← Chapters

အပြိုင် စကြဝဠာမှ မာ့ကျန်း

Vol. 84 Ch. 1168

အပြိုင် စကြဝဠာမှ မာ့ကျန်း

Vol. 84 Ch. 1168

“အဆင့်ချိုးဖျက်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူပါတယ်...”

မာ့ကျန်းက စကားလမ်းကြောင်း လွှဲလိုက်၏။ ဝေ့ဝူယင်၏ ခန္ဓာကိုယ် ပတ်လည်တွင် အချိန် စွမ်းအင်များ ခိုအောင်း နေကြောင်း သူ အစောကတည်းကပင် သတိထားမိပြီး ဖြစ်သည်။ ထိုအရာက ကြယ်တာရာ အမြုတေ အဆင့်ရှစ် လောကီ မျက်လုံး အဆင့်ကို အောင်မြင်စွာ ခြေချနိုင်ခဲ့သည့် လက္ခဏာပင်။

အသက်ခြောက်ဆယ်ဖြင့် အချိန်သခင် တစ်ယောက် ဖြစ်လာခြင်း...

ထိုသတင်းသာ ပျံ့နှံ့သွားပါက ကြယ်တာရာ နယ်မြေကြီး တစ်ခုလုံး နောက်တစ်ကြိမ် တုန်လှုပ်ရပေဦးမည် ဖြစ်ပေသည်။

“ကျေးဇူးပါပဲ...”

ဝေ့ဝူယင်က ခေါင်းတစ်ချက် ညိတ်ရင်း ဆိုလိုက်၏။ သို့သော်လည်း... သူ၏ မျက်လုံးများက အမှောင် ဟင်းလင်းပြင် တစ်နေရာကိုသာ မျက်ခြေမပြတ် ‌ငေးကြည့်နေဆဲ ဖြစ်သည်။ တဖျပ်ဖျပ် တောက်ပနေသည့် ငွေရောင် ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ အာကာသ အလွှာများကိုပင် ဖြတ်သန်း မြင်နိုင်စွမ်း ရှိသည့်ပုံ ရသည်။

တစ်ခဏ ကြာပြီးနောက်၌ သူ၏ မျက်မှောင်များက ပြေလျော့သွားကာ သက်ပြင်းတစ်ချက် ချလိုက်၏။

“ဘဝက တကယ်ပဲ ခန့်မှန်းလို့ မရဘူး”

အဆုံးမဲ့ ခရီးသွား နယ်မြေမှ ပြန်လာပြီး နောက်တွင် ဝေ့ဝူယင်၏ အတွေးက လုံခြုံသည့် နေရာ တစ်ခုကို ရှာဖွေကာ ကျင့်ကြံဖို့၊ ဆေးဖော်စပ်ဖို့၊ အစီအစဉ်များ ရေးဆွဲချမှတ်ဖို့ ဖြစ်သည်။ သို့သော်လည်း... မဆင့်ခေါ်ပါပဲ အန္တရာယ် တစ်ခုက သူ့ထံ တည့်တည့်မတ်မတ်ပင် တိုးဝင် လာခဲ့သည်။ သူ မလှုပ်ရှားပါကလည်း မာ့ကျန်း တစ်ယောက် ကျိန်းသေ ဇီဝိန်ချုပ်ရလိမ့်မည် ဖြစ်သည်။

“အမှန်ပါပဲ...”

မာ့ကျန်းက ထောက်ခံလိုက်ရင်း လက်ထဲရှိ မဟာ သမုဒ္ဒရာ ဧကရီကို ငုံ့ကြည့်လိုက်သည်။ ဝေ့ဝူယင်ကလည်း မာ့ကျန်းလက်ထဲ သက်လတ်ပိုင်း အရွယ် အမျိုးသမီးကို လိုက်ကြည့်လိုက်၏။

“မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေရဲ့ ပဋိပက္ခထဲကို ခင်ဗျား ဝင်ပါမှ ဖြစ်တော့မယ်... သူ့ကို နဝမမြောက် ပင်လယ်ပြာ ဧကရီ ဖြစ်လာအောင် ‌ထောက်ပံ့ပေးပါ”

"...”

မာ့ကျန်း အနည်းငယ် အံ့အားသင့် သွား၏။

“အဋ္ဌမမြောက် ပင်လယ်ပြ ဧကရာဇ်က...”

ဝေ့ဝူယင် ရှင်းပြဖို့ ပြင်လိုက်သော်လည်း မာ့ကျန်းက သူ့စကား မဆုံးခင်မှာပင် ဖြတ်ပြောလိုက်သည်။

"ကျုပ် အစွမ်းကုန် ကြိုးစားပါ့မယ်... ဆယ်စုနှစ် တစ်ခု အတွင်း သူ နဝမမြောက် ပင်လယ်ပြာ ဧကရီ ဖြစ်လာပါလိမ့်မယ်... အဲဒီ အချိန်အတွင်းလောက်ဆို ပြေလား”

မာ့ကျန်း၏ လေသံက ယုံကြည်ချက်များနှင့် ပြည့်နှက် နေသည်။ အကြောင်းပြချက်ကို သူ သိဖို့ မလိုပါချေ။ ဝေ့ဝူယင် အပေါ် သူ အကြွင်းမဲ့ ယုံကြည်ပေသည်။

ဝေ့ဝူယင် မာ့ကျန်းကို စိုက်ကြည့်လိုက်၏။ နှလုံးသားထဲတွင်တော့ သူ နွေးထွေးမှု တစ်ခုကို ခံစားလိုက်ရသည်။ ဝတ်စုံဝတ် ဝေ့ဝူယင် (အချိန်မြစ်အတွင်း တွေ့ခဲ့ရသည့် ဝေ့ဝူယင်) ၏ စကြဝဠာတွင်လည်း သူ ထိုလူအိုကြီးနှင့် တွေ့ဆုံခဲ့ပေသည်။ မိစ္ဆာစစ်ပွဲ လောကနယ်မြေ အတွင်း မဝင်ရောက်ခဲ့သော်လည်း မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ‌ရောက်ရှိပြီး နောက်တွင် ဝေ့ဝူယင်မှာ မာ့ကျန်း၏ အာရုံကို ဆွဲဆောင်နိုင်ခဲ့သည်။ လူအိုကြီးမှာ သူ၏ မဟာမိတ် တစ်ယောက် ဖြစ်လာခဲ့ကာ အဆုံးမဲ့ ကောင်းကင်တွင် အဂ္ဂိရတ် ပညာရှင် တစ်ယောက် အဖြစ် တည်ဆောက်ရန် သူ့ကို ကူညီခဲ့သည်။

ကံဆိုးစွာပင် ထိုစကြဝဠာတွင်တော့ မာ့ကျန်းမှာ သေဆုံးခဲ့ပေသည်။ ရှန်းကျိကျိက အစစ်အမှန် မွေးဖွားခြင်းနှင့် အဆက်အသွယ်များကို အသုံးပြုကာ လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းပင်။ ဤစကြဝဠာတွင်လည်း မာ့ကျန်းမှာ အလားတူ လုပ်ကြံမှုမျိုး ကြုံတွေ့ခဲ့ရသေးသည်။ ကံကောင်း ထောက်မစွာပင် သူကတော့ လွတ်မြောက်ခဲ့ပေသည်။

မာ့ကျန်း ကွယ်လွန်ပြီး နောက်တွင် မာ့ဆုကျင်းက တတိယကိုင်းခွဲ အုပ်ချုပ်ရေးမှူး နေရာကို ယူကာ မာ့မျိုးနွယ်၏ အရေးပါမှုကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့သည်။ သို့သော်လည်း... ၎င်းမှာ ဟုန်ယန်လျှို့လန်၏ နောက်ခံကြောင့်သာ ဖြစ်ကာ ရှန်းကျိကျိမှာ အင်ဖာနို ဘုရားကျောင်းနှင့် ဆက်ဆံရေး ထိခိုက်သွားမည်ကို စိုးရိမ် နေခဲ့ခြင်းဖြစ်သည်။

နောက်ပိုင်းတွင်တော့ မာ့ဆုကျင်းမှာ ထျန်းရီဝူနောက်ကို စတင် လိုက်ခဲ့ကာ မိခင်ဖြစ်သူ ကန့်ကွက်နေသည့် ကြားမှပင် တတိယ အုပ်ချုပ်ရေးမှူး ရာထူးမှ နှုတ်ထွက်ခဲ့သည်။

ဝေ့ဝူယင်မှာ မာ့ကျန်း အပေါ် အကြွေးတင်နေသည်ဟု ခံစားရလေရာ မြေကြီး ရှန့်ထိုအဆင့် အဂ္ဂိရတ် ပညာရှင် တစ်ယောက် ဖြစ်လာပြီး နောက်တွင် လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်များကို နောက်ကွယ်မှ မသိအောင် ထောက်ပံ့ပေးခဲ့သည်။ ထိုဝေ့ဝူယင်မှာ အမြဲတမ်း နှိမ့်ချကာ လူမသိ၊ သူမသိ နေတတ်သည့်တိုင် ကိုယ်ပိုင် စည်းမျဉ်းများနှင့် လည်ပတ်နေသူ ဖြစ်သည်။

မာ့ကျန်းမှာ သူ့ဘဝ နှစ်ခု စလုံးတွင် အလွန် အရေးပါခဲ့သူ ဖြစ်သည်။ ထိုလူအိုကြီးသာ မရှိပါက မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်း သူ အခြေတကျ ဖြစ်ရန် ပိုမို၍ ခက်ခဲလိမ့်မည် ဖြစ်သည်။ သူက အလွန်ပင် ယုံကြည်ရသူ ဖြစ်သည်။

ဝေ့ဝူယင် ခေါင်းညိတ်လိုက်၏။

“အဲဒီ အချိန်လောက်ဆို ပြေတယ်... ဝူယုက ခင်ဗျားကို လာကူညီလိမ့်မယ်... သူ့ နောက်မှာ ကျုပ်ရှိတယ် ဆိုတာ လူတွေ သိလေ ကောင်းလေပဲ”

ဝတ်စုံဝတ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များ အရ ဆိုလျှင် အဋ္ဌမမြောက် ပင်လယ်ပြာ ဧကရာဇ်မှာ အစစ်အမှန် မွေးဖွားခြင်း အဖွဲ့ဝင် တစ်ယောက် ဖြစ်သည်။ သူက နောက်တစ်ချိန်တွင် သူ့ ရန်သူ ဖြစ်လာလိမ့်မည် ဖြစ်သည်။ မဟာ ပင်လယ်ပြာ ကြယ်တာရာ နယ်မြေ အတွင်းရှိ အရိပ်ဥ အပါအဝင် ရန်တစ်ရန် ရှင်းသွားပါက သူ့အတွက် အကောင်းဆုံး ဖြစ်သည်။

“ကျုပ် နားလည်ပါပြီ”

မာ့ကျန်းက ခေါင်းညိတ်လိုက်၏။ ဝေ့ဝူယင် အဝေးတစ်နေရာကို လှမ်းကြည့်ရင်း အလွှာကြားက လောက အကြောင်း ပြန်လည် တွေးလိုက်မိသည်။ ထိုနေရာရှိ လူများမှာ သူ အချိန်လေပွေ အတွင်း သေကြောင်း ကြံစည်သွားပြီ ဖြစ်ကြောင်း ယုံကြည် နေကြလောက်သည်။ ထို့အပြင်... ဝူယုနှင့် ကျန့်ကျန့်တို့မှာလည်း ကိုယ်ပွားများသာ ဖြစ်ကြောင်း ယုံကြည်ရအောင် သူ အကွက်ဆင် ထားခဲ့သည်။

ထိုအရာက လောကီမျက်လုံး အဆင့် ကပ်ဘေး မတိုင်ခင် သူ့ အစီအစဉ်များ ဖြစ်သည်။ သို့သော်လည်း... ယခုတွင်တော့ သူက အချိန်သခင် တစ်ယောက် အောင်အောင်မြင်မြင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... သူ အမှန်တကယ် သေဆုံးသွားတာ မဟုတ်ကြောင်း အသိပေးချင်သူများလည်း ရှိပေသည်။

လျူစုယင်...

ချောင်စွေ့ဖုန်း...

ဝေ့ဝူယင် ကောင်းမွန်စွာ အသက်ရှင်နေသေးကြောင်း သူတို့ နှစ်ယောက် သိဖို့ လိုအပ်သည်။ ခက်ခဲသည့် အချိန်များ ရှိခဲ့သည် ဆိုသော်လည်း ချစ်ရသည့် လူများ တစ်ချိန်လုံး ထိခိုက်ခံစားရမည့် အဖြစ်မျိုး မကြုံချင်တာတော့ အမှန်တကယ်ပင် ဖြစ်သည်။ သူ ထိုကဲ့သို့ လုပ်ခဲ့ရခြင်းမှာလည်း မတတ်သာသောကြောင့်သာ ဖြစ်သည်။ ယခုတွင်တော့ သူတို့ ထိုကဲ့သို့ ဆက်လက် တွေးထင်ရန် မလိုအပ်တော့ချေ။

“အာကာသ ဝေဟင်ဂိုဏ်းနဲ့ ဆက်သွယ်ပြီး လက်ထောက်ဂိုဏ်းချုပ်နဲ့ ဂိုဏ်းချုပ်တို့ဆီ အကြောင်းကြားလိုက်ပါ... အချိန်လေပွေက ရေကူးလို့တော့ ကောင်းပါတယ်... ဒါပေမဲ့ အချိန် အကြာကြီး မနေနိုင်တဲ့ အတွက် ခွင့်လွှတ်ပါ... ဒါပေမဲ့ သူတို့ ဆန္ဒရှိရင်တော့ လာလည်လို့ ရတယ် လို့”

ဝေ့ဝူယင်၏ စကားလုံးများမှာ ယဉ်ကျေးသည့်တိုင် အသံကတော့ အလွန်အမင်း အေးစက်သည့် အငွေ့အသက်များနှင့် ပြည့်နှက် နေ၏။ မာ့ကျန်း ပင်လျှင် ကျောရိုးများ စိမ့်တက်သွားသလို ခံစား လိုက်ရသည်။

လတ်တလောတွင် ချိပ်ပိတ် နယ်မြေ အစီအရင်ကြောင့် လျူယင်လန်း တစ်ယောက် ချိပ်ပိတ်နယ်မြေ အတွင်း မဝင်ရောက်နိုင်သေးကြောင်း ဝေ့ဝူယင် သိပေသည်။ ထို့အပြင်... သူ့ဘေးရှိ မြေကြီး ရှန့်ထို နှစ်ယောက်က အတုအယောင် သက်သက်သာ ဖြစ်ကြောင်း ယုံကြည်ထားရာ ထိုမိန်းမမှာ သူ့ကို ပြန်ခေါ်ရန် အတွက် လျူစုယင်ကိုသာ လွှတ်ပေလိမ့်မည်။

“တစ်နေ့နေ့ပေါ့လေ...”

ဝေ့ဝူယင်၏ မျက်လုံးများက ထက်ရှသည့် အလင်းတန်းများနှင့် ပြည့်နှက် သွား၏။ သို့သော်လည်း... ဝေ့ဝူယင် လုံးလုံး မသိခဲ့တာ တစ်ခုက လျူစုယင် အတွက် သူမ၏ အစီအစဉ်များကို အကောင်အထည် ဖော်ရန် သူ့ကို မလိုအပ်တော့ခြင်းပင် ဖြစ်လေသည်။

“...”

မာ့ကျန်းမှာ ငြိမ်သက်စွာပင် ရပ်ကာ ဝေ့ဝူယင်ထံမှ နောက်ထပ် အမိန့်များကို စောင့်ဆိုင်း နေခဲ့၏။ အပျက်အစီး စွမ်းအင်များ အကြားမှာတုန်းက မဟာ သမုဒ္ဒရာ ဧကရီ သေဆုံးသွားပြီ ဖြစ်ကြောင်း ဝေ့ဝူယင် ပြောခဲ့သည်ကို သူ ပြန်လည် သတိရလိုက်သည်။ လက်ရှိ အခြေအနေကို စစ်ဆေးကြည့်ရလျှင် သူမမှာ အသက်ရှူ နေသေးသည့်တိုင် အတွင်းပိုင်း စွမ်းအင် အားလုံးကတော့ ပြိုကွဲလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ အမှတ်တမဲ့ ကြည့်ပါက သူမက သေဆုံးသွားခဲ့ပြီး သလိုပင်။ ခန္ဓာကိုယ် အနှံ့ ရစ်သိုင်းနေသည့် စွမ်းအင်များကတော့ သူမကို ကယ်တင်ရန် ဝေ့ဝူယင် အားထုတ်မှုများ ဖြစ်ဟန်တူသည်။

မာ့ကျန်း လက်ညိုးကို ဆန့်ထုတ်ကာ မိန်းကလေး၏ ပခုံးကို ထိလိုက်၏။ ဝိညာဉ် အာရုံက ဖြန့်ကျက်သွားကာ သူမ၏ နှလုံးသားထံတွင် အပူစွမ်းအင် တစ်ခု ရှိနေကြောင်း ခံစားလိုက်ရသည်။ ထိုခံစားချက်က အတော်လေး ရင်းနှီးပေသည်။

“လျှို့ဝှက် အဆင့် အဂ္ဂိရတ် ထုတ်ကုန်...”

၎င်းက မိန်ကလေး၏ အသက်အင်အားများကို ပြန်လည် ထိန်းသိမ်းရန်နှင့် လျှို့ဝှက် အဆင့် ခန္ဓာကိုယ် လုပ်ဆောင်ချက်များ ပြန်လည် အသက်ဝင်လာစေရန် လျှို့ဝှက်စွာ လုပ်ဆောင်နေကြောင်း ခံစားလိုက်ရသည်။ မြေကြီးရှန့်ထို တစ်ယောက် အပေါ်တွင်ပင် အကျိုးသက်ရောက်သည်ကို ကြည့်ရပါက ထိုအရာမှာ အလွန် အဆင့်မြင့်သည့် ထုတ်ကုန် တစ်ခု ဖြစ်ရပေလိမ့်မည်။

မာ့ကျန်း စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ မဟာ သမုဒ္ဒရာ ဧကရီ တကယ့်ကို ကံကောင်းခဲ့ပေသည်။ သူ့လက်ထဲရှိ အမျိုးသမီးကို ကယ်တင်ရန် အတွက် ဝေ့ဝူယင် တကယ်တမ်း သုံးခဲ့ရသည့် ရင်းမြစ် အရေအတွက်ကိုသာ သိပါက မာ့ကျန်း တစ်ယောက် ရူးသွပ်၍ပင် သွားလိမ့်မည် ဖြစ်သည်။

လျှို့ဝှက် မြေကြီး အဆင့်မြင့် အဂ္ဂိရတ် ထုတ်ကုန် လေးခု အပြင် ဧဒင် အမှတ်အသားထဲမှ အသက် အင်အား များစွာ...

ထိုပမာဏမှာ ကြယ်တာရာ နယ်မြေတစ်ခုထက်ပင် ပိုမို၍ တန်ဖိုးရှိပေသည်။ မဟာ သမုဒ္ဒရာ ဧကရီသာ သာမန် ကံကောင်းခဲ့ရုံသာ မဟုတ်ချေ။ ထရီလျံချီသည့် ထီဆုကြီး ပေါက်ခဲ့ခြင်းပင် ဖြစ်သည်။

ရှုယု၏ ရှန့်ထို လက်စွပ် အတွင်းမှ ဝေ့ဝူယင် ရိတ်သိမ်းနိုင်ခဲ့သော ပမာဏမှာ တော်ရုံတန်ရုံ မဟုတ်ချေ။ ဆက်စပ်မှု စစ်မြေပြင်တွင် တွေ့ခဲ့ရသည့်ချိုက်လျှို့ယန်၏ ပိုင်ဆိုင်မှုများထက်ပင် အဆမတန် များပြားပေသည်။ ထို့အပြင်... ရှုယုထံတွင် တောင်ပုံရာပုံ ရတနာများကို ထည့်သွင်း သိမ်းဆည်းထားသည့် အတွင်းပိုင်း လောက တစ်ခုလည်း ရှိပေသည်။ သူ၏ ပိုင်ဆိုင်မှုများမှာ ခရီးသွား မြို့တော် သခင် ဆိုသည့် ဂုဏ်ပုဒ်နှင့် အမှန်တကယ် လိုက်ဖက်ပေသည်။

ဧကရီ အတွက် သူ သုံးခဲ့သော ရင်းမြစ်များမှာ ရှုယု၏ မူလ ပိုင်ဆိုင်မှုများနှင့် ယှဉ်လျှင် ပမွှား အဆင့်၌သာ ရှိပေသည်။

တစ်နာရီမျှ ကြာမြင့်ပြီး နောက်၌ ဝေ့ဝူယင်က အသက်ကို ခပ်ပြင်းပြင်း မှုတ်ထုတ်လိုက်၏။ သူ၏ အမူအရာက သာမန် အနေအထားကို ပြန်လည် ပြောင်းလဲ သွားသည်။ ထို့နောက် သူက အပြုံးတစ်ချက်နှင့် မာ့ကျန်းဘက်သို့ ပြန်လှည့်လိုက်၏။

“ဟိုကောင်ကြီး သွားပြီ...”

***

All Chapters