ပြိုင်ဘက်ကင်း ဖေဖေ (၂)
Vol. 84 Ch. 1174
စင်မြင့်ထက်၌...
တုလင်မှာ ရွေးချယ်ခံ သူရဲကောင်း အားလုံး၏ ပစ်မှတ် မဟုတ်သည့်တိုင် အများစု၏ ပစ်မှတ် ဖြစ်နေတာ ရှင်းလင်းလှသည်။ သူက ပြိုင်ပွဲ အတွင်း အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်လေရာ ပထမဆုံး ရှင်းပစ်သင့်သည့် ပြိုင်ဘက်လည်း ဖြစ်သည်။
လုံးဝ စိတ်မလှုပ်ရှားပါဟု ဆိုပါက တုလင် လိမ်ရာကျလိမ့်မည် ဖြစ်သည်။ ရွေးချယ်ခံ သူရဲကောင်း အများစုမှာ ပါရမီရှင်များ မဟုတ်သည့်တိုင် မဟာစက်ဝန်း ကြယ်ကွင်းပြင်၏ အကြီးကျယ်ဆုံးဟု ဆိုနိုင်သည့် သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ကိုယ်တိုင် ပြုစု ပျိုးထောင်ထားသည့် ကျင့်ကြံသူများ ဖြစ်ပေသည်။ စိုးရိမ် ပူပန်မှု မရှိပဲ သူတို့ကို ရင်ဆိုင်ဖို့ မဖြစ်နိုင်သလောက်ပင်။
တူးဖော်ခြင်း အချိန် ဆယ့်ရှစ်လ ပြီးနောက်တွင် မည်သည့် ရွေးချယ်ခံ တစ်ဦး တစ်ယောက်မှ ချီပျစ်ခဲခြင်း အဆင့်တွင် တစ်ဆို့ မနေကြတော့ချေ။ အားလုံးမှာ ကြယ်တာရာ အမြုတေ အဆင့်ကို တက်လှမ်း ခဲ့ကြပြီး ဖြစ်သည်။ သူတို့၏ အော်ရာများက အလွန်ပင် သန့်စင်ကာ ပြင်းထန်သော အရှိန်အဝါများနှင့် ပြည့်နှက် နေကြပေသည်။
ကျင့်ကြံခြင်း အခြေခံ ကွဲပြားမှုများ ရှိသည့်တိုင် သူတို့ အားလုံးမှာ သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ ပြုစု ပျိုးထောင်မှုများကို ခံထားရလေရာ သာမန် ကျင့်ကြံသူ တစ်ယောက်မှ မပါဝင်ပါချေ။ အနည်းဆုံး အဆင့် နှစ်ဆင့်၊ သုံးဆင့် ကျော်ကာ တိုက်ခိုက်နိုင်ကြသူတွေချည်း ဖြစ်သည်။
တုလင်မှာ ဖိအားများကို ခံစားနေရသည့်တိုင် အရာအားလုံးနှင့် ရင်းနှီး တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။ ထာဝရ နတ်ဘုရား တိုက်ပွဲ ထံမှ စတင်ရန် ကြေညာသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ အလွန် ပြင်းထန်သည့် အော်ရာများစွာနှင့် ရင်ဆိုင် နေရပြီ ဖြစ်သည်။
ဟွမ်ရီကောင်း၏ ရွေးချယ်ခံ သူရဲကောင်းက တုလင်၏ အခြေအနေကို လှမ်းကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်၏။ အခြားလူများအား အရင်တိုက်ခိုက်စေပြီး တုလင် မောပန်းသော အချိန်ရောက်မှ ဝင်ပါရန် သူ ဆုံးဖြတ်ထားသည်။
ဘုန်း... ဘုန်း...
မရေမတွက်နိုင်သည့် တာဝေး တိုက်ခိုက်မှုများ၊ ဝိညာဉ် အစီအရင်များမှာ တုလင်ထံ ဦးတည် ကျဆင်းလာကြ၏။ အနီးကပ် တိုက်ပွဲများ၌ အထူး ကျွမ်းကျင်ကြသူများပင်လျှင် လူဝကြီး အနားသို့ ကပ်ရဲခြင်း မရှိပါချေ။ လက်ရှိ အချိန်၌ တုလင်မှာ အများသူငါ၏ ပစ်မှတ် ဖြစ်နေလေရာ အနီးကပ် တိုက်ခိုက်ခြင်းက ဓားခုတ်ရာ လက်လျှိုသည်နှင့် အတူတူပင် ဖြစ်သည်။
ဝှစ်... ဝှစ်...
ရောင်စုံ ကြယ်တာရာ အင်အားများ၊ ဝိညာဉ် အင်အားများမှာ တုလင်၏ ခန္ဓာကိုယ်ပေါ် မီးကျီမီးခဲများ အလား ကျဆင်း လာခဲ့၏။
တုလင် ခပ်အုပ်အုပ် အော်ဟစ်လိုက်ရင်း ကျင့်ကြံခြင်း အခြေခံကို အပြည့်အဝ စုစည်း လိုက်သည်။ သူ၏ ခန္ဓာကိုယ်ကို ဝန်းရံ၍ အနီရောင် ကြယ်တာရာ အကာအကွယ် တစ်ခု ပေါ်လာခဲ့၏။ ၎င်းက ပြီးပြည့်စုံသည့် စက်ဝိုင်းပုံ ရှိပေသည်။ အကာအကွယ် ဖြစ်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်၏ အပူချိန်က ဒီဂရီ ဒါဇင်ပေါင်းများစွာ ရုတ်ချည်း မြင့်တက်သွားလေသည်။
ဘုန်း... ဘုန်း... ဘုန်း...
မရေမတွက်နိုင်သည့် တိုက်ခိုက်မှုများမှာ အနီရောင် ကြယ်တာရာ အကာအကွယ်ပေါ် ပြုတ်ကျ လာခဲ့၏။ သို့သော်လည်း... အစီအရင် ဖြစ်စေ၊ ကျင့်စဉ် ဖြစ်စေ... မည်သည့် တိုက်ခိုက်မှုမှ ထိုအကာအကွယ်ကို ထိုးဖောက် နိုင်ခဲ့ခြင်း မရှိချေ။ ရန်လို ခက်ထန်နေသည့် ရွေးချယ်ခံ သူရဲကောင်း များစွာ၏ အမူအရာများက ပြောင်းလဲ သွားကာ သူတို့၏ မျက်လုံးများက မယုံကြည်နိုင်သည့် အငွေ့အသက်များနှင့် ပြည့်နှက် သွားကြသည်။
တုလင်က သည်အတိုင်း ရပ်နေခြင်း မရှိပါချေ။ သူက ဒုတိယတစ်ကြိမ် ဟိန်းဟောက်ကာ ဝိညာဉ် ဆင်းတုကို ထုတ်ဖော် လိုက်၏။
ဘုန်း...
ကွင်းဆယ်ကွင်း ဝန်းရံနေကာ အမြင့်ပေ တစ်သောင်း ရှိသည့် မီးတောင်ကြီး တစ်လုံးမှာ ကမ္ဘာကြီး တစ်ခုလုံးကို အုပ်မိုးကာ ထွက်ပေါ်လာခဲ့၏။ ချက်ချင်းပင် ပတ်ဝန်းကျင်၏ အပူချိန်က နောက်တစ်ဆင့်သို့ မြင့်တက် သွားခဲ့သည်။
ဝိညာဉ် ခွန်အား အရာတွင် အားနည်းသည့် ရွေးချယ်ခံ သူရဲကောင်း အနည်းငယ်မှာ မီးတောင်ကြီး၏ ဝိညာဉ် ဖိအား အောက်တွင် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ခွာ လိုက်ကြရလေသည်။ အချို့ ဆိုလျှင် အသိစိတ် တစ်စက္ကန့်၊ နှစ်စက္ကန့်လောက်မျှ အထိပင် ကင်းလွတ်သွားကြသည်။ ကံကောင်း ထောက်မစွာပင် သူတို့မှာ ချက်ချင်း ပြန်လည် စုစည်း နိုင်လိုက်ကြပေသည်။
သူတို့ တုလင်၏ ကျင့်ကြံခြင်း အခြေခံကို လွန်ခဲ့သည့် လနှစ်ဆယ်ကျော်ခန့်က ပထမ တစ်ကြိမ် တွေ့မြင်ဖူးပြီး ဖြစ်သည်။ သို့သော်လည်း... ၎င်းကို အနီးကပ် မြင်ရခြင်းက ခြားနားကာ စိတ်နှလုံး ချောက်ချားစရာ ကောင်းလွန်းလှသည်။
ကွင်းဆယ်ကွင်း...
သို့သော်လည်း မည်သူမှ သွေးပျက်သွားကြခြင်း မရှိချေ။ ရွေးချယ်ခံ သူရဲကောင်း အချို့က အော်ဟစ် မာန်သွင်းကာ သူတို့၏ ဝိညာဉ်ဆင်းတုများကို အသက်သွင်း လိုက်ကြသည်။
သူတို့က ထိပ်တန်း အဆင့် ရွေးချယ်ခံ သူရဲကောင်းများ ဖြစ်ကြကာ အစွမ်း အထက်ဆုံး သေမျိုး အဂ္ဂိရတ် အာဏာရှင်များက ပြုစု ပျိုးထောင်ထားကြသူများ ဖြစ်သည်။ သူတို့ထဲ၌ စန်းလော့ယန်၏ ရွေးချယ်ခံ သူရဲကောင်း တုကုပေ့ရွှမ်း၊ မူယုယ၏ ရွေးချယ်ခံ သူရဲကောင်း လီချင်းလီနှင့် ဟွမ်ရီကောင်း၏ ရွေးချယ်ခံ သူရဲကောင်းတို့ ပါဝင်နေပေသည်။ သူတို့က အသီးသီး ပိုင်ဆိုင်ကြသည့် ကျင့်ကြံခြင်း အခြေခံများကို လောကထံ ထုတ်ဖော် ပြသလိုက်ကြ၏။
ဘုန်း... ဘုန်း...
မည်သူ တစ်ဦးတစ်ယောက်မှ ကွင်းကိုးကွင်းအောက် မကျသည်ကို ကြည့်ကာ လူတိုင်းမှာ ပါးစပ် အဟောင်းသား ဖြစ်သွားကြ၏။ သူတို့ လက်ရှိ ပိုင်ဆိုင်ထားကြသည့် ကျင့်ကြံခြင်း အခြေခံများမှာ ယခင် သိရှိထားသည့် အုတ်မြစ်နှင့် များစွာ ကွာခြား သွားကြပြီ ဖြစ်သည်။
လွန်ခဲ့သည့် လနှစ်ဆယ်ကျော်ခန့်က လီချင်းလီမှာ ကြယ်တာရာ အမြုတေ အဆင့်ကို မရောက်ရှိသေးသလို ဟွမ်ရီကောင်း၏ ရွေးချယ်ခံ သူရဲကောင်းမှာလည်း ကြယ်တာရာ အမြုတေ အဆင့်တစ်တွင်သာ ရှိပေသေးသည်။ ယခုတွင်တော့ သူတို့မှာ ဝိညာဉ် ဆင်းတု အဆင့်ကိုပင် ရောက်ရှိခဲ့ကြပြီ ဖြစ်လေသည်။ အံ့အားသင့်စရာ တစ်ခုက သူတို့သာလျှင် မက... အခြားသော ရွေးချယ်ခံ သူရဲကောင်း လေးယောက်မှာလည်း ဝိညာဉ် ဆင်းတု အဆင့်ကို ရောက်ရှိခဲ့ကြခြင်း ဖြစ်သည်။ တူးဖော်ခြင်း ဆယ့်ရှစ်လ အတွင်း လူငယ်လေးများ၏ တိုးတက်မှုများက အံ့မခန်း ကြောက်စရာ ကောင်းလွန်းလှသည်။ ထိုအရာက သေမျိုး အဂ္ဂိရတ် အာဏာရှင်များ၏ လုပ်နိုင်စွမ်းပင် ဖြစ်လေသည်။
ဘုန်း... ဘုန်း...
မီတာကိုးရာ အမြင့်ရှိသည့် ဝိညာဉ် ဆင်းတု ခုနစ်ခုမှာ ထွန်းလင်း ထွက်ပေါ်လာကာ တုလင်၏ ဝိညာဉ် အော်ရာကို စုပေါင်း ခုခံဖို့ ကြိုးပမ်း လိုက်၏။ ၎င်းက ထူးခြားသည့် မြင်ကွင်း တစ်ခုပင်။
ဝတုတ်တုတ်၊ ဗိုက်ပူပူ တုလင်မှာ မွန်းစတား ဘီလူးကြီး တစ်ကောင်နှင့် တူနေကာ ရွေးချယ်ခံ သူရဲကောင်း လူငယ်လေး ခုနစ်ဦးကတော့ မိစ္ဆာကို ဝိုင်းဝန်း သုတ်သင်နေသည့် အင်မော်တယ် သူရဲကောင်းလေး ခုနစ်ဦးလိုပင်။
သို့သော်လည်း သူရဲကောင်းလေးများ အတွက် ကံမကောင်းတာ တစ်ခုက မိစ္ဆာကြီးမှာ သူ့ခွန်အားများကို ထိုအဆင့်တွင်ပင် ရပ်တန့် မနေခဲ့ခြင်း ဖြစ်သည်။
ဟူး...
တုလင်က သူ၏ ကျင့်ကြံခြင်း အခြေခံကို နောက်တစ်ဆင့်သို့ တိုးမြှင့်လိုက်ကာ နယ်မြေမျိုးစေ့နှင့် ချိတ်ဆက် လိုက်၏။
လောကနယ်မြေ...
ဟူး...
ချက်ချင်းပင် တုလင်၏ အတုအယောင် လောကနယ်မြေမှာ မီတာ လေးရာ့ ခြောက်ဆယ်ကို လွှမ်းခြုံ သွား၏။ ယခင် မီတာ တစ်ရာ့ ခြောက်ဆယ်နှင့် ယှဉ်လျှင် ၎င်းမှာ အဆများစွာ ပိုမို ကြီးမားလာခဲ့ပေသည်။ လွန်ခဲ့သည့် ဆယ့်ရှစ်လ အတွင်း တုလင်မှာလည်း အလကား နေခဲ့သည် မဟုတ်ချေ။ သူက အဂ္ဂိရတ် ထုတ်ကုန်များကို သန့်စင်ကာ ကျင့်ကြံခြင်း အခြေခံကို အဆုံးစွန်ထိ မြှင့်တင်ရန် ကြိုးပမ်း နေခဲ့ခြင်း ဖြစ်သည်။
ဟူး... ဟူး...
လောကနယ်မြေ ထွက်ပေါ်လာသည်နှင့် ထိုအဝန်းအဝိုင်း အတွင်းရှိ များစွာသော ရွေးချယ်ခံ လူငယ်လေးများမှာ ကြောက်မက်ဖွယ် ဖိအား တစ်ခုကို ရင်ဆိုင်လိုက်ရလေသည်။ များစွာသော လူငယ်လေးများမှာ ကြမ်းပြင်ပေါ် ဒူးထောက် ပြုတ်ကျသွားကြလေရာ မြေပြင် အက်ကွဲသည့် အသံများပင် ထွက်ပေါ်လာခဲ့လေသည်။
ထိုအခိုက်၌ စင်မြင့် တစ်ခုလုံးမှာ တုလင်၏ လောကဖိအားအောက် ကျရောက်နေခဲ့ရပြီ ဖြစ်လေသည်။ ယင်းကို ခုခံရန် ကြိုးပမ်းရင်း များစွာသော လူငယ်လေးများ၏ မျက်နှာများမှာ ပေါက်ကွဲတော့မတတ် ချင်းချင်းနီမြန်း လာခဲ့ကြ၏။
“...”
အောက်ရှိ ပရိသတ်များမှာ ထိုမြင်ကွင်းကို ကြည့်ကာ ဆွံ့အသွားကြ၏။ ထိုဝတုတ်က ဘယ်လောက်တောင် လွှမ်းမိုးနိုင်စွမ်း ရှိလိုက်သနည်း။
သေမျိုး အဂ္ဂိရတ် အာဏာရှင်များ ပင်လျှင် မျက်မှောင်များ ကြုတ် သွားကြသည်။ သူတို့သည် လွန်ခဲ့သည့် ဆယ့်ရှစ်လ အတွင်း ရွေးချယ်ခံ သူရဲကောင်းလေးများကို လောကဖိအား ထွက်ပေါ်လာပါက မည်သို့မည်ပုံ ခုခံရန် လမ်းညွှန်ချက်များ ပေးထားခဲ့ကြပြီး ဖြစ်သည်။ သို့သော်လည်း... လက်တွေ့တွင်တော့ အကြွင်းမဲ့ ခွန်အား အောက်တွင် ထိခိုက်ခံစားရန်သာ တတ်နိုင်ခဲ့ကြသည်။
အင်မော်တယ် သူရဲကောင်းလေး ခုနစ်ဦးထဲတွင်ပင် သုံးယောက်သာလျှင် မားမားမတ်မတ် ရပ်တည်ကာ ကျန်ရစ် နိုင်ခဲ့ကြသည်။ သူတို့က တုကုပေ့ရွှမ်း၊ လီချင်းလီနှင့် ဟွမ်ရီကောင်း၏ ရွေးချယ်ခံ သူရဲကောင်းတို့ပင်။
သို့သော်လည်း... လူတိုင်းကို ပါးစပ် အဟောင်းသား ဖြစ်သွားစေခဲ့တာကတော့ လူငယ်လေး သုံးယောက် ထုတ်ဖော်လိုက်သည့်...
လောကနယ်မြေများပင်။
မှန်၏။ လူငယ်လေး သုံးယောက်မှာ ကိုယ်တိုင် လောကနယ်မြေ ကိုယ်စီကို ထုတ်ဖော် ထားကြပေသည်။ သို့သော်လည်း... သူတို့၏ လောကနယ်မြေများက အခြား မဟုတ်...။ ထာဝရ နယ်မြေ၏ အတုအယောင် လောကနယ်မြေများင်။
အတုအယောင် လောကနယ်မြေ၏ အကူအညီနှင့် အတူ လူငယ်လေး သုံးဦးမှာ တုလင်၏ ကောင်းကင် ဖိအားကို အသာအယာပင် ကိုင်တွယ်လိုက်နိုင်၏။ သူတို့ထဲမှ မည်သူ တစ်ဦး တစ်ယောက်မှ တုလင်၏ လောကနယ်မြေ အကန့်အသတ်ထဲ၌ ရှိမနေလေရာ ကြောက်မက်ဖွယ်ရာ ထိုစွမ်းအားကို ရင်ဆိုင်စရာ မလိုခဲ့ပါချေ။
တုလင်၏ မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်း သွား၏။ သူက နတ်ဘုရား တစ်ပါးလိုမျိုး ရွေးချယ်ခံ သူရဲကောင်း များစွာ၏ အထက်သို့ ပျံတက်သွားသည်။ အောက်ကို ငုံ့ကြည့်လိုက်သော အခိုက်၌ ရွေးချယ်ခံ သူရဲကောင်းများစွာမှာ နာကျင်စွာဖြင့် အတုံးအရုံး ပြိုလဲနေကြောင်း တွေ့လိုက်ရသည်။ သူ စ၍ မတိုက်ခိုက်ရသေးခင်မှာပင် သူတို့မှာ ရှုံးနိမ့် သွားကြပြီ ဖြစ်လေသည်။
ထို့အပြင်... ဝိညာဉ် ဆင်းတု ပိုင်ဆိုင်ထားသည့် အခြား လူငယ်လေး လေးယောက်မှာလည်း တုန်ရီ နေကြကာ လဲပြိုကျလုနီးပါး ဖြစ်နေကြပြီ ဖြစ်သည်။
“တို့ဖေကြီးက ပြိုင်ဘက်ကင်းကွ...”
တုပင်း၏ အသံကလေးက စာစာစာစာနှင့် ထွက်ပေါ်လာ၏။ အကာအကွယ် အစီအရင်များ ရှိနေသည့်တိုင် တုလင်မှာ သားဖြစ်သူ၏ အသံကို ရှင်းလင်းစွာ ကြားလိုက်ရလေသည်။ သူက တောက်ပစွာ ပြုံးလိုက်ရင်း သားများဘက်ကို လှည့်ကာ ခေါင်းတစ်ချက် ညိတ်ပြလိုက်၏။ သူ၏ နှလုံးသား အတွင်းတွင်တော့ ဘယ်တုန်းကမှ မရှိခဲ့ဖူးသည့် ခံစားချက် တစ်ခုက နေရာယူ နေခဲ့လေသည်။ ၎င်းကတော့ ဂုဏ်ယူရမှုပင်။
“တကယ် ခံစားလို့ ကောင်းတာပဲ”
***