အပိုင်း (၅၀၉) – ရှင်းမို
Vol. 006 Ch. 509
အပြင်တွင် ရပ်နေသောသူသည် သြဇာတိက္ကမနှင့် ပြည့်စုံသော်လည်း အရင်ကလို နေကဲ့သို့ တောက်ပ ခြင်းမရှိတော့ပေ။ သူ့မျက်နှာတွင် အပြုံးအရယ်မရှိပဲ နာကျင်မှုသာရှိ နေလေသည်။ သူ့တစ်ကိုယ်လုံးသည် ပို၍ အေးစက်လာသည်။
“မင်း”
တစ်ဖက်လူသည် သူမအား မနားတမ်းကြည့်နေသဖြင့် သူမ ဘာပြောရမည်ကို မသိတော့ပေ။ သူ့ကို အသိအမှတ်ပြုရမှာလား မပြုရဘူးလား။
“မင်းတကယ်ပဲပြန်လာတာပဲ” ရှင်းမိုသည် သူမစကားပြောလာသည်ကို မစောင့် တော့ပေ။ သူသည် ချက်ချင်းပင် ဆက်ပြောလေသည် “မငြင်းနဲ့ ယူယူ မင်းမျက်လုံးတွေက မင်းဆိုတာကို သက်သေပြနေတယ်”
သူထိုကဲ့သို့ ပြောသည်ကို သူမကြားသောအခါ ရှီမာယူယူ သက်ပြင်းချကာ သူ့ကို ဝင်ခိုင်းလိုက်သည်။ ထို့နောက် တံခါးကို ပိတ်ပြီး လှည့်ကာ သူ့ကိုကြည့်လိုက်သည်။
“ငါဆိုတာကို မင်းသိတယ်လား”
“မင်း အစိမ်းရောင်မြို့တော်တုန်းက ရေနဲ့ဆွဲထားတဲ့အမှတ်အသားထားခဲ့တယ်လေ ငါတို့နှစ်ယောက်ပဲ အဲအမှတ်အသားရဲ့ အဓိပ္ပာယ်ကိုသိတာလေ ဘယ်သူမှသိတာမဟုတ်ဘူး” ရှင်းမိုသည် ရှီမာယူယူအား ကြည့် လိုက်သည်။
ရှီမာယူယူ ပြန်စဉ်းစားကြည့်ရာ အမှန်တကယ်ပင် အစိမ်းရောင်မြို့တော်က အမှတ်တရ စားသောက်ဆိုင် ရှိ စားပွဲပေါ်တွင် လက်ဖက်ရည်ကို သုံးကာ အမှတ်အသားရေးဆွဲခဲ့သည်။ သူထိုအကြောင်းကို သိမည်ဟု သူမ ထင်မထားခဲ့ပေ။
“မင်းလူမှားသွားမှာ မစိုးရိမ်ဘူးလား” သူမသည် ရုတ်တရက် စိုးရိမ်လာကာ ပခုံးတွန့်လိုက်သည်။
“မင်းပုံစံကိုတွေ့တုန်းကတော့ မသေချာသေးဘူး ဒါပေမဲ့ မိုဒိဆန်းက မင်းနဲ့ရှိနေတယ် ကြားတော့ သေချာသွားတာပဲ” ရှင်းမိုသည် အနည်းငယ် ရင်ခံမိသည်။ သူမ ပြန်လာချိန်တွင် သူမအား ပထမဆုံးတွေ့ရသူမှာ သူ မဟုတ်ပေ။
“ငါဒီမှာရှိတာ ဘယ်လိုသိလဲ မင်းလည်း လေလံပွဲကိုဝင်ပါမလို့လား” သူမလျှောက်သွား ကာ သူ့ဘေး ထိုင်လိုက်ပြီး လက်ဖက်ရည်ငှဲ့ပေးလိုက်သည်။
“ငါတံခါးပိတ်ကျင့်ကြံနေတုန်း အစိမ်းရောင်မြို့တော်ကလူတွေက သတင်းလာပို့တယ် ငါထွက်လာတာနဲ့ ချက်ချင်းပြေးလာခဲ့သေးတယ် ဒါပေမဲ့ မင်းကသွားလိုက်ပြီ ပြီးတာနဲ့ မင်းဒီကိုလာမယ်ဆိုတာ သတင်းတွေစုံစမ်း ပြီး လိုက်လာတာပဲ” ရှင်းမိုသည် လက်ဖက်ရည် တစ်ကျိုက် သောက်ရင်း ရှင်းပြလေသည်။
သူ သတင်းကြားသည်နှင့် ချက်ချင်းလာမည်ဖြစ်ကြောင်းကို သူမ သိသည်။ သို့သော် ဒီလောက် တည့်တိုးဖြစ်လိမ့်မည်ဟု ထင်မထားပေ။
“မင်း… ဒီနှစ်တွေမှာ အဆင်ပြေလား” သူမ မေးလိုက်သည်။
“မဆိုးပါဘူး” ရှင်းမိုသည် ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ်မပြောပေ။ သို့သော် ရှီမာယူယူသည် အကြည့် တစ်ချက်နှင့် ပင်သိလေသည်။ သူသည် သေချာပေါက် အဆင်ပြေမည်မဟုတ်ပေ။ အနည်းဆုံးတော့ သူ ပျော်ရွှင် ခဲ့မည်မဟုတ်ပေ။
သူသည် မသိမသာ အေးစက်သော ရောင်ဝါများထွက်နေသည်ကို ရှီမာယူယူ မြင်သည်။ သူမ သိခဲ့သော လူနှင့် လုံးဝကွဲပြားနေလေသည်။ သူမသည် ချက်ချင်းပင် ဝမ်းနည်းလာ သော်လည်း ပြုံးပြီး ပြောလိုက်သည် “ငါ မင်းနဲ့ နာမည်တူတဲ့လူကို သတ်ခဲ့ဖူးတယ် သိလား ဒါပေမဲ့ အဲဒါ မိန်းကလေးပါ”
သူမ မျက်လုံးထဲမှ အပြုံးကို မြင်သောအခါ သူမသည် သူနှင့်နာမည်တူသော လူကြောင့် ပြုံးလိုက်သည် ကို ရှင်းမိုသိသည်။ သူသည် သူ့အကျင့်အတိုင်း မျက်လုံး လှန်လိုက်သည်။
သူမ ပြောသည့်လူကို သူသိသည်။ ထိုလူသည် ယိလင်းတိုင်းပြည်မှ တော်ဝင် အပျိုတော်ဖြစ်သည်။ သူ တံခါးပိတ်ကျင့်ကြံနေစဉ်တွင် သူမနှင့် ပတ်သတ်သည့် သတင်းများကို လိုက်ပြီးသားဖြစ်သည်။
သို့သော် သူနှင့် နာမည်တူသူမှာ အမျိုးသမီးဖြစ်နေသဖြင့် သူ နေရခက်သည်။
“အဲတုန်းက ငါ့ဝိညာဉ်က ဒဏ်ရာရထားတော့ ငါ့ရဲ့ သေဆုံးတာနဲ့ ပတ်သတ်ပြီး မမှတ်မိသေးဘူး၊ အဲဒါကြောင့် မင်းမှာ နာမည်တူရှိနေတာမသိဘူး ငါသိခဲ့ရင် သူမကို လွှတ်ပေးခဲ့ပါတယ်” သူမ နောက်လေသည်။
သူမ ပြုံးသည်ကို ရှင်းမိုမြင်သောအခါ လက်ဆန့်ကာ သူမနဖူးပေါ်သို့ လက်တင်လိုက် သည်။ သူမ မေး သည်မှာ “မင်းအားရပါးရပြုံးပြီးပြီလား”
“မရသေးဘူး” ရှီမာယူယူ ပြုံးပြီးပြောလေသည်။ သူ့အမူအရာ တည်သွားသည်ကို မြင်မှပင် သူမ ရပ်သွား လေသည်။
“မင်း အကျင့်ကအရင်ကနဲ့ မတူတော့ဘူးဆို တစ်ခုမှ ပြောင်းလဲတာမရှိဘူးလို့ ဘာလို့ငါခံစားမိနေတာလဲ မင်းက အရင်ကလိုပဲ ပျော်တုန်းပြက်တုန်းပဲ” ရှင်းမိုသည် သူမအား ကြည့်လိုက်သည်။
ရှီမာယူယူ၏ မျက်လုံးများသည် နာကျင်မှုများပါဝင်လာကာ “မင်းလို သူငယ်ချင်းဟောင်းကို တွေ့ရတာ ပျော်စရာကောင်းတယ်လေ”
ရှင်းမိုသည် သူမအား ဆက်တိုက်ကြည့်နေရာ သူမမျက်လုံးထဲမှ နာကျင်မှုများကို သိလေသည်။ သူသည် သူမအား နှစ်သိမ့်လေသည် “ဒီနှစ်တွေမှာ ငါမျိုးနွယ်ကို အားကောင်းအောင် လုပ်တယ် မင်းဖြစ်ချင်တယ်ဆိုရင် ကျုံကျောင်မျိုးနွယ်နဲ့ ရင်ယန်နန်းတော် ကို အချိန်မရွေးဖျက်ဆီးလို့ရတယ်၊ မင်းမိသားစုအတွက် လက်စားချေလို့ ရတယ်”
ရှီမာယူယူ ခေါင်းရမ်းကာ ပြောလေသည် “အခုတော့ အချိန်မကျသေးဘူး ပညာရှိစံအိမ်တော်က ရင်ယန် နန်းတော်နောက်ကွယ်မှာ ရှိနေတယ် သူတို့ကို ရှင်းလိုက်ရင် ပညာရှိစံအိမ်တော်က ဒီအတိုင်းထိုင်နေမှာမဟုတ် ဘူး ဖန်လေးနဲ့ ငါက အဲလောက် မသန်မာသေးဘူး ငါတို့ လက်စားချေချင်ရင် အားစိုက်ပြီး အားကောင်းအောင် အရင်လုပ်ရမယ် ပြီးတော့ လာမယ့်နှစ်တွေကို ငါဖန်လေးကို ဆေးကုပေးချင်သေးတယ်”
“ပြီးခဲ့တဲ့တစ်ခေါက်က သူ့ကို တွေ့တုန်းက သူ့ခန္ဓာကိုယ်က ထူးဆန်းနေတာကို တွေ့ခဲ့တယ်၊ ဒါပေမဲ့ သူ့ကို လူလွှတ်ပြီး စစ်ဆေးခွင့်မပြုခဲ့ဘူး အဲဒါကြောင့် အဲဒါနဲ့ပတ်သတ်ပြီး သိပ်မသိဘူး သူဘာဖြစ်တာလဲ”
ရှီမာယူယူသည် ရှီမန်ဖန်အကြောင်းများကို ပြောပြလေသည်။ နားထောင်ပြီးနောက်တွင် သူ၏ ချောမော သော မျက်ခုံးများသည် ထပ်မံကြုတ်သွားပြန်သည်။
“ငါ့လူတွေကို အကြံတောင်းကြည့်လိုက်မယ်” ရှင်းမို ပြောလေသည်။
“ကောင်းပြီ” ရှီမာယူယူသည် သူ့အား မငြင်းပေ။ ရှီမန်ဖန်၏ အသက်အတွက်ဆိုလျှင် အကြွေးဆိုလျှင် တောင် အတင်ခံနိုင်သည်။ အထူးသဖြင့် သူ့အပေါ်ဆို ရသည်။ “ငါတို့ ကောင်းကင်ဂိုဏ်းက အကြီးအကဲကို သွားရှာပြီး အကူအညီတောင်းကြည့်မလို့ သူ့ကို အကြံလည်းတောင်းကြည့်မယ် အခုတော့ ဖန်လေးအခြေအနေ ကအဲလိုပဲ ငါ မင်းကို ဒုက္ခပေးသလိုဖြစ်မှာစိုးလို့ မပြောရဲသေးဘူး”
“မင်းငါ့ကို တကယ်မပြောရင်သာစိတ်ဆိုးမှာ” ရှင်းမိုပြောလေသည်။
“ကောင်းပြီ” ရှီမာယူယူ ပြုံးလိုက်သည်။ သူမသည် စကားကို ဆက်မပြောပဲ “မင်းဒီနှစ်တွေကို အရမ်း သန်မာလာတယ် အနည်းဆုံးတော့ အဆင့်တစ်ဆင့်တက်သွားတာပဲ”
“ဟုတ်တယ် ငါ အမှတ်တမဲ့ပေါင်းများစွာကို ကြုံတွေ့ခဲ့ပြီး နည်းနည်းတော့ သန်မာလာတာပေါ့” ရှင်းမို ပြောလေသည်။
ဒေါက် ဒေါက် ဒေါက်
တံခါးခေါက်သံသည် သူတို့ကို နှောင့်ယှက်လေသည်။ ရှီမာယူယူ မတ်တတ်ရပ်ကာ တံခါးဖွင့်လိုက်ရာ ဝူလင်းယူသည် အပြင်တွင် ရပ်နေသည်ကိုတွေ့လိုက်ရသည်။
သူမ စကားပြောသည်ကို မစောင့်တော့ပဲ သူလက်မြောက်ကာ စာရင်းတစ်ခုကို ပြကာ ပြောလေသည် “ဒါက ရွန်းယွမ်ဆိုင်က ပေးလိုက်တဲ့စာရင်းပဲ ငါအောက်ဆင်းတော့ ယူလာတာ”
ရှီမာယူယူ ဆွံ့အသွားကာ သူ့အားဝင်ခိုင်းလိုက်လေသည်။ သူ သူတို့အား မိတ်ဆက်ပေးလေသည် “ဒါက င့ါစီနီယာအစ်ကို ဝူလင်းယူပဲ ပညာရှိစံအိမ်တော်က မြင့်မြတ်သောသားတော်လေ၊ ဒါက ရှင်းမို ကျွန်တော့် သူငယ်ချင်းကောင်းပဲ”
“တောင်ပိုင်း ရှင်းမျိုးနွယ်ရဲ့ အကြီးဆုံးသခင်လေးပဲ နာမည်ကတော့ ကြီးတယ်” ဝူလင်းယူသည် လျှောက်လာကာ ရှီမာယူယူ အစောက ထိုင်ခဲ့သော နေရာတွင် ဝင်ထိုင် လိုက်သည်။
ရှင်းမျိုးနွယ်က ရှင်းမို… သူသည် အရင်က နာမည်ကြီးသော လူမဟုတ်ပေ။ သို့သော် သူသည် အရသာရှိ သော စားသောက်ဆိုင်များ ဖွင့်သောအခါ လူအများသတိထား မိလာကြသည်။ သို့သော် အစားအသောက် နယ်ပယ်တစ်ခုတွင်သာ နာမည်ကြီးသည်။ သိပ်မကြာခင်ကပင် သူ၏ သတင်းများသည် ပျံ့သွားခဲ့သည်။ ပျင်းရိ သော ရှင်းမျိုးနွယ်၏ သခင်လေးသည် အားကောင်းသော သူ့ဖြစ်လာသည်။ သူ့နာမည်သည် တောင်ပိုင်းတွင် ပြည့်နေကာ တခြားနယ်မြေများကို စတင်ပျံ့နှံ့လာသည်။
“ပညာရှိစံအိမ်တော်ရဲ့ မြင့်မြတ်တဲ့သားတော်ရဲ့ နာမည်ကလည်း ကြီးတာပဲလေ အမြဲတမ်းတွေ့ချင်ခဲ့ တာပါ ဒီနေ့ဒီမှာ တွေ့ရမယ်လို့ ဘယ်သူထင်ထားမှာလဲ” ရှင်းမိုသည် ဝူလင်းယူအား ကြည့်လိုက်သည်။ သို့သော် သူ့အကြည့်များသည် ပြောလိုက်သော စကားလုံးများမှာ စိတ်ရင်းအမှန်မဟုတ်သည်ကို ပြသနေသည်။
တစ်ယောက်သည် ကျော်ကြားသော ရှေးဟောင်းကမ္ဘာဦးနယ်မြေမှ မြင့်မြတ်သော သားတော် ဖြစ်ကာ တစ်ယောက်မှာ နောက်ပိုင်းနှစ်များတွင် တောင်ပိုင်းတွင် အင်အားကြီးထွား လာသူဖြစ်သည်။ သူတို့နှစ်ယောက် သည် တွေ့သည်နှင့် မီးတောက်မည့်အကြည့်များဖြင့် ကြည့်နေခဲ့သည်။
ရှီမာယူယူသည် သူတို့နှစ်ယောက်ကြားမှ တင်းမာမှုကို မသိပေ။ ထိုအချိန်တွင် သူမသည် လေလံပွဲတွင် ပါဝင်မည့် ပစ္စည်းများတွင် အာရုံရောက်နေလေသည်။
“မင်း စိတ်ဝင်စားတာပါလား” ဝူလင်းယူ မေးလိုက်သည်။
“အင်း” ရှီမာယူယူ ခေါင်းညိမ့်လိုက်သည်။ သူမသည် ဆေးဖက်ဝင်ပစ္စည်းအား ညွှန်ပြကာ “ဒါကို သုံးပြီး ဖန်လေးခန္ဓာကိုယ်ထဲက စွမ်းအင်တွေကို ပြန့်အောင်လုပ်ချင်တယ်၊ ပါဝင်ပစ္စည်းနည်းနည်း လည်းလိုသေးတယ် ငါ့မှာ အများစုတော့ရှိတယ် ဒါပေမဲ့ တချို့ဟာတွေက ထူးဆန်းတယ် ဒီဖွတ်မြီးကျောက်စိမ်းက ငါလိုနေတဲ့ ဟာပဲ”
“အဲအချိန်ကျရင် ငါတို့် ရဖို့ပဲလိုတာပေါ့” ရှင်းမိုပြောလေသည်။
“ဒါက နှစ်တစ်ထောင်မှ တစ်ခါပေါ်တဲ့ ရှားပါးပစ္စည်းပဲ အဲဒီမှာကို ဒါမရလိုက်မှာကို ငါစိုးရိမ်နေတုန်းပဲ” ရှီမာယူယူ ပျော်ရွှင်စွာ အော်လိုက်လေသည် “ဒီပစ္စည်းကို ဘယ်လိုပဲဖြစ်ဖြစ် ရအောင်လုပ်ရမယ်”