အခန်း (၇၄)
Vol. 5 Ch. 74
မြို့စားရဲတိုက်က မြို့တောင်ပိုင်းတစ်ခြမ်းလုံးကို နေရာယူထားပြီး ထိုနယ်မြေထဲတွင် ကွေမိသားစု၏ လေ့ကျင့်ရေးနယ်မြေ သိုင်းလေ့ကျင့်ရေးနေရာတစ်ခုရှိသည်။
လေ့ကျင့်ရေးနယ်မြေကို အပြာရောင်ကျောက်တုံးများ ခင်းထားပြီး နေကျသည့်ဘက်ကို မျက်နှာလှည့်ထားသည်။ အရှေ့ဘက်ခြမ်းတွင်တော့ (၁၁)ပေခန့် အမြင့်ရှိသော စင်မြင့်ကြီးတစ်ခုရှိပြီး ပုံမှန်အားဖြင့် မိသားစုမှ အကြီးအကဲများ သိုင်းပြိုင်ပွဲ ကြည့်တတ်သည့် နေရာတစ်ခု ဖြစ်၏။
ယနေ့က တိမ်ကင်းစင်နေသော နေ့တစ်နေ့ဖြစ်ပြီး (၁၁)ပေခန့်အမြင့်ရှိသော စင်မြင့်ပေါ်ရှိ ထိုင်ခုံများပေါ်တွင် လူများပြည့်ကြပ်နေသည်။ သိုင်းလောကရှိ နာမည်ကျော် သိုင်းပညာရှင်များ အားလုံး ရောက်နေကြပြီး သူ၏နောက်တွင်တော့ သူတို့၏တပည့်များ၊ လူငယ်မျိုးဆက်များရှိနေကြသည်။
ထိုပြိုင်ပွဲကို သူတို့၏တပည့်များ ခေါ်လာရသည့် ရည်ရွယ်ချက်ကတော့ သိုင်းသခင်များ၏ ပြိုင်ပွဲကို ကြည့်ရှုပြီး သိုင်းပညာ၏ လေးနက်မှုကို သိစေလိုခြင်းကြောင့် ဖြစ်သည်။ ထိုအရာက သူတို့ကို အမြင်ကျယ်စေလိုခြင်းလည်း ဖြစ်၏။
မုန့်ချီက နင်တောင်ကူတို့ကိုခေါ်ပြီး ရောက်လာခဲ့သည့်အချိန်တွင် နေမွန်းတည့်ချိန် ရောက်နေပြီဖြစ်ပြီး ပြိုင်ပွဲစရန် နာရီဝက်ခန့် လိုနေသေးသည်။ ခေါင်းတွင် သစ်သားဆံထိုး ထိုးထားပြီး အဖြူရောင်ဝတ်စုံဝတ်ထားသော ကွေရှုကတော့ မျက်လုံးမှိတ်၍ ထိုင်ခုံတွင် တိတ်တဆိတ် ထိုင်နေကြောင်း တွေ့လိုက်ရ၏။ သူက ဓားကို ဒူးနှစ်ဖက်ပေါ်တွင် တင်ထားပြီး ပတ်ပတ်လည်မှ ဆူညံသံများကို နားစွင့်နေပုံရသည်။
တံခါးဝတွင် ရပ်နေသော အစောင့်(၂)ယောက်က မုန့်ချီ၏ဖိတ်စာကို စစ်ဆေးကြည့်၍ ကျယ်လောင်စွာ ကြေညာလိုက်သည်။
“ကိုရင်လေး ကျန်းတင်ရောက်လာပါပြီ…”
ဤနေရာတွင် ရှိနေသော လူတိုင်းက သူတို့ကို လှည့်ကြည့်လိုက်ပြီး သိုင်းလောက နာမည်ကျော်များကလည်း အလွန်အံ့အားသင့်စွာ တီးတိုးပြောနေကြသည်။
"သူက ကျန်းတင်လား သူက မူမိသားစုက သားအဖကို ဘယ်လိုများ အနိုင်ရခဲ့တာလဲ။ နာမည်အကျော်ကြားဆုံး နံပါတ်(၉)မျောက်ကတောင် သူ့ကိုရှုံးတယ်လို့ ပြောကြတယ်...။ တကယ့်ကို မယုံကြည်နိုင်စရာပါလား....”
“သူက လူငယ်သူရဲကောင်းတစ်ယောက်ပဲ....။ မျိုးဆက်သစ်တွေက ငါတို့လို အဘိုးကြီးတွေကို ဖယ်ရှားနေပြီ...."
ထိုစကားများကို ကြားသည့်အခါ မုန့်ချီ၏ ရင်ထဲတွင်တော့ အတော်လေး စိတ်လှုပ်ရှားသလို ခံစားနေရသည်။ မျက်နှာပေါ်တွင်တော့ ထိုခံစားချက်များ ပေါ်လာခြင်း မရှိချေ။ သူက ရေရွတ်လိုက်၏။
“အော်မီတော်ဖော်......”
သူက အသံတိုးတိုးနှင့် ရေရွတ်လိုက်ပြီး စင်ပေါ်သို့ တက်သွားလိုက်သည်။ အစေခံ မိန်းကလေးများ၏ အကူအညီနှင့် သူက ထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်လိုက်သည်။ မုန့်ချီ၏နောက်မှနေ၍ နင်တောင်ကူ ၊ ယွဲ့ရှီရှီတို့ ယန်ကျိမြစ်တောင်ပိုင်း သူရဲကောင်း(၄)ဖော် လိုက်လာသည်။
သူတို့ကတော့ အလွန်အမင်းကို စိတ်လှုပ်ရှားနေပုံ ရပြီး ဖြည်းညင်းစွာ လျှောက်လာနေကြ၏။ ဤနေရာတွင် သိုင်းလောက နာမည်ကျော် ပညာရှင်များစွာ ရှိနေပြီး ပုံမှန်အခြေအနေမျိုးတွင်တော့ သူတို့ကို မြင်တွေ့ရရန် ခက်ခဲသည်။ သူတို့က စိတ်မလှုပ်ရှားဘဲ မည်သို့နေနိုင်ကြမည်နည်း။
သူတို့ကတော့ သိုင်းသခင်များ၏ တိုက်ပွဲကို မကြည့်ရလျှင်ပင် ထိုအခွင့်အရေးက အလွန်အဖိုးတန်သည်ဟု ခံစားမိကြသည်။ ထိုပြိုင်ပွဲကတော့ အခွင့်အရေးတစ်ခုဖြစ်ပြီး အနည်းဆုံးတော့ နာမည်ကျော်များက သူတို့ကို မှတ်မိသွားနိုင်သည်။
"ဟိုဒါက သခင်လေး လိုယူကျုံးပဲ။ သူကလည်း ရေလမ်း(၁၈)သွယ်မှာ ပညာရှင်တစ်ယောက်ပဲ ....."
ယွဲ့ရှီရှီနှင့် တစ်ခြားလူများက ဆက်တိုက်ပေါ်လာနေသော နာမည်ကျော်များကို ကြည့်ပြီး စိတ်လှုပ်ရှားနေကြသည်။ သူတို့က မုန့်ချီ၏နောက်မှ လိုက်လာကြသော်လည်း ကိုယ့်ကိုယ်ကိုယ် မနည်းထိန်းချုပ်နေရ၏။ သူတို့က မျက်လုံးကျွတ်ကျလုမတတ် ဖြစ်နေကြသည်။
မုန့်ချီကို ခဏကြာ ကြည့်နေကြပြီးနောက် ထိုနာမည်ကျော်များက ပြိုင်ပွဲအကြောင်းကိုသာ ဆက်လက်ဆွေးနွေးနေကြသည်။ တဖြည်းဖြည်းနှင့် လူပေါင်းများစွာ ရောက်လာပြီး အစေခံများကလည်း သူတို့ကို ဧည့်ခံနေကြသည်။
တစ်ချို့လူများကတော့ ဝတ်စုံဖြူဓားသမားများ၏ နေရာကို ထွက်သွားကြ၏။ ဤနေရာတွင် ရှိနေသော လူတိုင်းက သိုင်းလောကသားများ ဖြစ်ကြသည်။ ကွေရှုကတော့ မျက်လုံးမှိတ်ပြီး တိတ်ဆိတ်နေခဲ့၏။ ထိုဆူညံသံများကိုတော့ ကွေကျင်းရှု နှင့် ဖေးကျန်းချင်တို့က ထိန်းချုပ်နိုင်ပုံ မရချေ။
ထိုအခြေအနေနှင့် ရင်ဆိုင်ရသည့်အချိန်တွင် မုန့်ချီက အစေခံမလေးတစ်ယောက်ကို အပြုံးနှင့် မေးလိုက်သည်။
"ကိုယ်တော်က အပေါ့အပါးသွားချင်လို့ပါ။ ဘယ်နေရာကိုသွားရမလဲ...."
ယခုလိုအခြေအနေတွင် နာမည်ကျော် သိုင်းပညာရှင်တစ်ယောက်က ထိုအရာမျိုးကို မေးနေသည့်အတွက် အစေခံမလေးက အလွန်အမင်းကို အံ့ဩသွားခဲ့သည်။ နင်တောင်ကူ ၊ နီယောင်နှင့် တစ်ခြားသူများကလည်း အလားတူ အံ့ဩသွားခဲ့ကြ၏။
အစေခံမလေးက မုန့်ချီကို ခြံဝန်းထဲသို့ခေါ်သွားပြီး အိမ်သာကိုပြ၍ ပြောလိုက်သည်။
"ကိုရင်လေး…ဒီနေရာပါ....။အပြန်လမ်းကို မှတ်မိတယ် မဟုတ်လား..…"
"မှတ်မိပါတယ်...။ ငါ့ကို စောင့်နေဖို့မလိုပါဘူး...."
မုန့်ချီက ငြိမ်းချမ်းစွာ ပြန်ဖြေလိုက်သည်။
တခြားဧည့်သည်များကို ဧည့်ခံရန်ရှိသေးသည့်အတွက် အစေခံမလေးကတော့ စကားတစ်ခွန်းမျှမပြောတော့ဘဲ အလျင်အမြန် ထွက်သွားခဲ့၏။
ထိုအခါမှသာ မုန့်ချီက သက်ပြင်းချလိုက်မိပြီး သူ၏သိုင်းပညာကို အသုံးချ၍ ယူတုန်ကွမ် ပြောခဲ့သော မြေအောက်အကျဉ်းခန်းထဲသို့ တိတ်တဆိတ် ဝင်သွားခဲ့သည်။ တစ်ချိန်တည်းတွင် အစေခံများစွာကိုလည်း ရှောင်ကွင်းသွားခဲ့ရ၏။ နေ့အချိန် ဖြစ်နေသည့်အတွက် လူအများစုက သူ့ကို သတိမထားမိကြချေ။
ထို့ကြောင့် မုန့်ချီက ဆူညံနေသော လူအုပ်ကြီးကို အခက်အခဲမရှိ ဖြတ်ကျော်လာနိုင်ခဲ့၏။ နောက်ဆုံးတွင်တော့ သူက အနောက်တောင်ဘက်တွင် ရှိနေသော မြေအောက်အကျဉ်းခန်းဆီသို့ ရောက်လာခဲ့သည်။
မြေအောက်အကျဉ်းခန်းနှင့် အတွင်းခြံဝန်းကို ခွဲခြားရန် ထိုနေရာတွင် သစ်သားပြားများ စိုက်ထားသည်။ ထို့ကြောင့် အတော်လေးကို အမြင်ဆိုးလှ၏။
မြေအောက်အကျဉ်းခန်း၏ အပြင်ဘက်နံရံကို ဧရာမကျောက်တုံးကြီးများနှင့် တည်ဆောက်ထားပြီး အတွင်းနှင့် အပြင်ဘက်ကိုဧရာမတံခါးကြီးတစ်ခုနှင့် ခွဲခြားထားသည်။ ထိုတံခါးကို အစွမ်းထက်ပညာရှင်(၂)ယောက် စောင့်ကြပ်နေကြ၏။
မုန့်ချီက ကျောက်တုံးတစ်တုံးကို ကောက်လိုက်ပြီး နံရံ၏တစ်ခြားတစ်ဖက်ကို လှမ်းပစ်လိုက်သည်။
“ဖျောက်…”
ထိုအသံကိုကြားသည့်အချိန်တွင် အစောင့်များက အသံကြားသည့်နေရာကို တစ်ပြိုင်တည်း လှည့်ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် မုန့်ချီက သိန်းငှက်တစ်ကောင်အလား သူတို့ကို လျင်မြန်စွာ တိုက်ခိုက်လိုက်၏။ သူ၏လက်သီး (၂)ဖက်နှင့် ထိုလူများ၏ခေါင်းကို ထိုးချလိုက်သည်။
“ဖျောက် ..ဖြောင်းး…ဖြောင်း...."
မုန့်ချီက သူတို့(၂)ယောက်ကို တိုက်ခိုက်လိုက်သည့်အတွက် သူတို့က သတိလစ်သွားခဲ့ကြသည်။ မုန့်ချီ၏လက်သီးက ပန်းကန်လုံးတစ်ခုကဲ့သို့ ကြီးမားမှု မရှိသော်လည်း အလွန်ပြင်းထန်သည်။
သူတို့၏ သွေးကြောမှတ်များကို ပိတ်လိုက်ပြီးနောက် မုန့်ချီက သံတံခါးဆီသို့ လျှောက်သွားပြီး တံခါးကို ခေါက်လိုက်၏။ သူက တံခါးကို သူတို့၏ အချက်ပေးမှုအတိုင်း ခေါက်လိုက်ခြင်းဖြစ်သည်။
ထိုအချက်ပေးမှုက နှေးကွေးစွာ (၃)ချက်ခေါက်ရပြီး ခပ်မြန်မြန် (၂)ချက် ခေါက်ရခြင်း ဖြစ်သည်။ ထိုအရာကို (၃)ကြိမ်ဆက်တိုက် လုပ်ဆောင်ရခြင်းဖြစ်၏။
ခဏကြာပြီးနောက် သံတံခါးဆီမှ အသံတစ်ခု ထွက်ပေါ်လာပြီး ဖြည်းညင်းစွာ ပွင့်လာခဲ့သည်။ တံခါးက ဖြည်းညင်းစွာ ပွင့်လာသည့်အချိန်တွင် တစ်စုံတစ်ခု လွဲမှားနေကြောင်း နားလည်သွားသည့်အတွက် သူတို့က တံခါးထဲမှ ထွက်ကြည့်ရန် ကြိုးစားလိုက်သည်။
"အစောင့် (၂)ယောက်က ဘယ်ရောက်သွားတာလဲ ...။ ဒီ အဖြူဝတ်ကိုယ်တော်က ဘယ်သူလဲ ....."
သူတို့က ချက်ချင်းဆိုသလိုပင် သံတံခါးကို လျင်မြန်စွာ ပြန်ပိတ်လိုက်သည်။ သို့သော် မုန့်ချီက သံတံခါးကို လက်နှစ်ဖက်နှင့် ကြိုးစား၍ တွန်းဖွင့်လိုက်၏။
"တံခါးကို ဖွင့်လိုက်စမ်း ...."
မုန့်ချီက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင် သွေးကြောများပင် ပေါ်လာခဲ့သည်။ လက်မောင်း ကြွက်သားများလည်း ထွက်လာခဲ့၏။ နောက်တွင် ရှိနေသော လူ (၂)ယောက်ကတော့ တံခါးကို ပိတ်နေသော်လည်း တားဆီးနိုင်ခြင်း မရှိတော့ပေ။
"သူက တော်တော်လေးကို ကြမ်းတမ်းတာပဲ ...."
သူက အလွန်ချောမောခန့်ညားပြီး တည်ငြိမ်သောကိုယ်တော်တစ်ပါးဟု သူတို့က တွေးနေခဲ့ကြ၏။ ယခုတော့ အလွန်ကြမ်းတမ်း ရိုင်းစိုင်းသော လူတစ်ယောက်ဟုသာ တွေးလိုက်မိကြသည်။
မုန့်ချီက သူတို့အကူအညီ မတောင်းနိုင်ခင် မြေအောက်ခန်းထဲသို့ ဝင်လာပြီး သူတို့၏ သွေးကြောမှတ်များကို တိုက်ခိုက်လိုက်သည်။ သူတို့ကို သတိလစ်အောင် တိုက်ခိုက်လိုက်ပြီးနောက် သော့များကို ယူ၍ ဘေးတွင် ပစ်ထားခဲ့လိုက်သည်။
"ဒါက ငါ့ရဲ့ပုံရိပ်ကို ထိခိုက်စေနိုင်တယ်...”
မုန့်ချီက အင်္ကျီဖြူကို ခါလိုက်ပြီး ဓားကို ကိုင်၍ အောက်ထဲသို့ လျင်မြန်စွာ ဆင်းသွားခဲ့သည်။ ထိုမြေအောက်ခန်း၏ အောက်ဘက်တွင် သူ၏ ပစ်မှတ်ရှိနေကြောင်း မုန့်ချီလည်း နားလည်နေ၏။
သူနှင့် တွေ့သည့်လူများကတော့ သူ၏ဓားသွားကြောင့် မူးမေ့သွားပြီး သူတို့၏ သွေးကြောများက ပိတ်ဆို့ခံထားရသည်။ မည်သူကမျှ သူ့ကို အနိုင်မရသည်မှာ ထူးဆန်းနေ၏။
ကြည့်ရသည်မှာ မြေအောက်အကျဉ်းထောင်ထဲကို တစ်စုံတစ်ယောက် ဖောက်ဝင်လာမည်ဟု မည်သူကမျှတွေးထားမိပုံမရချေ။ အကျဉ်းထောင်အစောင့်များနှင့် ပညာရှင်များက စုစည်းနေခြင်း မရှိသည့်အတွက် သူတို့က ပူးပေါင်းတိုက်ခိုက်ရန် ခက်ခဲသည်။ ထို့ပြင် အလွန်ထူးဆန်းသော သူ၏ လှုပ်ရှားမှုကြောင့် မည်သူမှ သတိမထားမိဘဲ လျင်မြန်စွာ ဖောက်ထွက်သွားနိုင်၏။
သူက အလွှာ (၃)လွှာ ဆင်းလာပြီး နောက်ဆုံးတွင်တော့ ယုတုန်ဟွမ်ပြောခဲ့သည့် သံတံခါးလေးဆီကို ရောက်လာခဲ့သည်။ သူက အစောင့်ဆီမှ ယူလာသော သော့ကိုယူပြီး တံခါးကို ဖွင့်လိုက်၏။
သံတံခါးကို ကိုင်လိုက်မိသည့်အချိန်တွင် သူ၏ညာလက်က အေးစက်သွားသလို ခံစားလိုက်ရသည်။ ထိုအရာက မြေအောက်အကျဉ်းထောင်တစ်ခုအစားရေခဲတိုက်တစ်ခုကဲ့သို့ ခံစားနေရ၏။ ထိုအရာက ရေခဲလိပ်၏စွမ်းအားများကို ခံစားခဲ့ဖူးသော မုန့်ချီအပေါ်တော့ သက်ရောက်မှု မရှိနိုင်ပေ။
သူက တံခါးကို ညင်သာစွာ တွန်းဖွင့်လိုက်၏။ သံတံခါး၏နောက်တွင်လည်း ရေခဲများက အေးခဲနေသည်။ လမ်းလေးက ကျဉ်းသော်လည်း အောက်ဘက်မှနေ၍ ရေခဲလှိုင်းများ အပေါ်သို့ တက်လာနေခဲ့၏။
မုန့်ချီကတော့ တည်ငြိမ်နေပြီး လမ်းကျဉ်းလေး၏ အဆုံးကို လျှောက်သွားခဲ့သည်။ ထိုလမ်းကျဉ်းလေးက ပေ(၁၀၀)ခန့်သာ အရှည်ရှိသည့်အတွက် မုန့်ချီက အဆုံးကို လှမ်းမြင်လိုက်ရသည်။ ထိုနေရာတွင်တော့ ရေခဲခန်းတစ်ခု သေချာပေါက် ရှိနေသည်။
လမ်း၏ဘေးနှစ်ဖက်တွင်လည်း မီးတိုင်များ ထွန်းထားသည့်အတွက် ဤနေရာတွင် လင်းနေသည်။ နောက်ဆုံးတွင်တော့ အလင်းရောင်များ တောက်ပနေသော နီလာ အခေါင်းတစ်ခု ရှိနေသည်။
မုန့်ချီက မျက်မှောင်ကြုတ်လိုက်မိပြီး ခြေလှမ်းကို နှေးလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုလမ်းကျဉ်းလေး၏ ထွက်ပေါက်တွင် လူတစ်ယောက် ရပ်နေ၏။
ထိုလူက မီးခိုးရောင်ဆံပင်နှင့် အနီရောင်မျက်နှာရှိနေပြီး မုန့်ချီကို အပြုံးနှင့် ကြည့်နေခဲ့သည်။ ထိုအရာကတော့ ယုတုန်ကွမ်ဖြစ်ကြောင်း မုန့်ချီက နားလည်သွားခဲ့၏။ သူ့နောက်ဘက်တွင် လဲနေသော လူငယ်လေးကတော့ မျက်လုံးမှိတ်နေပြီး သူ၏ခေါင်းပေါ်မှနေ၍ အဖြူရောင်အငွေ့များ ထွက်နေခဲ့သည်။
"မင်းက ဒီနေရာကို ရောက်လာပြီပဲ ...."
ယုတုန်ကွမ်က သူ့ကို အပြုံးနှင့် နှုတ်ဆက်လိုက်သည်။
သူနှင့် မုန့်ချီ၏ရှေ့တွင် ကြည်လင်နေပြီး အလွယ်တကူ သတိမထားမိနိုင်သော ရေခဲနံရံတစ်ခု ရှိနေပြီး အတွင်းနှင့် အပြင်ကို ခွဲခြားထားသည်။
"ဟုတ်တယ် ....။ကျုပ်က ရောက်လာပြီ ....."
မုန့်ချီက တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။
"မင်းရဲ့ပုံစံကို ကြည့်ရတာ မင်းက တစ်ခုခုကို သိထားသလိုပဲ ...."
ယုတုန်ကွမ်ကတော့ လက်နောက်ပစ်ထားပြီး အပြုံးနှင့် ပြောလိုက်သည်။
"ကျုပ်က သိသင့်တဲ့အရာကို သိထားတယ် ....."
မုန့်ချီက သူ၏ဓားသွားကို ကိုင်ထားပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
"မင်းက ဒီနေရာကို လာမယ်ဆိုရင် အဖမ်းခံရနိုင်တာကို မသိဘူးလား ....."
ယုတုန်ကွမ်က ပြောလိုက်သည်။
"ကျုပ်က ဒီနေရာကို မဖြစ်မနေ လာရမှာပဲလေ ....."
မုန့်ချီက ပထမဆုံးအကြိမ် ပြုံးလိုက်၏။
"အခု မင်းက နောင်တရနေပြီလား..."
ယုတုန်ကွမ်ကတော့ မုန့်ချီ ဘာကြောင့် ရောက်လာကြောင်း မမေးခဲ့ပေ။
“တစ်ချို့စိန်ခေါ်မှုတွေက သတ္တိနဲ့ ဆုံးဖြတ်ချက်ကို စမ်းသပ်နေတာလေ..."
မုန့်ချီက သက်ပြင်းချလိုက်မိသည်။
"မင်းရဲ့သတ္တိကတော့ လေးစားစရာပဲ..။ ဒါပေမယ့် မင်းရဲ့ဆုံးဖြတ်ချက်က မှားသွားပြီထင်တယ် ...."
ယုတုန်ကွမ်က ခနဲ့သလို ပြောလိုက်၏။
"နံပါတ်(၉)မျောက်က ဟန်ဆောင်ထားတယ်ဆိုတာ ဘာလို့ တခြားတိရစ္ဆာန် နတ်ဘုရားတွေက သေချာသိနေရတာလဲ..။ ပြီးတော့ ကျုပ်က ဝတ်စုံဖြူဓားသမားကို ခြိမ်းခြောက်နိုင်တဲ့ စွမ်းရည်မျိုး ရှိတယ်ဆိုတာကို ဘာလို့ သူတို့က ယုံကြည်နေတာလဲ ဆိုတာ ကျုပ်အမြဲတမ်း စဉ်းစားနေခဲ့တာ ....."
မုန့်ချီက ခေါင်းခါလိုက်မိသည်။
"အခု အဖြေသိသွားပြီလား ....."
ယုတုန်ကွမ်၏အပြုံးက ပျောက်ကွယ်သွားသည်။
"သိသွားပြီ ဆရာကြီးရာသီခွင်ကြွက်..."
မုန့်ချီက ယုတုန်ကွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။
"မင်းက လော်ချင်းကို ခြိမ်းခြောက်နိုင်တယ်ဆိုတာ အစ်ကို (၅)ပြောတုန်းက ငါလည်း အံ့ဩနေခဲ့တာ ..။ အခုတော့ သူပြောတဲ့ အတိုင်းပါလား...။ ငါတို့က အဲဒါကို ယုံရတော့မယ်....။ မင်းက ငါ့ကို အကြောင်းပြချက်ပြောပြလို့ ရမလား ....."
ယုတုန်ကွမ်က သက်ပြင်းချပြီး ပြောလိုက်၏။
"ခင်ဗျားပြောခဲ့တဲ့စကားလိုပဲလေ...။ ကျုပ်က လူတွေကို သတ်မှာမှ မဟုတ်တာ။ မြို့စားမင်းကွေ ဒါမှမဟုတ် ရာသီခွင်နဂါးက အဲဒါကို ကြောက်မှာတဲ့လား..."
သူက တိမ်မုန်တိုင်းအပ်အကြောင်းကို သိမထားသည့်အတွက် မုန့်ချီက သူ့ကို အလွယ်တကူ ပြောမပြနိုင်ပေ။
တိရစ္ဆာန်နတ်ဘုရားများက လော်ချင်းကို ရင်ဆိုင်ရန် သူ့ကို အသုံးချခဲ့သည့်အတွက် ကွေရှုက ရာသီခွင်နတ်ဘုရား (၁၂)ယောက်နှင့် ပတ်သက်နေနိုင်ကြောင်း မုန့်ချီက ပထမဆုံးအကြိမ် စဉ်းစားမိခဲ့သည်။
သူ့ဆီတွင် သိုင်းသခင်ဗျားကို ခြိမ်းခြောက်နိုင်သော စွမ်းရည် (၂)ခု ရှိသည်။ သူက တိတ်ဆိတ်ငြိမ်သက်ခြင်း ခုတ်ချက်ကိုသုံးပြီး သိုင်းသခင်များကို ခြိမ်းခြောက်နိုင်သည်။ ထို့ပြင် တိမ်မုန်တိုင်းအပ်ကိုတော့ တစ်ကြိမ်သာ ပြခဲ့ဖူး၏။ ထိုအရာကတော့ အနက်ရောင်အရိပ်နှင့် တိုက်ခိုက်ခဲ့ရသည့်အချိန်တွင်ဖြစ်သည်။ ထိုအနက်ရောင် အရိပ်ကတော့ ကွေရှုဖြစ်မည်ဟု တွက်ဆထားခဲ့၏။
အရာအားလုံးကို စစ်ဆေးလိုက်ပြီးနောက် အဖြေကို ရှင်းရှင်းလင်းလင်း သိလာခဲ့သည်။ စလာသည့် အချိန်ကတည်းကစပြီး နံပါတ်(၉)မျောက်က ဟန်ဆောင်နေခြင်း ဖြစ်ကြောင်း သူတို့က သိနေသည်။ အဘယ်ကြောင့်ဆိုသော် သူတို့၏ အဖော်ကို မသိရလောက်အောင် မည်သူမျှ ရူးမိုက်လိမ့်မည် မဟုတ်ချေ။
ဒုတိယနေ့တွင် စမ်းသပ်မှုကတော့ လှည့်ကွက်တစ်ခုသာ ဖြစ်သည်။ နောက်တစ်ခုကတော့ စမ်းသပ်သည့် လူအများစုက တိရစ္ဆာန်နတ်ဘုရားများ ဖြစ်သည်ဟု မထင်ထားခြင်းဖြစ်သည်။ သူတို့က သူ၏သိုင်းပညာကို စမ်းသပ်လိုခြင်းလည်း ဖြစ်နိုင်၏။
သို့သော် ကွေ့ရှုက အနည်းငယ် တွက်ချက်မှု မှားယွင်းသွားခဲ့သည်။ သူက တိမ်မုန်တိုင်းအပ်ကို မသုံးလျှင်ပင် တိတ်ဆိတ်ငြိမ်သက်ခြင်းခုတ်ချက်နှင့် သူတို့၏ အာရုံများကို နှောင့်ယှက်နိုင်သေးခြင်းဖြစ်၏။
ထို့ကြောင့် လော်ချင်းက အနည်းငယ် ရှုပ်ထွေးသွားရုံသာ ရှိသည်။ သူတို့က တိုက်ခိုက်လိုက်သည့်အချိန်တွင် လောချင်းက ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်သည်မှာ တိုက်ခိုက်မှုများကို ကာကွယ်ရန်ဖြစ်သည်။ ထို့နောက် လောိချင်းက သူတို့ကို အခွင့်အရေးနည်းနည်းလေးပင် မပေးခဲ့ချေ။
"ရာသီခွင်နဂါးက မြို့စားမင်းကွေ ဖြစ်နေလိမ့်မယ်လို့ ကျုပ်လည်း မထင်ထားခဲ့ဘူး..။ ဒါကြောင့်လည်း သူက သိုင်းသခင်တစ်ယောက် ဖြစ်နေတာပဲ..."
မုန့်ချီက ယုတုန်ကွမ် ပြန်မဖြေခင် ဆက်၍ ပြောလိုက်သည်။
"ရှောင်ပင်း သေသွားတဲ့ အချိန်ကတည်းကစပြီး အစ်ကို(၅)က သိသိသာသာ ပြောင်းလဲသွားခဲ့တယ်..။ သူက တစ်ချိန်လုံး လူသားနှင့်နတ်ဘုရား အတားအဆီးကို ဖြတ်ကျော်နေပြီး သေသူကို ပြန်ရှင်လာအောင် ကြိုးစားနေခဲ့တာ..။ အဲဒီနောက်မှာတော့ သူက ရာသီခွင်နတ်ဘုရား (၁၂)ယောက်ဆိုတဲ့ အဖွဲ့အစည်းကို တွေ့သွားပြီး သူတို့ရဲ့ အကူအညီနဲ့ သိုင်းကျမ်းတွေကို စုဆောင်းခဲ့တယ်....."
ယုတုန်ကွမ်က သက်ပြင်းချပြီး ဆက်ပြောလိုက်၏။
"ငါပြောနိုင်တာကတော့ ငါတို့က ညီအစ်ကိုတွေ မဟုတ်လား ..။ ဘယ်လိုအရာတွေပဲဖြစ်ဖြစ် ငါတို့က သူ့ကို ထောက်ပံ့ပေးရမယ်..။ ငါတို့လည်း အကျိုးအမြတ်တွေ အများကြီးရခဲ့တယ်လေ...."
ထိုအချိန်တွင် ယုတုန်ကွမ်၏ နောက်ဘက်မှနေ၍ ရေခဲလှိုင်းများ ထွက်ပေါ်လာပြီး စကားလုံးများ ပေါ်လာခဲ့သည်။
"မင်းက ရာသီခွင်နတ်ဘုရား (၁၂)ယောက်ထဲကို ဝင်ဖို့ ကျရှုံးခဲ့တယ်...။ မင်းက ရာသီခွင်နတ်ဘုရား (၁၂)ယောက်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ခဲ့နိူင်တယ်..။ မင်းက သီးခြားတာဝန် ပြီးဆုံးတဲ့အတွက် ကံကြမ္မာအမှတ် (၁၅၀) ရမယ် ..”
“နောက်ထပ်ပေါ်လာတဲ့ သီးခြားတာဝန်(၂)ကတော့ ရာသီခွင်ကြွက်ကို သတ်မယ်ဆိုရင် ကံကြမ္မာအမှတ် (၆၀) ရနိုင်တယ် .။ ရာသီခွင်နဂါးကို သတ်နိုင်မယ်ဆိုရင်တော့ ကံကြမ္မာအမှတ်(၁၂၀) ရမယ် ......"
မုန့်ချီက အပြုံးက ပို၍ပင် ပီပြင်လာခဲ့၏။
"ခင်ဗျားက ကျုပ်လို ကိုရင်လေးကို ရင်ဆိုင်ဖို့အတွက် ဒီလိုထောင်ချောက်ကြီးတစ်ခုတောင် စီစဉ်ထားခဲ့တာလား .."
ယုတုန်ကွမ်က ခေါင်းညိတ်ပြလိုက်သည်။
ထို့နောက် သူက မုန့်ချီ၏နောက်ကျောကို ကြည့်ပြီး ပြောလိုက်၏။
"ထွက်လာခဲ့ပါ…လေလွင့်ဆရာကြီး ....."
Translated by Hein Htet