မင်းတို့အားလုံးကအမှိုက်ကောင်တွေ
Vol. 14 Ch. 190
အခန်း (၁၉၀) မင်းတို့အားလုံးကအမှိုက်ကောင်တွေ
ရန်ကျောက်ကဲက ရွှေရောင်မျှော်စင်ကြီးကို တစ်ချက်လှမ်းကြည့်ပြီး မြေပြင်ထက်တွင် အရိပ်ထင်နေသည့် အနီရောင်အလင်တံခါးကို အကဲခတ်လိုက်သည်။
ငရဲကိုးထပ်သို့ဦးတည်သောတံခါးသည် မကြာခင် ပွင့်လာပေတော့မည်။
ရန်ကျောက်ကဲကို တွေ့သည်နှင့် တုန်လှုပ်သွားသော လျိုရှန်းဖုန်းသည် ယခုတော့ ထူးဆန်းစွာ ရယ်မောလိုက်သည်။
“ငါ့ကို အဆတစ်ရာပြန်ပေးဆပ်ရအောင်လုပ်မယ် ဟုတ်လား ၊ ဘာနဲ့လုပ်မှာလဲ”
“ငါ အခု အသစ်ပြန်လည်မွေးဖွားလာပြီး ငါ့စွမ်းအားတွေ မြင့်တက်လာတာတောင်မှ မင်းနဲ့မယှဉ်နိုင်ဘူးဆိုရင် ဘာဖြစ်သွားမလဲ ပြော...”
လျိုရှန်းဖုန်း၏ အပြုံးထဲတွင် ရူးသွပ်မှုများ ကိန်းအောင်းနေသည်။
“ငရဲတံခါးပွင့်သွားတာနဲ့ ဒီနေရာက ငါတို့လူတွေရဲ့ ကြီးမြတ်တဲ့နယ်မြေ ဖြစ်သွားပြီ ၊ မင်းက အဲဒါကို တားဆီးနိုင်မှာတဲ့လား ၊ အပြင်က သိုင်းဆရာသခင်တွေတောင် မလုပ်နိုင်တဲ့အလုပ်ကို မ်းက လုပ်နိုင်မယ်ထင်နေတာလား ၊ ဟုတ်တယ် ၊ မင်းက ဒီလျှို့ဝှက်နေရာကို ရှာဖွေနိုင်ခဲ့တယ် ၊ ဒါပေမဲ့ မင်းလို သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ဘောက်က ဘာလုပ်နိုင်မှာတဲ့လဲ”
လျိုရှန်းဖုန်းက ရန်ကျောက်ကဲအနားသို့လျှောက်လာပြီး ပြုံးလိုက်သည်။
ထို့နောက် “ကြွပါ” ဆိုသည့်သဘောဖြင့် မျှော်စင်ရှိရာသို့ လက်ဟန်တစ်ချက်လုပ်ပြလိုက်ရင်း...
“အစီအရင်ဗဟိုချက်ကို တိုက်ခိုက်ချင်တယ်ဆိုရင် ငါတို့က မင်းအတွက် လမ်းဖွင့်ပေးပြီးသားပဲ ၊ မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ဒီလို ကြီးမားတဲ့အစီအရင်တစ်ခုကို ထိခိုက်အောင် လုပ်နိုင်မှာမဟုတ်ဘူး ၊ သစ်ပင်ကြီးတစ်ပင်ကို ခုတ်လဲဖို့ကြိုးစားတဲ့ ပုရွက်ဆိတ်တစ်ကောင်လိုပဲ ဖြစ်လိမ့်မယ်”
ရန်ကျောက်ကဲက တည်ငြိမ်အေးဆေးသည့်အမူအရာဖြင့်...
“ငါ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင်တော့ မလုပ်နိုငတာ အမှန်ပဲ”
သူက ဆက်ပြောသည်။
“ဒါပေမဲ့ ငရဲတံခါးပွင့်သွားမှာကိုတော့ ငါ ရပ်တန့်ရလိမ့်မယ် ၊ မဟုတ်ရင် အစ်ကို’ရဲ့ ‘ ၊ ညီမလေး’ကျန်း’ နဲ့ တခြားသူတွေကို ကယ်တင်နိုင်ခဲ့ရင်တောင် ငါတို့အားလုံး ဒီနေရာမှာ အဆုံးသတ်သွားနိုင်တယ် ၊ ဒါကြောင့် အစ်ကို’ရဲ့’ နဲ့ တခြားသူတွေကိုကယ်ဖို့ မင်းရဲ့ ဝက်ခေါင်းကို တန်းမရိုက်ဘဲ ငါ ပြင်ဆင်မှုတွေ လုပ်နေတာပေါ့ကွာ...”
သူ့စကားဆုံးသွားသည်နှင့် မိုးခြိမ်းသံများ ရုတ်တရက်ထွက်ပေါ်လာသည်ကို လူတိုင်းကြားလိုက်ရသည်။
ကျယ်လောင်သည့်အသံနှင့်အတူ လေထဲတွင် ခရမ်းရောင်စက်ဝန်းတစ်ခု မြင့်တက်လာပြီး သွေးနီကောင်းကင်ထက်တွင် ခရမ်းရောင်နေဝန်းအလား ထွန်းလင်းလျှက် ရှိသည်။
ထိုအရာက မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ ဖြစ်လေ၏။
ပြင်းထန်သည့်အဖျက်စွမ်းအားများ မြင့်တက်လာပြီး မမရေမတွက်နိုင်သော ခရမ်းစိမ်းရောင်မြွေများပမာ လျှပ်စီးများက လေထုထဲတွင် တဖျတ်ဖျတ်လင်းလက်လျှက် ရှိသည်။
ရန်ကျောက်ကဲက အလွန်နှေးကွေးသောအရှိန်ဖြင့် သူ့လက်ချောင်းများကို အရှေ့ဆီသို့ ညွှန်ပြလိုက်သည်။ သူ့လက်ချောင်းထိပ်က အလေးချိန် ကျင်းတစ်သောင်းကို ထမ်းထားရသည့်အလား လေးလံလျှက် ရှိသည်။
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းစမှ ဖြစ်တည်လာသော ခရမ်းရောင်စက်ဝန်းသည် ခရမ်းရောင်လျှပ်စီးကြောင်းအဖြစ် ပြောင်းလဲသွားပြီး ရွှေရောင်မျှောစင်ဆီသို့ တဟုန်ထိုးဝင်ရောက်သွားသည်။
ထိုလျှပ်စီးကြောင်းက မျှော်စင်ကို အရှိန်အဟုန်ပြင်းစွာ တိုက်မိသွားပြီး ကျယ်လောင်သည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။
ရွှေရောင်မျှော်စင်ထက်တွင် သာမန်မျက်စိဖြင့် ပြတ်ပြတ်သားသားမြင်နေရသည့် အက်ကြောင်းတစ်ခု ချက်ချင်းထွက်ပေါ်လာပြီး မျှော်စင်ထိပ်ဖျားမှ အောက်ခြေအထိ ရှည်လျားသည်။
မျှော်စင်ကြီးတစ်ခုလုံး တုန်လှုပ်သွားကာ များပြားလှစွာသော အနက်ရောင်ဝိညာဉ်သင်္ကေတများ တစ်စစီကွဲထွက်သွားသည်။
မျှော်စင်ထိပ်ပိုင်းမှ အနီရောင်အလင်းတံခါးက တုန်ခါနေပြီး အပြင်ဘက်တွင် လှိုင်းလုံးများရိုက်ခတ်လျှက်ရှိ၏။
သို့ပေသိ ရွှေရောင်မျှော်စင်သည် လုံးလုံးလျားလျား ပြိုကျမသွားခဲ့ပေ။
မြေပြင်ထက်တွင် အရိပ်ထင်နေသည့် အနီရောင်အလင်းတံခါးသည်လည်း တည်ရှိနေဆဲပင် ဖြစ်သည်။
မဟာငရဲကိုးထပ်တံခါး ပွင့်တော့မည်ဖြစ်လေရာ ကြောက်မက်ဖွယ်ရာရောင်ဝါကလည်း အားကောင်းသည်ထက် အားကောင်းလာသည်။
အစီအရင်ဗဟိုချက်တိုက်ခိုက်ခံရပြီးနောက် ကြီးမားသည့်အစီအရင်ကြီးဖြစ်တည်စေရန် ဝိညာဉ်သင်္ကေတများ လှည့်ပတ်နေမှု ရပ်တန့်သွားပြီး တန်ခိုးစွမ်းအားပျံ့နှံ့မှုသည်လည်း ပြောင်းလဲသွားသည်။
သူတို့အားလုံး ဦးခေါင်းထက်မှ အနီရောင်ကောင်းကင်ကြီး ပြိုကျလာပြီး အနက်ရောင်မြူခိုးများများက ဟုန်းဟုန်းထကာ ထွက်ပေါ်လာသည်။
ကောင်းကင်ထက်သို့ မြင့်တက်သွားသည့် မိစ္ဆာချီများကြားတွင် ဝိညာဉ်စွမ်းအားအလင်းတန်း (၂)ခု ထွက်ပေါ်လာသည်။ ထိုတိညာဉ်စွမ်းအားအလင်းတန်း (၂)ခုက မြင့်မားလှသည့် တောင်မြင့်ကြီး (၂)လုံး ဖြစ်တည်လာပြီး တစ်ခုက အနက်ရောင် တစ်ခုက အနီရောင် ဖြစ်သည်။
သေသေချာချာကြည့်မည်ဆိုလျှင် ထိုတောင် (၂)ခုလုံးသည် မိုင်ပေါင်းထောင်ချီရှည်လျားပြီး လေထဲတွင်ပျံသန်းနေလေရာ မြေပြင်ထက်သို့ ပြင်းထန်သည့်ဖိအားများ ထုတ်လွှတ်နေသည့်အလား ခံစားရသည်။
များပြားလှသော ဝိညာဉ်သင်္ကေတများသည် စုဝေးနေရာမှ ပြန့်ကျဲလာပြီး ကြီးမားသော ဝိညာဉ်စွမ်းအားအစီအရင်တစ်ခု ဖြစ်တည်လာကာ ဝိညာဉ်စွမ်းအားတောင် (၂)လုံးနှင့် ကောင်းကင်ထက်တွင် လေးလံစွာပင် ပေါင်းစည်းသွားသည်။
ပြင်းထန်သောအရှိန်အဟုန်တစ်ခု ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးမှ မိစ္ဆာချီနယ်မြေကို ဖြိုခွဲပစ်လိုက်သည်။
တိုက်ခိုက်မှုတွင် အနက်ရောင်ဝိညာဉ်စွမ်းအားတောင်ကြီးဘက်မှ ပိုမိုအားကောင်းလာသည်မှာ ထင်ရှားသည်။
တစ်ချိန်တည်းပင် လေထဲတွင် ကျယ်လောင်သည့် ရယ်မောသံကြီးတစ်သံ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“ရှန်းရှီဝမ် ၊ မင်းက အစကတည်းက ငါနဲ့ ပြိုင်ဘက်မဟုတ်ပါဘူးကွာ ၊ ဒီလို မိစ္ဆာချီနယ်မြေမှာဆို ပိုတောင်ဆိုးသေးတယ်”
ထိုအသံက အဆုံးမဲ့တောင်တန်းမှ အကြီးအကဲ’မော့’ ၏ အသံဖြစ်သည်။
သူက လက်ရှိနေရာတွင်ပင်ရပ်နေပြီး ထွက်ပေါ်လာသည့် ရှန်းရှီဝမ်ကို ဖိနှိပ်လိုက်သည်။
အကြီးအကဲ’မော့၏ ၏ရယ်မောသံကြီးက အားလုံးကို နားအူသွားစေသည်။
“ဒါက မင်းအားကိုးတဲ့အရာလား”
သူက ဆက်ပြောသည်။
“’ရန်’ အိမ်က သား ၊ ကောင်းကင်မိုးကြိုးခန်းမက လင်ထျန်းဖုန်းရဲ့သားက မင်း အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစ ရထားတဲ့အကြောင်းသိထားတာပဲ ၊ အဲဒီသတင်းကို ငါတို့မရဘဲနေမလား ၊ ဒါပေမဲ့ ဘာဖြစ်လဲ ၊ မင်းက သိုင်းပညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက်ပဲလေ ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစကို ရထားလည်း မင်းက ဘယ်လောက်ထိန်းချုပ်ပြီး စွမ်းအားထုတ်ဖော်နိုင်မှာတဲ့လဲ”
“ဒီအဘိုးကြီးတော့ ဒီနေ့ ကံကောင်းလို့ ဒီနားမှာ ရှိနေခွင့်ရတာပဲ ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းကို ငါယူလိုက်တော့မယ် ၊ ငါ့ကို ဒီလိုရတနာပစ္စည်းမျိုး လာပေးတဲ့အတွက် မင်းကိုကျေးဇူးတင်ရမယ်ဟေ့”
အနက်ရောင်ဝိညာဉ်တောင်ကြီးက ပိုမိုစွမ်းအားမားမြင့်မားလာပြီး အနီရောင်ဝိညာဉ်တောင်ကို တိုက်ရိုက်ပင်ဖိနှိပ်လိုက်ရာ အနီရောင်ဝိညာဉ်တောင်မှာ အပြက်ဘက်တွင် အက်ကြောင်းများထင်လာသည်။
အကြီးအကဲ’မော့’က အေးစက်စွာ ရယ်မောလိုက်ရင်း...
“နို့နံ့တောင်မစင်သေးတဲ့ စောက်ကလေး... ၊ မိုးနဲ့မြေ ဘယ်လောက်ကျယ်ပြန့်တယ်ဆိုတာ မသိဘဲ အရည်အချင်းလေးနည်းနည်းရှိတာနဲ့ မာန်တက်နေတာ ၊ မင်းတို့လိုလူတွေ ငယ်ငယ်ရွယ်ရွယ်နဲ့ အသက်ပျောက်တတ်တယ်ဆိုတာ သိထားသင့်တယ်”
“ငါ့ကို ရန်လာစချင်တယ်ဆိုရင်တော့... ကောင်းပြီ... ဒီအဘိုးကြီး မင်းကို စိတ်ကျေနပ်အောင်လုပ်ပေးမယ် ၊ ငရဲကိုးထပ်ဒီနေရာကို ရောက်လာပြီဆိုရင်တော့ ဒီအဘိုးကြီး မင်းကို ဖြည်းဖြည်းချင်း ပညာကောင်းကောင်းပေးမယ်”
မြေပြင်ထက်တွင်ရှိနေသည့် ကျောက်ဟိုက ခံစားချက်ကင်းမဲ့သည့် မျက်နှာထားဖြင့်...
“သူ့ကို ကျွန်တော့်အတွက် ချန်ထားပေး ၊ ကျွန်တော့်လက်နဲ့မှ သူ့ကို မသတ်ရရင် စိတ်ကျေနပ်နိုင်မှာမဟုတ်သလို အတွေးတွေထဲလည်း အဆင်ပြေနိုင်မှာ မဟုတ်ဘူး”
အကြီးအကဲ’မော့’က အော်ဟစ်ရယ်မောရင်း...
“သူ့ဘဝဘယ်လောက် ဒုက္ခရောက်မလဲဆိုတာ ကြည့်လိုက် ၊ ဒီအဘိုးကြီးလက်ထဲ ရှင်သန်နိုင်မလား ကြည့်လိုက်စမ်းပါ”
ထိုအချိန် ရွှေရောင်မျှော်စင်က မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အတွင်းသို့ဆွဲယူပြီး သူ့အထဲတွင် မြှုပ်နှံလိုက်သည်။
ရွှေရောင်မျှော်စင်ထိပ်မှ အနီရောင်အလင်းတန်းများ ပိုမိုတောက်ပလာပြီး မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို သူ့ဘဝအလား စုပ်ယူမျိုချရန် ကြိုးပမ်းနေသည်။
ရန်ကျောက်ကဲကိုကြည့်ပြီး လျိုရှန်းဖုန်းက ပြုံးလိုက်၏။
“မင်း ဘာတွေကြည့်နေတာလဲ ၊ မင်းရဲ့ ရတနာပစ္စည်းကို အရင်ဆုံး မကယ်တင်တော့ဘူးလား”
သူက ဆက်ပြောသည်။
“မင်းရတနာပစ်စည်းကို ရအောင်ပြန်ယူနိုင်တယ်ဆိုရင်တောင်မှ မင်းအသက်ရှင်လျက် ထွက်သွားနိုင်မယ် ထင်နေသလား ၊ အဟက်... ငါကတော့ မင်းကို အရေးမစိုက်တော့ဘူး”
လျိုရှန်းဖုန်းက ရယ်မောရင်း ရဲ့ကျုန်းကျိုးနှင့် အခြားသူများထံ လျှောက်သွားသည်။
“သူတို့အတွက် ငါ့ကို အဆတစ်ရာ အဆတစ်ထောင် ပြန်ခံစားစေရမယ်ဆိုတဲ့ မင်းရဲ့ရည်ရွယ်ချက်က မဖြစ်နိုင်တော့ဘူး ၊ ဒီနေ့ မင်းကိုယ်မင်း အသက်ရှင်အောင်ကြိုးစားပြီး အနာဂတ်မှာ သူတို့အတွက် လက်စားချေဖို့ ကြိုးစားတာ အကောင်းဆုံးပါပဲ ၊ ဒါပေမဲ့ မင်းသိတဲ့အတိုင်း ငါက သေရမှာကြောက်တယ်လေ ၊ မင်း ငါ့ကိုရှာမတွေ့အောင် ပုန်းနေမှာပဲ”
မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစမှ ရွှေရောင်မျှော်စင်ထက်တွင် ပိတ်မိနေပြီး မဟာငရဲကိုးထပ်တံခါးအတွင်းမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ရာရောင်ဝါက ပိုမိုပြင်းထန်လာသည်ကို ခံစားရသည့်အခါ ရဲ့ကျုန်းကျိုး ၊ ကျန်းယောင်နှင့် အခြားသူများမှာ စိတ်ပျက်အားငယ်မှုများကို စတင်ခံစားကြရသည်။
ကျန်းယောင်က လျိုရှန်းဖုန်းကို ဒေါသတကြီးစိုက်ကြည့်ရင်း အော်ဟစ်လိုက်သည်။
“အားနည်းသူတွေကိုပဲ အနိုင်ကျင့်တတ်တယ် ၊ အားနဲပြီးကြောက်တတ်တဲ့သူတွေကိုပဲ အနိုင်ကျင့်တတ်တဲ့ မှင်စာကောင်...”
“အရင်တုန်းက ရန်ကျောက်ကဲရိုက်တာကို ရွှံ့ပုတ်လိုခံနေရတုန်းကတော့ အမြီးလေးကုပ်ပြီး သနားစရာတောင်းပန်နေလိုက်တာ ၊ ရှင်က ခွေးထက်တောင်ဆိုးတဲ့သူ ၊ ကောလဟလတွေထက်တောင် ရွံစရာကောင်းတယ်”
လျိုရှန်းဖုန်းက ရယ်မောလိုက်ရင်း...
“ဘာလဲ... မင်းကိုအရင်ဆုံးသတ်စေချင်လို့ ငါ့စိတ်ကို ဆွပေးနေတာလား ၊ ဒီလိုလွယ်လွယ်နဲ့ ဘယ်ရလိမ့်မလဲ”
“ဟုတ်တယ် ၊ ငါက တကယ်ပဲ အားနည်းတဲ့သူတွေကို အနိုင်ကျင့်ရတာ သဘောကျတယ် ၊ ကြောက်တတ်တဲ့သူတွေကို အနိုင်ကျင့်ရတာလည်း ကြိုက်တယ် ၊ အားကြီးတဲ့သူတွေရှေ့မျာ ခွေးလေးတွေလို ပျော့ပြောင်းတဲ့သတ္တဝါလေးတွေကိုလည်း အမိန့်နာခံတတ်လာအောင် ကြောက်စရာအိပ်မက်ဆိုးတွေ ပေးချင်တယ် ၊ အထူးသဖြင့် မင်းလိုလူမျိုးတွေပေါ့ ညီမလေး’ကျန်းယောင်”
လျိုရှန်းဖုန်းက ကျန်းယောင်၏ပါးလေးကို ဆွဲလိမ်လိုက်ရင်း သူနှင့် မျက်ဝန်းချင်းအတင်းဆုံစေလိုက်သည်။
“ကောင်မလေး ၊ အခု ဒီရွှံ့ပုတ်ကောင်က မင်းမျက်နှာကိုပါ ရွှံ့ပုတ်နဲ့သုတ်တော့မယ် ၊ အဆင်သင့်ပဲလား”
“မင်းလက်ကို ဖယ်လိုက်စမ်း...”
ရန်ကျောက်ကဲအသံက လျိုရှန်းဖုန်းနားထဲတွင် ပဲ့တင်ထပ်ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏လေသံက အလွန်တည်ငြိမ်နေပြီး ရှုံးနိမ့်မှုကို အနည်းငယ်ပင်မခံစားရကြောင်း နားလည်လိုက်သည့်အခါ လျိုရှန်းဖုန်း မျက်မှောင်ကြုတ်လိုက်သည်။
ရန်ကျောက်ကဲက လျိုရှန်းဖုန်းနှင့် နတ်ဆိုးလက်ထဲကျရောက်ပြီးသား (၂)ယောက်ကို ဝေ့ကြည့်လိုက်ပြီး ကျောက်ဟိုကိုပါ ကြည့်လိုက်သည်။ ထို့နောက် ရဲ့ကျုန်းကျိုး ၊ ကျန်းယောင်နှင့် မြေပြင်ထက်လဲကျနေကြသည့် အခြားသူများကို ကြည့်လိုက်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။
“ငါက ဘယ်သူ့ကိုမှ ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာ မရှိဘူး ၊ ဒါပေမဲ့ ငါပြောချင်တာက...”
ရန်ကျောက်ကဲ မျက်ဝန်းများ အေးစက်သွားသည်။
“ဒီနေရာမှာ မတ်တတ်ရပ်နေတဲ့ကောင်တွေအကုန်လုံး အမှိုက်ကောင်တွေချည်းပဲ”