← Chapters

ခွေးနက်ကြီးလား

Vol. 3 Ch. 16

ခွေးနက်ကြီးလား

Vol. 3 Ch. 16

မှောင်နေသည်မို့သာ အသေအချာမမြင်ရတာပေ၊ ဤလူအုပ်ကြောင့်ဖြစ်လာသည့် ဖုန်လုံးကြီးက သူ့ဆီသို့ အလုံးလိုက်ပင်ဝင်လာပါ၏။

ဘေးမှ လူကတော့ မရှိခဲ့သည့်အလား ပျောက်သွားပါပြီ၊ ကြည်သန့်မေအထင် ဤသူမှာ မျိုးစပ်တစ်ခုခုဖြစ်လောက်ပါသည်။

အားလုံးကုန်သွားမှ ကြည်သန့်မေထကာ နောက်ကနေ လိုက်သွားပါ၏။ ရူးသွက်နေသည့်ပုံစံတော့လုပ်မနေတော့ပါပေ၊ ခပ်ဖွဖွနှင့် ခြေရာများအတိုင်းလျှောက်သွားရင်း အလင်းရောင်တချို့ကို မြင်လာရပါသည်။

မကြာလိုက်ပါ နာကျင်စွာအော်ဟစ်နေသံများက အတိုင်းသား ဝင်လာပါ၏၊ ထင်ထားသလိုပင် လူတန်းကြီး၏ အဆုံးတွင် တဟုန်းဟုန်းတောက်လောင်နေသည့် မီးထုကြီးတစ်ခုကို တွေ့လိုက်ရပါသည်။

“ ဘုရင်ကြီး "

" ဘုရင်ကြီး "

" အပြစ်ပေးတော်မူပါ "

" အပြစ်ပေးတော်မူပါ "

အသံများက အားပေးနေသည့်ပုံပေါက်နေပေမယ့် တစ်ဦးချင်းစီကို လိုက်ကြည့်လျှင် အားလုံးငိုနေကြသည်ကို တွေ့ရပါမည်၊ အကျိုးအကြောင်းတရားကား အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပါ၏။

အရှေ့ကိုသာ အာရုံရောက်နေကြသည့်လူအုပ်ကို ဘေးမှပုန်းခိုကာ ကျော်တက်လာရင်း မီးတောက်နှင့်တဖြေးဖြေးနီးလာပါသည်၊ ရုပ်လုံးကွဲလာပါသည်။

နီရဲနေသည့်မီးတောက်များ ဝန်းရံနေသည်က အလွန်ကြီးမားသည့်အနက်ရောင်ခွေးကြီးကိုပင်၊ ခွေးနက်ကြီးက ဆင်တစ်ကောင်စာလောက်ရှိပါသည်။ အရှေ့ကိုရောက်လာသည့် တစ်ယောက်ချင်းစီကို တစ်ကြွက်ကြွက်ဝါး၍ စိမ်ပြေနပြေထိုင်စားနေပါ၏။

တချို့ကို အကောင်လိုက်မျိုချကာ တချို့ကို ဖဲ့ဖဲ့၍စားနေပါသည်၊ သူ့အနားတွင်တော့ သွေးအိုင်ကြီးက ကျယ်သထက်ကျယ်လာနေပါ၏။ အသားစ, အရိုးစနှင့် အစိတ်အပိုင်းများစွာကလည်း ပြန့်ကျဲလျက်ပင် ရှိနေပါသည်။

" ဟီးဟီး "

" စားကောင်းတယ် "

" နောက်ထပ်ပေးအုံး "

" ငါမဝသေးဘူး "

တစ်ယောက်ကို စားပြီးတိုင်း တစ်ခါရယ်ပါသည်၊ ဗိုက်ကို ပုပ်ကာ ပုပ်ကာဖြင့် အရှေ့ကသူများထက်ပိုမိုရူးသွက်နေပုံရပါ၏။

ကြည်သန့်မေ မျက်နှာခဏလွှဲပြီးမှ မြင်ကွင်းကို ပြန်ကြည့်လိုက်ပါသည်၊ စိတ်ထဲတွင်လည်း နားမလည်နိုင်ဖြစ်နေရပါ၏။

ရိုးရိုးဖြစ်စဉ်ကနေ မည်သည့်အနားတွင်သွေဖယ်သွားရခြင်းပါလဲ၊ ကြုံခဲ့ဖူးသည်များထက် အလွန်ပင် ဆိုးရွားသည့် စမှတ်တစ်ခုပင်။

' မောင်ရင့် မင်းတောင့်ခံနိုင်ပါစေ '

ကြည်သန့်မေသက်ပြင်းချကာ အရှေ့ကိုထွက်လိုက်ပါသည်၊ သတိထားမိသွားသည့်ပုံဖြင့် ခွေးနက်ကြီးက လှည့်လာပါ၏။

" စားစရာ "

ထို့နောက် လျှာသိမ်းလိုက်ကာ ထိုင်ရာမှထလာပါသည်၊ အကောင်ပိုကြီးလာပါသည်၊ ပိုပို ကြီးလာပါသည်၊ တောင်အငယ်စားတစ်လုံးလောက်အထိဖြစ်သွားပါသည်။

" အရသာပိုရှိတယ် "

ခွေးနက်ကြီးက တဟုန်ထိုးပြေးကိုက်ပါသည်၊ သွားစွယ်များက ဝါကျင့်နေကာ တချို့နေရာများတွင် နက်မှောင်နေပါ၏။ တစ်ချက်ထိမိရုံဖြင့်ပင် အမှုန့်ဖြစ်သွားနိုင်လောက်ပါသည်။

ဘေးမှ တန်းစီနေသူများမှာ ဖိမိသူဖိမိ, လေအဟုန်ကြောင့် လွင့်သူလွင့်ဖြစ်နေပါသည်၊ အကုန်လုံးနီးပါးမှာတော့ ရစရာလုံးဝမရှိတော့ပါပေ။ အနည်းငယ်တော့ သွေးရူးသွေးတန်းပြေးရင်း ရွာထဲ ပြန်ရောက်သွားကြပါသည်။ သို့သော် တစ်ခုခုဖြစ်ကာ အသစ်က ပြန်စရမည်သာပင်။

" ရမလား ဒီလို "

ကြည်သန့်မေ လွှားခနဲခုန်ရှောင်လိုက်ပါသည်၊ စက်ဘီးစီးဖို့သက်သက်ဝတ်လာခဲ့သည်မဟုတ်တာမို့ သွက်သွက်လက်လက်ပင် ရှောင်နိုင်လိုက်ပါ၏။

" ဖြောင်း "

လက်သည်းဖြင့် လှမ်းကုပ်ပါသည်။

ဘေးမှအပင်မှာ အမြစ်က ကျွတ်ကာ အဝေးသို့လွင့်ထွက်သွားပါ၏။ ခွေးနက်ကြီးက တောင်ငယ်တစ်လုံးစာမို့ ကြည်သန့်မေ အလျင်ထက် အကွာအဝေးကို ပိုသုံး‌နေရပါသည်။

" -ီး "

ခွေးနက်ကြီးက အားမလိုအားမရဖြစ်ကာ အသံများမျိုးစုံထွက်လာပြီး ခန္ဓာကိုယ်က ထပ်ကြီးလာပါသည်၊ ဤဝိတ်နှင့်ဖိ၍မရလျှင် ထပ်ချဲ့အုံးမည့်ပုံလည်း မြင်ရပါသည်။

အသိဉာဏ်အသေချာဝင်မနေသည်မို့ တိုက်ခိုက်ချက်များက ကမူးရှူးတူးဖြစ်နေကာ စားဖို့ပဲသိပြီး လိုရင်းမရောက်ဖြစ်နေပါသည်။

"... "

ကြည်သန့်မေ တောင်စောင်းတစ်ခုအပေါ်တွင်ရပ်ကာ အသံရှည်တစ်ခုကို ထုတ်လွှင့်လိုက်ပါသည်၊ ခွေးနက်ကြီး အနည်းငယ်ငြိမ်ကျသွားပါ၏။ ရှောင်တိမ်းရင်း အကဲခတ်ကြည့်ရသလောက် အဆင်ပြေမည်ထင်သည့် တေးသံကို သုံးလိုက်ခြင်းပင်။

အလုပ်ဖြစ်သွားသည့်ပုံရသည်မို့ အရိပ်အခြေအကဲခပ်ရင်း အရှေ့ကိုတိုးသွားကာ တေးသံရှည်များ ပတ်ရွက်ပေးနေလိုက်ပါသည်၊ အကောင်က တဖြေးဖြေးသေးလာပါ၏။

မီးများလည်း ငြိမ်းလာပါသည်၊ ပတ်ဝန်းကျင်ကတော့ ရစရာလုံးဝမရှိတော့ပါချေ။ ကြည်သန့်မေ လက်နှင့်ထိကြည့်လိုက်ပါသည်။

ပုံမှန်အိမ်မွေးခွေးအရွယ်လောက်လေးဖြစ်သွားသည်မို့ ချစ်စရာပုံစံလေးပေါ်လာပါသည်၊ သို့သော် ဤအကောင်က တစ်ရွာလုံးကို နေ့စဉ်စားသုံးနေသည့် သတ္တဝါဆိုးကြီးပင်။

" ဘယ်လိုနေသေးလဲ "

ကြည်သန့်မေ ခေါင်းလေးကို တယုတယပွတ်ပေးရင်းမေးလိုက်ပါသည်။

" ဗိုက်ဆာတယ် "

ခွေးနက်လေးက သွားရည်များပြန်ကျလာကာ မီးတောက်အနည်းငယ် ထလာပါ၏၊ အချိန်မရွေးလွတ်ထွက်သွားအုံးမည့်ပုံပင်။

" ဒါလေးစားလိုက် "

ကြည်သန့်မေ တစ်ဖက်လှည့်ကာ တစ်ခုခုကို ထုတ်ယူလိုက်ပါသည်၊ အပြာနက်ရောင် အလုံးလေးတစ်လုံးပင်။

" ဂလု "

ခွေးနက်လေးက တစ်ခါတည်းမြိုချလိုက်ပါသည်။ ထို့နောက်အဆာပြေသွားဟန်ဖြင့် လှဲချကာ အိပ်ပျော်သွားပါ၏။

' ပြီးပြီ အိမ်သယ်သွားရုံပဲ '

ကြည်သန့်မေ ပြုံးရင်း ခွေးနက်လေးကို ခေါင်းထပ်ပွတ်ပေးလိုက်ပါသည်၊ ခွေးနက်လေးက တစ်ခါပွတ်တိုင်း တစ်ခါသေးသွားပါသည်။ နောက်ဆုံး သူစားခဲ့သည့် အပြာနက်ရောင် အလုံးလေးအသွင်သို့ ပြောင်းလဲသွားပါသည်။

ထိုအခိုက်

" ဒါဘယ်သူလဲ "

မေးသံနှင့်အတူ ပုံစံဖမ်း၍မရသည့် အရိပ်တစ်ခုရောက်လာပါသည်၊ အရောင်အဝါက အနီရောင်မို့ ခွေးနက်လေးနှင့် ခပ်ဆင်ဆင်‌ပင်။

" သူက မှားပြီးရောက်လာတာပါ နတ်မင်းတို့စာရင်းထဲ ပြန်ကြည့်ကြည့်နိုင်ပါတယ် "

အနီရောင်အရိပ်က ဖြတ်ခနဲပျောက်သွားကာ တဖန်ပြန်ပေါ်လာပြီး

" ဟုတ်တယ် ဒါပေမယ့် ဒီကောင်က ကြာနေပြီ မင်းယူသွားလို့ မရတော့ဘူး "

ကြည်သန့်မေ မျက်မှောင်ကြုပ်သွားကာ

" နတ်မင်း ဒီလိုလုပ်လို့မရဘူးလေ သူက ဘာမှမဆိုင်ဘဲ ဘယ်နှစ်ရက်တောင် ဒုက္ခခံပေးခဲ့ရပြီးပြီလဲ "

နတ်မင်းဆိုသူအရိပ်က အနည်းငယ် လှုပ်ရှားသွားကာ

" မင်းက မသိချင်ယောင်တောင် ဆောင်ပေးလို့မရပါလား "

#သုတဈာန်

All Chapters