ကြောက်မက်ဖွယ်ရာခံစားနေရမည့် မြေကမ္ဘာထက်ယံအရှင်သခင်
Vol. 95 Ch. 1324
အခန်း (၁၃၂၄) ကြောက်မက်ဖွယ်ရာခံစားနေရမည့် မြေကမ္ဘာထက်ယံအရှင်သခင်
ရန်ကျောက်ကဲနှင့် ကျန်းရှန်က ဆန့်ကျင်ဘက်ဖြစ်သော်လည်း ရန်ကျောက်ကဲသာ ကျန်းရှန်နေရာမှာဆိုလျှင် အတော်လေး စိတ်ပင်ပန်းမည် ဖြစ်သည်။
အရင်တုန်းက နေဝန်းထက်ယံအရှင်သခင်’ကောင်းဟန်’ က ကျန်းရှန်၏ အကြီးမားဆုံးရန်သူဖြစ်သည်မှာ ပြောနေစရာပင် မလိုပေ။
ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ က အရာရာကို ကိုယ်တိုင်လုပ်ဆောင်တတ်ပြီး သူမ စိတ်ကျေနပ်နှစ်သက်သည့်အတိုင်း လုပ်ဆောင်တတ်ခြင်းများကြောင့် ကျော်ကြားသည်။
သူမသာဆန္ဒရှိသည်ဆိုလျှင် အကြီးအကျယ် ပြဿနာဖြစ်စေသောအလုပ်များကိုလည်း လုပ်မည်သာပင် ဖြစ်သည်။
လဝန်းထက်ယံအရှင်သခင်’လင်ချင်း’ ကတော့ လူမြင်ကွင်းထွက်လာသည်မှာ ခပ်ရှားရှားဖြစ်ပြီး သူမက ကောင်းဟန် ၊ ကျန်းရွှင်ဟွားတို့နှင့် ပိုပြီး ဆက်ဆံရေးကောင်းပုံရသည်။
သို့သော် ကောလဟလများအရဆိုလျှင်တော့ သူမက အတွေးအေခါ်ကောင်းသည့် အမျိုးသမီးတစ်ယောက် ဖြစ်သည်။
သူမက ကောင်းဟန်၏အလုပ်များကို ကူညီပေးနေသော်လည်း သူမ၏လုပ်ရပ်များကို ကောင်းဟန်က ထိန်းချုပ်နေသည်ဟု ကောင်းဟန်ကိုယ်တိုင်ပင် မပြောဝံ့ခဲ့ပေ။
မီးလျှံထက်ယံအရှင်သခင်’စောမင်ကျန့်’ က တစ်ယောက်တည်းနေတတ်သူဖြစ်ပြီး မည်သည့်အရာမဆို သူဘာသာသူ လုပ်ဆောင်ရန် နှစ်သက်သည်။ အခြားသူများနှင့်ယှဉ်လျှင် သူက သိုသိုဝှက်ဝှက်နေတတ်ပြီး ကျင့်ကြံခြင်းကိုသာ ပိုပြီးစိတ်ဝင်စားသည်။
ကျန်းရှန်အနေဖြင့် စောမင်ကျန့်တွင် မည်သည့်အကြံအစည်ရှိမည်ကို စိုးရိမ်နေမည် မဟုတ်ပေ။
ဆန့်ကျင်ဘက်အနေဖြင့် စောမင်ကျန့်ကို မည်သူမှလည်း ညွှန်ကြားစေခိုင်းနိုင်မည် မဟုတ်ပေ။
သို့သော် ခြွင်းချက်တစ်ခုရှိသည်မှာ မုယောက်ကြယ်စင်ထက်ယံအရှင်သခင်’ရှောက်ကျွင်းဟွမ်’ ကတော့ စောမင်ကျန့်ကို စေခိုင်းနိုင်သူ ဖြစ်ပြီး ရှောက်ကျွင်းဟွမ်၏တွေးခေါ်ပုံက ကျန်းရှန်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်။
ရွှေစင်ထက်ယံအရှင်သခင်’ရန်ရှင်းထန်’ ကတော့ ဓားတစ်လက်ပမာ ဖြစ်သည်။
ဓားတစ်လက်သည် ဘယ်သောအခါမှ ကွေးညွှတ်မည်မဟုတ်သလို ရန်ရှင်းထန်သည်လည်း မည်သူတစ်ဦးတစ်ယောက်၏လက်အောက်ကိုမှ အရောက်ခံမည် မဟုတ်ပေ။
ဓားကွေးသွားမည့်အစား ဓားကျိုးပဲ့သွားသည်ကို လက်ခံနိုင်သည်ဖြစ်ရာ ရန်ရှင်းထန်သည် အခြားသူ၏လက်အောက်ခံဖြစ်ခြင်းထက် အသက်သာအသေခံပေလိမ့်မည်။
တခါတရံ ရန်ရှင်းထန်သည် ကောင်းဟန်နှင့် ရှောက်ကျွင်းဟွမ်ထက်ပင် ပြဿနာရှိသူတစ်ယောက် ဖြစ်ခဲ့သည်။
ရေစင်ထက်ယံအရှင်သခင်’ချန်ရွှမ်ကျုန်း’ ကတော့ ခွန်လွန်အထင်ကရကိုးပါးတွင် အတည်ငြိမ်းဆုံးသူ ဖြစ်သည်။ သူ၏ပင်ကိုယ်စရိုက်က ပေါ့ပါးသွက်လက်ပြီး မည်သည့်အရာကိုမှ အရေးမစိုက်သလို မည်သူ့ကိုမှလည်း ဘက်လိုက်ခြင်း မရှိပေ။
သူက လမ်းမှန်တာအိုဝါဒ အထွတ်ထိပ်သို့ပြန်လည်ရောက်ရှိရန်ကိုသာ စိတ်ဝင်စားခဲ့ပြီး မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့် တောင်ပိုင်းချန်စန်းဧကရာဇ် မည်သူ့ကိုမှ ဘက်လိုက်ခြင်းမရှိခဲ့ပေ။
သို့သော် သူက ရွှေစင်ထက်ယံအရှင်သခင်၏ သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်သည်။
အတိတ်တစ်ချိန်က အထက်ဘုံကမ္ဘာတည်ထောင်ခြင်းတွင် သူပါဝင်ခဲ့သည်မှာ ရန်ရှင်းထန်က သူ့ကိုဆက်သွယ်ခဲ့သောကြောင့် ဖြစ်၏။
ရှောက်ကျွင်းဟွမ်က စောမင်ကျန့်ကို အမြဲတမ်းလွမ်းမိုးမှုရှိသကဲ့သို့ပင် ချန်ရွှမ်ကျုန်း၏ ဆုံးဖြတ်ချက်များကိုလည်း ရန်ရှင်းထန်က အမြဲတမ်း လွှမ်းမိုးမှုရှိခဲ့သည်ပင်။
သို့ပေသိ ရန်ရှင်းထန်ကွယ်လွန်သွားသည့်အခါမှာတော့ ချန်ရွှမ်ကျုန်းက မည်သည့်ဘက်မှ မလိုက်တော့ပေ။
ကျန်းရှန်က အကူအညီတောင်းလျှင်တော့ သူက တတ်နိုင်သည့်အခါ ကူညီတတ်သည်။ ကျန်းရှန်ကိုကူညီရန်အတွက် အသက်ပင်စတေးရသည့်ကိစ္စမျိုးကိုတော့ ချန်ရွှမ်ကျုန်းက ဘယ်သောအခါမှ ပြုလုပ်မည် မဟုတ်ပေ။
လျှို့ဝှက်ခြင်းထက်ယံအရှင်သခင်အကြောင်းကတော့ ပြောနေရန်ပင် မလိုတော့ပေ။
ယင်ဟွမ်လျှို့ဝှက်ဧကရာဇ်အကြောင်းစဉ်းစားမိတိုင်း ကျန်းရှန်၏ရင်ထဲတွင် ကြောက်မက်ဖွယ်ရာ ခံစားရလိမ့်မည်ဟု ရန်ကျောက်ကဲ ခန့်မှန်းမိသည်။
အတိတ်တစ်ချိန်က ခွန်လွန်အထင်ကရကိုးပါးတွင် အရည်အချင်းရှိသူ များစွာရှိခဲ့သည်။ သူတို့က မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက်ပိုင်းခေတ် ၊ လမ်းမှန်တာအိုဝါဒကို ပထမဆုံး အလင်းရောင်ပေးသူများ ဖြစ်ကြသည်။
သို့သော် သူတို့အားလုံးက အရည်အချင်းရှိသလို ခေါင်းမာသူများလည်းဖြစ်ကြလေရာ သူတို့ကို ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။
ခွန်လွန်အထင်ကရကိုးပါးလုံးက မတူညီသောအတွေးအခေါ်များရှိကြသည်ဖြစ်ရာ နောက်ဆုံးတွင် အချင်းချင်းလမ်းခွဲခဲ့ကြတော့သည်။
ဤသည်က နှမျောစရာဖြစ်သော်လည်း ကံတရားပြဌာန်းထားသည့် အရာတစ်ခုသာ ဖြစ်၏။
“မြေကမ္ဘာထက်ယံအရှင်သခင်လိုလူမျိုးက သူ့လုပ်ရပ်ကို ပြန်သုံးသပ်နိုင်ကောင်းပေမယ့် သူ့ခံယူချက်ကတော့ အလွယ်တကူယိမ်းယိုင်သွားမှာမဟုတ်ဘူး”
ရန်ကျောက်ကဲက လက်ကိုဝှေ့ယမ်းရင်း ဆိုလိုက်သည်။
“သူက ငါတို့နဲ့တစ်ဖက်တည်းမှာမရှိပေမယ့် ထူးထူးခြားခြား ပြတ်သားတဲ့သူတစ်ယောက်ဖြစ်တယ်ဆိုတာတော့ ဝန်ခံရ၎ဘ် ၊ ပြီးတော့ သူက ဘဝ အတက်အကျ အနိမ့်အမြင့် အများကြီးကို ဖြတ်သန်းခဲ့ရတယ် ၊ အခု သူ့ဘဝက အထီးကျန်ပြီး ကူရာကယ်ရာမဲ့သွားပြီဆိုတော့ ပိုပြီးပြတ်သားလာဖို့ပဲ ရှိတော့တယ်”
အားဟူက ရယ်မောလိုက်ရင်း...
“သူက နေဝန်းထက်ယံအရှင်သခင် လှည့်စားတာကိုခံလိုက်ရတော့ ဘယ်သူ့ကိုမှမယုံကြည်ဘဲ လူတိုင်းကို သံသယဖြစ်နေတော့မှာလား”
ရန်ကျောက်ကဲက ပခုံးတွန့်လိုက်ပြီး...
“ဒါကတော့ ပြောရခက်တယ်”
ခဏမျှ စကားစမြည်ပြောဆိုပြီးနောက် အားဟူနှင့် ရှောင်အိုက်က တင်ပျဉ်ခွေဆက်ထိုင်ပြီး ဆေးလုံးချီ အနှစ်သာရများကို ဆက်လက်စုပ်ယူကာ ကျင့်ကြံနေသည်။
ရန်ကျောက်ကဲကတော့ ဖန်းယွင်ရှန်းနှင့်အတူ တောလမ်းလေးထဲ လမ်းလျှောက်လာခဲ့သည်။
“ရှင်နဲ့အတူ ဗုဒ္ဓဘာသာရဲ့သုခဘုံစကြာဝဠာက ကျဲရှင်ကမ္ဘာကို အတူရောက်ခဲ့ဖူးပေမယ့်... ငရဲကိုးထပ်ကိုသာ စွန့်စားပြီးခရီးထွက်မသွားရင် အမတခုံရုံးရှိနေတဲ့အကြောင်း ကျွန်မ သိမှာတောင် မဟုတ်ဘူး”
ဖန်းယွင်ရှန်းက သက်ပြင်းတစ်ချက်ချရင်း ဆိုလိုက်သည်။
“အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရောပဲပေါ့... အဲဒီအကြောင်းတွေက ကျွန်မကို စိတ်ရှုပ်စေတယ်”
ရန်ကျောက်ကဲက မျက်ဝန်းများကို ကျဉ်းမြောင်းလိုက်ရင်း...
"သူတို့ရဲ့ မူလအစနဲ့ သက်ဆိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိနိုင်တယ် ၊ သဲလွန်စတွေက အကန့်အသတ်ရှိတယ် ၊ ဘယ်လောက်ပဲ မှန်းဆနေပါစေ အဓိပ္ပါယ်သိပ်မရှိဘူး ဖြစ်နေမှာပဲ”
သူက တိုးလျသည့်လေသံဖြင့်...
“မဟာကပ်ဘေးကြီးကာလအတွင်းမှာ ငါတို့မသိတဲ့ကိစ္စတွေ အများကြီးဖြစ်ပျက်ခဲ့ပုံရတယ်”
ခဏနားပြီးနောက် ရန်ကျောက်ကဲက ဆက်ပြောလိုက်သည်။
“တကယ်တော့ အခုချိန်ထိ ကိစ္စရပ်တွေအများကြီးအပေါ်မှာ မသေချာသေးဘူး ၊ ငါတို့လုပ်နိုင်တာက ခန့်မှန်းကြည့်တာပဲ တတ်နိုင်သေးတာ”
“သမင်ဖြူနတ်မိစ္ဆာလိုမျိုးပေါ့... သူ့ရဲ့တန်ခိုးစွမ်းအားက တာအိုဝါဒရဲ့ ထျန်းကျွင်းနယ်ပယ်နဲ့ ကောင်းကောင်းယှဉ်နိုင်တယ် ၊ အဂ္ဂိရတ်ခန်းမကိုရှာဖွေဖို့ သူနဲ့အတူလိုက်လာတဲ့သူတွေက မျက်နှာဖြူမြေခွေးမျိုးနွယ်တစ်ခုတည်းတင်မဟုတ်ဘူး ၊ ကြွေမျက်နှာမြေခွေးမျိုးနွယ်နဲ့ နွားရိုင်းမိစ္ဆာတွေတောင်ပါသေးတယ် ၊ ဒါကိုကြည့်ရင် သမင်ဖြူနတ်မိစ္ဆာတစ်ယောက်တည်း လူရှေ့သူရှေ့ ထွက်လာတာမဟုတ်ဘူးဆိုတာ ခန့်မှန်းကြည့်လို့ရတယ်”
အနောက်သို့ခရီးသွားမှတ်တမ်းခေတ်ကာလ ပြီးသည့်နောက် သိုသိုသိပ်သိပ်နေခဲ့ကြသော နတ်မိစ္ဆာများက အခြေအနေကို အဆုံးသတ်လိုက်ကြဟန်ရှိပြီး တစ်မျိုးနွယ်လုံး တိတ်ဆိတ်စွာ လှုပ်ရှားလာကြသည်။
ရန်ကျောက်ကဲက...
“အမတခုံရုံး ၊ သုခဘုံ ၊ နတ်မိစ္ဆာမျိုးနွယ်တွေတောင် ပြန်ပေါ်လာတယ် ၊ အခု အခြေအနေက ရှုပ်ထွေးနေပြီ”
သူက ဆက်ပြောသည်။
“လူတိုင်းက ငရဲကိုးထပ်ကို သဘောမကျဘူးဆိုရင်တောင် တချို့တချို့တွေကတော့ ယာယီ ပူးပေါင်းမှုတွေ ရှိလာနိုင်တယ်”
ငရဲကိုးထပ်၏တည်ရှိမှုကို မည်သူမှ လျစ်လျူမရှုခဲ့ကြပေ။
မဟာကပ်ဘေးကြီးကြောင့် ဖြစ်ပေါ်လာသော အခက်အခဲများကို ရင်ဆိုင်ရသော ကာလများတွင်ပင် တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် မြောက်ပိုင်းကြယ်စင်ဧကရာဇ်တို့က ငရဲကိုးထပ်ကို မေ့မထားခဲ့ကြပေ။
မဟုတ်ပါက ရာဟုကြယ်ထက်ယံအရှင်သခင်’ကျန်းရွှင်ဟွား’ အနေဖြင့် လှုပ်ရှားမှု ပြုလုပ်မည် မဟုတ်ပေ။
သို့သော် သူမက နဂိုကတည်းက ‘ဓမ္မအဆုံးသတ်ကောင်းကင်နတ်ဆိုး’ ကို ပစ်မှတ်ထားခဲ့သည်လား ၊ နောက်ပိုင်းမှ အစီအစဉ်ပြောင်းလဲခဲ့သည်လားဆိုသည်ကိုတော့ ရန်ကျောက်ကဲ မစဉ်းစားတတ်ပေ။
ဖန်းယွင်ရှန်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်ရင်း...
“ငရဲကိုးထပ်အကြောင်းပြောရရင်တော့...”
“ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ ဗုဒ္ဓဘာသာကျင့်ကြံသူတွေက ရတနာအလင်းတန်းနဲ့ ဗုဒ္ဓရောင်ခြည်အလင်းတန်းကို အသုံးပြုကြတယ် ၊ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်တက်တာ လျှင်မြန်ရုံတင်မကဘူး...”
သူမ ခြေလှမ်းများကိုရပ်တန့်လိုက်ပြီး ရန်ကျောက်ကဲနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
“တကယ်တော့ သူတို့အနေနဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းနဲ့မရောက်နိုင်တဲ့ ထိပ်တန်းအဆင့်ကိုတောင် တက်လှမ်းနိုင်ကြတယ်”
ရန်ကျောက်ကဲကလည်း လမ်းလျှောက်ခြင်းကိုရပ်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“အမှန်ပဲ... အဲဒါရဲ့သက်ရောက်မှုက လူတိုင်းအပေါ် မတူညီနိုင်ဘူး ၊ လောကီကိစ္စတွေနဲ့ပတ်သက်လေ ပိုပြီးသူတို့အပေါ် သက်ရောက်မှုများလေပဲ”
ဤသည်က စောမင်ကျန့် ၊ ချန်ရွှမ်ကျုန်းနှင့် ယွဲ့ကျန့်ပေတို့၏ ရှင်းပြမှုများအပေါ်တွင်သာ အခြေခံထားခြင်း မဟုတ်ပေ။
အရင်တုန်းက ရန်ကျောက်ကဲ စောမင်ကျန့်ကိုရှာဖွေရန်အတွက် အမတခုံရုံးသို့ လျှို့ဝှက်စွာထိုးဖောက်ဝင်ရောက်ခဲ့ပြီး အတွင်းပိုင်းကမ္ဘာများစွာကို ဖြတ်သန်းခဲ့သည်။
ဗုဒ္ဓဘာသာနယ်မြေ ၊ သုခဘုံသို့ ပထမဆုံးရောက်ရှိခဲ့စဉ်က တာအိုစကြာဝဠာသို့ပြန်ရန် လမ်းကြောင်းရှာရင်း ကျဲရှင်ကမ္ဘာအပြင် အခြားသောကမ္ဘာများစွာကို ဖြတ်သန်းခဲ့သည်။
ရန်ကျောက်ကဲက ကျင့်ကြံခြင်းအဆင့်အမျိုးမျိုးရှိသော ပြင်ပတာအိုကျင့်ကြံသူအများအပြားနှင့် ပုဂ္ဂိုလ်ရေးအဆက်အသွယ် ရှိခဲ့သည်။
မဟာကပ်ဘေးကြီးမတိုင်မီက ဗုဒ္ဓဘာသာ၏သိုင်းပညာရပ်များ ၊ ကျင့်ကြံသူများ၏အခြေအနေများနှင့်ပတ်သက်သည့် မှတ်တမ်းမှတ်ရာများကို လေ့လာခဲ့ဖူးသည်ဖြစ်ရာ သူ့အနေဖြင့် သေချာသော ယူဆချက်တစ်ခု ရှိနေပြီ ဖြစ်၏။
မည်မျှပင် ခက်ခက်ခဲခဲ ကျင့်ကြံပါစေ သိုင်းသူတော်စင် ဒဿမအဆင့်သို့ ရောက်ရှိသည့်အခါ ပြင်ပတာအိုကျင့်ကြံသူများနှင့် လက်တွဲမည်ဆိုပါက နတ်ဘုရားတံခါးကို ဖွင့်လှစ်ရန် အခွင့်အရေး ရရှိမည် ဖြစ်သည်။
ထို့ပြင် သိုင်းဆရာသခင် အဆင့်(၁၀) အထိသာ ရောက်ရှိနိုင်သူများသည်လည်း ပြင်ပတာအိုကျင့်ကြံသူများနှင့် ပူးပေါင်းမည်ဆိုပါက သိုင်းသူတော်စင်အဆင့်သို့ တက်လှမ်းနိုင်ရုံသာမက ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိနိုင်မည် ဖြစ်သည်။
ဟုတ်ပေ၏။
သူတို့အနေဖြင့် မူလကျင့်ကြံခြင်းအခြေခံအုတ်မြစ် နည်းပါးပါက ကျင့်ကြံခြင်းအဆင့်မြင့်တက်လာသည့်တိုင် အားနည်းချက်ကလည်း ပိုမိုများပြားလာမည် ဖြစ်သည်။
“အစွန်းရောက်ရှစ်ပါးကမ္ဘာတုန်းက ချောက်နက်ဖျက်စီးရေးအဖွဲ့အစည်းကြောင့် ဖြစ်လာတဲ့ ပြဿနာအရှုပ်အထွေးတွေကို ကျွန်မ မှတ်မိနေသေးတယ်”
ဖန်းယွင်ရှန်းက အမှတ်ရစွာဖြင့် ဆိုလိုက်သည်။
“သူတို့အဖွဲ့အစည်းထဲက အကြီးအကဲအများစုက နတ်ဆိုးတွေရဲ့လမ်းကြောင်းကို ဝင်ရောက်ခဲ့တယ် ၊ ဒါပေမဲ့ အောင်မြင်ခါနီးမှာ အမြဲတမ်း ကျရှုံးသွားရတာချည်းပဲ”
“ချောက်နက်ဖျက်ဆီးရေးအဖွဲ့အစည်းကတစ်ဆင့် ငရဲကိုးထပ်က သူတို့ကိုဆွဲဆောင်တယ် ၊ ပြီးတော့ သူတို့ မိစ္ဆာလမ်းစဉ်ကို လိုက်ကြတယ် ၊ ဒီလိုလုပ်ရတဲ့အကြောင်းရင်းက သူတို့ မကြာခင်မှာ သေတော့မှာဖြစ်ပြီး မျှော်လင့်ချက်မရှိတော့တဲ့အတွက် သေခြင်းတရားကလွတ်မြောက်ဖို့ နတ်ဆိုးတွေနဲ့ပူးပေါင်းဖို့ ရွေးချယ်ကြတယ် ၊ အဲဒီလိုလုပ်တာက သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာနိုင်မလားဆိုပြီး စွန့်စားကြတယ် ၊ ဒါမှ သူတို့ အသက်ဆက်ရှင်သန်နိုင်မယ်လို့ ထင်ခဲ့ကြတယ်လေ”
ဖန်းယွင်ရှန်းက အနည်းငယ်မျက်မှောင်ကျုံ့ရင်း...
“ဒီတော့ ဘယ်သူကများ ပြင်ပတာအိုကျင့်ကြံသူတွေနဲ့ တလိုတလား လက်တွဲပြီး သူတို့ဆီက ရတနာအလင်းတန်းကို ခံယူမှာတဲ့လဲ...”