အပိုင်း (၅၃၃) – သူကကျွန်တော့်ဆရာ
Vol. 006 Ch. 533
ရှီမာယူယူ၏ အဖြေကို ဖန်ရူယန် မအံ့သြတော့ပေ။ သူတို့သည် နှစ်လလောက် သိကျွမ်းပြီးဖြစ်သဖြင့် သူမကို နားလည်သည်။
သူမသာ လိုက်ချင်ပါက ထိုအချိန်များတွင် သူမ မည်သူမည်ဝါဖြစ်ကြောင်း မေးခဲ့မည်။
“မင်းမလိုက်ချင်လည်းရပါတယ် အခွင့်အရေးရှိခဲ့မယ်ဆိုရင် မင်းလာဖို့ ဖိတ်ခေါ်ပါတယ်” သူမ ပြုံးလိုက် သည် “မင်းကို ငါပေးချင်တာရှိတယ်”
သူမ ဘာပေးမလဲဆိုသည်ကို ရှီမာယူယူ မသိပေ။ သူမ ငြင်းဟန်ပြင်သောအခါ ဖန်ရူယန်သည် လက်ဆန့်ုထုတ်ကာ သူမနဖူးအား ဖိလိုက်ရာ သူမ နောက်ထပ် ရောင်ဝါတစ်မျိုးကို ခံစားလိုက်ရလေသည်။ သူမ ကိုယ်တွင်းတွင် ဖန်ကျိရှင်း၏ ရောင်ဝါ ကိုတွေ့လိုက်ရသည်။
“ဖန်မိသားစုလား” ဖန်ရူယန်သည် ဖန်ကျိရှင်း၏ ရောင်ဝါနှင့်ဆင်တူနေသဖြင့် အံ့သြသွားလေသည်။
သူမသည် ဖန်ကျိရှင်းကဲ့သို့ ရောင်ဝါတုပနိုင်လိမ့်မည်ဟု ရှီမာယူယူ ထင်မထားပေ။ သူမ စိုးရိမ်စွာပြော လိုက်သည် “အဒေါ်ဖန် ဘယ်လိုလုပ်လိုက်တာလဲ အဒေါ့်ရဲ့ ခန္ဓာကိုယ်က မခံနိုင် သေးဘူးလေ”
ဖန်ရူယန်သည် လက်မြောက်ကာ စကားဆက်မပြောရန် တားလိုက်သည် “ငါ့ ဝိညာဉ်စွမ်းအင်က အရမ်း သန်မာတယ်ဆိုတာ မင်းသိမှာပါ၊ အဲတော့ ငါ့ကို အဲလောက်နဲ့ အကျိုး မသက်ရောက်နိုင်ပါဘူး၊ ဒါပေမဲ့ ငါ သိချင် တာက မင်း စိတ်ထဲမှာတွေးနေတာက ဘယ်သူလဲ”
“ကျွန်တော့်ဆရာပါ” ရှီမာယူယူ ပြန်ဖြေလိုက်သည် “သူ့နာမည်က ဖန်ကျိရှင်းပါ သူ ယိလင်းတိုင်းပြည် ကနေ ကမ္ဘာဦးနယ်မြေတွေမသွားခင်က ဒါကို ပေးသွားတယ် အဒေါ်ဖန် ဖန်မိသားစုကိုသိလား”
သူမသည် ဖန်ကျိရှင်း၏ ကျောက်စိမ်းဆွဲပြားကိုထုတ်ပြီး ဖန်ရူယန်အားပြလိုက်သည်။
“ငါ ဖန်ကျိရှင်းကိုတော့မသိဘူး ဒါပေမဲ့ ဒီကျောက်စိမ်းပြားသီးရဲ့ ဒီဇိုင်းကို အရင်က မြင်ဖူးတယ်” ဖန်ရူယန် ပြောလိုက်သည် “အဲနှစ်တွေမှာ ငါ အတွင်းပိုင်းဒေသတွေ အပြင်ပိုင်း ဒေသတွေကို ခရီးသွားခဲ့တယ်၊ အဲတော့ ဖန်မိသားစုဝင်တွေ တချို့နဲ့တွေ့ခဲ့တယ် ဒါပေမဲ့ မင်းပြောတဲ့ ဖန်ကျိရှင်းကို ငါ တကယ်မသိဘူး”
ရှီမာယူယူသည် ကျောက်စိမ်းဆွဲသီးကို သိမ်းလိုက်သည်။ သူမသည် အပြင်ပိုင်းနှင့် အတွင်းပိုင်းဒေသ များရှိ ဖန်မိသားစု၏ တည်ရှိမှုကို သိသည်။ သို့သော် ဖန်ကျိရှင်းသည် မည်သည့်နေရာတွင်ရှိနေသည်ကို သူမ မသိပေ။ သူထွက်သွားသည့်အချိန်က သူသည် ဖန်မိသားစုနှင့် ပညာရှိစံအိမ်တော်ကြားက ကိစ္စတွေကို ဖြေရှင်း ရမည်ဟု ပြောသွားသည်။ အခြေအနေဘယ်လိုဖြစ်သွားသလဲဆိုတာကို သူမ မသိတော့ပါ။
ဖန်မိသားစုမှ တိုက်ရိုက်ဆင်းသက်လာသူသာ ထိုကျောက်စိမ်းဆွဲပြားကို ပိုင်ဆိုင်ခြင်း ဖြစ်မည်။ သူမ သည် အတွင်းပိုင်းဒေသရောက်မှပင် ဖန်ကျိရှင်းကို သေချာပေါက်မေးရမည်။
“သူ့အားက အဲလောက်မမြင့်တာကို ခံစားမိတယ် သူက မင်းကိုကာကွယ်ဖို့အတွက် နည်းနည်းဖြစ်ဖြစ် ခွဲပေးချင်တာထင်တယ် သူက မင်းအပေါ်ကောင်းတယ်ထင်တယ်” ဖန်ရူယန် မှတ်ချက်ပေးလိုက်သည်။
“ဆရာက ကျွန်တော့်အပေါ်ကောင်းပါတယ်” ရှီမာယူယူ ပြောလိုက်သည်။ ဖန်ရူယန်၏ ရောင်ဝါကို ခံစား မိသည်ဟု တွေးလိုက်ချိန်တွင် သူမ ထလိုက်သည်။ “ကျွန်တော် အဒေါ်ဖန်ရဲ့ ရောဂါကို ကုဖို့နည်းလမ်းရှာလိုက် ပါမယ်”
“ဟားဟား ဟုတ်ပါပြီ ငါစောင့်နေပါမယ်” ဖန်ရူယန် ရယ်မောကာ သူမ၏ စကားများကို အလေးအနက် ထားရတော့မည်လားဆိုသည်ကို မသိတော့ပေ “ငါမင်းကိုပေးတဲ့ ရောင်ဝါက မင်းမဖြေရှင်းနိုင်တဲ့ အခြေအနေ အကျပ်အတည်းရောက်တဲ့အချိန်ကျရင် အသက်ဝင်လိမ့်မယ်”
ငါခံစားမိရင် အသက်ဝင်လိမ့်မယ်… ထိုစကားများကို သူမ မပြောသော်လည်း ရှီမာယူယူ နားလည် သည်။
“အခွင့်အရေးရှိမယ်ဆိုရင် လွတ်လပ်သော ကောင်းကင်ကမ္ဘာကိုလာခဲ့…” ဖန်ရူယန် စကားဆုံးသည်နှင့် သူမ ပုံရိပ်သည် ဖျော့ဖျော့သွားကာ သူမရှေ့တွင်ပင် ပျောက်သွား လေသည်။
တစ်ချိန်တည်းမှာပင် အပြင်တွင်စောင့်ကြပ်နေသော ဖန်ဂျီအာလည်း ပျောက်သွား လေသည်။
ရှီမာယူယူ ပါးစပ်အဟောင်းသားဖြစ်ရာမှ ပိတ်လိုက်လေသည်။ သူမ လည်ချောင်းမှ မည်သည့်စကားလုံး မှ ထွက်မလာပဲ သူမပျောက်သွားသည်ကိုပင် ကြည့်နေခဲ့သည်။ ထိုသည်မှာ အဘိုးနတ်ဆိုးတို့ လေဟာပြင်အ ပေါက်ဖွင့်သည့် နည်းနှင့်မတူပေ။
သူမ ဘယ်လောက်သန်မာတာလဲ။
ဂျွန်ကျောင်းသည် အပြင်မှ အလျင်စလိုဝင်လာသည်။ သူသည် ဖန်ရူယန်၏ အရိပ်ကိုပင် မမြင်လိုက်ရ ပေ။
“ဂျွန်ကျောင်းနဲ့ ရွှန်းယွမ်ဆိုင် ယူယူကို ဂရုစိုက်ပေးပါ” ဖန်ရူယန်၏ အသံသည် ပဲ့တင်ကျန်ခဲ့လေသည်။
ဂျွန်ကျောင်းသည် လက်အုပ်ချီကာ ပြောလိုက်သည် “ရွှန်းယွမ်ဆိုင်က သခင်မကြီးရဲ့ ဆန္ဒကို ဖြည့်ဆည်း ပေးပါမယ်”
ဖန်ရူယန်၏ အသံသည် ထပ်ပြီး ထွက်မလာတော့ပေ။ သူမ ထိုအဖြေကို ကြားရသည် မကြားရသည် ကိုတော့ မသေချာတော့ပေ။
ဂျွန်ကျောင်းသည် ဘေးတွင် ကြက်သေသေနေသော ရှီမာယူယူအား ကြည့်လိုက်သည်။ “မိတ်ဆွေလေး ယူယူ ဒါက ရွှန်းယွမ်ဆိုင်ရဲ့ တံဆိပ်ပြားပဲ… ယူထားပါ ဒါက ရွှန်းယွမ်ဆိုင်ရဲ့ အင်အား တစ်ဝက်လောက်ကို အမိန့် ပေးနိုင်တယ်၊ ပြဿနာကြုံရမယ်ဆို သူတို့ကို သွားရှာလိုက်ပါ”
ကမ္ဘာဦးနယ်မြေတွင် ရွှန်းယွမ်ဆိုင်၏ နေရာမှာ သာမာန်မဟုတ်ပေ။ သူတို့ စံမံမှုသည် တင်းကျပ်သည်။ သာမာန်အကြီးအကဲလောက်ဆိုလျှင်တောင် ရွှန်းယွမ်ဆိုင်၏ အင်အားကို အမိန့်ပေးခွင့်မရှိပေ။
ဂျွန်ကျောင်း သူမကို တံဆိပ်ပြားပေးနေသည်ကို ရှီမာယူယူ ကြည့်နေသည်။ သူမ ကြောက်မိသည်။
“ဆိုင်သခင်ဂျွန် ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ…”
“မိတ်ဆွေလေးယူယူ ကမ္ဘာဦးနယ်မြေက အရမ်းကို အန္တရာယ်များပါတယ်၊ မင်းက အံ့ဖွယ်နတ်ဆိုး တောင်ကြားရဲ့ သခင်လေးဖြစ်ရင်တောင်မှ အံ့ဖွယ်နတ်ဆိုးတောင်ကြားက အတွင်းပိုင်းဒေသတွေပဲ လည်ပတ် တာပါ၊ ဒါပေမဲ့ အခုက အပြင်ပိုင်းဒေသမှာရောက်နေတာ မင်းသွားသမျှကိုလည်း ငါမလိုက်နိုင်ဘူး ဒါကိုယ်ထား တာ အကောင်းဆုံးဖြစ်မှာပါ” ဂျွန်ကျောင်း အကြောင်းပြချက်ပေးသည် “မင်းလည်း သခင်မကြီးရဲ့ စကားတွေကို ကြားမှာပါ၊ မင်းမှာ တစ်ခုခုဖြစ်ရင် ငါတို့ သူမကို ဘယ်လိုပြောမလဲ”
“အဒေါ်ဖန်က ရွှန်းယွမ်ဆိုင်ကလူမှမဟုတ်တာ” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်တယ် ဒါပေမဲ့ သူမနဲ့ ရွှန်းယွမ်ဆိုင်နဲ့က ပတ်သတ်မှုရှိတယ်” ဂျွန်ကျောင်း အကြောင်းပြချက်ပေး သည် “မင်းဒါကို ယူထားလိုက်ပါ ဒီအဘိုးကြီးက မင်းကို ၂၄နာရီ ၇ရက်လုံးလိုက်နိုင်ရင်တောင် မင်းလုံခြုံရေးကို အာမမခံနိုင်ဘူး”
ရှီမာယူယူ နှုတ်ခမ်းတွန့်လိုက်သည်။ ဂျွန်ကျောင်းက သူမကို လူပျော့လူညံ့လို ဆက်ဆံနေတာလို့ ဘာလို့ ခံစားမိနေတာလဲ။ သူ့အပြုအမူသည် လေလံပွဲတုန်းကအတိုင်းပင်။ ဖန်ရူယန်၏ ရှေ့တွင်သာ လုံးဝကွဲပြားသွား ခြင်းဖြစ်သည်။
သို့သော် သူမ တံဆိပ်ပြားကို လက်ခံလိုက်သည်။ ထို့အပြင် သူတို့တွင် အကြောင်းပြချက်က ရှိနေပြီး ဖြစ် သည်။ သူမ လက်မခံလျှင် ထိုအဘိုးကြီးသည် အကြောင်းပြချက်မရှိ မိုးလင်းမိုးချုပ်လိုက်နေမည်။ ရွှန်းယွမ်ဆိုင်မှ လူများသည် အရူးတစ်မျိုး ပင်။
သူမသည် ဂျွန်ကျောင်းအား ကြည့်လိုက်သော်လည်း ရွှန်းယွမ်ဆိုင်နှင့် ဖန်ရူယွမ်တို့၏ ပတ်သတ်မှုကို မမေးပေ။ ထိုအဘိုးကြီးသည် လူရှုပ်ဖြစ်လိမ့်မည်ဟု သူမအား သတိပေးနေ သလိုပင်။ သို့သော် သူသာ ဖန်ရူယန် နှင့်အတူ အပြင်ပိုင်း ဒေသ၏ ဆိုင်သခင်ဖြစ်လာပါက သူ၏ အပြင်ပိုင်းပုံစံနှင့် တူတော့မည်မဟုတ်ဟု သူမ ယုံ ကြည်သည်။
“ဆိုင်သခင်ဂျွန် အဒေါ်ဖန် ထွက်သွားပြီဆိုမှတော့ ယူယူ ဆက်ပြီးမနှောင့်ယှက် တော့ပါဘူး” သူမ ဂျွန်ကျောင်းအား ပြောလိုက်သည်။
“မိတ်ဆွေလေးယူယူ ဒီဟာပြီးရင် ဘာလုပ်မယ်လို့ စိတ်ကူးထားလဲ” ဂျွန်ကျောင်း မေးလိုက်သည်။
မေးရခြင်းမှာ သူပြင်ဆင်ထားရန်ဖြစ်သည်။ ဖန်ရူယမ်၏ ထွက်သွားခင် အပ်နှံမှုမှာ သူမ ဘဝကို တန်ဖိုး ကြီးစေသည်။
“နောက် ၂လာကြာရင် ကောင်ကင်ဂိုဏ်းက လူသစ်စုဆောင်းမယ့်အချိန်ပဲ ကျွန်တော် ကြိုးစားကြည့် မလို့” ရှီမာယူယူ ပြောလိုက်သည်။
“အင်း အဲနေရာက ကောင်းပါတယ် အဲနေရာကို ဝင်သွားတဲ့လူတွေလည်း တော်ကြတယ်၊ မင်း သွားချင် တယ်ဆိုရင် ဒုက္ခခံစရာမလိုပါဘူး ငါ မင်းကိုထောက်ခံ စာရေးပေးလိုက်မယ် မင်းအဲဒါကို သင်ကြားရေးကြီးကြပ် သူဆီယူသွားရုံပဲ” ဂျွန်ကျောင်းသည် ပြောရင်းနှင့် စာရွက်နှင့်မှင်တံထုတ်ကာ ထောက်ခံစာကိုရေးပေးလေသည်။
ရှီမာယူယူသည် သူ၏ သွက်လက်မှုကို ချီးကျူးမိသည်။ သူမ မပြောရသေးခင်မှာပင် သူ ပြင်ဆင်ပြီးနေ ပြီ။
“ဆိုင်သခင်ဂျွန်ကို ကျေးဇူးတင်ရတော့မှာပဲ”
သူမသည် လက်ရှိတွင် အားနည်းကာ တိုင်းပြည်အတွင်းသွားလာခြင်းသည် အန္တရာယ်များခြင်းကြောင့် သူမကို ကောင်းကင်ဂိုဏ်းသို့သွားစေလိုခြင်းဖြစ်သည်ကို သူမ မသိပေ။ သူမသာ ကောင်းကင်ဂိုဏ်းတွင် နေထိုင် ပါက သူ၏ ရွှန်းယွမ်ဆိုင်အနေနှင့်လည်း အချိန်ကာလတစ်ခုလောက် သူမအတွက် စိုးရိမ်ပေးရန်မလိုပေ။ သူမ ထွက်သွားမည့်အချိန် အပေါ်မူတည်၍ သူမ အရည်အချင်းနှင့် အင်အားသည် ကောင်းကင်နှင့်မြေကြီးကဲ့သို့ ပြောင်းလဲသွားနိုင်သည်။
“ရပါတယ် ရပါတယ် ငါလည်းကောင်းကင်ဂိုဏ်းကိုသွားမှာပဲ၊ ငါတို့အတူသွားကြမလား” ဂျွန်ကျောင်း စောင်းကြည့်ကာ မေးလေသည်။
“ကျွန်တော် ကောင်းကင်ဂိုဏ်းကိုမသွားခင်ကို ဆောင်းဦးလမြို့ကိုသွားရဦးမယ်၊ ဆိုင်သခင်ဂျွန်နဲ့ အတူ မသွားနိုင်ဘူးထင်တယ်” ရှီမာယူယူ ယဉ်ကျေးစွာပင် ငြင်းဆန်လိုက်သည်။
“နှမြောစရာပဲ” ဂျွန်ကျောင်းသည် နှမြောကြောင်းပြောလေသည်။
သူ့အမူအရာအားတွေ့သောအခါ ရှီမာယူယူ စိတ်မကောင်းဖြစ်သွားသည်။ သို့သော် သူမသည် အမှန် တကယ်ပင် ဆောင်းဦးလမြို့တော်သို့ သွားရမည်ဖြစ်သည်။
ဘေဂုံထန်နှင့် တခြားလူများထွက်သွားသည်မှာ ၂လနီးပါးကြာပြီဖြစ်ကာ သတင်း အစအနမရပေ။ ထို့ကြောင့် သူမစိုးရိမ်လာကာ သူမကိုယ်တိုင် သွားကြည့်ရန်ဆုံးဖြတ် ထားသည်။