← Chapters

တာဝန်

Vol. 84 Ch. 1169

တာဝန်

Vol. 84 Ch. 1169

“ဟိုကောင်ကြီး သွားပြီ...”

ဝေ့ဝူယင်ထံမှ စကားသံကို ကြားသော အခါတွင်မှ မာ့ကျန်းမှာ နှလုံးသား တစ်ခုလုံး ပြေလျော့ သွားသလို ခံစားလိုက်ရသည်။ နှစ်ပေါင်း သုံးသောင်း အသက်ရှင်ခဲ့ပြီသည့်တိုင် အကြောက်တရားက သူ့ထံ၌ စွဲကပ်နေဆဲ ဖြစ်သည်။ သေရမှာကို သူ ကြောက်သည်။ မသိသော အရာများကို သူ ကြောက်သည်။ သူ့ထံတွင် ရှင်သန်ရန်နှင့် ကျင့်ကြံရန် ဆန္ဒ မရှိဟု ဆိုပါက ထိုအရာက လိမ်ရာကျလိမ့်မည် ဖြစ်သည်။ ဝေ့ဝူယင် ပြောသည့် သတ္တဝါမှာ သူ့ဘဝ တစ်လျှောက်လုံး တစ်ခါမှ မတွေ့မကြုံဖူးသည့် တည်ရှိမှု တစ်ခု ဖြစ်သည်။ ၎င်းက မကြာသေးခင်လေးကမှ ရောက်ရှိလာခဲ့သလော သူ ကိုယ်တိုင်လည်း မသိပါချေ။

ခေါင်းတစ်ချက် ညိတ်လိုက်ရင်း မာ့ကျန်း ပတ်ဝန်းကျင်ကို အကဲခတ် လိုက်၏။ ထိုအခါ သူတို့မှာ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေနှင့် ၎င်း၏ အိမ်နီးချင်း သုံးမြှောင့် ကြယ်တာရာ နယ်မြေ (အဆင့်လေး) တို့ အကြားရှိ နတ္ထိ ဟင်းလင်းပြင် တစ်နေရာတွင် ရောက်ရှိနေကြောင်း သတိထားမိလိုက်သည်။

အိမ်နီးချင်း ဆိုသည့်တိုင်... အဆုံးမဲ့ ကောင်းကင်နှင့် သုံးမြှောင့် ကြယ်တာရာ နယ်မြေတို့ အကြားရှိ အကွာအဝေးက အလွန်ပင် အလှမ်းကွာလှကာ မိုင်ပေါင်းသန်းချီသည် အထိပင် ရှိလိမ့်မည် ဖြစ်သည်။ လက်ရှိ၌ သူတို့မှာ အဆုံးမဲ့ ကောင်းကင်နှင့် မိုင်ပေါင်း နှစ်သန်းခန့် ကွာဝေးသည့် တစ်နေရာတွင် ရပ်နေခဲ့ကြခြင်း ဖြစ်သည်။

“မဟာ စက်ဝန်း ကြယ်ကွင်းပြင်ကို ပြန်လာဦးမှာလား... သခင်ဝေ့”

မာ့ကျန်းက ဝေ့ဝူယင်၏ အစီအစဉ်ကို စူးစမ်းလိုက်၏။ ညီလာခံမှာ အဆုံးသတ်လုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင် ထွက်ခွာသွားပြီးနောက် အပြောင်းအလဲ အချို့လည်း ဖြစ်ပွားခဲ့သည်။ အထူးသဖြင့် တူးဖော်ခြင်း အဆင့်ကို ထပ်ပေါင်း ထည့်သွင်းလိုက်မှုပင်။

ဝေ့ဝူယင်၏ မျက်ခုံးများက စိတ်ဝင်စားမှုဖြင့် အပေါ်သို့ အနည်းငယ် မြင့်တက်သွား၏။ သူ ထွက်ခွာသွားခဲ့သည်မှာ လပေါင်း နှစ်ဆယ်ကျော် ကြာခဲ့ပြီ ဖြစ်သည်။ ညီလာခံက ပြီးဆုံးသင့်နေပြီ မဟုတ်ပါလော။

မာ့ကျန်းက သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ထပ်ပေါင်း ထည့်ခဲ့သည့် တူးဖော်ခြင်း အဆင့် အကြောင်း ဝေ့ဝူယင်ကို ရှင်းပြလိုက်သည်။ သူတို့က ဝေ့ဝူယင် မရှိသည့်နောက်ပိုင်းမှ ထိုဆုံးဖြတ်ချက်ကို ချခဲ့ခြင်း ဖြစ်လေရာ မမျှတတာ ရှင်းလင်းလှသည်။

သို့သော်လည်း... ဝေ့ဝူယင်ကတော့ စိတ်အ‌နှောက်အယှက် ဖြစ်ဟန် မရပဲ ပေါ့ပေါ့ပါးပါးသာ ရယ်မောလိုက်သည်။

“ဟား... ဟား... ဆယ့်ရှစ်လထဲပေါ့...”

ဆယ့်ရှစ်လထဲ...။ မာ့ကျန်း ဖြူရော်စွာ ပြုံးလိုက်မိ၏။ ကြည့်ရသည်က ဝေ့ဝူယင်မှာ တုလင် အပေါ် အပြည့်အဝ ယုံကြည်ချက် ရှိနေသည့်ပုံပင်။

“ကျုပ် မလိုက်တော့ဘူး...”

ဝေ့ဝူယင်က ငြင်းလိုက်၏။ နောက်ထပ် သုံးနှစ် ထပ်ပေါင်းထည့်လျှင်ပင် မဟာစက်ဝန်း ရှန့်ထို ညီလာခံ၏ ရလဒ်က ပြောင်းလဲလိမ့်မည် မဟုတ်ပါချေ။ ထိုနေရာ၌ သွားရောက် ဖြုန်းတီးဖို့ အချိန် သူ့ထံတွင် မရှိချေ။

မာ့ကျန်းက ခေါင်းညိတ်ကာ ဝေ့ဝူယင်၏ ဆုံးဖြတ်ချက်ကို လက်ခံလိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဆိုလိုက်သည်။

“သခင်ဝေ့ရဲ့ ကျင့်ကြံခြင်းက လောကီ မျက်လုံး အဆင့်ကို ရောက်ပြီ ဆိုတော့ ကျုပ် ခန့်မှန်းထားတာထက် ပိုမြန်တာပဲ... ဒါပေမဲ့ စုမေ့က ကြယ်တာရာ အမြုတေ အဆင့်ကိုတောင် ရောက်နေပြီ... ကျုပ် သူ့ကို လျှို့ဝှက် ရွှေနှလုံးသား ပေးရမလား”

“လျှို့ဝှက် ရွှေနှလုံးသား...”

ဝေ့ဝူယင် မျက်မှောင်ကြုတ် လိုက်၏။

“ခြေချခြင်း သလင်းကျောက် အမတေကို ပြောတာလား”

"ခြေချခြင်း သလင်းကျောက် အမတေ...”

မာ့ကျန်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သို့သော်လည်း ဝေ့ဝူယင် အတွက်တော့ လျှို့ဝှက် ရွှေနှလုံးသားနှင့် ခြေချခြင်း သလင်းကျောက်မှာ အတူတူပင် ဖြစ်သည်။ ဝတ်စုံဝတ် ဝေ့ဝူယင်၏ မှတ်ဉာဏ်များ အရ... ‌‌ရွှေရောင် အသက် နန်းတော်တွင် လျှို့ဝှက် ရွှေနှလုံးသားဟု ခေါ်သည့် ရတနာ တစ်ခု ရှိကြောင်း မာ့ကျန်းက သူ့ကို ပြောပြဖူးသည်။ သူက နန်းတော် သခင် စိန်ခေါ်ပွဲ အတွက် ဝေ့ဝူယင်ကို ထိုရတနာဖြင့် ကမ်းလှမ်းလိုခြင်း ဖြစ်သည်။ သို့သော်လည်း... အမျိုးမျိုးသော အကြောင်း ကိစ္စများကြောင့် ဝေ့ဝူယင်ကတော့ တစ်ကြိမ် တစ်ခါမှ သွားမကြည့်ခဲ့ရချေ။

ဧဒင် စာကြည့်တိုက်ထဲရှိ အချက်အလက်များကတော့ ၎င်းကို “ခြေချခြင်း သလင်းကျောက် အမတေ” ဟု ရည်ညွှန်းသည်။

ခြေချခြင်း သလင်းကျောက် အမတေများမှာ လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံသူများ၏ ကြယ်တာရာ အမြုတေများ စုဝေးကာ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ၎င်းမှာ သဘာဝ နေကြယ် ဖြစ်တည်ခြင်း ဖြစ်စဉ်နှင့် အတူတူပင် ဖြစ်သည်။ ကြယ်တာရာ သခင်များ သေဆုံးသွားပြီး နောက်တွင်... ကောင်းကင်ဘုံ၏ ဥပဒေသ အောက်၌ သေမျိုး တာအိုသည် ကြယ်တာရာ အမြုတေများကို ယူဆောင်ကာ ပြုပြင် မွမ်းမံရင်း သဘာဝ နေကြယ်များ အဖြစ် ပြောင်းလဲ ပစ်ကြသည်။ ထိုဖြစ်စဉ် ပြီးမြောက်ရန် အတွက်တော့ နှစ်ပေါင်း မ‌ရေမတွက်နိုင်အောင် လိုအပ်ပေသည်။

သို့သော်လည်း ကျရှုံးသွားသော လျှို့ဝှက် အာဏာရှင် အဆင့်များ အတွက်တော့ သူတို့၏ နေကြယ် အမြုတေများကို လျှို့ဝှက် စွမ်းအင်များက တွဲချည်ထားပြီး ဖြစ်သည်။ အကျိုးဆက် အနေဖြင့် အချိန်ကာလ တစ်ခု ကြာမြင့်ပြီး နောက်တွင် သူတို့၏ လျှို့ဝှက် ကြယ်တာရာ အမြုတေများမှာ ပေါင်းစပ်သွားလိမ့်မည် ဖြစ်ကာ ၎င်ကို ခြေချခြင်း သလင်းကျောက် အမတေများ ဟု ခေါ်ကြသည်။

ပုံဆောင်ခဲ သဏ္ဌာန် အဖြစ် တည်ရှိနေသည့် ထိုအမတေများမှာ သေမျိုး ကျင့်ကြံသူ တစ်ယောက် လျှို့ဝှက် တာအိုကို နားလည်နိုင်ရန်၊ လျှို့ဝှက် သင်္ကေတ မျိုးစေ့များ မွေးဖွားနိုင်ရန်၊ မြင့်မားသည့် သင်္ကေတ အဆင့်ဖြင့် လျှို့ဝှက် အာဏာရှင် အဆင့်ကို ခြေချနိုင်ရန် ကူညီပေးနိုင်သည်။ ကံဆိုးစွာပင် ထိုအမတေများမှာ အလွန် ရှားပါးလှကာ ဖြစ်ပေါ်လာဖို့ အတွက်လည်း ကန့်သတ်ချက် များစွာ ရှိသည်။ မည်သို့ပင် ဆိုစေ... ၎င်းတို့မှာ လျှို့ဝှက် တာအို တံခါးပေါက် ဖွင့်ရန် ကျင့်ကြံသူများကို ကူညီပေးနိုင်သည့် ‌ကောင်းကင် ရတနာ အနည်းငယ်ထဲ၌ ပါဝင်နေပေသည်။

ဝိညာဉ်ရှန့်ထို ဧကရာဇ်၊ အင်ပါယာ အကြံပေးနှင့် အဆုံးမဲ့ သိုင်းဧကရာဇ်တို့မှာ ခြေချခြင်း သလင်းကျောက်များကို သုံးကာ အဆင့်တက်လာကြသူများ အဖြစ် ထင်ရှားသည်။ ထိုနည်းဖြင့် သူတို့မှာ မြင့်မားသော သင်္ကေတ အဆင့်များကို ပိုင်ဆိုင် လာကြသည့် အပြင် မြေကြီး ရှန့်ထို အဆင့်ကိုလည်း မျိုးဆက်တူများထက် ပိုမို လွယ်ကူ လျှင်မြန်စွာ ရောက်ရှိခဲ့ကြသည်။ ယနေ့တွင်တော့ သူတို့မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ ထိပ်တန်း ကျင့်ကြံသူများ ဖြစ်နေကြပြီ ဖြစ်သည်။

ရွှေ‌ရောင် အသက်နန်းတော်တွင်လည်း ထိုကဲ့သို့ ပုံဆောင်ခဲ တစ်ခု ရှိကာ အထွတ်အမြတ် ရတနာ တစ်ခုလို တန်ဖိုးထားကြသည်။ ဝေ့ဝူယင် အနေဖြင့် အဂ္ဂိရတ် လမ်းစဉ်ကို သုံးကာ အလားတူ အကျိုးသက်ရောက်မှုများ ရှိသည့် ထုတ်ကုန် တစ်ခု ဖန်တီးနိုင်ပေသည်။ ထို့ကြောင့်ပင် လျှို့ဝှက် ရွှေနှလုံးသားကို မလိုအပ်ပါချေ။ ဝတ်စုံဝတ် ဝေ့ဝူယင် ကမ္မတန်ဖိုးများစွာ အကုန်အကျခံကာ ရှာဖွေ တွေ့ရှိထားသည့် ဆေးဖော်စပ်မှု နည်းလမ်းကို ပြန်လည် တွေးတောရင်း ဝေ့ဝူယင်၏ မျက်လုံးများက တဖျပ်ဖျပ် တောက်ပသွား၏။

ဝေ့ဝူယင် စိတ်ထဲရှိ ခံစားချက်များကို ဖိနှိပ်လိုက်ရင်း မာ့ကျန်းကို ကြည့်လိုက်သည်။

“ကျုပ်ဆီကို အရင် ယူလာခဲ့ပါ... ပိုပြီး ထိရောက်အောင် ကျုပ် ပြုပြင်နိုင်တယ်”

“...”

မာ့ကျန်း အနည်းငယ် အံ့သြသွားခဲ့၏။ ထို့နောက်တွင်တော့... တစ်စုံတစ်ရာကို တွေးမိဟန်ဖြင့် ဖြူရော်စွာ ပြုံးလိုက်မိသည်။

“ကျုပ် ပြန်ရောက်တာနဲ့ ပို့လိုက်ပါ့မယ်”

ဝေ့ဝူယင်မှာ အဂ္ဂိရတ် တာအိုတွင် မွန်းစတား တစ်ယောက် ဖြစ်ကြောင်း သူ မေ့လုနီးပါး ဖြစ်နေခဲ့ခြင်းပင်။ ဝေ့ဝူယင်က တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်၏။

“ခုလတ်တလောတော့ နဂါးငွေ့တန်း ကြယ်ကွင်းပြင်မှာ ကျုပ် ရှိနေလိမ့်မယ်”

ထိုကဲ့သို့ ပြောလိုက်ပြီးနောက် သူ၏ ငွေရောင် မျက်ဝန်းများက အမှောင် ဟင်းလင်းပြင် တစ်နေရာကို ရွေ့လျား သွားခဲ့သည်။ ဥက္ကာပျံ အလင်း တစ်ခုမှာ ကြောက်မက်ဖွယ် အရှိန်နှုန်းနှင့် သူတို့ထံ ချဉ်းကပ်လာနေခဲ့ပေသည်။ ၎င်းက ဝူယုပင် ဖြစ်လေသည်။

အနီးအနားတွင် ထူးဆန်းသော သတ္တဝါကြီး သွားလာ လှုပ်ရှားနေလေရာ အရေးပေါ် ကိစ္စ မရှိပဲ ဝေ့ဝူယင် ‌ဟင်းလင်းပြင် ပေါ်တယ် တစ်ခု မဖွင့်ရဲချေ။ စောစောပိုင်းက ပေါ်တယ် တစ်ခု ဖွင့်ခဲ့ခြင်းပင်လျှင် မာ့ကျန်းကို ကယ်တင်ရန် အရေးပေါ် အခြေအနေကြောင့်သာ ဖြစ်သည်။ ထို့ကြောင့်ပင် ဝူယုကို ပျံသန်း၍ လိုက်လာရန်သာ သူ ညွှန်ကြားနိုင်သည်။

“ဪ... ထို့ပိဟန်ကိုလည်း ကျုပ်ဆီ ပို့လိုက်ပါ”

ဝေ့ဝူယင် မာ့ကျန်းကို ထပ်မံ၍ ညွှန်ကြားလိုက်၏။ ထို့နောက်တွင်တော့... ဆယ်စုနှစ် တစ်ခု နီးပါးလောက် သူ တည်ရှိနေမည့် ကိုသြဒီနိတ်များကို မာ့ကျန်ထံ ပေးလိုက်သည်။

မာ့ကျန်းက ခေါင်းညိတလိုက်၏။ ထို့ပိဟန် တစ်ယောက် ဒဏ်ရာများမှ ပြန်လည် သက်သာသွားခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း... ထိုလူအိုကြီး အပေါ် မာ့ဆုကျင်း လုပ်ခဲ့‌သည့် အပြစ်များ အတွက်တော့ ယနေ့တိုင် စိတ်မသက်မသာ ဖြစ်မှုကို ခံစားနေရဆဲ ဖြစ်သည်။ ထို့ပိဟန်မှာ ဝေ့ဝူယင်အတွက် အလွန် အရေးကြီးသည့် လူတစ်ယောက် ဖြစ်သည်မှာ ရှင်းလင်းလှသည်။

ဝှစ်...

ဝူယုမှာ ကြယ်တာရာ မျက်ဝန်းများနှင့် အတူ သူတို့ အနားသို့ ရောက်ရှိလာခဲ့၏။ အဆုံးမဲ့ ကြယ်တာရာများက သူ့ခန္ဓာကိုယ်ကို ဧကရာဇ် တစ်ပါးလို ဝန်ရံ ခစားနေကြသည်။ ဝေ့ဝူယင်ထံ ပိုမို လျှင်မြန်စွာ ရောက်ရှိစေရန် သူက တတိယမြောက် မဟာ အသွင်ပြောင်းခြင်းကို ဖော်ထုတ်ထားခြင်းပင် ဖြစ်သည်။

“သခင်လေး...”

ဝူယုက ဝေ့ဝူယင်ကို ယဉ်ကျေးစွာပင် နှုတ်ဆက်လိုက်၏။ ထို့နောက် မာ့ကျန်းကို လှမ်းကြည့်လိုက်သည်။ သူတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ခေါင်းညိတ် ပြလိုက်၏။ သူတို့ နှစ်ယောက်စလုံးမှာ ဝေ့ဝူယင် ဆိုသည့် လူငယ်လေးကြောင့် ကံကြမ္မာ အသစ် ရေးထိုးနိုင်ကြသူတွေချည်း ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့ နှစ်ယောက် အကြား၌ ရင်းနှီး ဖော်ရွေမှုများ ရှိပေသည်။

"နန်းတော်သခင်မာ့...”

ဝေ့ဝူယင်က ရှန့်ထို လက်စွပ် တစ်ကွင်းကို မာ့ကျန်းထံသို့ ပစ်ပေးလိုက်၏။

“အထဲမှာ ကျုပ်လူတွေ အတွက် ရည်ရွယ်ထားတဲ့ အဂ္ဂိရတ် ထုတ်ကုန်တွေ၊ ရင်းမြစ်တွေ ပါတယ်... သူတို့ဆီ ရောက်အောင် ခင်ဗျား ကူညီပေးပါဦး... နောက်ပိုင်း ကျုပ် ထပ်ပို့လိုက်မယ်”

သံသရာမှာ အမြဲတမ်း တစ်ပတ်လည် တတ်သည်။ ယခင်တုန်းက ထို့ပိဟန်လိုပင် မာ့ကျန်းမှာ သယ်ယူ ပို့ဆောင်ရေး တာဝန်ကို ထမ်းဆောင်ခဲ့ရပြန်ပြီ ဖြစ်သည်။ နှစ်ပေါင်း သုံးသောင်း အသက်ရှင်ခဲ့သည့် မြေကြီး ရှန့်ထိုအိုကြီးကလည်း အပြုံးနှင့်ပင် လက်ခံခဲ့၏။

"ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ ကျင်းပမယ့် အချိန် ရောက်လာဖို့ သိပ်မလိုတော့ဘူး... သူတို့ကို အဆင်သင့် ဖြစ်နေစေချင်တယ်”

ဝေ့ဝူယင်၏ အသံက လေးနက်မှုများနှင့် ပြည့်နှက် နေ၏။ မကြာခင်မှာပင် ဝူယုမှာ ‌ဝေ့ဝူယင်ကို ခေါ်ဆောင်ကာ ကြယ်တာရာ အလင်းတန်း တစ်ခု အဖြစ် လာလမ်း အတိုင်း ပြန်လည် ပျောက်ကွယ် သွားခဲ့တော့သည်။

မာ့ကျန်းမှာ နေရာတွင်ပင် ရပ်ရင်း ဝေ့ဝူယင် ပျောက်ကွယ်သွားသည့် အရပ်ကို ငေးမော ကြည့်နေခဲ့၏။ ကမ္ဘာကြီး နောက်တစ်ကြိမ် တုန်လှုပ်တော့မည် ဖြစ်ကြောင်း သူ သိပေသည်။ သို့‌သော်လည်း သူ ထိုအရာကို သဘောကျသည်။

လက်ထဲရှိ မဟာ သမုဒ္ဒရာ ဧကရီကို ပွေ့ဖက်လိုက်ရင်း အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ နယ်စပ်ထံ မာ့ကျန်း ပြန်လည် ဦးတည်လိုက်လေတော့၏။

***

All Chapters