင်း လုပ်မယ်ဆိုရင် သိုင်းလောကမှာ ရှိတဲ့လူတွေက သူ့ကို ရယ်ရမယ့်အစား

ကြောက်ရမှာပေါ့…"

ယွဲ့ရှီရှီနှင့် နီယောင်တို့ကလည်း ခေါင်းညိတ်ပြကြသည်။

ထိုအချိန်တွင် အသံတိုးတိုးကို ကြားလိုက်ရသည်။ စက္ကန့်နှင့်အမျှ အသံက တဖြည်းဖြည်း ကျယ်လာပြီး ပတ်ပတ်လည်သို့ လျင်မြန်စွာ ပြန့်နှံသွားသည်။

"နံပါတ်(၉)မျောက်က အဖြူရောင်ကျောက်စိမ်းကို ခိုးသွားပြီ…."

နင်တောင်ကူ၊ ယွဲ့ရှီရှီနှင့် တခြားလူများက အလွန်ထိတ်လန့်နေသည့်အသံကို ကြားလိုက်ရသည်။ သူတို့က ထိတ်လန့်နေကြပြီး အခြေအနေကို လက်မခံနိုင်ကြပေ။

"ဒါက ဘယ်လိုဖြစ်ရတာလဲ။ အဖြူရောင်ကျောက်စိမ်းကို ပညာရှင်(၁၂)ယောက်က ကာကွယ်ထားတာလေ။ ခြင်တစ်ကောင်တောင် ဖြတ်ပျံသွားဖို့ ခက်တယ်။ သူက ပညာရှင်(၁၂)ယောက်ကို အနိုင်ရခဲ့တာလား…"

“တကယ်လို့ သူသာ အနိုင်ခဲ့မယ်ဆိုရင် နံပါတ်(၉)မျောက်ကို အမြင့်ဆုံး သိုင်းသခင်အဆင့်လို့ သတ်မှတ်နိုင်ပြီ။ ဒါပေမယ့် တိတ်တဆိတ် ခိုးယူသွားခဲ့တာလား။ ဒါကတော့ မယုံကြည်နိုင်စရာပဲ။ သူက တစ္ဆေတစ်ကောင်လိုပါလား…”

သိပ်မကြာခင် သူတို့အားလုံးက သတိပြန်ဝင်လာကြပြီး အလွန်စိတ်လှုပ်ရှားနေသည့် အမူအရာနှင့် ပြောနေကြ၏။ သူတို့စောင့်နေရသည်မှာ တန်သည်ဟုလည်း တွေးနေကြသည်။ နံပါတ်(၉)မျောက်က အမှန်တကယ်ကို လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်းလွန်းလှ၏။

ပတ်ပတ်လည်တွင် ပြောနေကြသော စကားများကို ကြားရသည့်အခါ မုန့်ချီက ပြုံးရုံလေး ပြုံးနေလိုက်၏။‌

……………

လွန်ခဲ့သော နေ့ဝက်ခန့်….

တာ့ပိုင်ကျောင်းဆောင်၏ ပတ်ပတ်လည်၌ ရှိနေသောသစ်တောထဲတွင်…

"ဒါက ရတနာမြေပုံပဲ။ ငါ့သား ဘယ်မှာလဲ…"

ယုတုန်ကွမ်၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့သော အပြုံးမျိုးမရှိတော့ဘဲ အတော်လေးကို မျက်နှာပျက်နေပုံ ရသည်။

"အခု သူက လုံခြုံပါတယ်။ ဒါက မြေပုံအစစ်ဆိုတာ သေချာသွားရင် သူရဲ့နေရာကို ပြောပြမယ်။ ခင်ဗျားက သူ့ကို သွားခေါ်လို့ရပြီ…"

မျက်နှာဖုံးကို ဝတ်ထားသော မုန့်ချီက ပြောလိုက်သည်။

သူက တစ်နေ့လုံး အချက်အလက်များကို ရှာဖေကြည့်ခဲ့၏။ တာ့ပိုင်ကျောင်းဆောင်ထဲ၌ ဖြစ်ခဲ့သောအရာများကို မည်သူမျှ မသိချေ။ ဝတ်စုံဖြူဓားသမားနှင့် တိရိစ္ဆာန်နတ်ဘုရား(၈)ယောက်တို့၏ တိုက်ပွဲကလည်း ပုံရိပ်ယောင်တစ်ခုပမာ ဖြစ်နေသည်။

ဝတ်စုံဖြူဓားသမားက ဒဏ်ရာရသွားခြင်းရှိမရှိ မသိရသလို တိရစ္ဆာန်နတ်ဘုရားများက သေဆုံးခြင်းရှိမရှိကိုလည်း မကြားခဲ့ရပေ။

"မြေပုံနဲ့ ငါ့သားကို တပြိုင်နက်တည်းလဲမယ်…."

ယုတုန်ကွမ်၏မျက်လုံးက အလွန်ကြောက်စရာကောင်းနေ၏။

မုန့်ချီက အေးအေးဆေးဆေး ပြောလိုက်သည်။

"ရတနာမြေပုံက (၄)ခုရှိတယ်။ အဲဒီအရာတွေအားလုံးကို ဘယ်အချိန်မှ စုဆောင်းနိုင်မယ်ဆိုတာ ကျုပ်လည်းမသိဘူး။ ကျုပ်က ဒါကိုစမ်းကြည့်ချင်ရုံပဲ ရှိတာ။ ဒါကိုမရရင်လည်း ဘာမှမဖြစ်ဘူး။ ဒါပေမယ့် သခင်ကြီးယု…ခင်ဗျားမှာ သား(၃)ယောက်ရှိတယ်။ အငယ်ဆုံးသားကတော့ ခင်ဗျားသဘောကျဆုံးနဲ့ မျှော်လင့်ချက်အထားဆုံးပဲ။ ကျုပ်က ရတနာမြေပုံကို လက်လွှတ်ပေးနိုင်တယ်။ ဒါပေမယ့် ခင်ဗျားက ခင်ဗျားသားကို လက်လွှတ်နိုင်ပါ့မလား…"

"မင်းး.....မင်းးးး...."

ယုတုန်ကွမ်က ဒေါသတကြီး အော်လိုက်သည်။

မုန့်ချီက အက်ရှရှအသံနှင့် ရယ်လိုက်၏။

"ခင်ဗျားမှာ ရွေးချယ်ခွင့်မရှိဘူး။ ကျုပ်ရဲ့စည်းမျဉ်းကိုပဲ လိုက်နာရလိမ့်မယ်…"

"တကယ်လို့ ငါ့သားတစ်ခုခုဖြစ်ရင် ငါက မင်းကို ဘဝတစ်လျောက်လုံး လိုက်သတ်မှာ…"

ယုတုန်ကွမ်က အံကြိတ်ပြီး ရတနာမြေပုံကို မုန့်ချီဆီသို့ ပစ်ပေးလိုက်သည်။

မြေပုံကို ဖမ်းလိုက်ပြီးနောက် ထိုအရာက မူလမြေပုံမဟုတ်ဘဲ ကူးယူထားသော မြေပုံတစ်ခုဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ မုန့်ချီက မြေပုံကို စိုက်ကြည့်လိုက်ပြီးနောက် ပြန်မေးလိုက်၏။

"ခင်ဗျားက ကွေရှုကို‌ မူလမြေပုံပေးပြီးသွားပြီ မဟုတ်လား…"

"ဟုတ်တယ်။ ဒါက ကူးထားတာပဲ…"

ယုတုန်ကွမ်က အမှန်တရားကို ဖုံးကွယ်ထားခြင်း မရှိပေ။

"ကျုပ်က ဒီတစ်ကြိမ်တော့ ခင်ဗျားကို ယုံလိုက်မယ်။ တကယ်လို့ ဒီမြေပုံကသာ အတုဖြစ်နေရင် ကျုပ်က ခင်ဗျားကို မနိုင်ရင်တောင် ခင်ဗျားမိသားစုကို သတ်ပစ်နိုင်တယ်။ သူတို့ အိမ်ထဲကနေ ထွက်လာတာနဲ့ ကျုပ်လက်ကနေ သေချာပေါက် လွတ်မြောက်မှာ မဟုတ်ဘူး။ သူတို့က သေခြင်းတရားကနေ တစ်ကြိမ် နှစ်ကြိမ်လောက် ရှောင်နိုင်ရင်တောင် တစ်သက်လုံးတော့ မရှောင်နိုင်ပါဘူး…"

ယုတုန်ကွမ်က နှာခေါင်းရှုံ့လိုက်သည်။

"ငါက ငါ့သားရဲ့အသက်ကို လောင်းကြေးမထပ်ဘူး။ အခုသူရဲ့နေရာကို ပြောလို့ရပြီလား…"

"စိတ်အေးအေးထားပါ။ ခင်ဗျားကို မေးစရာရှိသေးတယ်…"

မုန့်ချီက ရယ်လိုက်သည်။

"မင်းက ရတနာမြေပုံကိုပဲ တောင်းဆိုခဲ့တာ မဟုတ်ဘူးလား…"

ယုတုန်ကွမ်က ရူးသွပ်သွားသလို ခံစားလိုက်ရသည်။

မုန့်ချီက အလွန်အေးစက်သော လူတစ်ယောက်သဖွယ် ဟန်ဆောင်ပြီး ပြောလိုက်၏။

"ကျုပ် ခင်ဗျားကို ပြောပြီးပြီးလေ။ ခင်ဗျားက ကျုပ်ရဲ့စည်းမျဉ်းတွေကိုပဲ လက်ခံရမှာ.."

ယုတုန်ကွမ်က လက်သီးကို တင်းတင်းဆုပ်လိုက်သည့်အတွက် သွေးကြောများပင် ပေါ်နေခဲ့သည်။ ခဏကြာသည့်အချိန်တွင် သူက တည်ငြိမ်သွားပြီး ပြောလိုက်၏။

"ကောင်းပြီ။ ဘာမေးမှာလဲ…မေး.."

မုန့်ချီက အသံကို အနည်းငယ်မြှင့်၍ ပြောလိုက်သည်။

"ကွေရှုက သွမ့်မင်းချန်ကို ဘယ်နေရာမှာ ဖမ်းထားတာလဲ…."

ယုတုန်ကွမ်က မုန့်ချီကို အံ့ဩထိတ်လန့်စွာ ပြန်လှည့်ကြည့်လိုက်သည်။

"မင်းက ဒီသတင်းကို ဘယ်နေရာကနေ ကြားခဲ့တာလဲ…"

"အဲဒါကအမှန်ပဲဆိုတာ ကျုပ် သေချာသိတယ်။ သွမ့်မင်းချန် အခုဘယ်မှာလဲဆိုတာပဲ ကျုပ်က သိချင်တာ…"

မုန့်ချီက တည်ငြိမ်စွာ ပြောလိုက်သည်။

"ရယ်စရာပဲ။ ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…"

ယုတုန်ကွမ်က အေးစက်စွာ ပြောလိုက်သည်။

မုန့်ချီက အက်ရှရှလေသံနှင့် ပြောလိုက်၏။

"ဆရာကြီးယု…

ခင်ဗျားက နှင်းနတ်ဘုရားနန်းတော်ရဲ့ အစောင့်အရှောက်မျိုးဆက်ဆိုတာကိုရော ဘာလို့ ကျုပ်က သိနေတာလဲ မသိချင်ဘူးလား…"

"မင်းက နှင်းနတ်ဘုရားနန်းတော်ရဲ့ သစ္စာဖောက်တွေဆီက ကြားခဲ့တာ မဟုတ်ဘူးလား…"

ယုတုန်ကွမ်က နှင်းနတ်ဘုရားနန်းတော်၏ သစ္စာဖောက်များကို လေးစားမှုမရှိဘဲ တည့်တိုးသာပြောလိုက်သည်။

မုန့်ချီက ရယ်လိုက်၏။

"မဟုတ်ဘူး။ ကျုပ်ကို ပြောလိုက်တာ ဖေးကျန်းချင်ပဲ။ ယခုသွမ့်မင်းချန်က ဘယ်မှာရှိလဲဆိုတာကိုပဲ ကျုပ်က ရှင်းရှင်းလင်းလင်း သိချင်တာ။ ဖေးကျန်းချင်က ကျုပ်ကို နှင်းနတ်ဘုရားနန်းတော်နဲ့ အာရုံလွှဲဖို့ ကြိုးစားခဲ့တယ်။ ခင်ဗျားက‌ သစ္စာဖောက်တစ်ယောက် ဖြစ်နိုင်တယ်လို့ သူက သေချာပြောခဲ့တာ။ ပြီးတော့ စာတွေကနေတဆင့် နှင်းနတ်ဘုရားနန်းတော်နဲ့ ဆက်သွယ်နေတယ်လေ.."

"စာ ....ဟုတ်လား သေစမ်း… ဖေးကျန်းချင်…"

မုန့်ချီက ထိုစာများအကြောင်းကို ကြားခဲ့ကြောင်း ယုတုန်ကွမ်က ယုံကြည်သွားသည်။ ထိုနေ့ညတွင် စာလက်ခံသည့်သူကို သူကိုယ်တိုင်သတ်ပစ်ခဲ့၏။ သို့သော် ထိုစာများကို ဖျက်စီးခဲ့ခြင်းရှိမရှိ မသေချာခဲ့ပေ။ ထိုအရာများက ဖေးကျန်းချင်၏ လက်ထဲတွင် ရှိနေခြင်းရှိမရှိ သူလည်း မသိခဲ့ချေ။

မုန့်ချီက တည်ငြိမ်စွာပြောလိုက်၏။

"ဒါတွေအားလုံးကို ခြုံကြည့်ရမယ်ဆိုရင် အဲဒီညမှာ ကျုပ်ကို တိုက်ခိုက်ခဲ့တာက မြို့စားမင်းကွေပဲ။ ကျုပ်က သွမ့်မင်းချန်ရဲ့နေရာကို ရှာတွေ့မှာမဟုတ်ဘူးလို့ သူက သေချာနေတဲ့အတွက် ကျုပ်ကိုဘ ာမှမလုပ်ခဲ့ဘူး။ ဒါကြောင့်လည်း ဒီနေ့သူ့ကို ဘယ်နေရာမှာ ဖမ်းထားလဲဆိုတာ ကျုပ်က ခင်ဗျားကိုမေးနေတာ…"

"အစ်ကို(၅)က မင်းကိုတိုက်ခိုက်ခဲ့တာလား…"

ယုတုန်ကွမ်က မကောင်းဆိုးဝါးတစ်ကောင်ကို ကြည့်နေသည့်အလား မုန့်ချီကို ကြည့်နေမိသည်။ မုန့်ချီက ကွေရှု၏တိုက်ခိုက်မှုကို ခံရသော်လည်း အသက်ရှင်နေသေးသည့်အတွက် သူက မယုံကြည်ခဲ့ပေ။

မုန့်ချီကပြုံးလိုက်၏။

"ကျုပ်မှာ ကာကွယ်ပေးနိုင်တဲ့ ပစ္စည်းတစ်ခုရှိတယ်။ ဒါကြောင့် မြို့စားမင်းကွေက နောက်ပြန်ဆုတ်သွားခဲ့တာ။ ဆရာကြီးယု… အခုကျုပ်မေးခွန်းကို ဖြေနိုင်ပြီလား.."

ယုတုန်ကွမ်၏ အမူအရာက အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားပြီး သက်ပြင်းချလိုက်မိသည်။

"ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ သူက ငါ့ကို အဲဒီအကြောင်းတွေ လုံးဝမပြောခဲ့ဘူး။ သူကလည်း‌ ငါ့ရဲ့နှင်းနတ်ဘုရားနန်းတော်က နောက်ကြောင်းတွေကို တော်တော်လေး စိတ်ဝင်စားနေတာ။ ဒါပေမယ့် ငါက နှစ်ပေါင်းများစွာ စီးပွားရေးလုပ်နေတာဆိုတော့ ငါ့ဆီမှာ ငွေကြေးတွေ အများကြီး ရှိနေတယ်။ ဒါကြောင့် ငါလည်း တဖြည်းဖြည်းနဲ့ ရှာဖွေနိုင်ခဲ့တာပဲ။ သွမ့်မင်းချန်ကို မြို့စားရဲတိုက် အကျဉ်းထောင်ရဲ့ အောက်ဆုံးမှာ ဖမ်းထားတာပဲ…”

“နဂိုတုန်းကတော့ သူ့ရဲ့အလောင်းပဲကျန်မယ်လို့ ကျုပ်က တွေးထားတာ။ မြို့စားမင်းကွေက တော်တော်လေးကို သနားကြင်နာတတ်တာပဲ…"

မုန့်ချီက ယုတုန်ကွမ်၏မျက်နှာကို သေချာစိုက်ကြည့်လိုက်သော်လည်း သူ၏မျက်နှာက ပြောင်းလဲသွားခြင်း မရှိပေ။

"သွမ့်မင်းချန်ဆီမှာရှိတာက မြေပုံအတုဖြစ်မှာကို သူက စိုးရိမ်နေတာ။ ဒါကြောင့် သူက အသက်ရှင်လျက် ထားထားတာ။ ကျင်းဟွာက ရတနာတွေရဲ့တည်နေရာကို စစ်ဆေးပြီးသွားတဲ့အချိန်ကျရင် သူကအသတ်ခံရလိမ့်မယ်…"

သူက လျှို့ဝှက်ချက်ကို ပြောပြပြီးသွားသည့်အတွက် မည်သည့်အရာကိုမျှထိမ်ချန်မထားတော့ပေ။

"ဟုတ်လား ။ ဒါကြောင့်လည်း ကျန်းကျုံးရှန်နဲ့သူ့ဇနီးက မိန်းကလေးကွေကို မြေပုံပေးခဲ့တဲ့အချိန်ကစပြီး မြို့စားလေးကွေကို မတွေ့ရတော့တာပဲ…”

“ဒီကိစ္စနဲ့ပတ်သက်ပြီး သူက သူ့သားကိုပဲ ယုံကြည်တယ်…"

ယုတုန်ကွမ်က အပြုံးနှင့်ပြောလိုက်သည်။

"အဲဒီညမှာ မြို့စားမင်းကွေနဲ့ လူဆိုးထိန်းခေါင်းဆောင်ဖေးတို့က ကျန်းတင်ကိုသတ်ဖို့အတွက် လိုဏ်ခေါင်းထဲကနေ ထွက်သွားခဲ့တာ မဟုတ်လား…"

မုန့်ချီက မေးလိုက်သည်။

"အဲဒါကတော့ ငါလည်းမသိဘူး…"

ယုတုန်ကွမ်က ခေါင်းခါပြလိုက်၏။

ထပ်ပြောစရာမရှိတော့သည့်အတွက် မုန့်ချီက သူသိချင်သည့်အရာကို တည့်တိုးမေးလိုက်သည်။

"ကျုပ်ကို အကျဉ်းထောင်ရဲ့တည်နေရာနဲ့ အစောင့်တွေရဲ့ အခြေအနေကို အသေးစိတ်ပြောပြပါ…"

မုန့်ချီ သိချင်သောအရာကို အသေးစိတ်ရှင်းပြပြီးနောက် ယုတုန်ကွမ်က ပြောလိုက်၏။

"နံပါတ်(၉)မျောက်…

အခုဟုန်ပိုက ဘယ်နေရာမှာလဲဆိုတာ ပြောပြလို့ ရပြီလား…"

"ကျုပ်မှာ တောင်းဆိုစရာတစ်ခု ကျန်သေးတယ်…"

မုန့်ချီက ပြုံးလိုက်၏။

ယုတုန်ကွမ်က သက်ပြင်းချပြီး ပြောလိုက်သည်။

"ပြောပါ…"

"ဒီနေ့ညကျောက်စိမ်းပြားကို ခိုးလိုက်ပါ ။ ခင်ဗျား လုပ်နိုင်တယ်ဆိုတာ ကျုပ်သိတယ်…"

မုန့်ချီက ယုတုန်ကွမ်၏မျက်လုံးကို သေချာစိုက်ကြည့်လိုက်သည်။

"ကျောက်စိမ်းက တန်ဖိုးကြီးပေမယ့် ဘာမှထူးခြားတဲ့အရာမဟုတ်ဘူးလေ…"

ယုတုန်ကွမ်က ပြောလိုက်သည်။

မုန့်ချီက ရယ်လိုက်၏။

"ကျုပ်က စကားကို‌ မဖောက်ဖြတ်ချင်ဘူး…"

သူက ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားသည်။

"ကောင်းပြီလေ…"

ယုတုန်ကွမ်က ခေါင်းညိတ်ပြလိုက်၏။

"ကျုပ်က ယုဟုန်ပိုကို တုန်မိသားစုခြံဝန်းထဲမှာ ထားခဲ့တယ်။ ခင်ဗျားက အဖြူရောင်ကျောက်စိမ်းကို ခိုးပြီးသွားရင် အဲဒီကိုသွားလိုက်ပါ။ ပြီးရင်တော့ အဲဒီအဖြူရောင်ကျောက်စိမ်းကို မြစ်ထဲပစ်ချလိုက်ပါ…"

ယုတုန်ကွမ်က မုန့်ချီကို ခဏကြာစိုက်ကြည့်ပြီး လှည့်ထွက်သွားခဲ့လေသည်။

မုန့်ချီကတော့ ထိုနေရာတွင် ရပ်နေပြီး သူပျောက်ကွယ်သွားသည့်အချိန်ထိ စောင့်နေပြီးမှ ရယ်လိုက်မိ၏။

“ငါက တော်တော်လေးကို ဟန်ဆောင်ကောင်းတာပဲ။ ကြည့်ရတာ အမှားတစ်ဝက် အမှန်တစ်ဝက်ပြောတာက တော်တော်လေး အကျိုးရှိတယ်…”

နောက်တစ်နေ့တွင်တော့ နံပါတ်(၉)မျောက် ကျောက်စိမ်း ခိုးယူသွားသည့်သတင်းက ဟိုးလေးတကျော်ကျော် ဖြစ်နေခဲ့သည်။

မုန့်ချီက ကွေကျင်းရှု၏ ဖိတ်ခေါ်မှုကိုရခဲ့၏။ ထိုဖိတ်ခေါ်မှုက မူရှန်၊မူဟန်ထျန်းနှင့် နံပါတ်(၉)မျောက်တို့ကို အနိုင်ရခဲ့သော ကိုရင်လေးကျန်းတင်ကို ဖိတ်ခေါ်ခြင်းဖြစ်သည်။ သူ့ကို တိုက်ပွဲကြည့်ရှုရန်အတွက် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်၏။

“အရာအားလုံးက ဒီနေ့ကိုတော့ ရောက်လာခဲ့ပြီ…”

သူက ရယ်လိုက်မိသည်။ ထို့နောက် အဖြူရောင်အင်္ကျီကို ဝတ်ဆင်လိုက်ပြီး ဝမ်းသာစွာ ထွက်လာခဲ့သည်။

“ကိုရင်လေးကျန်းတင် …”

နင်တောင်ကူနှင့်တခြားလူများကတော့ ခြံဝန်းထဲတွင် စောင့်နေကြပြီး စိတ်လှုပ်ရှားနေကြပုံရသည်။ သူတို့က အရိုအသေပေးလိုက်ပြီးနောက် အံ့သြသွားခဲ့ကြသည်။

ကိုရင်လေးကျန်းတင်က အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နီရဲသောနှုတ်ခမ်းနှင့်ဖြူဖွေးသောသွားများ ရှိနေသည်မှာ အလွန်ချောမောခန့်ညားလွန်းလှသည်။ လွန်ခဲ့သော ရက်အနည်းငယ်ခန့်တွင်တော့ ကိုရင်လေးကျန်းတင်က သိုင်းပညာထူးချွန်သော ကိုရင်လေးတစ်ပါးသာဖြစ်သည်။ ယနေ့တွင်တော့ သူက နာမည်ကျော် ကိုယ်တော်တစ်ပါးကဲ့သို့ဖြစ်နေခဲ့၏။

သူတို့၏အမူအရာကို ကြည့်၍ မုန့်ချီက အတော်လေး ကျေနပ်သွားပြီး လက်ထဲတွင် ဗုဒ္ဓပုတီးကိုင်၍ ပြောလိုက်၏။

"အော်မီတော်ဖော်….ကျေးဇူးပြုပြီး နောက်ကနေ မြို့စားရဲတိုက်ထဲကို လိုက်ခဲ့ကြပါ…"

Translated by Hein Htet.

All Chapters