← Chapters

စည်းမျဉ်း

Vol. 84 Ch. 1172

စည်းမျဉ်း

Vol. 84 Ch. 1172

ကျင့်ကြံသူများ ပြန်လည် စုစည်းပြီးနောက် များမကြာခင်မျာပင် ထာဝရ နတ်ဘုရား၏ စဦး မိန့်ခွန်းချွေမှုနှင့် အတူ မဟာ စက်ဝန်း ရှန့်ထို ညီလာခံ၏ ရွေးချယ်ခံ အဆင့်မှာ စတင်ခဲ့ပြီ ဖြစ်သည်။ ရွေးချယ်ခံ သူရဲကောင်းလေးများ ယှဉ်ပြိုင်ရန် အတွက် တိုက်ပွဲ စင်မြင့်များကို ပြင်ဆင်ထားပြီး ဖြစ်ကာ ပရိသတ်များမှာလည်း ခေတ်သစ် တစ်ခု မြင့်တက်လာသည်ကို ကြည့်ရှုရန် စိတ်လှုပ်ရှား နေကြသည်။

ဝှစ်...

ပြိုင်ပွဲ၏ စည်းမျဉ်းများ အကြောင်း ထာဝရ နတ်ဘုရား ရှင်းလင်းလို့ ပြီးပြီးချင်းပင် ပုံရိပ် တစ်ခုမှာ စင်မြင့်ထက်သို့ ကျဆင်းလာကာ အားလုံး၏ အာရုံ စူးစိုက်မှုများကို ရယူလိုက်သည်။ ဝေ့ဝူယင် ပေးအပ်ခဲ့သည့် လမ်းညွှန်မှုများ အကြောင်း တွေးတောရင်း တုလင်မှာ စင်မြင့်၏ ဗဟိုတွင် နေရာယူလိုက်၏။

သူ့ အခိုက်အတန့်က ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

ဒိတ်... ဒိတ်... ဒိတ်...

တုလင်၏ နှလုံးသားမှာ စစ်ဗုံတစ်ခုလိုမျိုး တုန်ရီ နေ၏။ စန်းလော့ယန်က ထိုလုပ်ရပ်အပေါ် မေးခွန်းထုတ်ဖို့ ဟန်ပြင် လိုက်စဉ်မှာပင် တုလင်၏ အသံက အလွန် ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့လေသည်။

“ကျုပ် သခင်လေး သေမျိုး အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင်က ရွေးချယ်ခံ အတွက် အဆင့်အတန်း အသစ်ကို ဆုံးဖြတ်လိုက်ပြီ... ကျုပ် သခင်လေးရဲ့ စံနှုန်းကို လက်မခံနိုင်တဲ့ လူတွေ အနေနဲ့ ရွေးချယ်ခံ သူရဲကောင်းတွေ စေလွှတ်ပြီး ကျုပ်ကို ရင်ဆိုင်နိုင်ပါတယ်”

တုလင်မှာ ခါးကို ဆန့်တန်းထား၏။ သူ၏ မျက်လုံးများက အဆုံးစွန်သော ယုံကြည်ချက်များနှင့် ပြည့်နှက် နေသည်။

“...”

လူတိုင်း တိတ်ဆိတ် ဆွံ့အ သွားကြသည်။ မြေကြီး ရှန့်ထိုများပင်လျှင် ခြားနားမှု မရှိပါချေ။ ထာဝရ နတ်ဘုရား၏ အမူအရာက မည်းမှောင် သွား၏။ သူ၏ အကြည့်များက တည်ငြိမ်နေသည့်တိုင် ထိုမျက်ဝန်းများ နောက်ကွယ်၌ ခံစားချက်များ မည်မျှ ပြင်းထန်နေကြောင်း ခန့်မှန်းနိုင်ပေသည်။ ဝေ့ဝူယင်မှာ တုလင်ကို ထိုကဲ့သို့ လုပ်ခိုင်းခဲ့ကြောင်း ထင်ရှားပေသည်။

သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ မျက်နှာများမှာ အမျိုးမျိုး ကွဲပြားနေကြ၏။ သို့သော်လည်း... သူတို့ အားလုံး အလွန် ထူးခြားသည့် မှတ်ဉာဏ် တစ်ခုကို ပိုင်ဆိုင်ခဲ့ကြပြီး ဖြစ်သည်။ လွန်ခဲ့သည့် လနှစ်ဆယ်ခန့်က အာရုဏ်ဦး အာဏာရှင် ဧကရာဇ် ပြောကြားခဲ့သည့် ဝေါဟာရတိုင်း၊ အဓိပ္ပာယ်တိုင်းကို သူတို့ မှတ်မိနေဆဲ ဖြစ်သည်။

“ရွေးချယ်ခံတွေကို ဘယ်သူ ဖန်တီးခဲ့တာလဲ...”

ထိုမေးခွန်းကို သူတို့ မဖြေခဲ့ကြချေ။ ထိုကဲ့သို့ ဖြေရန်လည်း မလိုအပ်ချေ။ ထာဝရ ဧကရာဇ် ဆိုသည့် အဖြေကို လူတိုင်း သိကြပြီး ဖြစ်သည်။ လူတိုင်း၊ လူတိုင်းမှာ ထိုအချက်အလက်ကို ဘုရား ကဲ့သို့ ရင်ဝယ် ကိုးကွယ်ခဲ့ကြသည်။

“ဒါဆိုရင် ခင်ဗျားတို့ အားလုံး နားလည်လိမ့်မယ် ထင်ပါတယ်... လောကမှာ ရွေးချယ်ခံ အဆင့်အတန်းကို သတ်မှတ်ဖို့ အရည်အချင်း ပြည့်မှီတာက အဂ္ဂိရတ် ပညာရှင်တွေပဲ... ဘာလို့လဲ... ကျုပ်တို့က ပါရမီ မရှိတဲ့ လူတွေကို ပါရမီရှင်တွေ အဖြစ် ပြောင်းလဲပစ်နိုင်လို့... ခင်ဗျားတို့ အမှိုက်လို့ ထင်နေတဲ့ အရာတွေကို ရတနာ အဖြစ် ပြောင်းလဲပစ်နိုင်လို့... တစ်ချိန်တုန်းက ထာဝရ ဧကရာဇ်က သူ့ စံနှုန်းနဲ့ ဆုံးဖြတ်ခဲ့သလို အနာဂတ်ရဲ့ ရွေးချယ်ခံ အဆင့်အတန်းကိုလည်း ကျုပ်တို့ စံနှုန်းနဲ့ပဲ ဆုံးဖြတ်မယ်... ခင်ဗျားတို့က ကိုယ်တိုင် ရွေးချယ်ခံ စံနှုန်း အသစ်ကို ကိုယ်တိုင် သတ်မှတ်ချင်ရအောင် ခုချိန်ထိ ရွေးချယ်ခံ ဧကရာဇ် ဆိုတာ ပေါ်လာသေးလား”

အစ ပထမ၌... သေမျိုး အဂ္ဂိရတ် အာဏာရှင်များ အကြားတွင် မည်သူက ပြောရေးဆိုခွင့် အရှိဆုံး ဖြစ်ကြောင်း ယှဉ်ပြိုင်လိမ့်မည်ဟုသာ သူတို့ ထင်မှတ်ခဲ့ကြခြင်း ဖြစ်သည်။ သို့သော်လည်း... တုလင်၏ စကားများ အရ ထိုလမ်းစဉ်က ဝေ့ဝူယင်၏ ရည်မှန်းချက် မဟုတ်သည်မှာ ရှင်းလင်းလှသည်။ လူငယ်က သူတစ်ဦးတည်း သာလျှင် ရွေးချယ်ခံ အဆင့်အတန်းကို ဆုံးဖြတ်လိုပုံ ရသည်။ ဒုတိယမြောက် ထာဝရ ဧကရာဇ် ဖြစ်လာချင်သည့်ပုံ ရသည်။

မည်မျှ ရည်မှန်းချက် ကြီးလိုက်သနည်း။ မည်မျှ အကြံကြီးလိုက်သနည်း။

သို့သော်လည်း စိတ်မကောင်းစရာ တစ်ခုက ထိုလူငယ်လေးမှာ ဘဝင်လေဟပ်ကာ လွန်ခဲ့သည့် လနှစ်ဆယ်ခန့် တည်းက ညီလာခံမှ ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။ တူးဖော်ခြင်း အဆင့် ဆယ့်ရှစ်လ ထပ်ပေါင်း ထည့်ခဲ့သည်ကိုပင် သိရှိခြင်း မရှိချေ။

“ဟား... ဟား... ဟား...”

ဟွမ်ရီကောင်းက ကမ္ဘာပေါ်တွင် အရယ်ရဆုံး ဟာသ တစ်ခုကို ကြားလိုက်ရသည့် အလား ရယ်မော လိုက်သည်။ သူ့အမြင်၌ ဝတုတ်မှာ လပေါင်း နှစ်ဆယ်ကျော် ဒိတ်အောက်နေသည့် အမိန့်ကို အတည်ကြီး လုပ်ဖို့ ကြိုးပမ်းနေခြင်း ဖြစ်သည်။

တူးဖော်ခြင်း အဆင့်...

ထိုအရာက ဝေ့ဝူယင် ကြိုတင် မမြင်နိုင်ခဲ့သည့် ကံကြမ္မာ ဝှက်ဖဲ တစ်ခုပင် ဖြစ်လေသည်။

"ဟား... ဟား... ဟား...”

အခြား သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာလည်း ဟိတ်ကြီးဟန်ကြီး လုပ်နေသည့် ဝတုတ်တုတ် ချစ်စရာ လူပျက်ကြီးကို ကြည့်ရင်း လိုက်လံ ရယ်မော လိုက်ကြသည်။ အင်မတန် တော်ပါသည် ဆိုသည့် ဝေ့ဝူယင် ယခုတစ်ကြိမ်တွင်တော့ တွက်ချက်မှု မှားယွင်းကာ ခံလိုက်ရပြီ ဖြစ်သည်။

ဆယ့်ရှစ်လ...

ဆယ့်ရှစ်လ ဆိုသည်မှာ အဆင့်နိမ့် ကျင့်ကြံသူများ အတွက်တော့ ရှည်ကြာသော အချိန် တစ်ခု ဖြစ်သည်။ ထိုကဲ့သို့ ဆယ့်ရှစ်လ အသာစီး ရယူထားသည့်တိုင် ဝေ့ဝူယင်ကို အသာစီး မရယူနိုင်ပါက သူတို့၏ သေမျိုး အဂ္ဂိရတ် အာဏာရှင် ဂုဏ်ပုဒ်များကို မြောင်းထဲ လွှင့်ပစ်ရုံသာ ရှိပေတော့သည်။ သူတို့ နောက်တစ်ကြိမ် ဘယ်တော့မှ ဆေးဖော်စပ်တော့မည် မဟုတ်ချေ။

“အရူးက ဘာပဲ ဖြစ်ဖြစ် အရူးပါပဲလေ...”

ဟွမ်ရီကောင်းမှာ ရယ်ရလွန်းသောကြောင့် မျက်ရည်များကိုပင် သုတ်လိုက်ရ၏။ ထို့နောက် သူက ခပ်ပြင်းပြင်း အသက်ရှူသွင်းရင်း တည်ငြိမ်အောင် ကြိုးစား လိုက်သည်။

ပလ္လင်များထက်မှ လှောင်ပြောင်း ရယ်မောသံများကို ကြားလိုက်ရလေရာ တုလင်၏ မျက်လုံးများမှာ သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် သွား၏။ ဟွမ်ရီကောင်းကို မတိုက်ခိုက်နိုင်မှန်း သိသည့်တိုင် သူ၏ မျက်လုံးများက ပြင်းထန်သော သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် သွားသည်။ သူက အံကို တင်းတင်းကြိတ်ကာ ဟွမ်ရီကောင်းကို လှမ်းကြည့်လိုက်၏။

“ဒါဆိုလည်း ခင်ဗျားရဲ့ ရွေးချယ်ခံ သူရဲကောင်းကို ခေါ်လာခဲ့လေ... သခင်လေး ကိုယ်စား ကျုပ်ကပဲ ခင်ဗျားတို့ မိဘတွေ သင်ကြား မပေးလိုက်တဲ့ သင်ခန်းစာကို ပို့ချပေးမယ်”

“...”

ညီလာခံ တစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွား၏။ တုလင်၏ စကားက ဟွမ်ရီကောင်းကိုသာ မဟုတ်ပဲ ရယ်မော လှောင်ပြောင်နေသည့် ပလ္လင်ထက်ရှိ သေမျိုး အဂ္ဂိရတ် အာဏာရှင် အားလုံးကို ဦးတည်နေတာ ရှင်းလင်းလှသည်။

“ကောင်းပြီလေ... သောက်ရူး အဂ္ဂိရတ် သမားလေးက သောက်ပေါ ရွေးချယ်ခံ သူရဲကောင်းလေးကို မွေးထုတ် ပေးလိုက်တယ်ပေါ့... မျှော်လင့်ထားတဲ့ အတိုင်းပါပဲ... ကဲ သွားတော့”

ဟွမ်ရီကောင်းက သူ့ ဘေးနား၌ ရပ်နေသည့် အရပ်ရှည်ရှည် ချောမော ခန့်ညားသော လူငယ်လေးကို အချက်ပြလိုက်သည်။ သူ၏ အသံက စိတ်မရှည်ခြင်း အငွေ့အသက်များနှင့် ထုံလွှမ်းနေ၏။

တစ်ချိန်တည်း၌ သူက ဝိညာဉ်အာရုံနှင့် ဆက်သွယ်ကာ မှာကြားလိုက်သည်။

“မင်း လုပ်နိုင်ရင် သူ့ရဲ့ ကျင့်ကြံခြင်း အခြေခံကိုပါ ဖျက်ဆီးခဲ့”

ရွေးချယ်ခံ သူရဲကောင်းက တိတ်တဆိတ် ခေါင်းညိတ်လိုက်၏။ စင်မြင့်ပေါ် ဆင်းသက်လာသည့် အချိန်တွင်တော့ သူ၏ ချောမောသည့် မျက်နှာက ပြင်းထန်သည့် သတ်ဖြတ်လိုစိတ်များနှင့် ပြည့်နှက် နေခဲ့ပြီ ဖြစ်သည်။ မိန်းမငယ်လေးများကတော့ လူငယ်လေးကို ကြည့်ကာ ရင်ခုန် သွားကြ၏။ ထိုကဲ့သို့ အန္တရာယ် များသည့် အော်ရာမျိုးမှာ အလွန်အမင်း ဆွဲဆောင်မှု ရှိပေသည်။

ခန္ဓာကိုယ်က ဝတုတ်တုတ်၊ ရုပ်ရည်က ပြည့်ဖောင်းဖောင်း တုလင်နှင့် ယှဉ်လျှင် အဘက်ဘက်မှ ကြည့်ကောင်း နေသည့် ဟွမ်ရိကောင်း၏ ရွေးချယ်ခံ သူရဲကောင်းမှာ များစွာသော အမျိုးသမီးများ၏ စိတ်နှလုံးတွင် အမြစ်တွယ် သွားခဲ့လေသည်။

မြေကြီး ရှန့်ထိုများနှင့် ၊ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ တစ်ယောက်ကို တစ်ယောက် အကြည့်ချင်း ဖလှယ် လိုက်မိကြ၏။ ယခုတစ်ကြိမ်တွင်လည်း ဧကရီ ရှောင်ချွမ်းကပင် မြေကြီး ရှန့်ထို အားလုံးကို ကိုယ်စားပြုကာ စကားပြော လိုက်လေသည်။

“ဆိုတော့ သေမျိုး အဂ္ဂိရတ် အာဏာရှင်တွေက ဝေ့ဝူယင်ရဲ့ စိန်ခေါ်မှုကို လက်ခံလိုက်ပြီ ဆိုတဲ့ သဘောလား”

ရွေးချယ်ခံ စံနှုန်းကို လူတစ်ယောက်တည်းက ဆုံးဖြတ်ခြင်း...

ဝေ့ဝူယင်၏ ‌ရွေးချယ်ခံ သူရဲကောင်း နိုင်လျှင် ထိုအခွင့်အရေးက သူ တစ်ယောက်တည်းထံ ကျရောက်သွားလိမ့်မည် ဖြစ်သည်။ ထိုနည်းတူစွာပင် အခြားလူ တစ်ယောက် နိုင်ပါကလည်း သူက အပြည့်အဝ ဆုံးဖြတ်နိုင်ပေလိမ့်မည်။ အားလုံး စုပေါင်း ညှိနှိုင်း ဆွေးနွေးခြင်းထက် စာလျှင် ထိုနည်းလမ်းက အန္တရာယ် များလွန်းလှသည်။

မြေကြီး ရှ့န်ထိုများမှာ လက်ခံရန် အနည်းငယ် ချီတုံချတုံ ဖြစ်နေကြ၏။ ကြယ်ကွင်းပြင်၏ အနာဂတ် အတွက် ဆုံးဖြတ်ခွင့်ကို လူတစ်ယောက်ထံ သည်လိုပဲ လွှဲအပ်လိုက်ရတော့မည်လော။ သို့သော်လည်း... ရွေးချယ်ခံ ဆိုသည့် ဂုဏ်ပုဒ်မှာ အဂ္ဂိရတ် ပညာရှင်များကြောင့် ပေါ်လာခဲ့ခြင်း ဖြစ်ကြောင်းကိုတော့ သူတို့ လက်ခံရမည် ဖြစ်သည်။ အဂ္ဂိရတ် ပညာရှင်များ မရှိပါက ရွေးချယ်ခံလည်း ပေါ်လာလိမ့်မည် မဟုတ်ပါချေ။

သို့သော်လည်း... သေမျိုး အဂ္ဂိရတ် အာဏာရှင်များကတော့ ထိုအခြေအနေ အပေါ် လုံးဝ အနှောက်အယှက် မဖြစ်ဟန် ရသည်။ ဝိညာဉ် ဆက်သွယ်မှု အမြောက်အများ ပြုလုပ်ပြီး နောက်တွင် မြေကြီး ရှန့်ထိုများမှာလည်း ထိုအခြေအနေကို စတင်ကာ လက်ခံလာခဲ့ကြသည်။ သူတို့က ကြယ်ကွင်းပြင် အတွင်း ထိပ်သီး ပုဂ္ဂိုလ်များ ဖြစ်သည့်တိုင် ရွေးချယ်ခံ ဂုဏ်ပုဒ်မှာ အဂ္ဂိရတ် ပညာရှင်များနှင့်သာ သက်ဆိုင်လေရာ ဝင်ရောက် မစွက်ဖက်တော့ရန် ဆုံးဖြတ် လိုက်ကြသည်။ အဂ္ဂိရတ် ပညာရှင်များသာ မရှိပါက သူတို့ထဲမှ အများစု အနေဖြင့် ပလ္လင်များထက်၌ ထိုင်ရန်ပင် ခက်ခဲပေလိမ့်မည်။

“အားလုံး ကန့်ကွက်စရာ မရှိတော့ဘူး ဆိုရင် မဟာ စက်ဝန်း ရှန့်ထို ညီလာခံရဲ့ နောက်ဆုံး အဆင့်ကို စည်းမျဉ်း တစ်ခုတည်းနဲ့ ဆုံးဖြတ်ကြတာပေါ့... နောက်ဆုံး ရပ်တည်နိုင်တဲ့ လူက အနိုင်ပဲ”

အားလုံးက လက်ခံသည့် အမူအရာများ ပြသလိုက်ကြပြီး နောက်တွင် ထာဝရ နတ်ဘုရား၏ အသံက အလွန် ကျယ်လောင်စွာပင် ထွက်ပေါ်လာခဲ့၏။

“နောက်ထပ် စိန်ခေါ်မယ့်လူ မရှိတော့ပဲ စင်မြင့်ပေါ်မှာ ရပ်တည်နိုင်တဲ့လူကို ဒီပြိုင်ပွဲရဲ့ အနိုင်ရတဲ့လူ အဖြစ် ကြေညာမယ်”

“...”

အားလုံးမှာ တိတ်ဆိတ် သွားကြတော့၏။

***

All Chapters