← Chapters

ပြိုင်ဘက်ကင်း ဖေဖေ

Vol. 84 Ch. 1173

ပြိုင်ဘက်ကင်း ဖေဖေ

Vol. 84 Ch. 1173

"စိန်ခေါ်သူ အားလုံး... စင်ပေါ်တက်ပါ”

ထာဝရ နတ်ဘုရား၏ အသံက မိုးကြိုးသံလို ဟိန်းကာ ထွက်ပေါ်လာခဲ့သည်။ ချက်ချင်း ဆိုသလိုပင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ဘေးမှ ပုံရိပ် ၂၄၃ ခုမှာ ပျံသန်းကာ စင်မြင့်‌ပေါ်သို့ တက်လာခဲ့ကြလေသည်။

ပရိသတ်များထဲ၌ အနည်းသော လူများသာလျှင် ထာဝရ နတ်ဘုရားမှာ သူ့ သြဇာအာဏာကို သုံးကာ အပျက်အစီး တစ်ခု ဖန်တီးနေကြောင်း ခန့်မှန်း မိကြပေသည်။

ချက်ချင်းဆိုသလိုပင် တုလင်မှာ များလှစွာသော ရွေးချယ်ခံ သူရဲကောင်းများထံမှ ဝံပုလွေ ကဲ့သို့ အကြည့်များကို ခံစားလိုက်ရလေသည်။ သူတို့က သူ့ကို အစိတ်စိတ် အမွှာမွှာ အဖြစ် ပြောင်းလဲ အမဲဖျက်ကြရန် မစောင့်ဆိုင်း နိုင်ကြတော့သည့် ပုံပင်။

၎င်းမှာ သက်ဆိုင်ရာ သေမျိုး အဂ္ဂိရတ် အာဏာရှင် အသီးသီး၏ အကြံအစည် ဖြစ်နိုင်သလို ထာဝရ နတ်ဘုရား ကိုယ်တိုင်၏ အမိန့်ပင် ဖြစ်ကောင်း ဖြစ်နိုင်ပေသည်။

ကျိုးနင်မှာ တုလင် အတွက် စိုးရိမ်သွားကာ ရင်တစ်ခုလုံး တဒိတ်ဒိတ် တုန်ရီသွားခဲ့သည်။ သူမက ချင်ချင်းပင် တုလင်ထံ ဝိညာဉ် ဆက်သွယ်မှု ပြုလုပ်ဖို့ ကြိုးပမ်းလိုက်သော်လည်း... မမြင်နိုင်သည့် ဝိညာဉ် အတားအဆီး တစ်ခုက သူမ၏ ဝိညာဉ် အာရုံကို ပိတ်ပင် ထားခဲ့သည်။ ကျိုးနင်၏ မျက်လုံးများမှာ ကျဉ်းမြောင်း သွားခဲ့၏။

သီးသန့် နယ်မြေ တစ်ခုထဲတွင်တော့ အင်ပါယာ အကြံပေးက ပြုံးလိုက်၏။

“ဆိုတော့ ဒါက နောက်ထပ် ထောင်ချောက် တစ်ခုပေါ့”

ထာဝရ နတ်ဘုရား အနေဖြင့် ထိုကဲ့သို့ ဉာဏ်နီဉာဏ်နက် များစွာ မသုံးပဲ ဝေ့ဝူယင်၏ အစီအစဉ်ကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ကြောင်း သူမ သိပေသည်။ ပြင်ပလူ တစ်ယောက်၏ အမြင်၌ ထိုလုပ်ရပ်က ယုတ်မာကာ တရား မျှတခြင်း မရှိသည့်တိုင် ကျင့်ကြံခြင်း လောက၌ အားကြီးသူကသာ အနိုင်ရ စမြဲ ဖြစ်သည်။

အဆုံးမဲ့ သိုင်းဧကရာဇ်က အနည်းငယ် မျက်မှောင်ကြုတ် လိုက်၏။ တရားတာ၊ မတရားတာ ဘေးဖယ်ထား... သူကတော့ ထိုကဲ့သို့ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အကြမ်းပတမ်း အခြေအနေမျိုးကို သဘောကျသည်။

ထာဝရ နတ်ဘုရားက အချိန်ဖြုန်းခြင်း မပြုချေ။ မိုးကြိုးပေါင်း တစ်သောင်း ပေါက်ကွဲ သကဲ့သို့ အသံဖြင့် သူက တိုက်ပွဲ စတင်ရန် ကြေညာလိုက်တော့၏။

“စတော့...”

...

“ဖေကြီး...”

တုပင်း၏ အသံလေးက စိုးရိမ် ပူပန်မှုများနှင့် ပြည့်နှက် နေ၏။ သူ၏ ခန္ဓာကိုယ်လေးမှာ ယခုအခါ၌ အတော် ကြီးလာခဲ့ပြီ ဖြစ်သည်။ အသက် ငါးနှစ်သာ ရှိသေးသည့်တိုင် တုပင်းမှာ ခြောက်နှစ်၊ ခုနစ်နှစ် အရွယ် လူတစ်ယောက်လို ထင်ရသည်။

စိတ်ထဲမှ မလုံမခြုံ ခံစားနေရလေရာ တုပင်းမှာ မျက်လုံးဝိုင်းကြီးများနှင့် အကိုဖြစ်သူ တုမင်ကို မော့ကြည့် လိုက်၏။

“ဖေကြီး နိုင်ပါ့မလား... အကိုကြီး”

အကိုဖြစ်သူ တုမင်က ညီဖြစ်သူ၏ ပခုံးကို အနည်းငယ် ဖျစ်ညှစ် လိုက်သည်။ ထို့နောက်... သူက သက်တောင့် သက်သာ ရှိသည့် လေသံဖြင့် ဆိုလိုက်၏။

“တို့အဖေက အမြဲတမ်း ပြိုင်ဘက်ကင်းကွ... ညီလေး မသိဘူးလား... သူ့ကို ဘယ်သူမှ နာကျင်အောင် မလုပ်နိုင်ဘူး... နတ်ဘုရားနဲ့ တန်ခိုးရှင်တွေတောင် မတတ်နိုင်ဘူးကွ”

“ပြိုင်ဘက်ကင်း... နတ်ဘုရားတွေနဲ့ တန်ခိုးရှင်တွေတောင်မှ ဖေကြီးကို နာကျင်အောင် မလုပ်နိုင်ဘူးလား...”

တုပင်းလေး၏ မျက်လုံးများက စိတ်လှုပ်ရှားမှုများနှင့် အတူ ဖျပ်ဖျပ် တောက်ပသွား၏။ တုမင်၏ စကားလုံး တစ်ခုချင်းစီက သူ့ စိုးရိမ် ပူပန်မှုများကို ဖယ်ရှား သွားခဲ့ပြီ ဖြစ်သည်။ မျှော်လင့်ချက်များနှင့် အတူ သူ့ မျက်နှာက ထွက်ပြူခါစ နေကြယ် တစ်ခုလို ဝင်းပသွား၏။

“ငါ့ ဖေကြီးက ပြိုင်ဘက်ကင်းကွ... ဖေကြီး... အဲ့ကောင်တွေကို နာနာ ချ”

တုပင်းက သူ ပိုင်ဆိုင်ထားသည့် ချီပျစ်ခဲခြင်း အဆင့်ငါး ယန်ဖွံ့ဖြိုးခြင်း အဆင့် ကျင့်ကြံခြင်း အခြေခံကို သုံးကာ စွမ်းအင် ပြည့်ဝစွာ အော်ဟစ် လိုက်သည်။ ဝေ့ဝူယင်၏ ထောက်ပံ့မှုများကြောင့် အသက် ငါးနှစ်သာ ရှိသေးသည့်တိုင် သူ၏ ကျင့်ကြံခြင်းမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် အတွင်းရှိ ရွယ်တူ ကလေး အားလုံးထက် သာလွန် နေခဲ့ပြီ ဖြစ်သည်။

တုပင်း၏ အသံစွမ်းအားက အနီးအနားရှိ ကျင့်ကြံသူများကို လန့်ဖျန့် သွားစေခဲ့လေရာ အားလုံး၏ အကြည့်များက သူ့အပေါ်သို့ ကျရောက်လာခဲ့ကြသည်။ ထို့နောက်... သူတို့ အားလုံး၏ မျက်လုံးများက တိုင်ပင် မထားရပဲ ပြူးကျယ်သွားကြ၏။

အသက် ငါးနှစ်နှင့် ယန်ဖွံ့ဖြိုးခြင်း အဆင့်... မည်ကဲ့သို့နည်း။

ထို့အပြင်... အနီးကပ် ကြည့်ပါက တုပင်း၏ ခန္ဓာကိုယ် အနှံ့ စီးဆင်းနေသည့် ဒြပ်စင်ကိုးခု စွမ်းအားများကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ ထိုအရာက ချီနှလုံးသား တစ်ခု သဘာဝ အတိုင်း ဖြစ်တည်ကာ မှားသော အမှန် အဆင့်ကို ရောက်ရှိတော့မည့် လက္ခဏာများပင် ဖြစ်သည်။ သင့်အနေဖြင့် တုပင်း၏ ထျန်းတျန် အတွင်းကို ဖောက်ထွင်း မြင်နိုင်မည် ဆိုပါက ထိုနေရာတွင် သာလွန်ခြင်း အဆင့် ယင်ယန် အမတေ ဆေးလုံးတစ်ခု တည်ရှိနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။

ညီလာခံ ခန်းမကြီး အတွင်းရှိ အခြား တည်နေရာ တစ်ခုတွင်တော့...

“သူ့ကို စိတ်မပျက်စေနဲ့...”

ခရမ်းရောင် အသားအရည်နှင့် နတ်ဆိုး မိန်းကလေး တစ်ဦးမှာ စင်မြင့်ထက်ရှိ တုလင်၏ ပုံရိပ်ကို စိုက်ကြည့် နေခဲ့၏။ သူမ၏ ရွှေရောင် မျက်ဝန်းများထဲမှ စိုးရိမ် ပူပန်မှုများမှာ တုပင်းအောက် လျော့နည်းခြင်း မရှိပါချေ။ တုလင်မှာ ဝေ့ဝူယင်၏ အမွေအနှစ်ကို စွဲကိုင်ထားကြောင်း သူမ သိပေသည်။ ထို့အပြင်... ဝေ့ဝူယင် ထွက်ခွာ သွားပြီးနောက် တူးဖော်ခြင်း အဆင့် ထပ်ပေါင်း ထည့်ခြင်း အပါအဝင် ထာဝရ အစည်းအရုံး၏ မမျှတသော လုပ်ရပ်များကိုလည်း သူမ သိရှိထားပေသည်။

ထိုခရမ်းရောင် အသားအရေနှင့် နတ်ဆိုး မိန်းကလေးမှာ အခြားလူ မဟုတ်... တရှန်းပင် ဖြစ်လေသည်။ တရှန်းမှာ ဝေ့ဝူယင် အပေါ် ယုံကြည်ချက် အပြည့်အဝ ရှိသည် ဆိုသော်လည်း... လူငယ်မှာ လွန်ခဲ့သည့် လနှစ်ဆယ်ခန့် တည်းက ညီလာခံမှ ထွက်ခွာ သွားခဲ့ခြင်း ဖြစ်သည်။ ထိုအတောအတွင်း ထာဝရ နတ်ဘုရားမှာ မသမာမှု များစွာကို ပြုလုပ်ခဲ့သည့် အပြင် ယခုတစ်ဖန်လည်း တုလင်ကို ပစ်မှတ်ထား အမဲဖျက်မည့် စည်းမျဉ်း တစ်ခု ချမှတ်ခဲ့ပြန်ပြီ ဖြစ်သည်။ သူမ ကိုယ်တိုင် ဝင်ရောက်၍ မတိုက်ခိုက် နိုင်သည်မှာ ဆိုးလွန်းသည်။

ပိုင်လင်ကတော့ ဗာကီရီ အဖွဲ့ဝင် မိန်းမလှလေး သုံးယောက် ဖြစ်သည့် စုမေ့၊ ရွှယ်ရီဖေးနှင့် ဝူပိုင်ကျိုးတို့ နံဘေးတွင် လှဲလျောင်းကာ ပျင်းရိစွာဖြင့် စင်မြင့်ပေါ်ကို လှမ်းကြည့် နေခဲ့သည်။ ဝေ့ဝူယင် ထွက်ခွာသွားပြီး နောက်ပိုင်း၌ သူမမှာ လူငယ် ချန်ထားပေးခဲ့သည့် ရင်းမြစ်များကို သုံး၍ သွေးမျိုးဆက် စွမ်းအင်ကို နှိုးထရန်မှ တစ်ပါး အခြား လုပ်စရာ ဘာမှ မရှိခဲ့ပါချေ။ ဟုန်ယန်လျှို့လန်၏ ဖီးနစ် အတောင်ကို သန့်စင်ပြီး နောက်တွင် ပိုင်လင်၏ ခွန်အားမှာ အဆများစွာ တိုးတက် လာခဲ့သည်။ ယခုအခါ သူမ၏ အော်ရာမှာ အစွမ်းထက်ပါသည် ဆိုသည့် မြေကြီး ရှန့်ထိုများနှင့်ပင် ယှဉ်နိုင်နေခဲ့ပြီ ဖြစ်သည်။

ပိုင်လင် အတွက်တော့ ထိုတိုက်ပွဲက ကြည့်စရာ မရှိပါချေ။ ဝေ့ဝူယင်မှာ အလွန် စေ့စပ်သည့် လူတစ်ယောက် ဖြစ်လေရာ ညီလာခံမှ မထွက်ခွာခင် ထိုအခြေအနေများကို မစဉ်းစားမိပဲ နေလိမ့်မည် မဟုတ်ပါချေ။ သူ့ထံတွင် ယုံကြည်ရလောက်သည့် အကြောင်းပြချက် တစ်ခု ရှိနေမျာ သေချာပေသည်။

“တုလင် မရှုံးနိုင်ပါဘူး...”

ဝူပိုင်ကျိုးက မျက်မှောင်ကြုတ်ရင်း ဆိုလိုက်၏။ စကားလုံးများက ခိုင်မာလှသည့်တိုင် သူမ အသံထဲတွင်တော့ သံသယ အငွေ့အသက် တစ်ချို့ ပါဝင်နေပေသည်။ တူးဖော်ခြင်း အဆင့်မှာ ဝေ့ဝူယင်နှင့် တုလင်တို့ အတွက် အမှန်တကယ် မမျှတသည့် အဆင့် တစ်ခု ဖြစ်သည်။

“...”

ရွှယ်ရီဖေးကတော့ ဘာမှ မပြောပါချေ။ သို့သော်လည်း... သူမ၏ လှပသော မျက်ဝန်းများက ပိုင်လင်ထက် မလျော့ကျသည့် ယုံကြည်ချက်များနှင့် တလက်လက် တောက်ပနေခဲ့၏။

"တိုက်ပွဲက ကြာမှာ မဟုတ်ဘူး...”

စုမေ့က တည်ငြိမ်စွာ ဆိုလိုက်သည်။ ထို့နောက်... သူမက အခြားတစ်နေရာကို လှမ်းကြည့် လိုက်၏။ ဟွမ်ရီကောင်း၏ ပုံရိပ်က သူမ၏ အမြင်အာရုံတွင် ထင်ဟပ် လာခဲ့သည်။ သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် ကင်းမဲ့နေသည့်တိုင် သူမ၏ မျက်ဝန်းများ အတွင်း အလွန် ရက်စက် ကြမ်းကြုတ်သည့်၊ မမြင်သော အလင်းတန်း အလင်းတန်း တစ်ခုက နေရာယူ နေခဲ့လေသည်။

ကွာဝေးသော နေရာ တစ်ခုတွင်တော့ အိကျူးလင်မှာ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ် ဖိထားခဲ့၏။ တိုက်ပွဲက ဝေ့ဝူယင်၏ ဂုဏ်သတင်းကို ထိခိုက်မည် ဖြစ်ကြောင်း သူမ သိပေသည်။ တုလင် ထိုကပ်ဘေးအား ကျော်လွှားနိုင်ဖို့ အတွက်သာ သူမ ကြိတ်ကာ ဆုတောင်း နေမိတော့၏။

“ညီမလေးအိ... နင် စိတ်ပူစရာ မလိုပါဘူး.. နင့် ကောင်လေး ရှုံးသွားမယ် ဆိုရင်တောင် နောက်တစ်ကြိမ် ပြန်ထဖို့ နည်းလမ်း ရှာတွေ့မှာပါ”

ရှုယု ဟု ခေါ်သည့် ဂိုဏ်းတူ အကိုက အိကျူးလင်ကို နှစ်သိမ့် သလိုနှင့် ထိုးနှက် လိုက်သည်။ သူ့ အမြင်၌ အိကျူးလင်လို အယ်ဗန်မျိုးနွယ်ဝင် တစ်ယောက်က ဝေ့ဝူယင်ကို သူမ ချစ်သူ အဖြစ် ယူဆ နေခြင်းမှာ ရယ်စရာ ကောင်းလှသည်။ ဝေ့ဝူယင်မှာ ညီလာခံ ခန်းမ အတွင်း ရှိနေခဲ့စဉ်ကပင် သူမ ရှိရာဘက်ကို တစ်ချက်မှ လှည့်မကြည့်ခဲ့ချေ။

ဝေ့ဝူယင်မှာ အလွန် ထူးချွန်သူ ဖြစ်သည်။ အသက်တစ်ရာအောက်တွင် သူက ပြိုင်ဘက်ကင်း ပါရမီရှင် ဟုပင် ဆိုနိုင်ပေသည်။ သူ့ဘေးနား၌ လူသား မိန်းမလှလေးများ ဝိုင်းဝိုင်းလည်နေမည်မှာ မလွဲမသွေပင် ဖြစ်သည်။ အိကျူးလင်လို အယ်ဗန်မျိုးနွယ်ဝင် တစ်ယောက်ကို သူက မည်ကဲ့သို့ စိတ်ထဲ ထားမည်နည်း။

သူတို့ အကြား၌ ဆက်ဆံရေး တစ်ခု ရှိခဲ့သည် ဆိုလျှင်ပင် ထိုအရာက တစ်ညတာ ဆက်ဆံရေးလိုမျိုးသာ ဖြစ်ပေလိမ့်မည်။

အိကျူးလင်ကတော့ ရှုယုကို အပြည့်အဝပင် လျစ်လျူထား၏။ တိုက်ပွဲက စတင် နေခဲ့ပြီ ဖြစ်လေသည်။

***

All Chapters