ခေတ်သစ်တစ်ခု စတင်ခြင်း
Vol. 84 Ch. 1176
မဟာ စက်ဝန်း ရှန့်ထို ညီလာခံကြီး၏ ရွေးချယ်ခြင်း အဆင့်မှာ အဆုံးသတ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သေမျိုး အဂ္ဂိရတ် အာဏာရှင်များမှာ အရှက်မဲ့စွာဖြင့် တူးဖော်ခြင်း အဆင့်ကို ထပ်မံ ပေါင်းထည့်ခဲ့သည့်တိုင် နောက်ဆုံး၌ အနိုင်ရရှိသွားခဲ့သူကတော့ ဝေ့ဝူယင်ပင် ဖြစ်လေသည်။ သူက ပွတ်ကာသီကာ အနိုင်ရခဲ့ခြင်းပင် မဟုတ်ချေ။ အားလုံးကို အပြတ်အသတ် ဖိနှိပ်ကာ နလံ မထူနိုင်လောက်အောင် ပညာပေးခဲ့ခြင်း ဖြစ်သည်။ သို့တိုင်အောင်... လူငယ်လေးမှာ လွန်ခဲ့သည့် ဆယ့်ရှစ်လတည်းက ညီလာခံမှ ထွက်ခွာသွားခဲ့ခြင်း ဖြစ်သည်။
“ကြည့်ရတာ ခေတ်သစ် တစ်ခုကို ပြဌာန်းဖို့ သူ့မှာ ရေစက်ပါလာတဲ့ပုံပဲ”
လင်းရှန်းရှဲ့က တိတ်တဆိတ် ရေရွတ်လိုက်၏။ သုံးလွှာ ကြယ်တာရာ နယ်မြေ အဖြစ် လူသိများခဲ့သည့် ထာဝရ ကြယ်တာရာ နယ်မြေမှာတုန်းကလည်း ဝေ့ဝူယင်မှာ ကြယ်တာရာ နယ်မြေ တစ်ခုလုံးကို လွှမ်းခြုံနိုင်ခဲ့သည်သာ ဖြစ်သည်။ သုံးလွှာ ကြယ်တာရာ နယ်မြေ ဆိုသည့် နာမည်ပင်လျှင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေ ဖြစ်လာခဲ့သည် အထိ သူ့ လွှမ်းမိုးမှုက ကြီးမားလွန်းခဲ့သည်။
မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ ထာဝရ ကြယ်တာရာ နယ်မြေနှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ ပိုမို ကြီးကျယ်ခမ်းနားသည့် နေရာတစ်ခု ဖြစ်သည်။ စန်းလော့ယန်၊ ဟွမ်ရီကောင်းနှင့် မူယုယတို့ အပါအဝင် များလှစွာသော အဂ္ဂိရတ် မွန်းစတားများစွာ ကျင်လည် ကျက်စားရာ နေရာတစ်ခု ဖြစ်သည်။ သို့သော်လည်း... ဝေ့ဝူယင် အတွက်တော့ ရလဒ်က များစွာ ကွဲပြားခြင်း မရှိခဲ့ချေ။ သူက အားလုံးကို အပြတ်အသတ် အနိုင်ပိုင်းနိုင်ခဲ့သည်သာ ဖြစ်သည်။
တုလင်မှာ မည်ကဲ့သို့ ကျင့်ကြံသူမျိုး ဖြစ်ကြောင်း သူတို့ အစောကတည်းက မြင်နိုင်ပေသည်။ သူ၏ ပါရမီဖြင့် ဆိုပါက ဘဝ တစ်လျှောက်လုံး ကျင့်ကြံလျှင်ပင် ကြယ်တာရာ အမြုတေ အဆင့်ကို ရောက်ရှိဖို့ မထားနှင့်၊ ချီပျစ်ခဲခြင်း အဆင့်၏ အထွတ်အထိပ်ကိုပင် ရောက်ရှိဖို့ မဖြစ်နိုင်ချေ။ သို့သော်လည်း... ဝေ့ဝူယင်မှာ နှစ်အနည်းငယ် အတွင်းမှာပင် ထိုအခြေအနေကို ပြောင်းပြန်လှန် ပြခဲ့သည်။ တုလင်ကို ထိပ်တန်း ကျင့်ကြံသူ တစ်ယောက် ဖြစ်လာစေခဲ့သည်။ ပိုမို၍ ဆိုးသည်က... လူငယ်မှာ လွန်ခဲ့သည့် လနှစ်ဆယ်လုံးလုံး ဤနေရာတွင်ပင် ရှိမနေခဲ့ခြင်း ဖြစ်သည်။
သေမျိုး အဂ္ဂိရတ် အာဏာရှင် များစွာ၏ မျက်နှာများမှာ အရှက်ရမှု၊ ဒေါသများနှင့် ပြည့်နှက် နေခဲ့၏။ အားလုံးထဲ၌ ဟွမ်ရီကောင်းမှာ အဆိုးရွားဆုံးဖြစ်ကာ အကြိမ်ကြိမ် အရိုက်ခံထားရသလို မျက်နှာ တစ်ခုလုံး ချင်းချင်းနီ နေခဲ့သည်။
ညီလာခံ အစတည်းက သူက ဝေ့ဝူယင်ကို တောက်လျောက် ဆန့်ကျင် နေခဲ့ခြင်း ဖြစ်သည်။ ကျိုးနင်ကို ဝေ့ဝူယင် အတွက် ရွေးချယ်ပေးခဲ့သလို တူးဖော်ခြင်း အဆင့် ဖန်တီးဖို့ ငြင်းခုန်ခဲ့တာလည်း သူပင် ဖြစ်သည်။ ထို့အပြင်... ဝေ့ဝူယင်ကို တစ်ချိန်လုံး “အရူး” ဟု ခေါ်ဆိုကာ လှောင်ပြောင်နေခဲ့သေးသည်။
သို့သော်လည်း... လက်တွေ့တွင်တော့ တစ်ချိန်လုံး အရူး ဖြစ်နေခဲ့သည်က သူ ကိုယ်တိုင်သာ ဖြစ်ပေသည်။
ဝေ့ဝူယင်မှာ အဂ္ဂိရတ် ကြယ်တာရာ ဝိညာဉ်ကို ကျင့်ကြံ မထားသည့်တိုင် သူ ပိုင်ဆိုင်ထားသည့် ပါရမီနှင့် ကျွမ်းကျင်မှုတို့မှာ ဒဏ္ဍာရီထဲမှ ထာဝရ ဧကရာဇ်နှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိပေသည်။ အထူးသဖြင့်... လူငယ် ဖန်တီးခဲ့သည့် အာရုဏ်ဦး နေမီးတောက် ဆေးလုံးက အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည့် သူ၏ ပါရမီ အဆင့်အတန်းကို ဖော်ညွှန်း နေပေသည်။
များစွာသော မြေကြီး ရှန့်ထိုများမှာ ဝူယုနှင့် နဂါးခေါင်းဆောင်းဝတ် ကျန့်ကျန့်တို့ အပေါ် စိတ်ထဲမှ မနာလို သလိုပင် ခံစားလိုက်ရသည်။ သူတို့က မှန်ကန်သည့် ပုဂ္ဂိုလ် အပေါ်တွင် ရေရှည် ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ထားနိုင်ကြပေသည်။ ကောင်းကင် ဧကရာဇ်နှင့် အင်ပါယာ ဧကရာဇ်များမှာလည်း တူညီစွာပင် ခံစား လိုက်ကြရ၏။ ယန်ချောင်ယွီကတော့ စိတ်ထဲမှ တိတ်တဆိတ် ကြိတ်ကာ ပြုံးနေခဲ့မိသည်။ ကံကောင်း ထောက်မစွာပင် သူမမှာ ဝေ့ဝူယင်နှင့် ဆက်ဆံရေး အတွက် အုတ်မြစ် တစ်ခု ချထားခဲ့ပြီး ဖြစ်သည်။
တစ်ချိန်တည်း၌... မာ့ကျန်းမှာ သူ မှန်ကန်သည့် ရွေးချယ်မှု လုပ်နိုင်ခဲ့သည့် အပေါ် စိတ်ထဲမှ ကျေနပ် နေခဲ့မိသည်။ မိစ္ဆာစစ်ပွဲ လောကနယ်မြေတွင် ဝေ့ဝူယင်ကို တွေ့ကတည်းက ထိုလူငယ်လေးမှာ ပုံမှန် မဟုတ်ကြောင်း သူ သိခဲ့သည်။ ထိုလူငယ်လေးကြောင့်ပင် သူ မြေကြီး ရှန့်ထို အဆင့်ကို ရောက်ရှိခဲ့သည်။ တစ်ချိန်တုန်း၌ သူ့ ရာဇ ပလ္လင် ဖြစ်ခဲ့သည့် နန်းတော်သခင် နေရာကို ပြန်လည် ရယူနိုင်ခဲ့သည်။ ဝေ့ဝူယင်သာ မရှိပါက ခုချိန် ဘာတွေဖြစ်နေမည်လဲ သူ ကိုယ်တိုင်ပင် မသိချေ။
စန်းလော့ယန်ကတော့ အစောကတည်းကပင် ရလဒ်ကို ခန့်မှန်းခဲ့မိပြီး ဖြစ်လေရာ ရှုံးနိမ့်သည့် ကြီးကြီးမားမား ခံစားရခြင်း မရှိပါချေ။ ထို့အပြင်... သူက ညီလာခံ၏ အိမ်ရှင် ဖြစ်သည့် အပြင် အစီအစဉ် တင်ဆက်သူလည်း ဖြစ်လေရာ အခြေအနေကို ရုပ်မပျက်အောင် ထိန်းဖို့ တာဝန်ရှိပေသည်။
“ရွေးချယ်ခံ သူရဲကောင်း တုလင်... သေမျိုး အဂ္ဂိရတ် အာဏာရှင်ဝေ့ရဲ့ အမှာစာကို မင်း တင်ပြမှာလား”
တိုက်ပွဲ မစတင်ခင်တုန်းက စကား အရ ဆိုလျှင်... ဝေ့ဝူယင်မှာ ရွေးချယ်ခံ အဆင့်အတန်းသစ် အတွက် အမှာစာကို တုလင်ထံ၌ ပေးခဲ့ပြီး ဖြစ်သည်။ ဤသည်က လူငယ်၏ သတ်မှတ်ချက်များကို နားထောင်ရန် အချိန်အခါ ဖြစ်လေသည်။
“...”
အားလုံး၏ အသက်ရှူသံများက လေးပင်သွားကာ နှလုံးခုန်သံများမှာ ကျယ်လောင် လာခဲ့၏။ သန်းနှင့်ချီသည့် လူအုပ်ကြီး တစ်ခုလုံးမှာ အပ်ကျသံ ကြားရလောက်အောင် တိတ်ဆိတ် သွားသည်။
တုလင်၏ ကြေညာချက်မှာ မရေမတွက်နိုင်သည့် ပြောင်းလဲမှုများ၏ အစကို ဆုံးဖြတ် ပေးလိမ့်မည် ဖြစ်သည်။ ၎င်းမှာ အဖွဲ့အစည်း အဆင့်များ၏ အယူအဆကို သတ်မှတ် ပေးလိမ့်မည် ဖြစ်သလို ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ အတွက် ဝင်ခွင့် နေရာများကိုလည်း သတ်မှတ်ပေးပေလိမ့်မည်။ ထို့အပြင်... မရေမတွက်နိုင်သည့် ကျင့်ကြံသူ များစွာကို ရွေးချယ်ခံ ဆိုသည့် ခေါင်းစဉ် အတွင်း ဆွဲသွင်းနိုင်သလို... ထင်ရှား ကျော်ကြားသည့် ရွေးချယ်ခံ များစွာ၏ ဂုဏ်ပုဒ်များကိုလည်း ဖျက်ဆီးပစ်နိုင်စွမ်း ရှိပေသည်။
တုလင်က အသက်ကို ခပ်ပြင်းပြင်း ရှူကာ လူအုပ်ကြီးကို ဝှေ့ကြည့်လိုက်၏။ အချိန်နှင့် အမျှ သူ၏ အမူအရာက ပိုမို၍ လေးနက် လာခဲ့သည်။ ယခု၌ သူက သခင်လေးကို ကိုယ်စားပြုနေသူ ဖြစ်သည်။ သူ၏ လုပ်ရပ်တိုင်းက ဝေ့ဝူယင် အပေါ် ကြီးမားစွာ သက်ရောက်နိုင်ကြောင်း သူ သိပေသည်။
တုလင် လည်ချောင်းကို ရှင်းလင်းကာ ဝေ့ဝူယင် လမ်းညွှန်ထားသည့် အတိုင်းပင် ကျင့်ကြံခြင်း အခြေခံကို တစ်ပတ် လှည့်ပတ်လိုက်၏။ အလွန် အစွမ်းထက်သည့် အသံ အစီအရင်ကို အသုံးပြုပြီး နောက်တွင်တော့ သူက စတင်ကာ ကြေညာလိုက်လေတော့သည်။
“ရွေးချယ်ခံ အားလုံးက အနိမ့်ဆုံး ကြဘ်တာရာ အမြုတေ အဆင့်သုံး၊ ဝိညာဉ် ဆင်းတု အဆင့်မှာ ရှိရမယ်...”
ပထမဆုံး ကြေညာချက်က အံ့အားသင့်စရာတော့ မရှိပါချေ။ လူစ်ယောက် ဝိညာဉ် ဆင်းတု အဆင့်ကို ရောက်မှသာလျှင်... ဝိညာဉ်ကွင်း ဘယ်နှစ်ကွင်း ပိုင်ဆိုင်ထားသည်ကို ကြည့်ကာ ထိုသူ၏ အဆင့်အတန်းကို ဆုံးဖြတ် နိုင်လိမ့်မည် ဖြစ်သည်။ ၎င်းက အစောကတည်းက တည်ရှိပြီးသည့် စည်းမျဉ်း တစ်ခု ဖြစ်သည်။
"နောက်ပြီး အားလုံးက အနိမ့်ဆုံး ဝိညာဉ်ကွင်း ကိုးကွင်းကို ပိုင်ဆိုင်ရမယ်... အာကာသ ပဲ့တင်သံ အဆင့်မှာ ရှိတဲ့ ရွေးချယ်ခံတွေဟာလည်း အနိမ့်ဆုံး အာကာသ ပဲ့တင်သံလှိုင်း ကိုးခုကို ပိုင်ဆိုင်ရမယ်... အလင်းပြန်ခြင်း အဆင့် ရွေးချယ်ခံတွေဟာလည်း အလားတူပဲ အဖြူရောင် မူလ အလင်း ရင်းမြစ်ကို ပိုင်ဆိုင်ရမယ်... လောကသခင် အဆင့်ကို ခြေမချခင် အဲဒီ လိုအပ်ချက်တွေ အားလုံး ပြည့်မှီရမယ်”
"...”
လူအုပ်ကြီးမှာ တုလင်၏ ကြေညာသံကို နားထောင်ကာ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ ဤသို့ဆိုလျှင် ရွေးချယ်ခံ တစ်ယောက် ဖြစ်လာဖို့ ပြီးပြည့်စုံသည့် ကျင့်ကြံခြင်း အခြေခံကို လိုအပ်သည်လော။ ၎င်းက ရက်စက်သည့် စည်းမျဉ်း တစ်ခု ဖြစ်သည်။
ရွေးချယ်ခံများထဲတွင် ပြီးပြည့်စုံသည့် ကျင့်ကြံခြင်း အခြေခံကို ဘယ်နှစ်ယောက် ပိုင်ဆိုင်ထားလို့နည်း။ လျှို့ဝှက် အင်အားစု တစ်ခု နောက်ခံရှိသည့် ဟယ်ယန်းလဲ့တို့လို ပုဂ္ဂိုလ်များမှာ ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်သည့်တိုင် အဆင့်နိမ့် အင်အားစုများမှ လူငယ်များ အတွက်ရော။
ရွှေအဆင့်...
ငွေအဆင့်...
ကြေးအဆင့်...
ထိုမျှလောက်ပင် နောက်ခံ ကောင်းကောင်း မရှိသည့် ကျင့်ကြံသူများ...။ သို့သော်လည်း... တုလင်မှာ ရပ်တန်ခြင်း မရှိချေ။ သူက နောက်တစ်ဖန် ထပ်မံ၍ ကြေညာကာ လောကကြီး တစ်ခုလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေလေပြန်၏။
“ရွေးချယ်ခံ တစ်ယောက်ချင်းစီ အတွက် အနိမ့်ဆုံး တိုက်ပွဲဝင် စွမ်းရည်တွေကိုလည်း ကျုပ် သခင်လေးက သတ်မှတ်ထားခဲ့တယ်...
အသက် တစ်ရာနဲ့အောက် ဝိညာဉ် ဆင်းတု အဆင့် ရွေးချယ်ခံ တစ်ယောက်သာ အဆင့်နိမ့် လောကသခင် အဆင့်ကို အနိုင်ယူနိုင်ရမယ်
အာကာသ ပဲ့တင်သံ အဆင့်ကတော့ အထွတ်အထိပ် လောကသခင်ကို အနိုင်ယူရမယ်
အလင်းပြန်ခြင်း အဆင့်က အဆင့်နိမ့် အချိန်သခင်နဲ့ မြေဆွဲအား လွတ်မြောက်ခြင်း အဆင့်ကတော့ အဆင့်မြင့် အချိန်သခင်ကို အနိုင်ယူရမယ်
လောကသခင် အဆင့်က အထွတ်အထိပ် အချိန်သခင်ကို နိုင်ရမယ်
လောကီ မျက်လုံး အဆင့်ကတော့ အဆင်နိမ့် ကြယ်တာရာ သခင်ကို နိုင်ရမယ်...
ကြယ်တာရာ အမြုတေ အဆင့်ကတော့ အထွတ်အထိပ် ကြယ်တာရာ သခင်နဲ့ စွမ်းရည်ချင်း တူညီရမယ်
ဒါဟာ အသက်တစ်ရာအောက် ရွေးချယ်ခံတွေ အတွက် သီးသန့်ဖြစ်ပြီး အသက် တစ်ရာ ကျော်တာနဲ့ ခက်ခဲမှုက အဆင့်ငယ် တစ်ခု တိုးသွားမယ်...
ဥပမာ အသက် တစ်ရာနဲ့ ၁၉၉ နှစ်ကြား ရွေးချယ်ခံတွေဟာ အလင်းပြန်ခြင်း အဆင့်ဆိုရင် အဆင့်မြင့် အချိန်သခင်ကို အနိုင်ယူနိုင်ရမယ်...
၄၀၀ နဲ့ ၄၉၉ နှစ်ကြား ရွေးချယ်ခံ ဆိုရင်တော့ အဆင့်နိမ့် ကြယ်တာရာ သခင် အဆင့်ကို အနိုင်ယူ နိုင်ရမယ်
အားလုံး ရှင်းပါတယ်နော်...”
“...”
တုလင်၏ ရှင်းလင်းချက် အဆုံးသတ်၌ မည်သည့် တုန့်ပြန်သံမှ ထွက်ပေါ် မလာခဲ့ချေ။ အားလုံးမှာ တိတ်ဆိတ် ငြိမ်သက် နေကြကာ မြေကြီး ရှန့်ထို အဆင့်များ ပင်လျှင် ပါးစပ် အဟောင်းသား ဖြစ်နေခဲ့၏။
လင်းမင်ကတော့ မျက်မှောင်ကြုတ် နေခဲ့သည်။ အဋ္ဌမ ပင်လယ်၏ ၃၄ ယောက်မြောက် မင်းသားကိုပင် သူ ပြန်လည် အမှတ်ရလိုက်မိသည်။ ညီလာခံ၏ စစ်ဆေးခြင်း အဆင့်တွင်တုန်းက ထိုလူငယ်လေးမှာ အသက် ၁၆၄ နှစ်၊ အလင်းပြန်ခြင်း အဆင့်ဖြင့် အထွတ်အထိပ် လောကသခင် တစ်ယောက်ကို ရင်ဆိုင်ခဲ့ရသည်။ သို့တိုင်အောင် သူက လက်နက်ချ အရှုံးပေးခဲံသည်။
ယခုတွင်တော့... ဝေ့ဝူယင် သတ်မှတ်လိုက်သည့် စံနှုန်းအတိုင်း ဆိုပါက သူက အဆင့်မြင့် အချိန်သခင် တစ်ယောက်ကိုပါ ကျော်၍ တိုက်ခိုက်ရတော့မည် ဖြစ်သည်။
ထိုအရာက မည်ကဲ့သို့ ရူးသွပ်မှုမျိုးနည်း။
“ကြည့်ရတာ... ရွေးချယ်ခံ ခေတ်သစ် အတွက် အာရုဏ်ဦး နေမီးတောက် ဆေးလုံးက အကြွင်းမဲ့ အရေးပါလာတော့မယ့် ပုံပဲ”
ဧကရီ ရှောင်ချွမ်းက အပြုံးတစ်ခုနှင့် အတူ ဆိုလိုက်၏။ သူမက တိုက်ရိုက် ဖွင့်ဟခြင်း မရှိသည့်တိုင် သေမျိုး အဂ္ဂိရတ် အာဏာရှင်များနှင့် မြေကြီး ရှန့်ထိုများမှာ နောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည် လိုက်ကြပေသည်။ ဝေ့ဝူယင်မှာ ထာဝရ နယ်မြေ ဆေးလုံး အသုံးပြုထားသည့် ရွေးချယ်ခံများကို လုံးဝ ပယ်သတ်လိုက်ခြင်းပင် ဖြစ်သည်။ သူ ဖန်တီးလိုက်သည့် ခေတ်သစ်၌ အာရုဏ်ဦး နေမီးတောက် ဆေးလုံးအား သောက်သုံးနိုင်ကြသူများ သာလျှင် အစစ်အမှန် ရွေးချယ်ခံ ဖြစ်လာကြပေလိမ့်မည်။
ထာဝရ အစည်းအရုံးဝင်များစွာ၏ အမူအရာများမှာ အကျည်းတန် သွားကြ၏။ ဤအတိုင်းသာ ဆိုပါက သူတို့၏ ထာဝရ နယ်မြေ ဆေးလုံးမှာ ရွေးချယ်ခံ ဖြစ်လိုသူများ အတွက် အသုံးဝင်တော့မည် မဟုတ်ပါချေ။
ဧကရီ ရှောင်ချွမ်းက မာ့ကျန်းကို လှည့်ကြည့် လိုက်၏။
“ဒီဆုံးဖြတ်ချက်မှာ ရှင် ပါဝင်နေတယ်လို့ ကျွန်မတော့ သံသယ ရှိတယ်”
သူမက နောက်ပြောင်ဟန်ဖြင့် ဆိုလိုက်သည်။ ရွှေရောင် အသက် နန်းတော်မှာ အာရုဏ်ဦး နေမီးတောက် ဆေးလုံးများကို ထုတ်လုပ် ရောင်းချနေသည့် အဖွဲ့အစည်း ဖြစ်လေရာ ရွေးချယ်ခံ အဆင့်အတန်းသစ်နှင့် ပတ်သက်၍ အကျိုးအမြတ် အများဆုံး ရမည်က သူတို့သာ ဖြစ်သည်။
မာ့ကျန်းက အနည်းငယ် ပြုံးလိုက်၏။ ထို့နောက် သူက လေးစားသည့် လေသံဖြင့်ပင်...
“အထင်လွဲနေပါပြီ အရှင်မ... ဒါပေမဲ့ ကျုပ် အထင် ပြောရရင် ဒါဟာ ထာဝရ ဧကရာဇ် ကိုယ်တိုင် ဖြစ်စေချင်ခဲ့တဲ့ သတ်မှတ်ချက်ပဲ ဖြစ်လိမ့်မယ်”
လွန်ခဲ့သည့် နှစ်ပေါင်းများစွာတုန်းက ထာဝရ ဧကရာဇ်မှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ အနာဂတ် လူငယ်များ အတွက် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲကို ထားရစ်ခဲ့သော်လည်း ယနေ့ခေတ် လူတိုင်း ပါးစပ်ဖျားတွင် ရေပန်းစားနေသည့် ရွေးချယ်ခံ ဆိုသည့် အဆင့်အတန်း အတွက်တော့ မည်သည့် သတ်မှတ်ချက်ကိုမှ ပညတ် မပေးခဲ့ပါချေ။
နောက်ပိုင်း နှစ်များ အတွင်း၌ ရွေးချယ်ခံ ဆိုသည့် သတ်မှတ်ချက်များမှာ ပုဂ္ဂိုလ်များစွာ၏ ပါးစပ်ဖျားများတွင် အမျိုးမျိုး ပြောင်းလဲ ခဲ့ရသည်။ ဂိုဏ်းကဏ္ဍ အသီးသီးမှ ခေတ်အဆက်ဆက် မရေမတွက်နိုင်သည့် ရွေးချယ်ခံများ ပေါ်ထွက်ခဲ့သည်။ သို့သော်လည်း... မည်သူက ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ အစစ်အမှန် အကျိုးအမြတ်ကို ရယူနိုင်ခဲ့လို့နည်း။ ရွေးချယ်ခံ ဧကရာဇ် အဖြစ် သတ်မှတ်ခံခဲ့ရလို့နည်း။ “ရွေးချယ်ခံ” အဆင့်အတန်း အပေါ် သူတို့၏ သတ်မှတ်ချက်များက အလွန် နိမ့်ပါးနေခဲ့တာ အမှန်ပင် ဖြစ်သည်။
“...”
ဧကရီ ရှောင်ချွမ်းက ပြုံးရုံသာ ပြုံးလိုက်၏။ မာ့ကျန်းမှာ ဝေ့ဝူယင်ကို ဒုတိယမြောက် ထာဝရ ဧကရာဇ် အဖြစ် ယူဆထားကြောင်း ရှင်းလင်းလှပေသည်။ မည်မျှ ယုံကြည်ချက် ရှိလိုက်သနည်း။
သို့သော်လည်း... တုလင်၏ ကြေညာသံက ထိုနေရာတွင် အဆုံးမသတ်ပါသေးချေ။
“ရွေးချယ်ခံ တစ်ယောက်က အနိမ့်ဆုံး အဆင့်နှစ်ဆင့် ပိုမြင့်တယ် ဝိညာဥ် ကျင့်စဉ် တစ်ခုကို ဆုပ်ကိုင် ထားနိုင်ရမယ်”
"..."
"..."
"..."
***