← Chapters

မတည်ငြိမ်တော့ဘူး

Vol. 3 Ch. 18

မတည်ငြိမ်တော့ဘူး

Vol. 3 Ch. 18

ရဲရဲတောက်နေသည့် မျက်လုံးကြီးများဖြင့် ခွေးနက်ကြီးက စိုက်ကြည့်နေပါသည်။ မြင်ကွင်းတစ်ခုလုံးကို ခေါင်းကြီးက နေရာယူထားသည့်အလား ထင်ရပါ၏။

သွားရည်တမြားမြားကလည်း ဆာလောင်မှု, လိုချင်မှု, ကြမ်းကြုပ်မှု, ရူးသွက်မှုတို့ဖြင့် ပြည့်နေပါသည်။ အခုနက တိုက်ခိုက်လိုက်သည်မှာပင် အသက်ရှုသံပြင်းပြင်းတစ်ခုမျှသာ။

“ ရူး ”

ခွေးနက်ကြီးက ထပ်မံမှုတ်ထုတ်လိုက်ပါသည်။ ပတ်ပတ်လည်ရှိ လေထုမှာ ပေါက်ကွဲမှုအသေးစားကလေးများဖြစ်ကုန်ပါ၏။

“ . ”

“ . ”

ကြည်သန့်မေ အသံတိုနှစ်ချက် ထုတ်လွှတ်ကာ ရှေ့တိုးလိုက်ပါသည်။ လေပူများက ပါးလျသွားကြကာ ကျန်သည့်လေပြင်းများမှာတော့ လေပြဖြစ်သွားကြပါ၏။

“ ဖူး ”

ခွေးနက်ကြီးက စိတ်တိုသွားဟန်ဖြင့် မီးတောက်များမှုတ်လွှတ်ပါသည်။ တစ်လုံးတစ်လုံးမှာ အိမ်ကြီးများထက် ကြီးသည်မို့ ခုန်ရှောင်ဖို့ရာ အဆင်မပြေတော့ပါချေ။ မူလကိုယ်မဟုတ်သည်မို့ စိတ်ရှိတိုင်း တိုက်၍မရလည်း ဖြစ်နေပါသည်။

ကြည်သန့်မေ တင်ပျဉ်ခွေထိုင်ကာ လက်ဟန်တစ်ခုလုပ်ပြီး ခေါင်းမော့လိုက်ပါသည်။ ခန္ဓာကိုယ်မှ အစိမ်းရောင်ဖျော့ဖျော့ကလေး လက်လာကာ ပတ်ပတ်လည်ကို ဝန်းရံသွားပါသည်။ မြူခိုးများအသွင်ရှိသည်မို့ မမြင်ရသည်အထိ ထူလာပါသည်။ ထို့နောက် အဆိုင်အခဲအသွင်ဖြစ်လာပါသည်။

မီးလုံးများမှာတော့ မြူစတင်စဉ်ကတည်းက အထဲသို့ဝင်၍မရတော့ပါချေ။ အရာအားလုံးမှာ တစ်ပြိုင်နက်ကဲ့သို့ ဖြစ်သွားခြင်းမို့ ပြောနေသည်ကပင် ကြာပါသေးသည်။

ခွေးနက်ကြီးက ရှူးရှူးရှဲရှဲဖြစ်ကာ ဘယ်ကရောက်လာမှန်းမသိသည့် လက်ကြီးဖြင့် လှမ်းပုတ်လိုက်ပါသည်။ ပုံမှန်အကောင်ထက် ထူးသည်မှာ လက်မရောက်ခင်ကပင် မြေပြင်တစ်ဝိုက်မှာ ချိုင့်ဝင်ကျသွားခြင်းပင်။ မြေစိုင်ခဲများ ညက်ညက်ကြေကာ တဖွဲဖွဲလွင့်ကုန်ပါသည်။

ကြည်သန့်မေကိုတော့ မမြင်ရတော့ပါချေ။ အစိမ်းရောင်ထုကြီးကိုသာ ကျောက်စိမ်းတုံးကြီးသဖွယ် တလက်လက်ထလာသည်ကို မြင်ရပါ၏။ ထို့နောက် ကျလာသည့် လက်မဝါးအောက်တွင် ပျောက်ဝင်သွားပါသည်။

“ ဂီး ”

ခွေးနက်ကြီး၏ အာခေါင်ချက်အော်သံက စူးခနဲထွက်လာသည်ကို ကြားလိုက်ရပါသည်။ လက်ဖမိုးကို ဖောက်ထွက်နေသည့် ကျောက်စိမ်းတုံးကိုလည်း တွေ့လိုက်ရပါ၏။

တချဲချဲအသံများမြည်လျက် သွေးများက အငွေ့ပျံကာ ပန်းထွက်နေပါသည်။ လက်ကိုပြန်ရုတ်ကာ သွားစွယ်ကြီးများဖြင့် ကိုက်ခဲပြန်ပါသည်။

မြေပြင်အခြေအနေမှာတော့ ပျက်စီးနေသည်မှ ရစကိုမရှိသည့်အနေအထားသို့ ရောက်သွားပါသည်။ ချိုင့်ကြီးချိုင့်ငယ်များအပြည့်ဖြစ်နေကာ မီးလောင်နေသည်များမှာလည်း နေရာအနှံပင်၊ အချို့တောင်ကုန်းငယ်လေးများဆိုလျှင် မြေပြင်ထက်တောင် နိမ့်ဆင်းကုန်ပါသည်။

“ ခွပ် ” ကျောက်စိမ်းတုံးပွင့်အံလာပါသည်။ ခဲထားသည့် ခွေးနက်ကြီးမှာ သွားအံများ နာလာကာ လွှတ်ချလိုက်ပါ၏။

လုံးဝပွင့်သွားသော ကျောက်စိမ်းတုံးမှ လူတစ်ယောက်က တစ်လှမ်းချင်းထွက်လာပါသည်။ အစိမ်းဖျော့ရောင် ခြုံလွှာတစ်ထည်ကို ပတ်လျက်ထွက်လာခြင်းပင်၊ ဟုတ်ပါသည်, မည်သည့်အဝတ်မှမဝတ်ထားဘဲ ခြုံလွှာတစ်ထည်တည်းကိုသာ ‌အပိုအလိုမရှိ သေသပ်စွာ ပတ်လျက်ထွက်လာခြင်းပင်။ ခြေဗလာနှင့်ဖြစ်ကာ မြေပြင်ကိုချလိုက်တိုင်း အစိမ်းနုရောင်အငွေ့ပါးလေးများလာရောက်ဆင်းခံပေးနေကြသည်ကိုလည်း မြင်ရပါ၏။ ခန္ဓာကိုယ်မှာတော့ ခြုံလွှာအပွဝတ်ထားသည့်ကြားမှပင်ကောက်ကြောင်း အင်မတန်လှကြောင်းပေါ်လွင်နေပါသည်။ ဆံပင်ရှည်များကိုမူ လှပစွာချထားပါသည်။ အနက်ရောင်ဆံသားများကြားတွင် အစိမ်းနုရောင်လေးများ ဟိုမှသည်ကြားလှုပ်ရှားသွားလာနေသည်ကလည်း မြင်ရသူအပေါင်းကို မျက်စိပသာဒရှိစေပါသည်။

မျက်နှာပြင်မှာမူ ကြည်သန့်မေ၏ နဂိုရုပ်ကိုမှ အဆင်မပြေတာတွေထပ်မံဖယ်ထုတ်ထားသလိုဖြစ်နေကာ အနားတွင် အရွယ်ရောက်ယောက်ျားသားများရှိနေပါက ကြည့်ဖို့ပင် မဝံ့မရဲဖြစ်သွားနိုင်လောက်ပါသည်။ လှသည်ဆိုသည်ထက် မြင့်မြတ်ထည်ဝါဖြူစင်မှုတို့ကြောင့် မစဉ်းစားရဲကြတော့သည့် အခြေအနေကို ပြောခြင်းပါပေ။

ပြောင်းလဲသွားသည့်ကြည်သန့်မေက လက်နှစ်ဖက်ကို ဟန်တစ်မျိုးပြင်လိုက်ကာ မြေပြင်မှ ကြွလိုက်ပါသည်။ မမြင်ရသည့်လေထုကို လှေခါးထစ်များကဲ့သို့ တက်သွားခြင်းပင်၊ သိပ်မကြာလိုက်ပါချေ ခွေးနက်ကြီးမမှီရာ ဦးခေါင်းနားရှိ ကောင်းကင်ပြင်၌ ရပ်လျက်ပေါ်လာပါသည်။

‘ ဆရာမကိုအပြစ်မတင်ပါနဲ့ မောင်ရင့် ’

ထို့နောက် မြေပြင်တွင် စေ့စေ့ခုန်နေသည့် ခွေးနက်ကြီးကို ကြည့်လိုက်ပါသည်။ ခပ်လှမ်းလှမ်းတွင်တော့ အနီရောင်နတ်မင်းက မှောက်နေပါသည်၊ ခွေးနက်ကြီး၏ လက်ချက်မှ ကံကောင်းကာ လွတ်နေပါ၏။

ကြည်သန့်မေ သက်ပြင်းချကာ ကျောက်စိမ်းသဖွယ်လက်ကလေးကို အရှေ့သို့ဆန့်ထုတ်၍ သံရှည်တစ်ခုရွက်ဆိုကာ အဆဆကြီးလာစေလိုက်ပြီး ခွေးနက်ကြီး၏လည်ဂုတ်ကို လှမ်းကိုင်လိုက်ပါသည်။ မိမိရရ အဖမ်းခံလိုက်ရသည့် ခွေးနက်ကြီးက မြောက်ပါသွားကာ လေထဲလွင့်နေပါတော့၏။

သို့သော် ကြမ်းကြုပ်မှု, ဆာလောင်မှု, လိုချင်တောင့်မှုတို့က မီးတောက်များနှင့်အတူ ရုန်းကန်ကာ ခြေလက်များကို လှုပ်ရှားစေပြီး ပြန်လည်ခုခံနေပါသည်။

ကြည်သန့်မေက အိမ်ခွေးပေါက်စကလေးများကို သေးပေါက်ချသည့်အတွက် နေရာပြကာ တင်ပါးကိုခပ်ဆတ်ဆတ်ရိုက်သကဲ့သို့ နောက်လက်တစ်ဖက်ကို ကြီးစေကာ ရိုက်နှက်နေလိုက်ပါ၏။

“ ဂီး ”

“ ဖုန်း ”

“ ဝေါင်း ”

“ ဖုန်း ”

“ ဝူး ”

“ ဖုန်း ”

“ ငီ.. ”

တဖြေးဖြေးအသံတိမ်ဝင်သွားကာ ခွေးနက်ကြီးက ကျုံ့ကျုံ့ဝင်လာပါသည်။ သိပ်မကြာလိုက်ပါချေ အပြာနက်ရောင်အလုံးကလေးအသွင်ပြန်ဖြစ်သွားပါ၏။ ကြည်သန့်မေ နက်ပြာရောင်အလုံးကလေးကို သိမ်းရင်း ပြန်ထွက်သွားရန် ပြင်လိုက်ပါသည်။

“ နတ်သမီး ခဏနေပါအုံး ”

ဘေးတွင် မီးတိမ်တစ်ခုပေါ်လာကာ အနီရောင်နတ်မင်းကဲ့သို့ သူတစ်ယောက်ကို တွေ့လိုက်ရပါ၏။ သို့သော်ထိုသူက ရုပ်ရည်ပြေပြစ်ကာ ချစ်ခင်စဖွယ်ကောင်းသည့် အသွင်ကိုဆောင်နေပါသည်။ အဆင်တန်ဆာများမှာလည်း များစွာအဆင့်မြင့်ပုံရပါ၏၊ အနီရောင်နတ်မင်းက ‌မျောက်ဆိုလျှင် ဤသူက လူဟုဆိုရပါမည်။ ရွာထဲတွင် တွေ့ခဲ့ရသည့် သူနှင့်ယဉ်လိုက်လျှင်လည်း ဤသူက ငြင်းဆန်၍မရသည့် အရှိန်အဝါနှင့် အကြီးအကဲတစ်ယောက်၏ အသွင်ဘက်တွင်ပိုသာနေပါသည်။

“ နတ်မင်း ပြောပါ ”

နတ်မင်းက မနီးမဝေးမှနေ၍ ကိုယ်အနည်းငယ်ကိုင်းလိုက်ပြီး ရိုသေစွာပင်

“ လဲနေတဲ့သူက ကျွန်တော့်ရဲ့ငယ်သားပါ၊ ဒါပေမယ့် ဒီကိစ္စတွေဖြစ်သွားတာ ကျွန်တော်လည်း နတ်သမီးရဲ့အရှိန်အဝါကိုရလို့ လာကြည့်ရင်းမှ သိရတာပါ ”

“ နတ်မင်းရဲ့ငယ်သားမှန်းသိလို့ ထိခိုက်အောင် မလုပ်ထားပါဘူး၊ ဒါပေမယ့် သူ့မှာ ပြဿနာရှိနေတယ်ထင်တယ် နတ်မင်း ဘယ်အချိန်ကတည်းက ရောက်နေတာလဲ ”

နတ်မင်းက အနည်းငယ်ရှက်သွားကာ

“ ကျွန်တော် ဒီငယ်သားနဲ့ ရှေ့ဆင့်နောက်ဆင့်မှာပဲ ရောက်ပါတယ်၊ ကောလဟာလတွေ တကယ်မှန်လား သိချင်တာနဲ့ နတ်သမီးကို ဝင်မကူမိတာ တောင်းပန်ပါတယ် ”

ကြည်သန့်မေခေါင်းငြှိမ့်ကာ

“ ထားပါတော့၊ ဒါဆို သူပြောသွားတာတွေ ကြားမှာပဲ နတ်မင်းဘယ်လိုလုပ်ပေးမလဲ၊ အခုကိစ္စက ဒီတိုင်းခေါ်သွားလို့ မရတော့ဘူး ”

နတ်မင်းက အားနာသွားဟန်ဖြင့်

“ ဒီငယ်သားက သစ္စာဖောက်ပါ၊ သူပုန်တပ်အတွက် ဒီမှာ‌ခိုလှုံပြီး အင်အားစုစောင်းပေးနေတာကို အခုမှသိရပါတယ်၊ သူ့ကိုအရေးယူပေးပါမယ်, အရှေ့က ကိစ္စတွေအပါနဲ့ဆို နတ်သမီးက ခွင့်လွှတ်ရင်တောင် သူပြေးလို့ မလွတ်တော့ပါဘူး ”

ကြည်သန့်မေ ခေါင်းရမ်းကာ

“ ကျွန်မသူ့ကိစ္စကို စိတ်မဝင်စားဘူး၊ ဒီကလေးကိစ္စကိုပြောပါ ”

နတ်မင်းထပ်မံရှက်သွားဟန်ဖြင့်

“ ဒါကျ ကျွန်တော်လည်း အများကြီး မတတ်နိုင်တဲ့ ကိစ္စဖြစ်နေပါတယ်၊ ကျွန်တော်က ကျွန်တော့်နေရာမှာ ငယ်သားတွေနဲ့ အပြစ်သားတွေအပေါ် အကြွင်းမဲ့ အာဏာ,အစွမ်းရှိပေမယ့် အပြင်လောကမှာတော့ သာမာန်နတ်ငယ်လေး တစ်ပါးပါပဲ ”

ကြည်သန့်မေ အလိုမကျဖြစ်သွားကာ

“ ဒီတော့ ခေါ်တာက ခေါ်သွားလို့ရတယ်၊ စာရင်းထဲတော့ရှိသွားပြီပေါ့ အဲ့လိုလား ”

နတ်မင်း ခေါင်းငုံ့သွားကာ

“ ပြီးတော့ သူတို့က ကြိုက်တယ်ဆိုရင် လိုချင်တာမရမချင်း နည်းမျိုးစုံသုံးပြီးဖမ်းကြမှာ၊ အခုတလော ဒီဘက်မှာလည်း မကောင်းဆိုးဝါးတွေ အပြင်လောကကို အများကြီး လွတ်ကုန်တယ်၊ ကျွန်တော် စိုးရိမ်တာက သူအပြင်ရောက်သွားရင် အကုန်လုံးရဲ့ ဝိုင်းမျက်စိကျခံရမှာကိုပါ ”

ကြည်သန့်မေတစ်ချက်စဉ်းစားလိုက်ကာ

“ အပြင်မှာတော့ မပူနဲ့ ကျွန်မလည်းရှိတယ်၊ ဒါပေမယ့် မတော်တဆ သူဒီကို ပြန်ရောက်လာရင် နတ်မင်းတာဝန်ယူပေးရမယ် ”

နတ်မင်းဝမ်းသာသွားကာ

“ မပူပါနဲ့ နတ်သမီး၊ ကျွန်တော်သူ့ကို အခုလိုလည်း မခိုင်းပါဘူး၊ ကျွန်တော့်နန်းရုံးမှာပဲ ထားမှာပါ ”

ကြည်သန့်မေ အံ့ဩသွားပါသည်။ ဤနတ်မင်းက မည်သို့မျှ မဖြစ်နိုင်စရာ သဘောကောင်းလွန်းနေပါသည်။ တကယ်တမ်းသူတို့ တိုက်ကြမည်ဆိုလျှင် အရှုံးအနိုင်မကွဲနိုင်ပါပေ။

“ နတ်မင်းက သဘောရိုးမှ ဟုတ်ရဲ့လား ”

နတ်မင်းပြာသွားကာ

“ နတ်သမီး တစ်မျိုးမထင်ပါနဲ့၊ သူနဲ့ကျွန်တော်က ရေစက်ရှိပါတယ်၊ ဒီမတိုင်ခင်ဘဝကလည်း သူ့အကူအညီယူခဲ့ရပါတယ်၊ အဲ့ဒီမတိုင်ခင်ဘဝကလည်း သူနဲ့အမျိုးတော်စပ်ခဲ့ဖူးသေးပါတယ်၊ ဒါက ကျွန်တော့်တာဝန်ပါပဲ၊ စာရင်းမဖျက်ပေးနိုင်တာကိုပဲ အားနာမိတာပါ ”

ကြည်သန့်မေ အနည်းငယ်စဉ်းစားမိသွားပါသည်။ ရေစက်ဆိုသည်က တွက်ရ အနည်းငယ်တော့ ခက်ပါသည်။ သို့သော် မောင်ရင့်အတွက် အန္တရာယ်မရှိဆိုသည်ကိုတော့ သူမြင်မိပါသည်။

“ ပြီးရောလေ၊ ဒါဆိုသွားပြီ ”

ကြည်သန့်မေပျောက်သွားသည်နှင့် နတ်မင်းဆိုသူပါ သူ့ငယ်သားကိုဆွဲ၍ပျောက်ကွယ်သွားပါသည်။ မြေပြင်ရေပြင်တွေမှာတော့ အပျက်အစီးများစွာနှင့်ကျန်နေခဲ့ပါတော့သည်။

#သုတဈာန်

All Chapters