← Chapters

မိစ္ဆာ ကောင်းချီးခံ၏ လောဘ (၂)

Vol. 84 Ch. 1164

မိစ္ဆာ ကောင်းချီးခံ၏ လောဘ (၂)

Vol. 84 Ch. 1164

“တကယ့် လောဘ သားကောင်ပဲ...”

ပင်းထျန်း စိတ်ထဲမှ မှတ်ချက်ချ လိုက်မိ၏။ အကယ်၍ သူသာ သူမ၏ မူလယင် အမတေကို တပ်မက်ခြင်း မပြုပဲ အဝေးကို ထွက်ပြေးခဲ့ပါက အလွန်တရာ အဖိုး ထိုက်တန်သည့် အရိပ်ဥ သုံးခုက သူ့အပိုင် ဖြစ်လိမ့်မည် ဖြစ်သည်။ သို့သော်လည်း ယခုတွင်တော့ သူ့အဖြစ်က မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်ပေသည်။

ထိုအရာက မိစ္ဆာ ကောင်းချီးခံ၏ အပြစ်တော့လည်း မဟုတ်ပါချေ။ ချိပ်ပိတ်နယ်မြေ အတွင်း မူလယင် ထိန်းသိမ်းထားနိုင်သည့် အမျိုးသမီး သေမျိုးတစ်ပိုင်း အရှင် အဆင့်များကို လိုက်လံ ရေတွက်ရပါက လက်ငါးချောင်းပင် ပြည့်လိမ့်မည် မဟုတ်ချေ။ ထိုအနည်းငယ်သော အရေအတွက်ထဲ၌ ပင်းထျန်းမှာ အစွမ်း အထက်ဆုံးသော မူလယင်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

အမျိုးသမီး ကျင့်ကြံသူ အများစုမှာ လျှို့ဝှက် ဝိညာဉ် အဆင့်ကို မရောက်ခင် သေမျိုး အဆင့်တွင်ပင် ယောက်ျားနှင့် ကလေးများကို ပိုင်ဆိုင်ခဲ့ကြပြီး ဖြစ်သည်။ တစ်ချို့သော အမျိုးသမီး ကျင့်ကြံသူများကတော့ ကျင့်ကြံခြင်း အခြေခံ မြင့်မားသည့် ကျင့်ကြံသူများနှင့် ရည်ရွယ်ချက် ရှိရှိ နှစ်ကိုယ့်တစ်စိတ် ကျင့်ကြံကာ နားလည်မှု တစ်စိတ်တစ်ပိုင်းကို ရယူကြသည်။ ထိုနည်းဖြင့် သူတို့မှာ မြင့်မားသော ကျင့်ကြံခြင်း အဆင့်များကို လွယ်ကူစွာ တက်လှမ်း လာနိုင်ကြသည်။

ဝှစ်...

စန်းယွန်းလီ၏ ဟင်းလင်းပြင် သင်္ဘောမှာ ပင်းထျန်းနှင့် မလှမ်းမကမ်းသို့ ရောက်ရှိလာ၏။ ထို့နောက် သူမက ပင်းထျန်းကို ဝိညာဉ်အာရုံနှင့် ဆက်သွယ် လိုက်လေသည်။

“မြန်မြန်လုပ်... ကျွန်မတို့ ထွက်တော့မှ ရမယ်... မကြာခင် တစ်ခြားလူတွေ ရောက်လာလိမ့်မယ်”

ညီလာခံ တက်ရောက်နေသည့် မြေကြီး ရှန့်ထိုများ စူးစမ်း စစ်ဆေးရန် မကြာခင် ရောက်ရှိလာတော့မည် ဖြစ်ကြောင်း စန်းလော့ယန်ထံမှ အကြောင်းကြားစာကို သူမ လက်ခံ ရရှိထားပြီး ဖြစ်သည်။

ပင်းထျန်းက လှုပ်ရှားနေသည့် စိတ်များကို တည်ငြိမ်အောင် ကြိုးပမ်းလိုက်ရင်း အရှေ့ရှိ အမြုတေ သုံးခုကို ယူဆောင်လိုက်၏။ ထို့နောက် ဟင်းလင်းပြင် သင်္ဘော အတွင်း ပျံသန်း ဝင်ရောက်လိုက်သည်။ စက္ကန့် အနည်းငယ် အတွင်းမှာပင် ဖုံးကွယ်ရေး အစီအရင်များက ပျံလည် အသက်ဝင်လာကာ အဝေးသို့ စတင် ပျံသန်း သွားတော့သည်။ သူတို့ အောင်မြင်ခဲ့ပေသည်။ သို့သော်လည်း... ဖြစ်ပျက်ခဲ့သမျှက သည်းထိတ် ရင်ဖိုဖွယ်ရာ ကောင်းလွန်းခဲ့ပေသည်။

...

ဟူး... ဟူး...

အလွန် ကွာဝေးလှသည့် နေရာ တစ်ခု၌ အနက်ရောင် ဝတ်စုံဝတ် ပုံရိပ် တစ်ခုမှာ ဟင်းလင်းပြင် စွမ်းအင်များ ဝန်းရံကာ ပေါ်လာခဲ့၏။ သူက မွမ်းကြပ်ဟန်ဖြင့် ခပ်မြန်မြန်ပင် မျက်နှာဖုံးကို ဆွဲချွတ် လိုက်သည်။ ထိုအခါ အနက်ရောင် ဆံပင်တို၊ ဓားသွား ကဲ့သို့ မျက်ခုံးများနှင့် ချောမောသည့် လူငယ် တစ်ယောက် ပေါ်လာခဲ့သည်။ မျက်နှာထက်၌ ခပ်ရေးရေး ပေါ်လွင်နေသည့် အမာရွတ်ဟောင်း တစ် ချို့က သူ၏ ရုပ်သွင်ကို ပိုမို၍ ခန့်ညားစေ၏။ သူ၏ အနက်ရောင် မျက်ဝန်းများ အတွင်းတွင်တော့ ရူးသွပ်မှုတို့နှင့် အတူ ဆိုးရွားစွာ တောက်လောင်နေသည့် အလင်းတန်း တစ်ချို့ ရှိနေခဲ့သည်။

ထိုလူငယ်ကတော့ မိစ္ဆာ ကောင်းချီးခံပင် ဖြစ်လေသည်။

သူ၏ အသက်ရှူသံများက လေးပင်နေကာ လက်နှင့် ခြေထောက်များမှာ တုန်ရီနေသည်။ ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားကို ခုတ်ပိုင်းရသည်မှာ အလွန်ပင် ခက်ခဲလှသည့် အလုပ် ဖြစ်သည်။ သုံးကြိမ် ခုတ်ပိုင်းရုံဖြင့်ပင် သူ၏ စွမ်းအား အကုန်လုံး ကုန်ဆုံးလုနီးပါး အထိ ဖြစ်ခဲ့သည်။

“...”

သူက ယုတ်ညံ့စွာ အော်ဟစ် ဆဲဆိုလိုက်ရင်း ရိုးရာ ဆန့်ကျင် နတ်ဘုရားဓားကို နှလုံးသား အတွင်းသို့ ထည့်သိမ်း လိုက်သည်။ ကမ္ဘာဖျက် လက်နက် တစ်ခုအား ထည့်သွင်း သိမ်းဆည်းနိုင်လောက်အောင် သန်မာသည့် ပြိုင်စံရှား အတွင်းပိုင်း လောက နည်းလမ်း တစ်မျိုးကို သူ ကျင့်ကြံထားပေသည်။

"ယွင်ချွဲရေ... မင်းက တကယ့် ‌သောက်ပေါကောင်... ဘာလို့ စတန့် လျှောက်ထွင်ရတာလဲ... ဒီတိုင်း ထွက်လာနေရင် ပြီးပြီကို... ချီးပဲ”

မိစ္ဆာ ကောင်းချီးခံက အစာမကြေသေးဟန်ဖြင့် ခေါင်းကို တအုံးအုံး ထုလိုက်၏။ ပေးဆပ်မှုက အလွန်ပင် ကြီးမားခဲ့ပေသည်။ အရိပ်ဥ အမြုတေ တစ်နည်းအားဖြင့် ကောင်းကင် လောက အမြုတေ သုံးခုထဲတွင် လျှို့ဝှက် အဆင့် မန်နာနှင့် ကောင်းကင် အပျက်အစီး အမတေတို့ကို ပေါင်းစပ် သန့်စင်ထားသော ကောင်းကင် မန်နာများ ထိန်းသိမ်း ထားပေသည်။

ကံမကောင်းစွာပင်... ၎င်းတို့ကို အတွင်းပိုင်း လောက အတွင်း ထည့်သွင်း သိမ်းဆည်းနိုင်စွမ်း သူ့ထံ၌ မရှိပါချေ။ ကောင်းကင်ရှန့်ထို အဆင့်ကို မရောက်ရှိပဲ ထိုကဲ့သို့ လုပ်ခြင်းမှာ ကိုယ့်ကိုယ်ကို သေကြောင်းကြံခြင်း ဖြစ်သည်။ မူလ အဆင့်မှ ချီးမြှင့်သော စွမ်းအင် တစ်မျိုး ဖြစ်သည့် မန်နာ လွှမ်းမိုးနိုင်စွမ်းကို သုံးမှသာလျှင် ၎င်းတို့၏ ရန်လိုသည့် တုန့်ပြန်မှုကို တားဆီးနိုင်စွမ်း ရှိလိမ့်မည် ဖြစ်သည်။

သူ ထိုလမ်းကြောင်းကို လျှောက်လှန်းရန် အတွက် ကောင်းကင်လောက အမြုတေများကို လိုအပ်ပေသည်။ သို့သော်လည်း... ယခု၌ သူ လက်လွှတ်ခဲ့ရသည်။ ဘယ်လိုပဲ ဖြစ်ဖြစ် ယွင်ချွဲ လက်လျှော့ရန် ဆန္ဒ မရှိပါချေ။

သူ၏ မျက်လုံးများက တဖိတ်ဖိတ် တောက်ပလာကာ ပင်းကလန် ရှိရာ အရပ်ကို လှမ်းကြည့် လိုက်သည်။ ဘယ်လို အခက်အခဲပဲ ကြုံကြုံ... သူ အမြုတေများကို ရအောင် ပြန်ယူမည် ဖြစ်သည်။

...

"အီး... ဟီး...”

“ဖေဖေ... မေမေ...”

အလွှာကြားက လောက အတွင်း၌ နာကျင်စွာ ရှိုက်ငိုသံများ၊ ကြောက်ရွံ့ ထိတ်လန့်စွာ အော်ဟစ်နေသည့် အသံများမှာ အဆုံးမဲ့စွာ ပျံ့နှံ့နေသည်။ သူတို့ကို နေ့စဉ် ရက်ဆက် တောက်ပမှုနှင့် အလင်းရောင်များ ပေးခဲ့သည့် နေကြယ်သည် ရုတ်ချည်းဆိုသလို အလွန် ပူပြင်းသည့် လှိုင်းများကို ထုတ်လွှတ်ကာ လောကကို အရည်ဖျော်ပစ်ဖို့ ကြိုးပမ်းခဲ့သည်။

မြို့တော်သုံးခုမှာ ချက်ချင်း ဆိုသလိုပင် ကာကွယ်ဖို့ ကြိုးပမ်းခဲ့သော်လည်း သူတို့၏ အားထုတ်မှုများက နောက်ကျ ခဲ့ပေသည်။ ကပ်ဘေးမှာ ရုတ်ချည်းဆိုသလို ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သလို ထိုအရာမှာ ဘယ်သူမှ မျှော်လင့်မထားသည့် ဖြစ်စဉ် တစ်ခုလည်း ဖြစ်သည်။

အကျိုးဆက်က အဆုံးမဲ့ သေဆုံးခြင်းများ၊ ပျက်စီးခြင်းများ၊ မျှော်လင့်ချက် မဲ့မှုများပင်...။

မြို့တော်သုံးခု အနက် ခရီးသွား မြို့တော်မှာ အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရကာ ကာကွယ်သူ မြို့တော်ကတော့ အသက်၊ အိုးအိမ်၊ စည်းစိမ် ဆုံးရှုံးမှု အနည်းဆုံး ဖြစ်သည်။

ကာကွယ်သူ မြို့တော်မှာ သူတို့၏ ခေါင်းဆောင် တစ်ဖြစ်လည်း လောကရှန့်ထို ရှုယုကို လတ်တလောကမှ ဆုံးရှုံးထားရသည်။ ထို့ကြောင့်ပင် ကာကွယ်သူ မြို့တော် အရှင် စုနန်ကျူး ရောက်ရှိ မလာခင် အချိန် အထိ ကာကွယ်သူ မဲ့ကာ ခိုကိုးရာမဲ့ခဲ့ရသည်။ သို့သော်လည်း... စုနန်းကျူးမှာ သူ့မြို့တော် လုံခြုံကြောင်း သေချာသော အခါတွင်မှ လာခဲ့ခြင်း ဖြစ်လေရာ အတော်လေး နောက်ကျ ခဲ့ပေသည်။

အခြေအနေများ တည်ငြိမ်သွားပြီး နောက်တွင်တော့ စုနန်ကျူးမှာ လျူရီလန်းနှင့် ကျန်းကျဲဝူရှုတို့ကို သွားရောက် ရှာဖွေ ခဲ့ပေသည်။ လျူရီလန်းမှာ အဆုံးမဲ့ မြို့တော် အတွင်း အကာအကွယ်များ တည်ဆောက်ခဲ့ပြီး ဖြစ်သော်လည်း ထိုနေရာ၌ ရှိမနေခဲ့ချေ။

ကျန်းကျဲဝူရှုကတော့ ကာကွယ်သူ မြို့တော် အတွင်း ထိခိုက် ပျက်စီးမှုများ လျော့နည်းအောင် သူ့ကို ကူညီပေးခဲ့သူ ဖြစ်သည်။ သို့သော်လည်း... စုနန်ကျင်း ခရီးသွား မြို့တော်သို့ ထွက်ခွာသွားပြီးနောက် တစ်ခဏ အတွင်းမှာပင် သူမသည်လည်း ထွက်ခွာသွားခဲ့သည်။

မည်သို့ပင် ဆိုစေ... စုနန်းကျင်း အတွက် သူတို့ နှစ်ယောက်ကို ရှာဖွေရန် မိနစ် အနည်းငယ်မျှသာ ကြာမြင့်ခဲ့ပေသည်။ ထိုအမျိုးသမီး လောကရှန့်ထို နှစ်ယောက်စလုံးမှာ အလွှာကြားက လောက၏ ထောင့်တစ်နေရာဟု သတ်မှတ်နိုင်သည့် မြို့တော် သုံးခုနှင့် အလွန် ဝေးကွာလှသော နေရာတွင် ရှိနေခဲ့ကြသည်။ သူတို့မှာ အတူတကွ စုစည်းကာ အောက်ရှိ ထူးဆန်းသော ဖြစ်စဉ် တစ်ခုလို လေ့လာ နေခဲ့ခြင်း ဖြစ်သည်။

စုနန်းကျင်းမှာ မိန်းကလေး နှစ်ယောက်၏ နံဘေးသို့ ရောက်ရှိသွားကာ သူတို့ လေ့လာနေသည့် အရာကို ကြည့်ရှု လိုက်သည်။ ၎င်းကို သေချာစွာ စစ်ဆေးရန် အတွက် သူက ဝိညာဉ်အာရုံကိုပင် ဆန့်ထုတ်လိုက်သည်။

“နောက်ထပ် အချိန်လေပွေ တစ်ခုလား...”

သူ အနည်းငယ် အံ့သြသွားကာ မေးလိုက်၏။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံထက်၌ ဖြစ်ပေါ်နေသည့် ထူးဆန်း‌သော ဖြစ်စဉ်မှာ ငွေရောင် အဆင်းနှင့် အရွယ်အစား ပိုသေးသည်မှ တစ်ပါး အချိန်လေပွေနှင့် အလွန်ပင် ဆင်တူပေသည်။

"မဟုတ်ဘူး... အဲဒါက အာကာသ လေပွေ ဖြစ်စဉ်ပဲ”

ကျန်းကျဲဝူရှုက အမှန်ကို ပြင်ပေးလိုက်၏။ အချိန်လေပွေနှင့် အာကာသ လေ‌ပွေ နှစ်ခုမှာ တည်ဆောက်ပုံချင်း ဆင်တူသည့်တိုင် တစ်ခုက အချိန်စွမ်းအင်များနှင့် ဖွဲ့စည်းထားကာ အခြား တစ်ခုကတော့ အာကာသ စွမ်းအင်များနှင့် ပြည့်နှက် နေပေသည်။ အချိန်လေပွေမှာ ချိပ်ပိတ် နယ်မြေ စတင် ဖန်တီးချိန် ကတည်းက ပေါ်လာခဲ့ခြင်း ဖြစ်ကာ ဤအာကာသ လေပွေကတော့ မကြာသေးခင်ကမှ အသစ် ဖွဲ့စည်းလာခြင်း ဖြစ်ပေသည်။ အချိန်လေပွေ အတွင်းတွင် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် တည်းဟူသော အချိန် စွမ်းအင်များ ရောနှော ပါဝင် နေသကဲ့သို့ အာကာသ လေပွ အတွင်းတွင်လည်း ပုံသေ၊ တည်ငြိမ်နှင့် အပျက်အစီး အာကာသ စွမ်အင်များ ပါဝင်နေပေသည်။

စုနန်းကျင်း မျက်မှောင်ကြုတ် လိုက်၏။

“အဲဒါက ကြီးလာနေတယ်...”

လျူယင်လန်းက မဖုံးဖိနိုင်အောင် ပျော်ရွှင်မှု အငွေ့အသက်များဖြင့် ပြောလိုက်၏။

“ကြီးလာနေတယ်...”

စုနန်းကျင်းက အာကာသ လေပွေကို နောက်တစ်ကြိမ် သေချာထပ် စစ်ဆေးလိုက်သည်။ ထိုအခါ စက္ကန့် တစ်စက္ကန့်ချင်းစီတိုင်း၌ အာကာသ လေပွေမှာ တစ်လက်မခန့်စီ ကြီးမားလာနေကြောင်း တွေ့လိုက်ရသည်။ ထိုရှာဖွေ တွေ့ရှိမှုကြောင့် သူ ရင်တဒိတ်ဒိတ် ခုန်သွားခဲ့၏။ အာကာသ အကြောင်းကို ကျယ်ပြန့်စွာ နာလည်ထားသည့် လောကရှန့်ထို တစ်ပါး အနေဖြင့် ထိုအပြောင်းအလဲ၏ အကြောင်းရင်းကို သူ နားလည်ပေသည်။

“အဲဒါက အဆုံးမဲ့ ခရီးသွား နယ်မြေကို ဝါးမြို နေတာလား...”

အလွှာကြားက လောကမှာ တစ်နည်းအားဖြင့် အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံ၏ ရုပ်ခန္ဓာ ကိုယ်ထည်ပင် ဖြစ်သည်။ အဆုံးမဲ့ ဟင်းလင်းပြင် ကြေးမုံမှာ သူတို့ မှီတင်း နေထိုင်ရာ လောကနယ်မြေကို တည်ငြိမ်အောင် ပြုလုပ် ပေးထားသည်။ အလွန်တရာ အပြောကျယ်လှသည့် ထိုနယ်မြေကြီးကို တစ်နည်းအားဖြင့် အဆုံးမဲ့ ခရီးသွား နယ်မြေဟုလည်း ခေါ်ဆိုကြသည်။

အချိန်လေပွေမှာ အလွှာကြားက လောက၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် ၎င်းမှာ အဆုံးမဲ့ ခရီးသွား နယ်မြေ၏ အာကာသ စွမ်းအင်များကို ဝါးမြိုကာ ကြီးထွားနေသည်ဟု ဆိုနိုင်ပေသည်။

ကျန်းကျဲဝူရှု၏ မျက်လုံးများက ထက်ရှစွာ ကျဉ်းမြောင်းသွား၏။

“ဒီလိုသာ ဆက်ဖြစ်နေမယ် ဆိုရင်...”

“ချိပ်ပိတ် အစီအရင်က သက်ရောက်မှု ကျဆင်းလာပြီး အဆုံးမဲ့ ခရီးသွား နယ်မြေလည်း ပျောက်ကွယ် သွားလိမ့်မယ်”

ကျန်းကျဲဝူရှု၏ စကားစကို လျူယင်လန်းက စိတ်လှုပ်ရှားနေသည့် လေသံဖြင့် အဆုံးသတ် ပေးလိုက်၏။

“ဒါဆိုရင်...”

လျူစုယင်၏ စကားက စုနန်းကျင်၏ ရင်အစုံကို တဒုန်းဒုန်း တုန်ရီ သွားစေခဲ့သည်။ ကျန်းကျဲဝူရှုကတော့ မျက်လုံးများကို မှိတ်လိုက်၏။ ထို့နောက် သူမက အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရင်း စိုးရိမ် ပူပန်မှု အားလုံးကို လေပူ တစ်ချက်နှင့် အတူ ပြန်လည် မှုတ်ထုတ်လိုက်သည်။

“အဲဒီအခါကျရင် ပြင်ပ နယ်မြေသားတွေ မဝင်အောင် တားဆီးနိုင်တဲ့ ချိပ်ပိတ် နယ်မြေရဲ့ စွမ်းအင်လည်း ‌လျော့နည်း သွားလိမ့်မယ်... နောက်ပြီး လျှို့ဝှက် နှလုံးသား ရည်ရွယ်ချက်ကို ချိပ်ပိတ် အစီအရင် ဖိနှိပ်ထားတာဟာလည်း ပြေလျော့သွားလိမ့်မယ်”

“အဲဒါက အစပဲ ရှိသေးတယ်...”

လျူယင်လန်း၏ အမူအရာက သတ်ဖြတ်လိုသည့် ရည်ရွယ်ချက်များနှင့် ပြည့်နှက် နေခဲ့၏။ သူမ၏ တဖျပ်ဖျပ် တောက်ပနေသည့် မျက်ဝန်းများက အလွန် လှပလှသလို တစ်ချိန်တည်း၌ ရူးသွပ်မှုများနှင့်လည်း ပြည့်လျှံ နေခဲ့လေသည်။

***

All Chapters