စုံစမ်း စစ်ဆေးမှုများ
Vol. 84 Ch. 1166
“ဒီပေါက်ကွဲမှုက ဘာကြောင့် ဖြစ်ပေါ်လာရတာလဲ...”
မြေကြီးရစ်ခွေ ကြယ်တာရာ နယ်မြေ (နံပတ် ၁၃) ၏ မြေကြီး ရှန့်ထို တစ်ယောက်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။
မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အထွတ်အထိပ်ဟု ဆိုနိုင်သော ကျင့်ကြံသူ နှစ်ရာကျော်၏ မျက်လုံးများမှာ ဝိညာဉ် အလင်းများနှင့် ပြည့်လျှံ နေကြသည်။ အချို့က အလွန်တရာမှ တောက်ပကာ အချို့ကတော့ မှေးမှိန် နေကြ၏။ သို့သော်လည်း တူညီတာ တစ်ခုက သူတို့ အားလုံး၏ အမူအရာများမှာ သက်တောင့်သက်သာ မရှိခြင်းပင် ဖြစ်သည်။
မကြာသေးခင်ကပင် လောက၏ လျှို့ဝှက်ချက် တစ်ချို့မှာ သူတို့၏ မျက်စိရှေ့မှောက်၌ ဘူးပေါ်သလို ခံစားခဲ့ရသည်။ ကံမကောင်းစွာပင်... သူတို့ ရောက်လာခဲ့ချိန်၌ ဆက်သွယ်ရေး လမ်းကြောင်းမှာ အလုံးစုံ ပြိုကျကာ ပျက်စီး ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။ မည်သည့် အရာမှ ကျန်ရစ်ခဲ့ခြင်း မရှိချေ။
“...”
အမှောင် ဟင်းလင်းပြင် အတွင်း တိတ်ဆိတ်မှုကသာ ဆက်လက် မင်းမူနေ၏။ မြေကြီးရှန့်ထို၏ အဖြေကို မည်သူမှ ဖြေကြားနိုင်ခြင်း မရှိချေ။
ဟယ်ပို့ကျွင်း၏ မျက်ဝန်းများက အနည်းငယ် လှုပ်ရှားသွားခဲ့၏။
“ဒီနေရာမှာ အော်ရာ သုံးခု ကျန်ခဲ့တယ်...”
ထိုကဲ့သို့ ထောက်ပြနိုင်ရသည့် အကြောင်းပြချက်မှာ သူနှင့် ရင်းနှီးနေသည့် အော်ရာ တစ်ခု ပါဝင်နေခြင်းကြောင့် ဖြစ်သည်။ အပျက်အစီး မန်နာ၏ ရေခဲ သလင်းကျောက် စွမ်းအင် အကျွင်းအကျန် တစ်ချို့မှာ အမှောင် ဟင်းလင်းပြင် အတွင်း ပျံ့နှံ့ နေပေသည်။ အခြား အော်ရာ နှစ်ခုကတော့ သူ့အတွက် စိမ်းသည်။ သို့သော်လည်း ထိုနှစ်ခု အနက် တစ်ခုက အလွန် ကြောက်မက်ဖွယ် ကောင်းသည်ဟု ခံစားရသည်။
ထိုအော်ရာကို ပိုမို၍ စစ်ဆေးလေလေ ဟယ်ပို့ကျွင်း၏ မျက်လုံးများက ပိုမို၍ ကျဉ်းမြောင်းလာလေလေ ဖြစ်သည်။ သူ့ နှလုံးခုန်သံများပင်လျှင် ကျယ်လောင်လာခဲ့၏။ ယင်းက လုံးဝ ပုံမှန် မဟုတ်ချေ။
ဝိညာဉ်ရှန့်ထို ဧကရာဇ်ကလည်း မျက်မှောင်ကြုတ် လိုက်၏။ သို့သော်လည်း သူက ခပ်မြန်မြန်ပင် ထိုအမူအရာကို ပယ်ဖျက် လိုက်သည်။
“ဝိညာဉ် လမ်းလျှောက်သူ... သူက ဒီကို ဘာလာလုပ်တာလဲ... နောက်ပြီး ပေါက်ကွဲမှုထဲမှာ သေသွားပြီလား...”
သူက စိတ်ထဲမှ တွေးလိုက်မိ၏။ မည်သည့် အကြောင်းအရာများ ဖြစ်ပျက်ခဲ့သည်ကို သူ လုံးဝ ဆက်စပ်၍ မရပါချေ။
အင်ပါယာ ရှောင်ချွမ်းက ပင်းကလန် မြေကြီး ရှန့်ထိုနှင့် ဝိညာဉ် ရှန့်ထို ဧကရာဇ်တို့ကို မသိမသာ လှမ်းကြည့်လိုက်သည်။
“တစ်ယောက်က ပင်းကလန်ရဲ့ အေးခဲခြင်း ဖြစ်ဖို့ ၉၉ ရာခိုင်နှုန်း သေချာတယ်... နောက်တစ်ယောက်က မကြာသေးခင်ကမှ အဆင့်တက်ထားတဲ့ ကြယ်ကိုးပွင့် ရှန့်ထို ခန်းမရဲ့ ဝိညာဉ် လမ်းလျှောက်သူပဲ”
သူမက အော်ရာ နှစ်ခု၏မူလ ဇစ်မြစ်များကို ထုတ်ဖော်လိုက်၏။
“...”
ချက်ချင်းပင် မြေကြီး ရှန့်ထို နှစ်ရာကျော်မှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ သူတို့ နှစ်ယောက်က ဤနေရာကို ဘာလာလုပ်ကြသနည်း။ ပေါက်ကွဲမှုနှင့် တစ်နည်းတစ်ဖုံ ဆက်စပ် နေသလော။ နောက်ပြီး... သူတို့ အသက်ရှင်လျှက်ရော ရှိသေးသလော။ များစွာသော လူများမှာ ဝိညာဉ် ရှန့်ထို ဧကရာဇ်ကို လှမ်းကာ ကြည့်လိုက်ကြလေသည်။
ပေါက်ကွဲမှု ဖြစ်ပေါ်လာရသည့် အကြောင်းရင်းကို များစွာသော လူများက ခန့်မှန်းချက် သီအိုရီများ ထုတ်ကြသည့်တိုင် မည်သူကမှ ထိုသီအိုရီကို အတည်မပြုရဲကြချေ။ အပျက်အစီး နိုဗာမှာ မြေကြီး ရှန့်ထို တစ်ယောက်၏ စွမ်းအား ဖြစ်လေရာ သူတို့ အလှမ်းမှီနိုင်သည်ထက် အဆများစွာ ကျော်လွန် နေပေသည်။ ထို့အပြင် အပျက်အစီး အာကာသ နယ်မြေမှာ စူးစမ်း ရှာဖွေရန် အတွက်လည်း အန္တရာယ် များလွန်းလှသည်။
ကံမကောင်းစွာပင် လူတိုင်းမှာ သူတို့၏ စူးစမ်းလိုစိတ်များကို ထိန်းသိမ်းထားနိုင်ကြသည်တော့ မဟုတ်ချေ။ ပထမဆုံး လှုပ်ရှားလာခဲ့သူကတော့ သမုဒ္ဒရာ အပြာရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်း အရွယ် အမျိုးသမီး မြေကြီး ရှန့်ထို တစ်ယောက်ပင် ဖြစ်လေသည်။ သူမက သမုဒ္ဒရာ၏ နီလာတစ်ခုသဖွယ် အလွန် လှပစွာ တဖျပ်ဖျပ် တောက်ပနေသည့် မျက်လုံးများကို ပိုင်ဆိုင်ထားခဲ့သည်။ ထိုအမျိုးသမီး မြေကြီး ရှန့်ထိုမှာ မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေ (၂၀ ခုမြောက်) ၏ မြေကြီးရှ့န်ထို တစ်ဖြစ်လည်း မဟာ သမုဒ္ဒရာ ဧကရီပင် ဖြစ်လေသည်။
ဧကရီက သူမ ဘေးနားရှိ အခြား မြေကြီး ရှန့်ထို နှစ်ယောက်ထံ ဝိညာဉ်အာရုံဖြင့် ဆက်သွယ် ပြောဆိုပြီးနောက် အာကာသ အမျိုးအစား လျှို့ဝှက် သင်္ကေတကို သုံးကာ လျှို့ဝှက် အကာအရံ တစ်ခု ဖွဲ့စည်း လိုက်သည်။ ထို့နောက် သူမက ပေါက်ကွဲမှု စတင်ကာ အပျက်အစီး အကာသ စွမ်းအင်များ၏ ဗဟိုချက် ရှိရာဆီသို့ ပျံသန်း ဝင်ရောက် သွားတော့သည်။
ဟူး... ဟူး...
သူမ တိုးဝင်သွားရာ တစ်လျှောက်တွင် သက်တံ့ရောင် လမ်းကြောင်း တစ်ခုသာ ဖြစ်တည် ကျန်ရစ်ခဲ့၏။ အားလုံးမှာ ရင်တထိတ်ထိတ်ဖြင့် မဟာ သမုဒ္ဒရာ ဧကရီ ဝင်ရောက်သွားခဲ့သည့် အရပ်ကို ကြည့်နေခဲ့ကြ၏။ သူမ ဆက်သွယ်ခဲ့သည့် မြေကြီးရှန့်ထို နှစ်ယောက်၏ အမူအရာများကတော့ သုန်မှုန် နေခဲ့သည်။
ငါးဆယ့် နှစ်စက္ကန့် ကြာမြင့်ပြီးနောက်...
ဧကရီ ချန်ရစ်ခဲ့သည့် သက်တံ့ရောင် လမ်းကြောင်းမှာ ပြင်းထန်စွာ တုန်ရီကာ မတည်မငြိမ် ဖြစ်လာခဲ့၏။ မြေကြီး ရှန့်ထို နှစ်ယောက်၏ အမူအရာများက အရုပ်ဆိုးသွားကာ ရှေ့ကို တိုးဝင် ပျံသန်းရင်း မဟာ သမုဒ္ဒရာ ဧကရီ ဝင်ရောက်သွားသည့် နောက်ကို လိုက်ဖို့ ပြင်ဆင် လိုက်ကြသည်။
ဘုန်း...
ထိုအခိုက်တွင်ပင် သက်တံ့ လမ်းကြောင်းမှာ ပေါက်ကွဲ သွားကာ အလွန် လျှင်မြန်စွာ ကျုံ့ဝင်လာခဲ့၏။ ထို့နောက် သူတို့၏ မျက်လုံးများ အောက်မှ ပျောက်ကွယ် သွားခဲ့သည်။
“မဟုတ်ဘူး...”
မြေကြီး ရှန့်ထို နှစ်ယောက်၏ အမူအရာများက သွေးပျက် ချောက်ချားခြင်းများနှင့် ပြည့်နှက် သွားသည်။ ထိုကိစ္စ အတွင်း မပါဝင်သည့် အခြား မြေကြီး ရှန့်ထိုများကတော့ နောက်ကို ဆုတ်လိုက်ကြကာ အခြေအနေကိုသာ အေးဆေးစွာ အကဲခတ် နေလိုက်ကြသည်။ သူတို့ထံ၌ ကူညီရန် ရည်ရွယ်ချက် တစ်စက် ကလေးမှ မရှိပါချေ။
မြေကြီး ရှန့်ထို နှစ်ယောက်မှာ ရှေ့ကို တိုးသွားကြကာ မဟာ သမုဒ္ဒရာ ဧကရီ ပျောက်ကွယ်သွားသည့် နေရာအထိ ရောက်ရှိလာကြ၏။ သူတို့ နှစ်ယောက်က အာကာသ စွမ်းအင်များကိုပေါင်းစည်းလိုက်ကြကာ အပျက်အစီး အာကာသ စွမ်းအင်များ အတွင်း တိုးဝင်ဖို့ ကြိုးပမ်း လိုက်သည်။ သို့သော်လည်း သေမျိုး တစ်ယောက် ကျောက်တုံးအား လက်ဗလာဖြင့် ထိုးခွဲဖို့ ကြိုးပမ်းနေသလို ထိုအရာက သူတို့ အတွက် ခက်ခဲလွန်းလှသည်။
သူတို့ နှစ်ယောက်စလုံးမှာ အကာသ အမျိုးအစား လျှို့ဝှက် သင်္ကေတကို နားလည် ထားကြခြင်း မရှိသည့် အပြင် ကျင့်ကြံခြင်း အခြေခံ အရာတွင်လည်း မဟာ သမုဒ္ဒရာ ဧကရီထက် အဆများစွာ အားနည်းလှသည်။ နှစ်မိနစ် ခန့်မျှ အထိ အာကာသ စွမ်းအင် များစွာ အကုန်အကျခံကာ ကြိုးပမ်းခဲ့ကြသည့်တိုင် ဘာမှ အရာမထင်ခဲ့ပါချေ။
“အသုံးမဝင်ဘူး...”
ဝိညာဉ်ရှန့်ထို ဧကရာဇ်က ပွင့်ပွင့်လင်းလင်းပင် ဆိုလိုက်၏။ မြေကြီးရှန့်ထို နှစ်ယောက်၏ အမူအရာများက စိတ်ပျက် အားလျော့မှုများနှင့် ပြည့်နှက်သွားကာ မူလကထက်ပင် ပိုမို အကျည်းတန် သွားကြသည်။ သူတို့က ဝိညာဉ် ရှန့်ထို ဧကရာဇ်ကို ရူးသွပ်မှု ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် လှမ်းကာ ကြည့်လိုက်ကြ၏။
ဝိညာဉ် ရှန့်ထို ဧကရာဇ်ကတော့ သူတို့ကို လှည့်ပင် မကြည့်ပါချေ။ သူ့အတွက်တော့ ထိုနှစ်ယောက်မှာ အားနည်းသည့် မြေကြီး ရှန့်ထိုများ ဖြစ်ကြသည်။ နှစ်ပေါင်း သောင်းနှင့်ချီ လေ့ကျင့်ခဲ့ကြသည့်တိုင် သူတို့မှာ ယခုမှ လျှို့ဝှက် သင်္ကေတ နှစ်စီကိုသာ ပိုင်ဆိုင်ထားကြသေးသည်။
မဟာ သမုဒ္ဒရာ ဧကရီသည်ပင် သူ့အတွက် အထင်ကြီးစရာ မဟုတ်ချေ။ အခြား မြေကြီး ရှန့်ထို နှစ်ယောက်လိုပင် သူမသည်လည်း သမုဒ္ဒရာနှင့် အာကာသ တည်းဟူသော လျှို့ဝှက် သင်္ကေတ နှစ်ခုကိုသာ ပိုင်ဆိုင်ထားပေသည်။ ထို့အပြင်... သူမမှာ မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေ၏ ခေါင်းဆောင်ပင် မဟုတ်ချေ။
အမှန်တကယ် ခေါင်းဆောင် ဖြစ်သည့် အဋ္ဌမ မဟာ ပင်လယ်ပြာ ဧကရာဇ်ကတော့ အဝေးမှပင် သူမ ပျောက်ကွယ်သွားသည့် နေရာကို လှမ်းကြည့် နေခဲ့၏။ သူက အစမှ အဆုံး တစ်လက်မမျှ လှုပ်ရှားခြင်း မပြုပါချေ။ အေးစက်စက် အငွေ့အသက် တစ်ချို့သာလျှင် သူ့ မျက်လုံးများ အတွင်း နေရာယူနေ၏။
မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် နံပတ် ၂၀ မြောက်သော ကြယ်တာရာ နယ်မြေ ဖြစ်သည့်တိုင် မဟာ ပင်လယ်ပြာ၌ မြေကြီး ရှန့်ထို နှစ်ယောက် ရှိပေသည်။ မဟာ သမုဒ္ဒရာ ဧကရီမှာ သူ့ အတွက်တော့ ကြီးမားသည့် ပြိုင်ဘက် တစ်ယောက် ဖြစ်သလို ရန်သူလည်း ဖြစ်သည်။ အတိတ်၌ ဧကရီမှာ သူ့ကို လက်ထပ်ရန် ငြင်းဆန်ခဲ့ဖူးသလို နယ်မြေ၊ ရင်းမြစ် ခွဲဝေမှုနှင့် ပတ်သက်၍လည်း သူတို့ အကြားတွင် ပြဿနာ များစွာ ရှိပေသည်။
ထိုကဲ့သို့ အကွဲအပြဲ အခြေအနေ များကြောင့်ပင် မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၌ အဆင့် ၂၀ နေရာကို ရရှိနေခြင်း ဖြစ်သည်။ အကယ်၍ သူတို့ နှစ်ယောက်သာ ပေါင်းစည်းခဲ့ပါက လွန်ခဲ့သည့် ရာစုနှစ် တစ်ခုလောက်တည်းက အဆင့် ဆယ့်သုံး၊ ဆယ့်လေးလောက်ကို ရောက်ရှိ နေလောက်ပြီ ဖြစ်သည်။
“ခင်ဗျား ဝင်ရဲလား..”
ဝိညာဉ် ရှန့်ထို ဧကရာဇ်က အဆုံးမဲ့ သိုင်းဧကရာဇ်ကို လှည့်ကြည့်ရင်း မေးလိုက်သည်။ သူ၏ လေသံက စိန်ခေါ်လိုသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေသည်။
သို့သော်လည်း... အဆုံးမဲ့ သိုင်းဧကရာဇ်မှာ ထောင်ချောက်အတွင်း အလွယ်တကူ သက်ဆင်းတတ်သူ တစ်ယောက် မဟုတ်ပါချေ။
“ကျုပ် အရူးမှ မဟုတ်တာ...”
ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်နေသည့် အပျက်အစီး ဟင်းလင်းပြင် တစ်ခုလုံးမှာ အလွန်ပင် အန္တရာယ် များလွန်းလှကြောင်း အဝေးမှပင် သူ ကောင်းစွာ ခံစားနိုင်သည်။ အန္တရာယ်တော အတွင်း၌ မကြာခဏ ဆိုသလို အကျိုးအမြတ်များ ရှိတတ်သည့်တိုင် အသက်နှင့် ရင်း၍ စွန့်စားရန်တော့ သူ စိတ်မဝင်စားပါချေ။
အခြားတစ်ဖက်၌ တိုက်ခိုက်ရန် ကြိုးပမ်းနေသည့် မြေကြီး ရှန့်ထို နှစ်ယောက်ကတော့ ရူးသွပ်လုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့၏ ကြိုးပမ်းမှုများက အဆက်မပြတ်ပင် ကျရှုံးမှု လက္ခဏာများကိုသာ ပြသ နေ၏။ တခဏ အတွင်း ဆွဲမထုတ်နိုင်ပါက ဧကရီ သေဆုံးသွားတော့မည် ဖြစ်ကြောင်း သူတို့ ကောင်းစွာ ခံစားနိုင်ပေသည်။
“နန်းတော်သခင်မာ့... ကျေးဇူးပြုပြီး သူ့ကို ကယ်ပေးပါဗျာ...”
ကိုယ်တိုင်ကြိုးစားလို့ အခြေအနေ မဟန်နိုင်ကြောင်း သဘောပေါက်သည်နှင့် မြေကြီး ရှန့်ထို တစ်ယောက်က မာ့ကျန်း ရှိရာသို့ ပျံသန်းလာရင်း တောင်းပန်လိုက်သည်။ သူက ကိုယ်ပိုင် လောကနယ်မြေ တစ်ခု အတွင်း ကျင်လည် နေထိုင်သည့် မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်ကာ မည်သည့် ကြယ်တာရာ နယ်မြေနှင့်မှ သက်ဆိုင်ခြင်း မရှိချေ။ မဟာ ပင်လယ်ပြာ ဧကရီမှာ သူ့ ချစ်သူ ဖြစ်သည်။ သူတို့ နှစ်ယောက်တွင် ကလေး သုံးယောက် ရှိပေသည်။
ဒုတိယမြောက် မြေကြီး ရှန့်ထိုမှာလည်း မဟာ ပင်လယ်ပြာ ဧကရီ၏ နောက်ထပ် ချစ်သူ တစ်ယောက်ပင် ဖြစ်သည်။ ပထမ တစ်ယောက်နှင့် ခြားနားစွာပင် သူကတော့ နံပတ် ခုနစ် မြင့်မြတ်သောနေ ကြယ်တာရာ နယ်မြေ၏ အားနည်းသော မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်သည်။
မာ့ကျန်းက စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်၏။ အခြား မြေကြီး ရှန့်ထိုများကတော့ လူအိုကြီးကိုသာ စိတ်ဝင်စားသည့် မျက်ဝန်းများနှင့် လှမ်းကြည့်နေကြသည်။ သူက ကူညီတော့မည်လော။
***