တောက်ပသော မီးတောင်ချော်ရည် ကြယ်
Vol. 84 Ch. 1175
အကြီးကျယ်ဆုံးသော ယုံကြည်မှုနှင့် အတူ သားများအား အတောက်ပဆုံး ပြုံးပြပြီး နောက်တွင်... တုလင်မှာ သူ့ ကောင်းကင်ဖိအားကို ကောင်းမွန်စွာ ခုခံထားနိုင်သည့် ရွေးချယ်ခံ သူရဲကောင်း လူငယ်လေး သုံးယောက်ဘက်သို့ ပြန်လှည့် လိုက်၏။
ဝိညာဉ် ဆင်းတု အဆင့် ကျင့်ကြံခြင်း အခြေခံများဖြင့် သူ ထုတ်လွှတ်ထားသည့် ကောင်းကင် ဖိအားကို ခုခံနိုင်ခြင်းမှာ အတော်လေး လေးစားစရာ ကောင်းပေသည်။ သို့သော်လည်း... စိတ်မကောင်းစရာ တစ်ခုက အသုံးမဝင်ခြင်းပင်။
တုလင် လက်တစ်ဖက်ကို လေထဲသို့ မြှောက်လိုက်၏။ ချော်ရည်ပူ စွမ်းအင်ထုက သူ့ လက်ဝါးထက်၌ မွေးဖွား လာသည်။ ထို့နောက်တွင်တော့ နေကြယ် တစ်ခု အဖြစ် ပြန့်ကားလာကာ မကြာခင် ဝိညာဉ် ဆင်းတုနှင့် ယှဉ်နိုင်သည့် အရွယ်အစားထိ ရောက်ရှိသွား၏။ ပြင်းထန်သည့် အပူချိန်က တစ်လောကလုံးကို သိမ်းပိုက် စိုးမိုး သွားသည်။
ဝှစ်... ဝှစ်...
ချက်ချင်း ဆိုသလိုပင် ရွေးချယ်ခံ သူရဲကောင်း များစွာ၏ ခန္ဓာကိုယ်များမှာ စင်မြင့်ထက်မှ ပျောက်ကွယ် သွားကြ၏။ ပြင်ပ အင်အား တစ်ခုက သူတို့ကို ရစ်သိုင်းကာ ဘေးကင်းရာ နေရာသို့ ပို့လွှတ် လိုက်ခြင်းပင်။ ထိုကဲ့သို့ မလုပ်ပါက သူတို့ အားလုံး အရှင်လတ်လတ် လောင်ကြွမ်းခံရကာ နေရာတွင် ပြာအဖြစ် ပြောင်းလဲ သွားကြလိမ့်မည် ဖြစ်သည်။
တုလင်မှာ စွမ်းအင်များကို ဆက်လက်၍ စုစည်း နေ၏။ ထိုအခိုက်၌ သူ၏ အသွင် သဏ္ဌာန်က တမြေ့မြေ့ လောင်ကြွမ်းနေသော နေကြယ် တစ်ခုအား ကိုင်ဆောင်ထားသည့် နတ်ဘုရား တစ်ပါးလိုပင်။
ကောင်းကင် ချော်ရည်ပူ ကျင့်စဉ်... တောက်ပသည့် ချော်ရည်ပူကြယ်....
၎င်းက ဝေ့ဝူယင် သူ့ကို လွှဲပြောင်းပေးခဲ့သည့် ချော်ရည်ပူ ကျင့်စဉ်ပင်။
ဝှစ်... ဝှစ်...
ချော်ရည်ပူ နေကြယ်၏ အပူချိန် ပိုမို မြင့်မားလာသည်နှင့် အမျှ ရွေးချယ်ခံများမှာ တစ်ယောက်ပြီး တစ်ယောက် အပြင်သို့ ဆွဲထုတ် ခံလိုက်ကြရ၏။ သုံးစက္ကန့် အတွင်း... တုလင်နှင့် အခြား ရွေးချယ်ခံ သုံးယောက်တို့သာ စင်မြင့်ထက်၌ ကျန်ရစ်ပေတော့သည်။
...
သီးသန့် နယ်မြေ အတွင်း၌...
“အလင်းပြန်ခြင်း အဆင့်ကို မရောက်ခင်မှာပင် အလင်း စွမ်းအင်ကို စုပ်ယူပြီး ပြန်ထုတ်လွှတ် နေနိုင်ပြီ... ကောင်းလိုက်တဲ့ ကျင့်စဉ်... အလင်းပြန်ခြင်း အဆင့်တွေတောင် အဲဒီလို တိုက်ခိုက်မှုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး”
ဧကရီ ရှောင်ချွမ်း၏ မျက်ဝန်းများမှာ တောက်ပသွားကာ စိတ်လိုလက်ရပင် ချီးကျူး လိုက်သည်။ ထိုကျင့်စဉ်အား ဖန်တီးထားသူမှာ အလင်းနှင့် ချော်ရည် စွမ်းအင် လမ်းစဉ် နှစ်ခု စလုံး အပေါ် နက်ရှိုင်းစွာ နားလည်ထားသူပင် ဖြစ်ပေလိမ့်မည်။
“အဲဒါတင် မဟုတ်သေးဘူး...”
မာ့ကျန်းက ဖြူရော်စွာ ပြုံးလိုက်၏။
ဟူး... ဟူး...
ထိုအခိုက်တွင်ပင် တောက်ပသည့် ချော်ရည်ပူကြယ်မှာ မြေဆွဲအား စွမ်းအင်များကို စတင်ကာ ထုတ်လွှတ် လာခဲ့သည်။ ထို့နောက်တွင်တော့ ၎င်းက အရှိန်အဟုန် ပြင်းစွာဖြင့် ရွေးချယ်ခံ သူရဲကောင်း သုံးဦးကို ဆွဲယူ လေတော့သည်။
“ဘာလဲ...”
ချက်ချင်းပင် ရွေးချယ်ခံ သူရဲကောင်းလေး သုံးဦး၏ အမူအရာများက ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက် သွားခဲ့ကြသည်။ ခန္ဓာကိုယ်များ တုလင်ထံ တရွတ်တိုက် မျောပါနေသည်ကို သူတို့ လုံးဝ ထိန်းချုပ်နိုင်စွမ်း မရှိပါချေ။
ဧကရီ ရှောင်ချွမ်း၏ လှပသော မျက်ဝန်းများက အနည်းငယ် ကျဉ်းမြောင်း သွားခဲ့သည်။ အာကာသ ပဲ့တင်သံ အဆင့် တစ်ယောက်က မြေဆွဲအား လွတ်မြောက်ခြင်း အဆင့် စွမ်းအားကို ဖော်ထုတ်နိုင်သည်လား။ ထိုအရာက...။
ဝိညာဉ် ဆင်းတု အဆင့် ရွေးချယ်ခံ သူရဲကောင်းလေး သုံးယောက်မှာ တစ်စတစ်စဖြင့် ပြိုကျ နေခဲ့ပြီ ဖြစ်သည်။ တောက်ပသည့် ချော်ရည်ပူကြယ်ကြီးမှာ သူတို့ကို ဆွဲငင်နေသည့် အပြင် သူတို့ ဖန်တီးထားသည့် ဝိညာဉ် ဆင်းတုများထံမှ ဝိညာဉ် စွမ်းအင်များကိုပါ စုပ်ယူကာ ပိုမို ကြီးထွားလာနေပုံ ရသည်။
"အဲဒါက တခြား ဝိညာဉ် ဆင်းတုတွေကို ဝါးမြိုပြီး ကိုယ်ပိုင် စွမ်းအား အဖြစ် ပြောင်းလဲပစ် နေတာပဲ... တော်တော် ကြောက်စရာကောင်းတဲ့ ကျင့်စဉ်”
ပုပ်ရဟန်း မင်းကြီး ဟုန်ယန်က ခေါင်းခါရင်း မှတ်ချက်ချ လိုက်၏။ သူ့အသံထဲ၌ ထိတ်လန့် တုန်လှုပ်သည့် အငွေ့အသက်များက အထင်းသားပင်။
"တကယ့်ကို ဝိညာဉ် ကျင့်စဉ်ပါပဲ”
မာ့ကျန်းကလည်း တိတ်တဆိတ် ချီးကျူးလိုက်သည်။
“အမှန်ပဲ”
ဧကရီ ရှောင်ချွမ်းက သဘောတူသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။ ကျင့်ကြံခြင်း လောက၌ ကျင့်စဉ် တစ်ခုနှင့် အစီအရင် တစ်ခု ပြီးပြည့်စုံစွာ ပေါင်းစပ်ထားသည့် ကျင့်စဉ်မျိုးကို ဝိညာဉ် ကျင့်စဉ်ဟု ခေါ်ဆိုကြပေသည်။ သို့သော်လည်း ထိုကဲ့သို့ ကျင့်စဉ်မျိုး သုံးရသည်မှာ အလွန်ပင် ခက်ခဲလှသည်။
အချို့သော လျှို့ဝှက် အာဏာရှင် အဆင့်များ ပင်လျှင် ထိုကျင့်ကြံခြင်း အဆင့်ကို ရောက်သည့်တိုင် အစီအရင်နှင့် ကျင့်စဉ်ကို တစ်ခုတည်း အဖြစ် ပေါင်းစည်းနိုင်စွမ်း မရှိကြချေ။ ဝိညာဉ် ကျင့်စဉ် တစ်ခုမှာ ပိုမို၍ အစွမ်းထက်လေလေ၊ ၎င်းအား အသုံးချနိုင်ဖို့ ဉာဏ်အလင်း ပိုမို၍ လိုအပ်လေလေ ဖြစ်သည်။
ဥပမာအားဖြင့်... တောက်ပသည့် ချော်ရည်ပူကြယ်၏ အလင်း ထုတ်လွှတ်ခြင်းနှင့် မြေဆွဲအား စွမ်းအင်များကို သုံးဖို့ ဆိုလျှင် အလင်းနှင့် မြေဆွဲအား လမ်းစဉ်များ အပေါ် နက်ရှိုင်းစွာ နားလည်ထားရန် လိုအပ်သည်။ ထို့အပြင်... တစ်ချိန်တည်း၌ လုံလောက်သည့် အမတေ စွမ်းအင်ကိုလည်း ပိုင်ဆိုင်ထားဖို့ လိုအပ်ပေသည်။
“သူ့ရဲ့ ပါရမီက အတော့်ကို ဆိုးပေမယ့် နားလည်နိုင်စွမ်းက ဒီလောက်ထိ မြင့်လိမ့်မယ်လို့ ဘယ်သူ ထင်ထားခဲ့မှာလဲ”
မြေကြီး ရှန့်ထို တစ်ယောက်က ဖြူရော်စွာ ပြုံးရင်း ရေရွတ်လိုက်၏။ စာအုပ် တစ်အုပ်ကို အဖုံးကြည့်၍ ဆုံးဖြတ်သင့် ဆိုသော စကားကိုပင် သူ ပြန်လည် သတိရလိုက်မိသည်။
ဝေ့ဝူယင် သူ့ကို ရွေးချယ်ခဲ့တာ မထူးဆန်းတော့ချေ။ ထိုဉာဏ်အလင်းများနှင့် ဆိုလျှင် မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကို ရောက်ဖို့ သူ့ကို တားဆီးနိုင်သည့် အရာ မရှိတော့ချေ။ ထို့အပြင်... တုလင်မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးကိုလည်း စားသုံးထားလေရာ လောကသခင် အဆင့်ကို ပြဿနာ တစ်စုံတစ်ရာ မရှိပဲ ရောက်နိုင်တော့မည် ဖြစ်သည်။ အကယ်၍ ဆန္ဒရှိပါက တုလင်မှာ ထိုအဆင့်ကိုပင် ရောက်နေခဲ့လောက်ပြီ ဖြစ်သည်။
“...”
စန်းလော့ယန် အပါအဝင် သေမျိုး အဂ္ဂိရတ် အာဏာရှင် အားလုံး၏ မျက်နှာများမှာ ဆယ်စုနှစ် တစ်ခုလောက် အိုစာ သွားခဲ့ကြ၏။ ထိုအရာက... ဝေ့ဝူယင်မှာ ငါးနှစ်ဆိုသည့် အချိန်ကလေး အတွင်းမှာပင် လောကသခင် တစ်ယောက်ကို ဖန်တီးနိုင်စွမ်း ရှိသည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။
တုလင်မှာ လောကသခင် အဆင့်ကို ရောက်နှင့်ပြီးနေတာပင် ဖြစ်နိုင်ပေသည်။ သူက ကျင့်ကြံခြင်း အခြေခံကို ဖိနှိပ်ထားတာမျိုးပင် ဖြစ်နိုင်ချေ ရှိသည်။
မြင်းကန်ခံလိုက်ရသလို ထိုခံစားချက်က အလွန်ပင် ဆိုးရွားလွန်းလှသည်။ တူးဖော်ခြင်း အဆင့် ဆယ့်ရှစ်လ ဟူ၍ အပိုထပ်ဆောင်း အချိန်တစ်ခု အရှက်မဲ့စွာ ထပ်ပေါင်းထည့်ခဲ့သည့်တိုင် ဝေ့ဝူယင် အနိုင်ရရှိခဲ့တာ သံသယ ရှိစရာ မလိုပါချေ။
တောက်ပသည့် ချော်ရည်ပူကြယ်ကို ယခုထက်ထိ မပစ်လွှတ် ရသေးသည့်တိုင် ရွေးချယ်ခံ သူရဲကောင်း သုံးယောက်မှာ လဲပြိုကျလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ ယခုလောက် အထိ ကြံ့ကြံ့ခိုင်နိုင်ခြင်းက လေးစားဖွယ် ကောင်းသည့်တိုင် လျှို့ဝှက် အာဏာရှင် အဆင့်များကတော့ သနားမှုကို ခံစားလိုက်ကြရသည်။ အဘယ်ကြောင့် ယခုလောက်အထိ ရုန်းကန်နေရသနည်း။ ရလဒ်က သိသာ ထင်ရှားခဲ့ပြီး ဖြစ်သည်။
ဝိညာဉ်အင်အားကို လှည့်ပတ်ကာ တောက်ပနေသည့် ချော်ရည်ပူကြယ်ထံမှ ဝါးမြိုခြင်း စွမ်းအားများကို ခုခံဖို့ ကြိုးပမ်းရင်း ဟွမ်ရီကောင်း၏ ရွေးချယ်ခံ သူရဲကောင်းလေးမှာ မျက်နှာတစ်ခုလုံး ရှုံ့မဲ့ နေခဲ့၏။ ဆက်တိုက် ဆိုသလိုပင် သူက အကာအကွယ် ကျင့်စဉ်များကို တစ်ခုပြီး တစ်ခု ထုတ်လွှတ်ကာ မြေဆွဲအား စွမ်းအင်များကို တွန်းကန်ဖို့ ကြိုးပမ်း နေခဲ့သည်။
ပထမဆုံး အရှုံးပေးသွားခဲ့သူကတော့ လီချင်းလီပင် ဖြစ်သည်။ တောက်ပသည့် ချော်ရည်ပူကြယ်၏ ပြင်းထန်သော ဖိအားများ အောက်၌ ဝိညာဉ် ဆင်းတု စတင် အက်ကွဲ သွားခဲ့ချိန်တွင်ပင် ငွေရောင် အလင်းတန်း တစ်ခုက သူမကို ဝန်းရံကာ ကယ်ထုတ် သွားခဲ့သည်။ သို့သော်လည်း... မွန်းစတား တစ်ကောင် အလား နေကြယ်ကြီး၏ ဆွဲငင်မှု သူမ၏ တည်ရှိမှု တစ်ခုလုံး ဝါးမြိုခံနေရသည့် မြင်ကွင်းက လီချင်းလီ၏ မှတ်ဉာဏ်များ အတွင်း စွဲထင် သွားခဲ့ပြီ ဖြစ်ကာ နောက်နှစ် အနည်းငယ် အထိ အိပ်မက်ဆိုးများ အဖြစ် ကျန်ရှိနေတော့မည် ဖြစ်လေသည။
လီချင်းလီ ထွက်ခွာ သွားသည်ကို ကြည့်ကာ တုကုပေ့ရွှမ်း၏ အမူအရာက ပြောင်းလဲ သွားခဲ့သည်။ ဆက်လက် ခုခံ နေနိုင်သေးသည့်တိုင် တုလင်၏ ဝိညာဉ် ကျင့်စဉ်မှာ အဆုံးသတ်ကို မရောက်သေးကြောင်း သူ သိပေသည်။ အတင်းအကြပ် ဆက်လက် တိုက်ခိုက်ဖို့ ကြိုးပမ်းနေပါက... သူ၏ ကျင့်ကြံခြင်း အခြေခံမှာ အကြီးအကျယ် ထိခိုက် သွားနိုင်သည်။
“ကျုပ် အရှုံးပေးတယ်...”
သူက လိမ္မာ ပါးနပ်စွာဖြင့် အညံ့ခံကာ တိုက်ပွဲ အတွင်းမှ ရှောင်ထွက် သွားခဲ့၏။ နောက်ဆုံး၌ စင်မြင့်ထက်တွင် ဟွမ်ရီကောင်း၏ ရွေးချယ်ခံ သူရဲကောင်း တစ်ဦးသာလျှင် ကျန်ရစ်ခဲ့ပေတော့သည်။ ပြင်းထန်သည့် အပူချိန်နှင့် ဖိအားများ အောက်၌ သူ၏ အရေပြားက ပူစီဖောင်း သဖွယ် အပူဖုများ စတင် ထွက်ပေါ် လာနေခဲ့ပြီ ဖြစ်သည်။ နာကျင်မှုကို အံတင်းတင်းကြိတ်ကာ ခုခံရင်း သူ ဓားကို ထုတ်ယူ လိုက်၏။ ထို့နောက်... ပြင်းထန်စွာ ဟိန်းဟောက်လိုက်ရင်း အစွမ်း အထက်ဆုံး တိုက်ခိုက်မှုကို ထုတ်ဖော် လိုက်လေသည်။
ရွှမ်း...
အစိမ်းရောင် ဓားအလင် တစ်ခု ထွက်ပေါ်လာကာ တုလင်၏ ရင်ဘတ်ထံ ကြမ်းတမ်း စွာ တိုးဝင်သွား၏။ သို့သော်လည်း... လူဝကြီး၏ အနားသို့ မကပ်နိုင်ခင်မှာပင် ဓားအလင်းမှာ တောက်ပသည့် ချော်ရည်ပူကြယ်၏ ဆွဲငင် ဝါးမြိုမှုကို ခံလိုက်ရကာ အရည်ပျော်ကျ သွားခဲ့သည်။ နေကြယ်ကတော့ ပိုမို၍ပင် ကြီးမား လာနေခဲ့၏။
ထိုကဲ့သို့ ဝိညာဉ် ကျင့်စဉ်မျိုးမှာ အလွန်ပင် အစွမ်းထက် လှသည်။ ၎င်းမှာ ဝိညာဉ် အင်အား အပြင် ကြယ်တာရာ အင်အားကိုပင် ဝါးမြိုနိုင်စွမ်း ရှိကာ အသန့်စင်ဆုံး စွမ်းအင် အသွင် ပြောင်းလဲ၍ ကိုယ်ပိုင် ခွန်အားထဲ ပေါင်းထည့် နိုင်စွမ်း ရှိသည်။
“တကယ့်ကို မိုက်တာပဲ...”
ဝိညာဉ် ကျင့်စဉ်၏ အစွမ်းထက်ပုံကို ကြည့်ကာ တုလင် ကိုယ်တိုင်ပင် အံ့သြ နေခဲ့၏။ ပြိုင်ဘက်များအား အနိုင်ယူရန် အတွက် ထိုတစ်ကွက်သာ လိုအပ်လိမ့်မည်ဟု ဝေ့ဝူယင်က သူ့ကို ပြောခဲ့သည်။ သခင်လေး၏ စကားက မြေကြီးလက်ခတ် မလွဲပင်။
မရေမတွက်နိုင်သည့် အကြည့်များ အောက်တွင်ပင် နေကြယ်ကြီးမှာ မီတာ တစ်သောင်းကျော် အထိ ကြီးထွားလာခဲ့၏။ ၎င်းအား လူတစ်ယောက်တည်းက ပင့်မ ထားပုံမှာ အသက်ရှူ မှားလောက်ပေသည်။
“မဟုတ်ဘူး...”
ဟွမ်ရီကောင်း၏ ရွေးချယ်ခံ သူရဲကောင်းက လက်မခံလိုဟန်ဖြင့် အော်ဟစ်လိုက်၏။ သို့သော်လည်း... တုလင်ကတော့ ဆက်လက် အချိန်ဖြုန်းရန် ဆန္ဒ မရှိတော့ချေ။ သူက လက်ကောက်ဝတ်ကို မကာ တောက်ပသည့် ချော်ရည်ပူ ကြယ်ကြီးကို စင်မြင့်ထက်ရှိ တစ်ခုတည်းသော ပုံရိပ်ထံ ပစ်ပေါက် လိုက်တော့၏။
ဘုန်း...
ပေါက်ကွဲမှုက စင်မြင့် တစ်ခုလုံးကို ပြည့်နှက် သွား၏။ မည်သို့ပင် ဆိုစေကာမူ... ထိုတိုက်ခိုက်မှု၏ အဆုံးသတ်ကို လူတိုင်း သိလိုက်ကြပြီ ဖြစ်သည်။ မဟာ စက်ဝန်း ရှန့်ထို ညီလာခံတွင် အနိုင်ရရှိသူ ပေါ်ထွက် လာခဲ့ပြီ ဖြစ်သည်။
ဟွမ်ရီကောင်း၏ ရွေးချယ်ခံ သူရဲကောင်းကတော့ စန်းလော့ယန်’ လက်ထဲတွင် ဆုပ်ကိုင်ခံထားရကာ အသားကင် တစ်ခု ပမာ ဖြစ်နေခဲ့၏။ သူ၏ ဆံပင်များ၊ အရေပြားများမှာ လောင်ကြွမ်း ခံလိုက်ရပြီ ဖြစ်သည်။ သူ စင်မြင့်ထက်မှ လွတ်မြောက်ခဲ့သည့်တိုင် ဝင်္ကပါမှာ လည်ပတ်ရန် အချိန်အတိုင်းအတာ တစ်ခုတော့ လိုအပ်နေဆဲ ဖြစ်သည်။ ထိုအချိန်အတိုင်းအတာက ဝိညာဉ် ဆင်းတု အဆင့် တစ်ယောက် ဆယ်ခါပြန် သေဆုံးရန် လုံလောက်သည့် အချိန်ပင်။
စန်းလော့ယန်က သက်ပြင်းတစ်ချက် ချရင်း လူငယ်လေးကို ဟွမ်ရီကောင်းထံ ပြန်လည် လွှဲပေးလိုက်၏။ ထို့နောက်... သူက မာ့ကျန်းကို လှမ်းကြည့်လိုက်သည်။ ဟွမ်ရီကောင်း၏ ရွေးချယ်ခံ သူရဲကောင်းမှာ သူ့လက်ထဲသို့ ရောက်ရှိနေသည့်တိုင် အချိန်မှီ ကယ်တင်လိုက်သူက သူ မဟုတ်ပါချေ။ သူ ထိုမျှ မြန်မြန် မလှုပ်ရှားနိုင်ချေ။ မည်သူ လှုပ်ရှားလိုက်ကြောင်းကိုပင် သူ သေချာ မသိချေ။
မည်သို့ပင် ဆိုစေ... စန်းလော့ယန် တိုက်ပွဲ၏ ရလဒ်ကို ကြေညာလိုက်လေ၏။
“ရွေးချယ်ခံ အဆင့်မှာ အနိုင်ရရှိသွားတဲ့သူကတော့ တုလင်နဲ့ သူ့ရဲ့ အဂ္ဂိရတ် အာဏာရှင် ဝေ့ဝူယင်တို့ပဲ ဖြစ်ပါတယ်”
***