ပြန်လည် တွေ့ဆုံခြင်း
Vol. 84 Ch. 1167
“မသွားနဲ့...”
ဟုန်ယန်လျှို့လန်က မာ့ကျန်းကို လှမ်းကြည့်ကာ အမိန့်ပေး လိုက်၏။ လောက၌ မသိခြင်းတရားမှာ ကြောက်မက်ဖွယ် အကောင်းဆုံးအရာ ဖြစ်သည်။ အဘိုး ဖြစ်သူ ပုပ်ရဟန်းမင်းကြီး ဟုန်ယန် ပင်လျှင် အဆင်မခြင်မဲ့စွာ မလုပ်ဖို့ သူမကို လှမ်းကာ သတိပေးထားသည်။ မြေကြီး ရှန့်ထိုများထဲ၌ ဟုန်ယန်မှာ အားအကောင်းဆုံး တစ်ယောက် အဖြစ် သတ်မှတ်နိုင်သူ ဖြစ်သည်။ ထိုကဲ့သို့သော လူကိုယ်တိုင်ကပင် မဆင်မခြင် မလုပ်ဖို့ သတိပေးထားရာ အန္တရာယ် မည်မျှ ကြီးမားကြောင်း ခန့်မှန်းနိုင်ပေသည်။
မြေကြီး ရှန့်ထိုနှစ်ယောက်ကတော့ မာ့ကျန်းထံ အဆက်မပြတ် အသနား ခံနေကြသည်။ သူတို့က ဧကရီ၏ အသက်ကို ရတနာ များစွာနှင့် အလဲအလှယ် လုပ်ပေးဖို့ ကမ်းလှမ်းကြသည်။ ထိုအထဲ၌ သူတို့ ပိုင်နက် နယ်မြေများထဲတွင် ရွှေရောင် အသက်နန်းတော် ကိုင်းခွဲများ ဆောက်လုပ်ဖို့ပင် ပါဝင်ပေသည်။
မာ့ကျန်းမှာ အကျော်ကြားဆုံး အာကာသ ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင်တွင် အတော်ဆုံး အဖြစ်ပင် ယူဆနိုင်သည်။ မာ့ကျန်း သေမျိုး တစ်ပိုင်း အရှင် အဆင့်၌ ရှိစဉ်ကပင် မြေကြီး ရှန့်ထိုများနှင့် တိုက်ခိုက်ကာ လွတ်မြောက်အောင် ထွက်ပြေးနိုင်ခဲ့သည်။ ထိုအချက်က သူ မည်မျှ အစွမ်းထက်ကြောင်း ဖော်ပြနေသည်။ ယခုအခါ၌ သူက မြေကြီး ရှန့်ထို တစ်ယောက် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
“ကျုပ် အကောင်းဆုံး ကြိုးစားပေးပါ့မယ်”
မာ့ကျန်းက သက်ပြင်းတစ်ချက် ချရင်း ဆိုလိုက်၏။ သို့သော်လည်း သူ အရမ်းကာရော မဝင်ရဲပါချေ။ ဝေ့ဝူယင်ထံ အရင်ဦးဆုံး စာတစ်စောင် ပို့လိုက်၏။ သို့သော်လည်း... ဝေ့ဝူယင်ထံ စာရောက်ရန် နောက်ထပ် နှစ်ဆယ့် ရှစ် စက္ကန့် ကြာဦးမည်မှန်း သူ သိပေသည်။
သို့သော်လည်း... နှစ်ဆယ့် ရှစ်စက္ကန့် ဆိုသည့် အချိန်မှာ အပျက်အစီး စွမ်းအင်များ အတွင်းရှိ မြေကြီး ရှန့်ထို တစ်ယောက် အတွက် သေဆုံးသွားရန် လုံလောက်သည့် အချိန် ဖြစ်သည်။ သူက ပင့်သက် တစ်ချက် ရှိုက်ကာ ဆက်စပ်မှု အာကာသ ဝိညာဉ်နှင့် ချိတ်ဆက်လိုက်ရင်း ခန္ဓာကိုယ် တစ်ခုလုံး အနှံ့ စွမ်းအင်များ သွန်းလောင်း လိုက်၏။ ထို့နောက်တွင်တော့ ရှေ့ကို ပျံသန်းကာ ဧကရီ ပျောက်ကွယ်သွားသည့် လမ်းကြောင်း အတိုင်း ဝင်ရောက် သွားတော့သည်။
"..."
တစ်ခဏ အတွင်းမှာပင် မာ့ကျန်း တစ်ယောက် ပျောက်ကွယ် သွားခဲ့၏။ အမှောင် ဟင်းလင်းပြင် အတွင်းတွင်တော့ မြေကြီး ရှန့်ထိုများမှာ အသက်ပင် မရှူနိုင်ပဲ ထွက်ပေါ်လာမည့် ရလဒ်ကို စောင့်ဆိုင်း နေကြတော့သည်။
...
ဝှစ်...
အပျက်အစီး အာကာသ အတွင်း ရောက်ရောက်ချင်းပင် မာ့ကျန်းမှာ ဧရာမ အာကာသ မုန်တိုင်း တစ်ခုနှင့် ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရသည်။ အပျက်အစီး အာကာသ စွမ်းအင်များမှာ တည်ငြိမ် အာကာသနယ် အတွင်း သိမ်းကြုံး နေရာယူထားကာ အရှိန်အဟုန်နှင့် လှည့်ပတ်နေသည်။ ပတ်ဝန်းကျင်ရှိ လောကမှာ အဆုံးမဲ့စွာ အမျိုးမျိုး ပြောင်းလဲ နေ၏။ မည်သည့် နေရာသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်းနှင့် ဘယ်လောက် ခရီးနှင်ပြီးခဲ့ပြီ ဖြစ်ကြောင်း မာ့ကျန်း ခန့်မှန်းနိုင်ခြင်း မရှိချေ။ ထို့အပြင် ပတ်ဝန်းကျင်၌ မည်သည့် အရောင်နှင့် အသွင် သဏ္ဌာန်မှ မရှိချေ။ ဝေးနိုင်သမျှ ဝေးသည် အထိ သူ မြင်မြင်နိုင်သမျှက အဆုံးမဲ့ အပျက်အစီး တာအိုများသာ ဖြစ်သည်။
အခြေတစ်ခုလုံးက ချောက်ချားဖွယ် အတိ ဖြစ်သည်။ သို့သော်လည်း... မာ့ကျန်းမှာ အာကာသ အပေါ် ထက်ရှသည့် အာရုံခံစားမှုကို ပိုင်ဆိုင်ထားလေရာ အလျှင်အမြန်ပင် ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်ရင်း ပတ်ဝန်းကျင်ကို စစ်ဆေး လိုက်သည်။ ကံမကောင်းစွာပင်... မဟာ သမုဒ္ဒရာ ဧကရီကို ဘယ်နေရာတွင်မှာမှ မတွေ့ရပါချေ။
အပျက်အစီး မန်နာများနှင့် အတူ နေကြယ်စွမ်းအင် လှိုင်းများ ရိုက်ခတ်လာသည်ကို သတိထားမိလိုက်သော အခိုက်၌ မာ့ကျန်းက လက်နှစ်ဖက်ဖြင့် မျက်နှာကို ကာလိုက်မိသည်။ ၎င်းတို့မှာ သူ ဖန်တီးထားသည့် အကာအကွယ် အားလုံးကို တစ်ခဏ အတွင်း တိုက်စားသွားကာ မည်သည့် နာကျင်မှုကိုမှ မခံစားရစေပဲ အရေပြားများအတွင်းကိုပင် စိမ့်ဝင် နေကြသည်။ တစ်နည်းအားဖြင့် ဆိုရသော် ထိုစွမ်းအင်များမှာ သူ့ကို အမဲဖျက် နေကြခြင်းပင် ဖြစ်လေသည်။
မာ့ကျန်း လျှို့ဝှက် အကာအကွယ်ကု ထုတ်ဖော် လိုက်၏။ ထို့နောက် အချိန် မဖြုန်းတော့ပဲ လက်ဟန် ချိပ်စည်းများ ဖန်တီးကာ လျှို့ဝှက် စွမ်းအင်များကို လျှို့ဝှက် ဝိညာဉ် အတွင်း ပို့လွှတ် လိုက်သည်။ ထို့နောက် ဝိညာဉ် အာရုံကို စတင်ကာ ဖြန့်ကျက်လိုက်၏။ တာဝန်ယူထားခဲ့ပြီး ဖြစ်လေရာ မဟာ သမုဒ္ဒရာ ဧကရီကို ကယ်တင်ဖို့ သူ အစွမ်းကုန် အားထုတ်ရတော့မည် ဖြစ်သည်။
သို့သော်လည်း...
မာ့ကျန်း ဝိညာဉ် အာရုံကို ပိုမို ဝေးကွာအောင် မဆန့်ထုတ် နိုင်ခင်မှာပင် အသံတစ်ခုမှာ အရပ်မျက်နှာ ပေါင်းစုံမှ ထွက်ပေါ်လာခဲ့၏။
“ရပ်လိုက်...”
ပုံမှန်အားဖြင့် မာ့ကျန်းမှာ အမိန့်နာခံတတ်သူ မဟုတ်ချေ။ သူက အရာ အားလုံးကို ကိုယ့်ဆုံးဖြတ်ချက်နှင့်သာ လုပ်တတ်သူ ဖြစ်သည်။ သို့သော်လည်း... ယခုတစ်ကြိမ် အသံပိုင်ရှင်ကတော့ ခြားနားကာ သူ့ကို မြေကြီး ရှန့်ထို အဆင့် ရောက်အောင် ကူညီပေးခဲ့သည့် ဝေ့ဝူယင်ပင် ဖြစ်လေသည်။
မာ့ကျန်း ချက်ချင်းပင် လျှို့ဝှက် စွမ်းအင် လှည့်ပတ်မှုကို ရပ်တန့်ကာ မူလ နေရာတွင်ပင် ရပ်နေလိုက်၏။ အချိန် မည်မျှ ကြာမြင့်သွားပြီ ဖြစ်ကြောင်း ခန့်မှန်းရန် ခက်ခဲလှသည့်တိုင် မာ့ကျန်း နည်းနည်းလေးမျှ စိတ်ပူခြင်း မရှိပါတော့ချေ။ ဝေ့ဝူယင် ရောက်ရှိလာပြီ ဖြစ်လေရာ သူ ယုံကြည်ချက် အပြည့်အဝ ရှိနေခဲ့ပြီ ဖြစ်သည်။ သူက ရပ်လို့ ပြောလျှင် ဘာမှ မစဉ်းစားပဲ ရပ်နေလိုက်ရုံသာ ရှိသည်။
“ခင်ဗျား ကျုပ် ပြန်ပြီး ဆက်သွယ်တာကို စောင့်သင့်တယ်”
ဝေ့ဝူယင်၏ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။ မာ့ကျန်းက ဖြူရော်စွာ ပြုံးရင်း ခေါင်းညိတ် လိုက်သည်။
“တောင်းပန်ပါတယ်...”
ဝေ့ဝူယင်၏ အသံထဲမှ မောပန်း နွမ်းနယ်မှုများကို သူ ကောင်းစွာ ခံစားနိုင်ပေသည်။ ကြည့်ရသည်က အပျက်အစီး စွမ်းအင်လှိုင်းများမှာ လူငယ်လေး အတွက်ပင် ကိုင်တွယ်ရ ခက်ခဲဟန် ရသည်။
“ကျုပ် ဝင်မှ ဖြစ်တော့မှာ မလို့ပါ... အရင်ဆုံး ဝင်သွားတဲ့ တစ်ယောက်က ကျုပ်နဲ့ ပတ်သက် ဆက်နွယ်မှု တစ်ချို့ ရှိပါတယ်... သူ တစ်ခုခု ဖြစ်သွားမှာမျိုးကို ကျုပ် စိုးရိမ်မိတယ်”
မာ့ကျန်းနှင့် မဟာ သမုဒ္ဒရာ ဧကရီတို့ အကြားတွင် စီးပွားရေး ဆိုင်ရာ ဆက်စပ်မှု များစွာ ရှိပေသည်။ သူမက အရမ်းကြီး အစွမ်း မထက်သော်လည်း ရွှေရောင် အသက်နန်းတော် တတိယ ကိုင်းခွဲ တည်မြဲရေး အတွက် များစွာ ကူညီပေးခဲ့သူ ဖြစ်သည်။
“သူ သေသွားပြီ...”
ဝေ့ဝူယင်က ခံစားချက် ကင်းမဲ့သည့် လေသံဖြင့် တုန့်ပြန်လိုက်သည်။ မာ့ကျန်း၏ မျက်နှာ အသားများက အနည်းငယ် လှုပ်ရှားသွား၏။ သေသွားပြီလား... မည်ကဲ့သို့နည်း။ မသိစိတ်၏ တိုက်တွန်း နှိုးဆော်မှုနှင့် အတူ မာ့ကျန်း လျှို့ဝှက် အင်အားများကို လှည့်ပတ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ ကြိုးပမ်းလိုက်ပြန်သည်။
“မလုပ်နဲ့...”
ယခုတစ်ကြိမ် ဝေ့ဝူယင်၏ အသံက ပြင်းထန်လွန်းလှ၏။ မာ့ကျန်း အလျှင်အမြန်ပင် အစီအရင်ကို ပြန်လည် ရုတ်သိမ်း လိုက်သည်။ တန်ပြန် ရိုက်ခတ်မှု အဖြစ် သူ သွေးကြောများနှင့် လျှို့ဝှက် ဝိညာဉ်တို့မှာ ပြင်းထန်စွာ တုန်ရီသွားခဲ့ကာ နာကျင်မှုက သူ့ခန္ဓာကိုယ် အနှံ့ ဖြစ်ပေါ်လာခဲ့သည်။ သူ့ လည်ချောင်း အတွင်း သွေးပင် လျှံတက် လာခဲ့၏။
တစ်စက္ကန့်...
သုံးဆယ် စက္ကန့်...
တစ်မိနစ်...
ခုနစ်မိနစ်နှင့် သုံးဆယ့် နှစ်စက္ကန့်...
မာ့ကျန်းမှာ သူ ဘယ်နေရာ ရောက်နေကြောင်း မပြောနိုင်သလို အကွာအဝေး မည်ရွေ့မည်မျှ အထိ ခရီးနှင်ခဲ့ပြီး ဖြစ်ကြောင်းကိုလည်း မခန့်မှန်းနိုင်ချေ။ သူ သတိထားမိသည့် တစ်ခုတည်းသော အရာက သူ့ ခန္ဓာကိုယ် ပတ်လည်တွင် စက်ဝိုင်း သဏ္ဌာန် ဝန်းရံလာနေခဲ့သည့် မီးခိုးရောင် အခိုးအငွေ့များပင် ဖြစ်လေသည်။ ဆက်စပ်မှု အာကာသ ဝိညာဉ်ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူ တစ်ယောက် အနေဖြင့် ထိုအရာက ဟင်းလင်းပြင် အင်အားများပင် ဖြစ်ကြောင်း သူ သိပေသည်။
ဝှစ်...
ထိုအခိုက်တွင်ပင် လက်တစ်ဖက်မှာ သူ့ ပခုံးကို ဆုပ်လိုက်လိုက်၏။ ထို့နောက်တွင်တော့ သူ့ ခန္ဓာကိုယ်က တစ်နေရာရာသို့ ပစ်ချခံလိုက်ရသလို ခံစားလိုက်ရကာ ပတ်ဝန်းကျင် တစ်ခုလုံး ပြောင်းလဲ သွားခဲ့သည်။ အရပ် ရှစ်မျက်နှာ တစ်ခုလုံးမှာ အပျက်အစီး စွမ်းအင်များ မဟုတ်တော့ချေ။ ကြယ်များ တလက်လက် တောက်ပနေသည့် အမှောင် ဟင်းလင်းပြင် တစ်နေရာသာ ဖြစ်ပေသည်။
သူ၏ အရှေ့တွင်တော့ အဖြူရောင် ဝတ်စုံဝတ် လူငယ်လေး တစ်ယောက် ရပ်နေခဲ့သည်ကို တွေ့ရ၏။ သူက ငွေရောင် မျက်ဝန်းများကို ပိုင်ဆိုင်ထားကာ နတ်ဘုရား တစ်ပါး အလား ခန့်ညားလှပေသည်။ သူ့ ဘေးတွင်တော့ သတိလစ် မေ့မြောနေပုံ ပေါ်သည့် အမျိုးသမီး တစ်ယောက် ရှိနေခဲ့၏။ သူမ၏ အဝတ်အစားများက ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်ကာ ဆံပင်များမှာ ရှုပ်ထွေး ပွေလီနေသည်။ မျက်ရည် စီးကြောင်း နှစ်ခုက သူမ၏ ပါးထက်၌ စီးကျနေကာ သတိမလစ်ခင် မည်မျှ ကြောက်ရွံ့ခဲ့ကြောင်း ဖော်ပြနေသည်။
မာ့ကျန်း ဝေ့ဝူယင်ကို ကြည့်ကာ စိတ်ထဲမှ ထိတ်လန့် တုန်လှုပ်မှုများကို ခံစားလိုက်ရ၏။ သေမျိုး တစ်ယောက်သာ ဖြစ်သော်လည်း ထိုလူငယ်လေးမှာ မြေကြီး ရှန့်ထို နှစ်ယောက်ကို ကြယ်ကလေး ငှက်ကလေးလိုမျိုး ကယ်တင်နိုင်ခဲ့သည်။ အပြင်ပန်း၌ ပြုံးနေသည့်တိုင် မာ့ကျန်း၏ နှလုံးသားက အဆက်မပြတ် တုန်ရီနေ၏။
“ကံကောင်းလို့ပေါ့... မဟုတ်ရင် ခင်ဗျား သေနေလောက်ပြီ”
ဝေ့ဝူယင်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ မဟာ သမုဒ္ဒရာ ဧကရီ၏ ခန္ဓာကိုယ်က မာ့ကျန်းထံ ပျံသန်း ရောက်ရှိသွားသည်။ လူအိုကြီးက အလျှင်အမြန်ပင် ဝိညာဉ် အာရုံကို ဖြန့်ကျက်ကာ စစ်ဆေးလိုက်၏။ ဧကရီ၏ ခန္ဓာကိုယ်က မထိမခိုက် ကျန်ရှိနေဆဲ ဖြစ်သည့်တိုင် အတွင်းပိုင်း စွမ်းအင် အားလုံးကတော့ တစ်စုံတစ်ရာ၏ စုပ်ယူ ဝါးမြိုမှုကို ခံရသည့် အလား ခြောက်ကပ် နေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း... ကံကောင်း ထောက်မစွာပင် သူမ အသက်ရှူနေဆဲ ဖြစ်သည်။
“သခင်လေးဝေ့ သူ့ကို ကယ်လိုက်တာလား...”
မာ့ကျန်းက အံ့အားသင့်စွာဖြင့် မေးလိုက်၏။
“ဟူး...”
ဝေ့ဝူယင် ပင်ပန်း နွမ်းနယ်စွာဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။ သူ၏ ငွေရောင် မျက်ဝန်းများမှာ အမှောင် ဟင်းလင်းပြင်ကိုသာ ငေးမော နေ၏။ ဒေါင်လိုက် သဏ္ဌာန် ဖြစ်နေသည့် နဂါး မျက်လုံးများက ဖြည်းညင်းစွာပင် သာမန် အဖြစ် ပြန်လည် ပြောင်းလဲ သွားသည်။
“ခုနတုန်းက အပျက်အစီး ဧရိယာထဲမှာ အဲဒီကောင်ကြီးလည်း ရောက်နေတာ... သူ သတိမထားမိအောင် ရှောင်နိုင်ခဲ့တာ ကျုပ် ကံကောင်းတာပဲ”
“အဲဒီကောင်ကြီး...”
မာ့ကျန်း အနည်းငယ် မျက်မှောင်ကြုတ် သွား၏။ တစ်ခါ ဝေ့ဝူယင်နှင့် ခရီးသွားစဉ်တုန်းက သတိပေးချက် တစ်စုံတစ်ရာ မရှိပဲ အရှိန်မြှင့်ခိုင်းခဲ့သည်ကို သူ မှတ်မိနေပေသေးသည်။ ကြည့်ရသည်က အမှောင် ဟင်းလင်းပြင် အတွင်းတွင် ဝေ့ဝူယင်ကိုပင် ခြိမ်းခြောက်နိုင်သည့် ထူးဆန်းသော အာကာသ သတ္တဝါကြီး တစ်ကောင် ရှိနေသည့်ပုံပင်။ သို့သော်လည်း... သူကတော့ ထိုကဲ့သို့ အရာမျိုးကို တစ်ခါမှ မကြားဖူးချေ။
“အဲဒါက ဘာကောင်လဲ ဆိုတာ သခင်လေးဝေ့ သိတာလား...”
မာ့ကျန်းက မေးလိုက်ရင်း ဧကရီ၏ အခြေအနေကို ပိုမို တည်ငြိမ်စေရန် သူ့ကိုယ်ပိုင် စွမ်းအင်များကို ထည့်သွင်း ပေးလိုက်သည်။ ထိုနည်းဖြင့် သူမကို ကယ်ခဲ့သူက ဝေ့ဝူယင် မဟုတ်ကြောင်း သူ ဖြစ်ကြောင်း သက်သေ အထောက်အထား တစ်ခု ချန်ရစ်နိုင်လိမ့်မည် ဖြစ်သည်။ မလိုလားအပ်သည့် အာရုံ စူးစိုက်မှုများကို ဝေ့ဝူယင် မလိုချင်ကြောင်း သူ သိသည်။ မဟုတ်ပါက... ဧကရီကိုပင် သူ့ထံ လွှဲပြောင်း ပေးလိမ့်မည် မဟုတ်ပါချေ။
“သိတယ်...”
ဝေ့ဝူယင်က ခေါင်းညိတ်လိုက်၏။ သို့သော်လည်း သူက အကျယ်တဝံ့ ရှင်းပြခြင်းတော့ မပြုပါချေ။ ဝေ့ဝူယင်က ထိုသတ္တဝါ အကြောင်းကို မပြောချင်သေးကြောင်း မာ့ကျန်း သဘောပေါက် လိုက်၏။ အချိန်မကျသေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
***