မဟာစက်ဝန်း ရှန့်ထို ညီလာခံ ဆက်လက် ကျင်းပခြင်း
Vol. 84 Ch. 1170
မဟာ သမုဒ္ဒရာ ဧကရီကို ကယ်တင်ရန် အတွက် မာ့ကျန်း ထွက်ခွာသွားပြီး နောက်တွင် ပရိသတ် အရေအတွက်မှာ ပိုမို၍ တိုးပွားလာခဲ့သည်။ မြေကြီး ရှန့်ထိုများသာလျှင် မက သေမျိုး တစ်ပိုင်း အဆင့်များနှင့် အဂ္ဂိရတ် အာဏာရှင်များ အပြင် တစ်ချို့သော ပါရမီရှင် ရွေးချယ်ခံများ၊ ရွေးချယ်ခံ သူရဲကောင်းများပါ ရောက်ရှိလာကာ အခြေအနေကို လေ့လာ နေကြသည်။ ဝန်းကျင် တစ်ခုလုံးက စိုးရိမ် ထိတ်လန့်ဖွယ် အငွေ့အသက်များနှင့် ပြည့်နှက် နေ၏။
မြေကြီး ရှန့်ထို နှစ်ယောက်ကတော့ မျှော်လင့်ချက် တလက်လက် တောက်ပနေသည့် မျက်ဝန်းများနှင့် သူတို့ ချစ်ရသည့် ချစ်သူ ပြန်ပေါ်လာမည့် အချိန်ကို စောင့်ဆိုင်း နေကြသည်။
တစ်ချိန်တည်း၌ စွန်းလီ အပါအဝင် ရွှေရောင် အသက်နန်းတော်သားများကတော့ ထိုနှစ်ယောက်ကို သတ်ချင်ဖြတ်ချင်စိတ် ပြည့်နှက် နေသည့် အမူအရာများနှင့် လှမ်းကြည့် နေကြ၏။ မာ့ကျန်းမှာ ထင်ကြား ကျော်ကြားသည့် ပုဂ္ဂိုလ် တစ်ယောက်မျှသာ မကချေ။ သူတို့ နန်းတော်၏ အသက် သွေးကြောသဖွယ်လည်း ဖြစ်သည်။ အကယ်၍ မာ့ကျန်းသာ တစ်ခုခု ဖြစ်ခဲ့ပါက...။
သို့သော်လည်း... ဝိညာဉ်ရှန့်ထို ဧကရာဇ်နှင့် အဆုံးမဲ့ သိုင်းဧကရာဇ်တို့ ကဲ့သို့လို ထိပ်တန်း ကျင့်ကြံသူများကတော့ မည်သည့် ခံစားချက် အရိပ်အယောင်ကိုမှ မပြပါချေ။ သူတို့မှာ မဟာ သမုဒ္ဒရာ ဧကရီကို ကယ်တင်လိုသည့်ပုံ မရသလို မာ့ကျန်းကိုလည်း ကူညီလိုသည်ပုံ မရချေ။ ထူးဆန်းသည့် နေရာကို အသက်နှင့် ရင်း၍ စူးစမ်းရန် ကြိုးပမ်းခဲ့ခြင်းက သူတို့၏ အမှားသာ ဖြစ်သည်။
ဟုန်ယန်လျှို့လန် တစ်ယောက်သာလျှင် မာ့ကျန်းကို စိတ်မချသဖြင့် နောက်မှ လိုက်ခွင့်ပြုရန် ပုပ်ရဟန်း မင်းကြီး ဟန်ယန်ထံ ခွင့်တောင်းခဲ့သည်။ သို့သော်လည်း... အဘိုးဖြစ်သူက သူမ၏ တဇွတ်ထိုး ဆုံးဖြတ်ချက်ကို ရှုံ့ချကာ ပယ်ချ ငြင်းဆိုခဲ့သည်။ ထို့အပြင်... သူမ၏ ခန္ဓာကိုယ်ထက်၌ ဝိညာဉ် အမှတ်အသား တစ်ခုပင် ချထားခဲ့သည်။ ဟုန်ယန်လျှို့လန် လှုပ်ရှားရန် ကြိုးပမ်းပါက သူ ပထမဆုံး သိကာ တားဆီးနိုင်လိမ့်မည် ဖြစ်သည်။
ဟုန်ယန်လျှို့လန် တစ်ယောက် နေမထိ၊ ထိုင်မသာဖြင့် စွန်းလီကို ဆက်သွယ်ကြည့်ကာ မာ့ကျန်းနောက်ကို နောက်ဖို့ စည်းရုံးခဲ့သေးသည်။ စွန်းလီကတော့ တုတ်တုတ်မျှ မလှုပ်ပါချေ။ မာ့ကျန်း အပေါ်တွင် သူမ ယုံကြည်ချက် အပြည့်အဝ ရှိပေသည်။ ထိုမိုက်ရူးရဲဆန်သည့် မိန်းမကို မာ့ကျန်းမှ လွဲ၍ အခြား မည်သူမှ ကယ်တင်နိုင်လိမ့်မည် မထင်ချေ။ မည်သို့ပင် ဆိုစေ... မာ့ကျန်းမှာ ဆက်စပ်မှု အာကာသလျှို့ဝှက် ဝိညာဉ်ကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်သည်။ ထို့အပြင်... သူ့ထံတွင် နှစ်ပေါင်း သုံးသောင်း အတွေ့အကြုံများ အပြင် ဘဝ တစ်လျှောက် စုစည်းထားသော မရေမတွက်နိုင်သည့် ရတနာများလည်း ရှိပေသည်။
“နှစ်နာရီတောင် ပြည့်တော့မယ်...”
မြင့်မြတ်သောနေ ကြယ်တာရာ နယ်မြေ၏ မြေကြီး ရှန့်ထိုမှာ ပိုမို၍ မတည်မငြိမ် ဖြစ်လာနေခဲ့၏။ သူ့ မျက်လုံးများထဲမှ စိုးရိမ်ပူပန်မှုများမှ နောက်တစ်ဆင့်သို့ တိုးလာနေခဲ့သည်။ သို့သော်လည်း... သူ စိုးရိမ်သည်က မာ့ကျန်း မဟုတ်ပါချေ။
“မင်း အဲဒီလောက်တောင် စိုးရိမ်နေရင် လျှို့ဝှက် ဝိညာဉ်ကို လောင်ကြွမ်းပြီး ကိုယ်တိုင် ဝင်သွားပါလား...”
အဆုံးမဲ့ သိုင်းဧကရာဇ်က သရော်လိုက်၏။ သူ့အမြင်၌ ထိုမြေကြီး ရှန့်ထိုမှာ အခြားလူ တစ်ယောက်ကို အကူအညီတောင်းကာ နေရင်းထိုင်ရင်း အချိန် ဘယ်လောက်ကြာပြီ ဖြစ်ကြောင်း တတွတ်တွတ် ပြောဆိုတတ်သည့် လူပျော့တစ်ယောက်သာ ဖြစ်သည်။
“...”
မြေကြီး ရှန့်ထို၏ အမူအရာက အနည်းငယ် ပြောင်းလဲ သွား၏။ သို့သော်လည်း... ခွန်းတုန့်ပြန်ရန် သူ မဝံ့ရဲပါချေ။ သူက အံကိုကြိတ်ကာ လက်သီးကိုသာ ဆုပ်လိုက်မိ၏။
“တကယ့် ကောင်တွေ...”
အဆုံးမဲ့ သိုင်းဧကရာဇ်က နှာခေါင်းရှုံ့ကာ အကြည့်လွှဲလိုက်၏။ ထိုပုရွက်ဆိတ်များက သူ့ အာရုံ စူးစိုက်မှုနှင့် မထိုက်တန်သည့်ပုံပင်။
"..."
“အိုး...”
ဧကရီ ရှောင်ချွမ်း၏ မျက်ဝန်းများက နတ္ထိ ဟင်းလင်းပြင် တစ်နေရာကို လှမ်းကြည့်ကာ စိတ်လှုပ်ရှားခြင်းများနှင့် ပြည့်နှက် သွား၏။
နောက်ထပ် မီလီစက္ကန့် အကြာတွင်ပင် ဝိညာဉ် ရှန့်ထို ဧကရာဇ်၊ အဆုံးမဲ့ သိုင်းဧကရာဇ်နှင့် သက်တံ့လောက ကြယ်တာရာနယ်မြေ (အဆင့် ငါး) ၏ ရှကျားတို့ သုံးယောက်မှာ တူညီသည့် အရပ်မျက်နှာသို့ လှမ်းကာ ကြည့်လိုက်ကြလေသည်။
နှစ်စက္ကန့် ကြာမြင့်ပြီး နောက်တွင်တော့ အခြား မြေကြီး ရှန့်ထိုများမှာလည်း သူတို့ ခေါင်းများကို လှည့်လိုက်ကြ၏။ ဟုန်ယန် လျှို့လန်မှာ ယခုမှ စိတ်ကို ဒုန်းဒုန်းချနိုင်ဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်သည်။
အကယ်၍ သေချာ သတိထားကြည့်မည် ဆိုပါက... သက်တံ့လောက ကြယ်တာရာ နယ်မြေ၏ ရှကျားမှာ ဧကရီ ရှောင်ချွမ်း မတိုင်ခင် သုံးစက္ကန့်လောက် အလိုတည်းက ထိုအရပ်မျက်နှာကို သတိထားမိပြီး ဖြစ်ကြောင်း တွေ့မြင် ရလိမ့်မည် ဖြစ်သည်။ ရှကျားမှာ အမူအရာကို မျက်နှာထက်၌ မပေါ်စေပဲ အကြည့်ကို ပြန်လည် ရုတ်သိမ်းထားခဲ့ခြင်းသာ ဖြစ်သည်။
ဝှစ်...
မကြာခင်မှာပင် ငွေရောင် အလင်းတန်းတစ်ခုနှင့် အသက် အော်ရာ နှစ်ခုမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ သူတို့ အနားသို့ လျှင်မြန်စွာ ချဉ်းကပ်လာခဲ့၏။ မဟာ သမုဒ္ဒရာ ဧကရီနှင့် ချိတ်ဆက်နေသည့် မြေကြီး ရှန့်ထို နှစ်ယောက်၏ အမူအရာများက အံ့အားသင့်မှု၊ စိတ်လှုပ်ရှားမှု၊ စိတ်သက်သာရာ ရမှုများနှင့် ပြည့်နှက် သွားကြသည်။
“ကြည့်ရတာ ကံကြမ္မာက သူ့ဘက်မှာ ရှိနေတဲ့ပုံပဲ...”
ဝိညာဉ် ရှန့်ထို ဧကရာဇ်က မဟာ သမုဒ္ဒရာ ဧကရီကို ကြည့်ကာ အနည်းငယ် ပြုံးရင်း မှတ်ချက်ပြုလိုက်၏။
"သူ့ဘက်မှာတော့ မရှိဘူးပေါ့လေ...”
အဆုံးမဲ့ သိုင်းဧကရာဇ်က အဋ္ဌမမြောက် မဟာ ပင်လယ်ပြာ ဧကရာဇ်ကို လှမ်းကြည့်လိုက်ရင်း မထိတထိ လေသံဖြင့် လှောင်လိုက်သည်။
အခြားတစ်ဖက်၌ ပင်လယ်ပြာ ဧကရာဇ်၏ အမူအရာက မည်းမှောင် နေ၏။ အဆုံးမဲ့ သိုင်းဧကရာဇ်၏ စကားက မမှားပါချေ။ သူနှင့် မဟာ သမုဒ္ဒရာ ဧကရီတို့မှာ ငြိုးသူ ပြိုင်ဘက်များ ဖြစ်ကြပေသည်။ အပျက်အစီး ဟင်းလင်းပြင် အတွင်း သူမ သေဆုံးသွားပါက သူ့အတွက် အကောင်းဆုံး ဖြစ်သည်။ ကံမကောင်းစွာပင် မြေကြီး ရှန့်ထိုများမှာ သတ်ဖြတ်ရန် ခက်ခဲလွန်းလှသည်။
အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ မြေကြီး ရှန့်ထို အဆင့်ကို ခြေချခဲ့သည့် လွန်ခဲ့သော နှစ်သောင်းပေါင်းများစွာတည်းက ကျင့်ကြံသူများမှာ ထိုအယူအဆကို ယုံကြည်ခဲ့ကြသည်။ သို့သော်လည်း... ဆယ်စုနှစ် တစ်ခုအတွင်း၌ မြေကြီး ရှန့်ထိုများစွာ ကျဆုံးခဲ့ပြီး နောက်တွင် လူများမှာ ထိုအယူအဆ အပေါ် ယုံကြည်ချက်များ အားနည်းလာခဲ့သည်။
ထျန်းလန် အစစ်အမှန် ဧကရာဇ်၊ လောက အကျဉ်းထောင် အစစ်အမှန် ဧကရီ၊ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ကုန်းလော့၊ နန်စီကလန်၏ နန်စီယန်ကူး၊ ရွှေရောင် အသက်နန်းတော် သခင်ဟောင်း ရှန်းကျိကျိ...
သူတို့ အားလုံးမှာ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်ခုအတွင်း ဆက်တိုက် ဆိုသလို ကျဆုံးခဲ့ကြသည်။ ထိုအရေအတွက်မှာ လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင် ကာလ အတွင်း သေဆုံးခဲ့သည့် မြေကြီး ရှန့်ထို အရေအတွက်ထက်ပင် အဆပေါင်းများစွာ သာလွန်သည်။
ဟူး... ဟူး...
မာ့ကျန်းမှာ မဟာ သမုဒ္ဒရာ ဧကရီကို လျှို့ဝှက် စွမ်းအင်ဖြင့် ညင်သာစွာ ရစ်ပတ်ကာ ရောက်ရှိလာခဲ့၏။ မြေကြီး ရှန့်ထို နှစ်ယောက်မှာ ရှေ့သို့ တက်လာကြကာ စိုးရိမ်စွာဖြင့် သူမ၏ အခြေအနေကို ကြည့်ရှုခွင့် တောင်းပန် ကြသည်။ သို့သော်လည်း... မာ့ကျန်းက ငြင်းဆန်လိုက်ကာ သူမ မသေဆုံးနိုင်ကြောင်းကိုသာ အတည်ပြု ပေးခဲ့သည်။
“နန်းတော်သခင်မာ့... ဘာတွေ ဖြစ်ခဲ့တာလဲ ဆိုတာ ကျွန်မတို့ကို ပြောပြနိုင်မလား”
ယခုတစ်ကြိမ်တွင်လည်း ဧကရီ ရှောင်ချွမ်းကပင် ဦးဆောင်ကာ အားလုံး သိချင်နေသည့် မေးခွန်းကို မေးလိုက်လေတော့သည်။
“...”
အားလုံး၏ မျက်လုံးများက တောက်ပသွားကာ မာ့ကျန်းထံမှ အဖြေကို စောင့်စား လိုက်ကြ၏။ မည်ကဲ့သို့ စွမ်းအားမျိုးက ထိုပေါက်ကွဲမှုကို ဖြစ်စေသနည်း။ ၎င်းမှာ စူပါနိုဗာနှင့် တူသယောင် ရှိသော်လည်း အတော်လေး ကွဲပြားကာ အဆပေါင်းများစွာ ပိုမို အစွမ်းထက်သည်။
မာ့ကျန်းက တည်ငြိမ်သည့် အမူအရာနှင့် အားလုံးကို တစ်ချက် ဝှေ့ကြည့်လိုက်၏။ ထို့နောက်တွင်တော့ ခံစားချက် ကင်းမဲ့သည့် လေသံနှင့်ပင် ပြောလိုက်သည်။
“ဘာတွေ ဖြစ်သွားခဲ့လဲ ဆိုတာ ကျုပ်လည်း မသိဘူး... စုံစမ်းဖို့ အတွက် အခွင့်အရေး မရခဲ့ဘူး ဆိုပါတော့လေ”
တစ်ချို့ လျှို့ဝှက်ချက်များမှာ ဖွင့်ဟရန်ထက် ထိန်းသိမ်းရန် ပိုမို သင့်လျော်ပေသည်။ ထို့ကြောင့်ပင်... မာ့ကျန်းမှာ သူနှင့် မဟာ သမုဒ္ဒရာ ဧကရီတို့အား ဝေ့ဝူယင် ကယ်တင်ခဲ့သည့် အကြောင်းကို ပြောပြဦးမည် မဟုတ်သလို ဝေ့ဝူယင် ကိုယ်တိုင် ပင်လျှင် ကြောက်လန့်ရသည့် သတ္တဝါဆန်းကြီး အကြောင်းကိုလည်း အများပြည်သူထံ မဟချင်သေးချေ။
“ဒါပေမဲ့ ကျုပ် သိတာ တစ်ခုတော့ ရှိတယ်... အဲဒီနေရာမှာ ရှိတဲ့ ပုံသေ ဟင်းလင်းပြင်ကြီး တစ်ခုလုံးက အရမ်းကို မြင့်မားတဲ့ အပျက်အစီး အာကာသ စွမ်းအင်တွေနဲ့ ပြည့်နေတယ် ဆိုတာပဲ”
ထိုအချက်ကို တိုက်ရိုက်ကြီး မဟုတ်လျှင်ပင် အားလုံးနီးပါး ရိပ်မိကြလောက်ပြီး ဖြစ်သည်။ မာ့ကျန်းက အတည်ပြုလိုက်ခြင်းပင် ဖြစ်သည်။
ပုံသေ ဟင်းလင်းပြင် အတွင်း ခရီးသွားရသည်မှာ လွယ်ကူသည်။ သို့သော်လည်း အပျက်အစီး ဟင်းလင်းပြင်ကို ဖြတ်သန်းရန်မှာ အလွန်ပင် ခက်ခဲသည်။ ၎င်းမှာ အားနည်းသည့် သေမျိုးတစ်ယောက် လေဟာနယ် အတွင်း အကာအကွယ်မဲ့ ဝင်ရောက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။ အာကာသ အမျိုးအစားများထဲတွင် အပျက်အစီး ဆိုသည့် နာမည်က အလကား ဖြစ်တည်လာခြင်း မဟုတ်ပါချေ။
“...”
အားလုံး၏ အမူအရာများက ပြောင်းလဲ သွား၏။ တစ်ချိန်တည်း၌ လောဘ အငွေ့အသက်များက သူတို့ မျက်ဝန်းများထဲတွင် နေရာယူ လာကြသည်။ မည်သည့် ရတနာမျိုးက ထိုကဲ့သို့ အပြောင်းအလဲမျိုးကို ဖန်တီးနိုင်သနည်း။ ၎င်းက အလွန်တရာ အဖိုးတန်မည်မှာ မလွဲမသွေပင်။
သို့သော်လည်း... မဟာ သမုဒ္ဒရာ ဧကရီမှာ ဝင်ရောက် စူးစမ်းခြင်း၏ ရလဒ်ကို သူတို့ထံ အကောင်ဆုံး သက်သေ ပြခဲ့ပြီး ဖြစ်သည်။ သူမက သေဆုံးခြင်း မရှိသည့်တိုင် အဆိုးရွားဆုံးသော ထိခိုက် ဆုံးရှုံးမှုများအား ကြုံတွေ့ခဲ့ရသည်မှာ ရှင်းလင်းလှသည်။ ထို့အပြင် သူတို့ ကိုယ့်ဒုက္ခ ကိုယ်ရှာပါက မာ့ကျန်းမှာ နောက်တစ်ကြိမ် ဝင်မပါဖို့ များလိမ့်မည် ဖြစ်သည်။
အားလုံး တစ်ယောက် အခြေအနေ တစ်ယောက် အကဲခတ် နေစဉ်မှာပင် ထာဝရ နတ်ဘုရား၏ အသံက ဝိညာဉ်လှိုင်းများ အဖြစ် ဧရိယာ တစ်ခုလုံးကို လွှမ်းခြုံ သွားခဲ့၏။
“မဟာစက်ဝန်း ရှန့်ထို ညီလာခံက နှောင့်နှေးနေပြီ... နောက်ထပ် နာရီဝက် ကြာရင် ပြိုင်ပွဲကို ဆက်လက် ကျင်းပမယ်”
ထိုအခါတွင်မှ အားလုံးမှာ သတိရသွားကြ၏။ ညီလာခံမှာ အထွတ်အထိပ်ကို ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ ဆက်လက် ကျင်းပဖို့ လိုအပ်ပေသည်။ ထပ်မံ နှောင့်နှေးသွားပါက မည်သည့် ရလဒ်များ ထွက်ပေါ်လာမည်ကို မည်သူ သိနိုင်ပါမည်နည်း။
“ကောင်းပြီလေ...”
ဝိညာဉ် ရှန့်ထို ဧကရာဇ်က ငြင်းဆိုခြင်း မပြုချေ။ သူ ညီလာခံကို ခပ်မြန်မြန် ပြီးသွားစေချင်ပြီ ဖြစ်သည်။ သို့မှသာ ကျန့်ကျန့်နှင့် တိုက်ပွဲတွင် ရရှိခဲ့သည့် ဒဏ်ရာများကို တံခါးပိတ်ကာ ပြန်လည် ကုသနိုင်လိမ့်မည် ဖြစ်သည်။ အပျက်အစီး ဟင်းလင်းပြင်အား ရှာဖွေရန် အတွက်တော့ သူ စိတ်ပင် မကူးပါချေ။
ဝှစ်... ဝှစ်...
ဝိညာဉ် ရှန့်ထို ဧကရာဇ်မှာ သူ၏ နောက်လိုက်နောက်ပါများကို ခြံရံကာ လျှင်မြန်စွာပင် ထွက်ခွာ သွားခဲ့၏။ မကြာခင်မှာပင် အခြားလူများမှာလည်း ထာဝရ ကြယ်တာရာ နယ်မြေထံ ပြန်လည် ဦးတည် လိုက်ကြသည်။
အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ ဟင်းလင်းပြင် သင်္ဘောပေါ်၌...
လင်းမင်မှာ အခြေအနေ တစ်ခုလုံးကို တိတ်တဆိတ် လေ့လာနေခဲ့၏။ မြေကြီး ရှန့်ထိုများ မည်သည့် အရာများ ပြောဆိုနေကြောင်း သူ မပြောနိုင်သည့်တိုင် ပေါက်ကွဲမှု ဖြစ်ပေါ်လာခဲ့သည့် နေရာတွင် အကျိုးအမြတ် တစ်ခုခု ရှိနေကြောင်း သူ အတွင်းစိတ်က သေချာ နေခဲ့သည်။
တစ်ချိန်တည်း၌... ဒြပ်စင် အမှတ်အသားထဲရှိ အသံပိုင်ရှင်ပင်လျှင် တိတ်ဆိတ် ငြိမ်သက်နေခဲ့၏။ သို့သော်လည်း သူ့ထံမှ ခံစားချက်လှိုင်း အချို့ကို လင်းမင် ရှင်းလင်းစွာပင် ခံစားနိုင်ပေသည်။
***