စာရင်းထဲပါသွားပြီ
Vol. 3 Ch. 17
ဒေါသထွက်သွားဟန်ဖြင့် အရိပ်က ရုပ်လုံးပိုထင်လာကာ အနက်ရောင်ကိုယ်ကြပ်ကို အပေါ်အောက်ဝတ်ဆင်ထားပြီး ခြေဗလာဖြင့်ရပ်လျက် ပေါ်လာပါသည်။
တစ်ကိုယ်လုံး ကြွက်သားတွေအပြည့်နှင့်ရှိပြီး သားသတ်သမားကဲ့သို့အရှိန်အဝါကိုလည်း ထုတ်လွှတ်နေပါ၏၊ လက်ကောက်ဝတ်နှင့်ခြေကျင်းဝတ်တို့တွင်တော့ အနီရောင်လက်နေသည့် ရွှေကွင်းများကို ဝတ်ဆင်ထားပါသည်။
မျက်နှာကိုတော့ သဲသဲကွဲကွဲမပြထားပါချေ၊ ခန့်မှန်းကြည့်ရသည်မှာ အတော်ပင် အကျည်းထန်ဟန်ရပါ၏။ ငါသိပြီးသားဟု ကြည်သန့်မေ ထေ့ကာ ပြုံးလိုက်ပါသည်။
အရိပ်သဏ္ဍာန်ပျောက်သွားပြီမို့ အနီရောင်ပုံစံက ခွေးနက်ကလေးကဲ့သို့ မီးတဟုန်းဟုန်းနှင့် လွှမ်းခြုံသွားပါသည်။
“ သူက ကျွန်မတပည့်လေ ”
ကြည်သန့်မေ မထီစွာပြောလိုက်ပါသည်။
“ သူ့ကို အထက်နတ်တွေဆီ ငါစာရင်းပေးလိုက်ပြီ၊ ထားခဲ့ပြီး ထွက်သွားလိုက်တော့ ”
ထို့နောက် လက်နှစ်ဖက်ပွက်ကာ လှံရှည်တစ်ခုကို ထုတ်လိုက်ပါသည်။
“ နတ်မင်းက လိမ်နေတာပဲ၊ အထက်က ဘယ်သူမှ ဒီကသူတွေကို သုံးတယ်လို့ မကြားဖူးဘူး၊ နတ်မင်းတစ်ခုခု ကြံစီနေတာများလား ”
မီးတောက်များက အနည်းငယ်လှုပ်ရှားသွားပါသည်။
“ မင်းဘာတွေပြောနေတာလဲ ငါကြောက်နေတယ်ထင်လား၊ ထုတ်လိုက်စမ်းပါ မင်းရဲ့ အင်းတွေ မန္တာန်တွေ၊ ငရဲမီးနဲ့တွေ့ရင် အကုန်ပျက်စီးသွားမှာပဲ ဟားဟား ဟား ”
အနီရောင်နတ်မင်းက မီးတောက်များကို ကစားရင်း ယုံကြည်မှုအပြည့်ဖြင့်ပြောလိုက်ပါသည်။
“ ကျွန်မကို အထက်လမ်းဆရာတစ်ယောက်လို့ နတ်မင်းက ထင်နေတာလား ”
“ ဘာလဲ မင်းက စုန်းမလား၊ စုန်းမီးထက်လည်း ငရဲမီးက ပြင်းတယ် ဂရုကို မစိုက်တာ ”
အနီရောင်နတ်မင်းက ပိုမိုအထင်သေးသွားဟန်ဖြင့် ဒီရက်ထဲ စုန်းမတွေ ခြေရှုပ်လွန်းတယ်ဟု တွေးကာ နှာခေါင်းရှုံ့လိုက်ပါသည်။
သို့သော် ကြည်သန့်မေလက်ထဲမှ နက်ပြာရောင်အလုံးလေးကို လက်မလွှတ်နိုင်ပါချေ။
‘ ဒီကောင်က အရမ်းကြမ်းတယ်၊ အခုတောင် ရက်သားလေးနဲ့ တစ်ရွာစာ တာဝန်ယူနိုင်နေပြီ၊ အထက်နတ်တွေဆီမှာသာ အသေချာလေ့ကျင့်ခန်းဝင်နိုင်ရင် နောက်တစ်ခေါက် တိုက်ပွဲထဲ အများကြီး အကျိုးဆောင်နိုင်မှာပဲ၊ အဲ့ဒီအခါကျရင် ငါလည်း ခွဲတမ်းရမှာ ’
ကြည်သန့်မေ အချိန်သိပ်မဆွဲချင်တော့ပါပေ၊ ဒီရက်ထဲ ခရီးလည်း ပန်းနေပါပြီ။
“ ကျွန်မ ဘာမှ ပြန်မလုပ်ဘူး၊ နတ်မင်းစိတ်ကြိုက်တိုက်ပါ ”
‘ ဘာလဲ ဒီမိန်းမရူးသွားတာလား’
အနီရောင်နတ်မင်း ကြောင်သွားပါသည်။
‘ သူက အရမ်းစွမ်းတာလား၊ ဟာကွာ အပြင်လူတွေ ဘာလိုတွေဖြစ်ကုန်တာလဲ ’
ခေါင်းအနည်းငယ်ရှုပ်သွားကာ ကြာပါတယ်ဟု တွေးရင်း လှံရှည်ကို ကိုင်ကာ စတိုက်လိုက်ပါသည်။
“ ဝူး ”
တပ်သားမဟုတ်သည်မို့ အလုပ်တွင်သုံးသည့် ပုံစံများမှလွဲလျှင် သူလည်း ခွေးနက်ကလေးသာသာပင်၊ သို့သော် အလိုက်သင့်ပါလာသည့် ငရဲမီးကိုကား ပိုင်နိုင်စွာ ရှို့လိုက်နိုင်ပါ၏။
ကြည်သန့်မေ မရှောင်ပါပေ၊ အနီရောင်နတ်မင်းကို စိတ်ပင်မဆိုးနေပါ၊ ပကတိအေးမြနေပြီး ဂရုဏာနှင့်ပြုံးကာသာ ကြည့်နေပါ၏။
“ ဖောင်း ”
ထိုးဝင်လာသည့် လှံက မီးနှင့်အတူ ထက်ပိုင်းကျိုးသွားပါသည်၊ ဟုတ်ပါသည်, မီးတောက်များပါ ယတိပြတ် ငြိမ်းကျသွားခြင်းပင်။
ရိုးရိုးမီးဆိုလျှင် ပြောစရာမရှိပေ၊ ယခုက ငရဲမီးမို့ ဘယ်လေ, ဘယ်ရေ, ဘယ်မြေကမှ မငြိမ်းသတ်နိုင်သည့် တည်ရှိမှုတစ်ခုပင်ဖြစ်ပါသည်။ နောက်ပြီး ကြည်သန့်မေ တစ်ချက်ပင် မလှုပ်ပဲ ရပ်နေခြင်းက အထူးဆန်းဆုံးဖြစ်နေပါ၏။
“ မင်း … ”
“ မင်း ဘယ်သူလဲ ”
အနီရောင်နတ်မင်း တုန်လှုပ်သွားကာ မီးတောက်များပါ ယိမ်းထိုးသွားပါသည်။
‘ ဒီမိန်းမ စုန်းမ မဖြစ်နိုင်ဘူး၊ စုန်းမတွေက ပညာကို ဒီနည်းနဲ့ မသုံးနိုင်ဘူး၊ ဘယ်ကလဲ … အပြင်လူတွေ ဘာလို့ အသစ်အသစ်ပေါ်လာရတာလဲ၊ ဟိုကောင်တွေ အလုပ်ကို ကောင်းကောင်းမလုပ်ဘူး ”
အနီရောင်နတ်မင်း ပုံရိပ်တချို့ကို စဉ်းစားကာ ကျိန်ဆဲလိုက်ပါသည်။
‘ ငါမနိုင်ဘူး၊ ဟုတ်ပြီး ဒီခွေးကို အသုံးချရမယ်၊ ဒီကောင်ကို စည်းပိတ်ထားတာ ဖွင့်ပေးလိုက်မယ်၊ ကောင်မ နင်ဘယ်လိုပြန်တိုက်မလဲ ကြည့်ကြတာပေါ့ ’
အနီရောင်နတ်မင်း ညစ်ပြုံးပြုံးကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ပါ၏။
“ ဂီး ”
တစ်ပြိုင်နက်ထဲမှာပဲ ကြည်သန့်မေလက်ထဲမှ နက်ပြောင်ရောင်အလုံးကလေးက ခုန်ထွက်သွားကာ အော်သံကြီးပေးရင်း အကောင်ကြီးအသွင်ပြောင်းသွားပါသည်။
ရုတ်တစ်ရက်မို့ ကြည်သန့်မေလည်း အဓိဌာန်ပျက်သွားကာ အချိန်ကိုက် တိုးဝင်လာသည့် လှံဖျားကြောင့် ပါ ပြာသွားရပါသည်။
အနီရောင်နတ်မင်းကတော့ ဘယ့်နှယ်ရှိစဟု တစ်ချက်မဲ့လိုက်ကာ တရစပ်တိုက်ပါတော့သည်။ ကြည်သန့်မေ ဤ နတ်မင်းကို လုံးဝမစိုးရိမ်ပါပေ၊ သို့သော် အဆုံးမရှိသကဲ့သို့ ဆက်လက်ကြီးထွားလာနေသည့် ခွေးနက်ကြီးကြောင့် ကြံရာမရဖြစ်သွားပါပြီ။
အနီရောင်နတ်မင်းက သူ့ကိုအာရုံမထားသည့် ကြည်သန့်မေကို ပို၍ မုန်းတီးသွားပါသည်၊ ငရဲမီးများကို ကံကုန်လုမတတ်ထပ်မံလောင်မြိုက်လိုက်ပါသည်။
ခွေးနက်ကြီးကို ကြည့်နေရင်းက ရစ်ပတ်နွေကိုဖောက်ကာ တိုးဝင်လာသည့် ဖျက်စီးခြင်းကို ကြည့်သန့်မေ အနည်းငယ်ခံစားလိုက်ရပါသည်၊ တစ်ချက်ဒေါသထွက်သွားကာ ဤနတ်မင်းတော့ လက်ဆဖျောက်ခံရတော့မှာပဲဟု တွေးပြီး ခြေတစ်ချက်စောင့်ချလိုက်ပါသည်။
အနီရောင်နတ်မင်းတစ်ယောက် မီးတောက်များငြိမ်းကျပြီး ကြွက်သားများပါ ရွဲကျကုန်ပါသည်။
“ အား ”
“ အင့် ”
ငယ်သံပါအောင်အော်ရင်း အနီရောင်နတ်မင်း ခေါက်ခနဲလဲကျသွားပါသည်။ အလားတူ ကြည်သန့်မေပါ လဲကျသွားပါ၏။
တရားခံက ခွေးနက်ကြီးပင်၊ ရွာပြင်တောအုပ်ကိုကျော်ကာ ဘယ်အထိကြီးထွားကုန်သည်ပင်မမြင်နိုင်တော့ပါပေ၊ ခန္ဓာကိုယ်တင်မဟုတ်ဘဲ ကြမ်းကြုပ်ဆာလောင်ရူးသွက်မှုတို့ကပါ ငရဲမီးများနှင့်အတူ တဟုန်းဟုန်းလောင်မြိုက်လျက်ရှိပါသည်။
ပျက်စီးသွားသည့် ရစ်ပတ်နွေကို ပြန်သိမ်းလိုက်ကာ ကြည်သန့်မေ ထလိုက်ပါသည်၊ ဤတစ်ကြိမ်တွင်တော့ မလွယ်ကူတော့ချေ။
#သုတဈာန်