← Chapters

မင်းသားကြီးအိမ်တော်

Vol. 012 Ch. 1142

မင်းသားကြီးအိမ်တော်

Vol. 012 Ch. 1142

မင်းသားကြီးအိမ်တော်၌ ရွှေစေတီကြီး အောက်တွင် ရီဖူရှင်းတစ်ယောက် အကျဉ်းချ ခံထားရ၏။

စေတီထိပ်မှ မဟာလမ်းစဉ်၏ အရှိန်အဝါက သူ့ခန္ဓာပေါ်သို့ ဖြန့်ကြက်ကာ ဖိနှိပ်ထားသည်။ သူက မြေပြင်ပေါ်တွင် ထိုင်နေပြီး သွေးစီးကြောင်းက သူ့ပါးစပ်ထောင့်နားမှ စီးကျလာသည်။ စေတီထိပ်ဖျားမှ ဖြာကျနေသည့် တောက်ပသည့် ရောင်စဉ်တန်းများသည် သူ့ကို မတ်မတ်ပင် မထိုင်နိုင်လောက်အောင် ပြုလုပ်ထား၏။

ဓားအသိများက သူ့ခန္ဓာကိုယ်ပေါ်တွင် စီးဆင်းနေဆဲဖြစ်ကာ သူ့မျက်ဝန်းများ သည်လည်း ထက်ရှနေဆဲဖြစ်၏။ သူ၏ မျက်လုံးများက ရှေ့တည့်တည့်ဆီသို့ စူးစိုက် ကြည့်နေသည်။

မင်းသားကြီး အိမ်တော်ရှိ တန်ခိုးရှင်များက ထိုနေရာတွင် ရပ်နေကြသည်။

ရွှေရောင် မြွေအရေခွံဝတ်ရုံ ဝတ်ဆင်ထားသော တည်ငြိမ် ခန့်ညားသည့် အသွင်ရှိ သက်လတ်ပိုင်း လူကြီးသည် ရှေ့ဆုံးတွင် ရှိနေသည်။ ပြင်းထန်လှသည့် လူသတ်ငွေ့တွေက သူ့မျက်လုံးမှ ထွက်ပေါ်နေပြီး သူက ရီဖူရှင်းအား အေးစက်စွာ စိုက်ကြည့် နေသည်။

ထိုလူမှာ လီကျွမ်း၏အဖေ ဖြစ်သည့် မင်းသားကြီး၏သား လီကျင့် ဖြစ်သည်။

ရီဖူရှင်းဆိုသည့် သည်လူက သူ၏ အငယ်ဆုံးသားကို သတ်ပစ်လိုက်သည်။

လီကျွမ်းက အသုံးမကျသည့်သား မှန်သော်ငြား၊ သူ၏ တန်ခိုးကျင့်ကြံသည့် အရည်အချင်းက လီစု အောက်နိမ့်ကျသည့်တိုင် သူ၏သားပင် မဟုတ်ပါလား။

ထို့အပြင် လီကျွမ်း၏ အချို့သော အတွေးအကြံများမှာ သူ၏ လွှမ်းမိုးမှုများစွာ ပါဝင်ပေသည်။

သည်ကိစ္စတွင် လီကျွမ်း အသက် ဆုံးရှုံးမည်ဟု မည်သူမှ မထင်ထားခဲ့ကြ။

ရှန့်ထိုအဆင့် အောက်တွင် ပြိုင်ဘက်ကင်းသည်ဟု နာမည် ကျော်ကြားသော သတ္တမဓားသည် မင်းသားကြီး၏ မြေးတော် လီကျွမ်းအား ဘုရင့်မိသားစုဝင်များ ရှေ့မှောက်၌ပင် သတ်ဖြတ်ခဲ့၏။

သူ့၏လက်ကို ဆန့်ထုတ်လိုက်လျှင် ကြောက်မက်ဖွယ် ကောင်းသည့် ရှန့်ထိုစွမ်းအားများသည် စေတီထက်မှ ကျဆင်းလာခဲ့၏။ လီကျင့်က လက်ကို ဝေ့ယမ်းလိုက်လျှင် ကြားသာရုံ လေတိုးသံတစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်၏ အာဏာစက်သည် သူ့အပေါ်သို့ ပြိုကျလာသကဲ့သို့ ရီဖူရှင်း ခံစားလိုက်ရပြီး မြေပြင်သို့ လဲကျလုနီးပါး ဖြစ်သွားကာ နောက်ထပ် ပါးစပ်အပြည့် သွေးတစ်ပွက်အား အန်ထုတ် လိုက်ရပြန်၏။

သူ့ နှုတ်ခမ်းထောင့်စွန်းက မထီလေးစားဟန်ဖြင့် ကွေးညွတ်နေကာ လီကျင့်ကို အေးစက်စွာပင် ပြန်ကြည့်နေသည်။

သူက လီကျွမ်းကို သတ်ဖို့ ဆုံးဖြတ်လိုက်ခြင်းသည် လီကျွမ်းက သူ့အပေါ် သေစေချင်လိုသည့် အကြောင်းပြချက် တစ်ခုတည်းကြောင့် မဟုတ်သလို သွေးပူနေသည့် အနေအထားကြောင့်လည်း မဟုတ်ပေ။

အခြား အကြောင်းပြချက် နှစ်ခု ရှိသည်။ တစ်ခုမှာ လီယောင်နှင့် အခြားသူများကြား၌ စိတ်ဝမ်းကွဲစေလို၍ ဖြစ်ကာ ဒုတိယတစ်ခုမှာ တော်ဝင်အကြံပေး အမတ်အိမ်တော်ကြောင့် ဖြစ်သည်။ ဘုရင့်မိသားစုနှင့် တော်ဝင်အကြံပေးရဲ့ ကြား၌ အဆင်မပြေသည့် အကြောင်းများ ရှိနေပြီးဖြစ်ကာ ထိုမီးကို ပိုတောက်လောင်စေရန် ဆီလောင်းဖို့ရာ သူ ရည်ရွယ်၏။ သည်ကိစ္စကြောင့် အင်ပါယာလီက တော်ဝင်အကြံပေး အမတ်ကို စွန့်ပစ်လိုက်လျှင်၊ ထိုသို့ စွန့်ပစ်ခြင်းက တော်ဝင်အကြံပေး အမတ်အိမ်တော်ကို ထိခိုက်မှုများ ရှိလာနိုင်သည် ဆိုလျှင်ပင် သူ ဂရုမစိုက်ပေ။ သို့သော် ရီဖူရှင်းက တော်ဝင်အကြံပေး အမတ်အိမ်တော်နှင့် ရန်သူများ ဖြစ်သွားကြမည်ကိုတော့ မလိုလားချေ။

တာလီမင်းဆက်၌ တော်ဝင်အကြံပေး အမတ်၏ အဆင့်အတန်းဖြင့် ဆိုလျှင် နောက်ပိုင်းတွင် တာလီက ရီဖူရှင်း၏သရုပ်မှန်ကို သိသွားပြီး အဖြစ်အပျက် တစ်ခုလုံးကို ခြုံငုံသုံးသပ်မိသောအခါ အင်ပါယာလီပင်လျှင် တော်ဝင်အကြံပေး အမတ်အား အပြစ်တင်နိုင်တော့မည် မဟုတ်တော့။

မည်သို့ဆိုစေ တော်ဝင်အကြံပေး အမတ်အိမ်တော်သည်လည်း ရီဖူရှင်း၏ လှည့်စားခြင်းကို ခံခဲ့ရခြင်း မဟုတ်ပါလား။ အဆိုးဆုံး အခြေအနေမှာ တာလီနိုင်ငံရေး မငြိမ်မငြိမ်မသက်မှုများ ပိုများလာစေခြင်းသာ ဖြစ်ပေမည်။

“မင်းက ခွင့်လွှတ်ဖို့ မတောင်းဆိုဘူးလား” လီကျင့်က ရီဖူရှင်းကို ကြည့်ကာ သူ့လက်ကို ထပ်မြှောက်လိုက်သည်။ နောက်တစ်ကြိမ် မိုးခြိမ်းသံကဲ့သို့ အသံထွက်ပေါ်လာပြီး စေတီမှ ရောင်စဉ်တန်းများ ဖြာကျလာပြန်သည်။ ရီဖူရှင်းမှာ နောက်ထပ် သွေးတစ်လုတ် အန်လိုက်ရပြန်၏။

လီကျင့်သည် ရီဖူရှင်းကို ကိုယ်တိုင်သတ်ရန် ဆန္ဒမရှိပေ။ သူက မောက်မာလှသည့် ဓားသမား၏ မာန်စွယ်ကို ချိုးနှိမ်ချင်ရုံသာ ဖြစ်၏။

ဓားသမား တစ်ယောက်၏ဓားက ကွေးကောက် သွားသောအခါ သူ မည်သို့ ရှေ့ဆက်နိုင်မလဲကို လီကျင့် မြင်လို၏။

“ခင်ဗျား ဒီပြဿနာရဲ့ အတိမ်အနက်ကို သိသင့်တယ်။ တကယ်လို့ ကျုပ်က မင်းသားကြီး အိမ်တော်မှာ အချုပ်ကျနေတုန်း သေသွားတာတို့ ဒုက္ခိတ ဖြစ်သွားတာတို့များ ဖြစ်ခဲ့ရင် တော်ဝင်အကြံပေး အမတ်အိမ်တော်က ဘယ်လို တွေးမယ်ထင်လဲ။ မင်းသားကြီး အိမ်တော်က အကြံပေးအမတ်ရဲ့ တပည့်ကို သတ်တယ်ဆိုရင် အရှင်မင်းကြီးကရော ဘယ်လို တွေးလိမ့်မလဲ” ရီဖူရှင်းက လီကျင့်ကို မေးလိုက်သည်။

“ဒါဆို မင်းသားကြီးရဲ့ မြေးတော်ကို သတ်လိုက်တဲ့ မင်းကိုရော ဘယ်လို လုပ်သင့်လဲ”

“ခင်ဗျားသားကိုက တုံးအတာလေ။ သူက ကျုပ်ကို သတ်ဖို့ကြိုးစားပေမဲ့ အဲဒီအစား သူပဲ အသတ်ခံလိုက်ရတာ။ ခင်ဗျားက ခင်ဗျား ကလေးတွေကို ဘာတွေသင်ပေးပြီး ဘာတွေမသင်ပေးခဲ့ဖူးလဲ ဆိုတဲ့ အကြောင်းကို စဉ်းစားသင့်တယ်” ရီဖူရှင်း ဆက်ပြောလိုက်လျှင် မင်းသားကြီး အိမ်တော်မှ လူများသည် သူ့အား အစိမ်းလိုက် ဝါးစားမတတ် စူးစူးဝါးဝါး စိုက်ကြည့် ကုန်ကြတော့၏။

ဤဓားသမားက ကိုယ့်ကိုယ်ကိုယ် စိတ်ကြီးဝင်လွန်း လှသည်။

“တော်ဝင်အကြံပေး အမတ်ရဲ့တပည့် ရန်ယွင် အလည်အပတ် ရောက်ရှိ လာပါတယ်”

အသံတစ်သံကို ကြားလိုက်ရပြီး ထိုအသံသည် ကျယ်လောင်ခြင်း မရှိသော်လည်း အိမ်တော်ဝင်း တစ်ခုလုံးကိုတော့ ကောင်းကောင်း ကြားရစေရန် လုံလောက်ပေသည်။

“ဒီလောက် မြန်လား” မင်းသားကြီး အိမ်တော်မှ လူများက တိုးတိုးတိတ်တိတ် ရေရွတ် လိုက်ကြသည်။ သူတို့ ရောက်ပြီး ဘယ်လောက်မှ မကြာသေးခင် ရန်ယွင်က ရောက်ရှိလာခဲ့၏။

သူတို့ ဘာမှ မပြောရသေးမီ ခဏအတွင်း၌ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးနိုင်သည့် ကြီးမားသော အရှိန်အဝါသည် သူတို့ကို ရှေးရှု၍ ရောက်ရှိလာ၏။

ရန်ယွင်က သူ၏ စိတ်စွမ်းအားကို အိမ်တော်အတွင်းသို့ ဖြန့်ကြက်၍ ရီဖူရှင်းကို ရှာဖွေလိုက်ခြင်း ဖြစ်သည်။

ဤသည်က လာရောက် လည်ပတ်ခြင်းတဲ့လား။

မင်းသားကြီး အိမ်တော်အတွင်းသို့ ထောက်လှမ်းရန် စိတ်စွမ်းအား အသုံးပြုခြင်းသည် ရိုင်းစိုင်းလှသည့် အပြုအမူဟု သတ်မှတ်နိုင်သော်လည်း ရန်ယွင်က ထိုသို့ ပြုလုပ်ခဲ့လေသည်။ သူသည် ထိုသို့ စိတ်စွမ်းအား ဖြန့်ကြက်ရုံပင်မဟုတ်ဘဲ သူ၏ ကြီးမားသော အရှိန်အဝါကိုလည်း သူတို့အပေါ်တွင် လွှမ်းခြုံ ထားသေး၏။

မည်သူကမှ အိမ်တော်ထဲ ဝင်ခွင့်ပြုသည်၊ မပြုသည်ကို အကြောင်း မပြန်ရသေးခင် ရန်ယွင်အပါအဝင် လူရိပ်သုံးခုသည် လေထုအတွင်းမှ အိမ်တော်ထဲသို့ တစ်ခဏအတွင်း ဝင်ရောက် လာခဲ့ကြ၏။

ရောက်ရှိလာသည့် လူသုံးယောက်မှာ ရန်ယွင်၊ နန်ကျိုင်းနှင့် ချွန်းယန်တို့ ဖြစ်၏။

သူတို့ ရောက်ရှိလာသည်နှင့် စေတီအောက်ခြေ၌ အကျဉ်းချခံထားရသည့် ရီဖူရှင်းကို လှမ်းကြည့်လိုက်ကြကာ သူတို့၏မျက်လုံးများက အေးစက် လာခဲ့ကြ၏။

လီကျင့်တို့ကလည်း ရန်ယွင်တို့အား အေးစက်စွာ ကြည့်ကြသည်။

လီစုက အရှေ့သို့ လျှောက်သွားပြီး ရန်ယွင်ကို ကြည့်ကာ အေးစက်စွာ မေးလိုက်သည်  ... “ဆရာသခင်က မင်းသားကြီး အိမ်တော်ကို ကျူးကျော် ဝင်ရောက်လာတာ နည်းနည်းများ မယဉ်ကျေးရာ မရောက်ဘူးလား”

ရန်ယွင်က လီစုကို ကြည့်၍ မေးလိုက်သည်  ... “အနောက်တောင်ကုန်းမှာ ပြဿနာ ဖြစ်တဲ့အချိန် မင်းလည်း ရှိနေတယ်မလား”

လီစု မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်  ... “ဟုတ်တယ်”

ရန်ယွင် သူ့လက်တစ်ဖက်ကို မြှောက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်နှင့် မြေကြီးအကြားမှ မွေးဖွားလာသကဲ့သို့ လေးလံသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာကာ ထိုအရှိန်အဝါအောက်၌ အားလုံးသည် အသက်ရှူ ရပ်တန့်သွားမယောင် ခံစားလိုက်ကြရ၏။

ရန်ယွင်က သူ့လက်ကို ဆန့်ထုတ်ကာ လီစုကို ရွယ်၍ လေထဲ၌ ကုပ်ဆွဲသည့် ပုံစံပြုလုပ်လိုက်၏။ မည်သူမှ မတုံ့ပြန်နိုင်ခင်မှာ ထိုမထူးခြားသည့် လှုပ်ရှားမှုသည် ဧရာမလက်ဝါး တံဆိပ်တော်တစ်ခု ဖြစ်ပေါ်လာပြီး လီစု အနားဝန်းကျင်ကို ပိတ်ဆို့ ထားလိုက်လေသည်။ လီစု သတိထားမိသည့် အချိန်တွင် သူ မလှုပ်ရှားနိုင်တော့ပေ။

သူ၏ တန်ခိုးကျင့်ကြံခြင်း အဆင့်မှာ ရှန့်ထိုပထမအဆင့် - နတ်ဘုရား ဆေးကြော သန့်စင်ခြင်း အဆင့်၌သာ ရှိသေးသည်။

ရန်ယွင်၏ တန်ခိုးအဆင့်မှာ ရှန့်ထိုတတိယအဆင့် - သံသယကင်းစင်ခြင်း အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကာ တာလီတွင် ထိုအဆင့်ကို အသန်မာဆုံး တန်ခိုးရှင်ဟုပင် ပြော၍ ရနေပြီ ဖြစ်သည်။

ယင်းအဓိပ္ပာယ်မှာ ပြန်လည် မွေးဖွားခြင်းအဆင့် အနည်းငယ်မှအပ တာလီတွင် ရန်ယွင်သည် ထိပ်ဆုံးအဆင့်၌ ရပ်တည်နိုင်လေသည်။

ထိုအချိန်၌ လီစုသည် မဟာလမ်းစဉ်၏ အရှိန်အဝါဆိုသည်ကို အမှန်တကယ် တွေ့ကြုံခံစားခဲ့ရပြီ ဖြစ်သည်။ သူက လေထဲမှာ ဆွဲယူခံလိုက်ရသည့် တစ်ချိန်တည်းမှာပင် ဖိအားဒဏ်ကိုလည်း ခံနေရ၏။ သူသည် အတွေးတစ်ချက်ကဲ့သို့ လျင်မြန်သည့် အမြန်နှုန်းဖြင့် ခေါ်ဆောင် ခံရခြင်း ဖြစ်သည်။

“ရန်ယွင်…” လီကျင့်က ရှေ့သို့ ခြေလှမ်းတိုးလိုက်ကာ သူ့ထံမှလည်း သံသယကင်းစင်ခြင်း အဆင့်စွမ်းအားများ ပေါက်ကွဲ ထွက်လာသည်။ သူ့အနီးဝန်းကျင်တွင် ကြောက်မက်ဖွယ် အရှိန်အဝါစက်ကွင်း ဖြစ်ပေါ်လာကာ သူသည်လည်း ရန်ယွင်ကဲ့သို့ပင် အနားဝန်းကျင်ရှိ လူများကို အသက်ရှူ ကျပ်စေ၏။

သို့သော်လည်း နန်ကျိုင်းနှင့် ချွန်းယန်တို့သည် မည်သည့်စွမ်းအားမှ မဖော်ထုတ်ဘဲ ဘေးတစ်ဖက် တစ်ချက်စီမှ ရှေ့သို့ ခြေလှမ်း အနည်းငယ်သာ တိုးလာကြသည်။

မုချွန်းယန်မှာလည်း သံသယ ကင်းစင်ခြင်း အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ကာ နန်ကျိုင်းသည်တော့ မိမိကိုယ်ကို သိမြင်နားလည်ခြင်း အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

“မင်းက ရှန့်ထိုသားရဲနဂါးနက်ကို ကျုပ် ညီလေးဆီ သွေးဆောင် ခေါ်လာတဲ့သူလား” ရန်ယွင်၏အသံက တည်ငြိမ် အေးဆေးနေ၏။ လီစုမှာ အရူးသဖွယ် ရုန်းကန်နေသော်လည်း သူက ချိုးဖောက်ကာ လွတ်မြောက်နိုင်ခြင်း မရှိပေ။ သူသည် တန်ခိုးကျင့်ကြံခြင်း၏ မြင့်မားသော အဆင့်တစ်ခုဖြစ်သော ရှန့်ထိုအဆင့်ကို ရောက်ရှိပြီး ဖြစ်သော်လည်း အခုချိန်တွင် ကလေးသူငယ် တစ်ယောက်အလား ညှဉ်းပန်းနှိပ်စက် ခံနေရ၏။

“အဲဒါ မတော်တဆ ဖြစ်သွားတာပါ”

“ကျုပ် ကြားတာတော့ ကျုပ်ညီငယ်က ရှန့်ထိုသားရဲတွေနဲ့ တိုက်ခိုက်နေတဲ့ အချိန်မှာ မင်းတို့ အကုန်လုံးက ရပ်ကြည့် နေကြတယ်ဆို။ ပြီးတော့ မင်းအနားကို ရောက်လာတဲ့ အချိန်မှာ မင်းတို့အားလုံးကို သူ့ကို တိုက်ခိုက်ခဲ့ကြတယ်။ အဲဒါကရော မတော်တဆပဲလား” ရန်ယွင်က ထပ်မေးလိုက်သည်။

လီစုက မည်သို့မှ ပြန်မဖြေနိုင်။ သူ့မျက်နှာမှာလည်း ပျက်ယွင်း လာနေ၏။

“ပြီးတော့ မင်းက စစ်ဆေးမှု လုပ်ချင်နေတယ်လို့လည်း ကျုပ် ကြားသေးတယ်” ရန်ယွင် ပြောလိုက်သည်  ... “နဂါးနက်က မင်းနဲ့ ပတ်သက်မှု ရှိရှိ မရှိရှိ ဒီတစ်ခု(တိုက်ခိုက်ခြင်း)ကပဲ ကျုပ်ရဲ့ ညီငယ်ကို မင်းတို့ ကြံစည်ခဲ့ကြတယ် ဆိုတာကို ရှင်းနေပြီပဲမလား။ ဘာတွေများ ထပ်ပြီး စုံစမ်းဖို့ လိုသေးလို့လဲ”

ထိုအချိန်တွင် လေထုထဲမှနေ၍ လူများ ထပ်မံ ရောက်လာကြသည်။ သူတို့အားလုံးမှာ မင်းသားကြီး အိမ်တော်မှ စွမ်းအားမြင့် တန်ခိုးရှင်များ ဖြစ်ကြသည်။ လီကျင့်၏ မျိုးဆက်မှ တန်ခိုးရှင်များမှာ မိမိကိုယ်ကို သိမြင်ခြင်း အဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်ကာ ထိုအထဲမှ နောက်တစ်ယောက်မှာ သံသယကင်းစင်ခြင်း အဆင့် ဖြစ်လေသည်။ ထိုလူစု၏ အင်အားသည် ကြောက်မက်ဖွယ်၏။

“ရန်ယွင်  ... မင်း သိပ်ကို လွန်နေပြီ” တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“ညီလေး  ... စေတီက မင်းကို ဘယ်နှကြိမ် ဖိအားပေးခဲ့သလဲ” ရန်ယွင်က စေတီအောက်မှ ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။

“နှစ်ဆယ့်ခုနစ်ကြိမ်” ရီဖူရှင်းက ပြန်ဖြေလိုက်၏။

ရန်ယွင် သူ့လက်ကို မြှောက်လိုက်ကာ လက်ဝါး တံဆိပ်တော်တစ်ခု ဖန်တီးလိုက်ပြီး ထိုလက်ဝါးမှတံဆိပ်မှ နှစ်ဆယ့်ခုနစ်ခုသော လက်ဝါးပုံရိပ်များအဖြစ် ပြောင်းလဲသွားကာ လီစု၏ ခန္ဓာကိုယ်ပေါ်သို့ တဘုန်းဘုန်း ကျဆင်းလာခဲ့သည်။

ဖူး…

လီစုက ပါးစပ်အပြည့် သွေးတို့ အန်ထုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ်က လေထုထဲမှ ပြုတ်ကျလာကာ မြေပြင်ကိုပင် အက်ကွဲသွားစေခဲ့ပြီး အရိုးနှင့်အရွတ်တို့သည် ကျိုးကြေမွ သွားခဲ့ဟန်ရှိသည်။

“အရင်တစ်ခေါက် တာလီကျောင်းတော် အပြင်မှာ ကျုပ် ညီငယ်နဲ့ လီကျွမ်း ခိုက်ရန်ဖြစ်တော့ လီကျွမ်းက သူ့အသက်နဲ့ ကျိန်ဆိုခဲ့တယ်။ အခု သူသေပြီဆိုတော့ ဒီကိစ္စရပ်တစ်ခုလုံးက သူ့တာဝန်လို့ပဲ ကျုပ် သတ်မှတ်တယ်။ မင်းသားကြီး အိမ်တော်က လူတွေ ဒီပြဿနာရပ်မှာ ဘာမှ မပတ်သက်ဘူးလို့ ကျုပ် ယူဆတာမို့လို့ ဒီကိစ္စကို ထပ်ပြီးတော့ မစုံစမ်းတော့ဘူး”

ရန်ယွင်က ရှေ့သို့ တိုးကာ ရီဖူရှင်း ရှိရာသို့ လျှောက်လာပြီး ပြောလိုက်သည်  ... “ကျုပ် သူ့ကို ခေါ်သွားမယ်”

ရန်ယွင် ရှေ့သို့ တိုးလာသည်ကို မြင်လျှင် လီကျင့်သည်လည်း ကောင်းကင်ကိုပင် ထိုးဖောက်တော့မတတ် မောက်မာခြင်းဖြင့် ရှေ့သို့ ထပ်တူတိုးလာသည်။ သူ့ပုံစံမှာ အာဏာစက်ပြင်းသော အရှိန်အဝါများ ပြည့်နှက်နေသည့် ဒေါသနဂါးတစ်ကောင် အသွင် ဖြစ်နေပေသည်။

လူနှစ်ဦးသည် အချင်းချင်း ရှေ့သို့ လှမ်းလာနေကြပြီး သူတို့၏ ပြင်းထန်လှသည့် စွမ်းအားများကြောင့် အနီးဝန်းကျင်တစ်ခွင်တွင် လေပြင်းများ တိုက်ခတ် ရစ်ပတ်လာ၏။ လေထုအတွင်းမှ တိုးသဲ့သော အသံများလည်း ဖြစ်ပေါ်လာသည်။ ထိုအသံများမှာ အချိန်မရွေး ပေါက်ကွဲတော့မယောင် ထိတ်လန့်ဖွယ် အရှိန်အဝါနှင့် ဖိအားများ ဖြစ်ပေါ်လာနေ၏။

လူနှစ်ယောက်မှာ အချင်းချင်း နီးကပ်လာပြီး အရှိန်အဝါများမှာလည်း ပို၍ ပို၍ အားကောင်း လာသည်။ လူတိုင်းသည် ထိုမြင်ကွင်းကို တိတ်ဆိတ် ငြိမ်သက်စွာဖြင့် စောင့်ကြည့် နေကြ၏။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ကိုယ်ပိုင်စွမ်းအားကို ဖိနှိပ်ပြီးမှ ရင်ဆိုင်နေကြသည်ကို သူတို့အားလုံး သိကြသည်။ အကယ်၍သာ သူတို့၏ စွမ်းအားများကို ဖွင့်ထုတ်ပြီး အမှန်တကယ် တိုက်ခိုက်ခဲ့လျှင် မင်းသားကြီး အိမ်တော်သည် တစ်ခဏအတွင်း အပျက်အစီးပုံ ဖြစ်သွားပေလိမ့်မည်။

နောက်ဆုံးတွင် သူတို့ အချင်းချင်း နီးကပ်လာပြီး လက်ဝါးများကို ဆန့်ထုတ်ကာ ရိုက်လိုက်ကြ၏။

နှစ်ယောက်လုံးထံမှ လက်ဝါးပုံရိပ်များ၏ ဖိအား အရှိန်အဝါများသည် ဘေးပတ်ဝန်းကျင်အား ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့ရာ မင်းသားကြီး အိမ်တော်မှ တန်ခိုးရှင်များမှာ ရပ်နေသည့် နေရာမှ နောက်သို့ ခုန်ဆုတ်ရှောင်တိမ်း လိုက်ကြရ၏။

မြေပြင်တွင် အက်ကွဲကြောင်းများ ပေါ်လာပြီး ဘေးပတ်ပတ်လည်သို့ အထိ ကျယ်ပြန့်သွားခဲ့သည်။ သူတို့ ခြေထောက်အောက်မှ မြေပြင်သည် ပေါက်ကွဲထွက်ကာ ဖုန်မှုန့်များ လွင့်ပျံ့လာ၏။

ရန်ယွင်က ရှေ့သို့ ဆက်တိုးလာခဲ့လျှင် သူ၏လက်ဝါးမှ ရောင်စဉ်တန်းများသည် သူ့ရှေ့မှာ အရာရာကို ဖျက်ဆီးတော့မလို ပေါက်ကွဲ ထွက်လာ၏။

ဘန်း …

လီကျင့်ခန္ဓာကိုယ်သည် အနောက်သို့ လွင့်စဉ်သွားခဲ့ကာ ခြေထောက်က အားပြု၍ မြေပြင်၌ ဟန်ချက်ထိန်းရန် ကြိုးစားခဲ့ရာ မြေပြင်၌ နက်ရှိုင်းသည့် စွတ်ကြောင်းအဖြစ် ကျန်နေခဲ့၏။

“မင်းက ဘာပဲဖြစ်ဖြစ် အတင်း ခေါ်သွားတော့မှာလား”  လီကျင့်က တာလီနန်းတွင်း အကြံပေး အမတ်၏ တပည့်အကြီးဆုံး ရန်ယွင်ကို ကြည့်ကာ မေးလိုက်သည်။

“ကျုပ်တို့ရဲ့ ညီငယ်ကို အနောက်ဘက် တောင်ကုန်းမှာ အမဲလိုက်ဖို့ ဘုရင့်မိသားစုက ကိုယ်တိုင် ဖိတ်ကြားခဲ့တယ်။ ဒါကြောင့်ပဲ ကျုပ်တို့ကလည်း ဘာအစောင့်အရှောက်မှ မပါဘဲ သူ့ကို သွားခွင့်ပေးခဲ့တယ်။ ဒါက တော်ဝင်မိသားစုအပေါ် အကြွင်းမဲ့ ယုံကြည်ပေးလိုက်တဲ့ သဘောပဲ။ ဒါပေမဲ့ အနောက်တောင်ကုန်းမှာ ဖြစ်ခဲ့တာဟာ မတော်တဆ ဆိုတာထက် တစ်စုံတစ်ယောက်က စည်းကျော်လို့ ဖြစ်လာတဲ့ကိစ္စပဲ။ ကျုပ် အစောကတည်းက ပြောခဲ့တယ်။ ဒီကိစ္စက လီကျွမ်း တစ်ယောက်တည်း လုပ်တာလို့ ယုံကြည်ပြီးတော့ ဒီကိစ္စကို ဒီမှာ ကျေအေးပေးမယ်”

ရန်ယွင်က လီကျင့်ကို ကြည့်ကာ ဆက်ပြောလိုက်သည်  ... “ကျုပ်က ဒီကိစ္စကို ဆရာ့ဆီ အစီရင်မခံဘဲနဲ့ ကျုပ်ကိုယ်တိုင်ပဲ လာခဲ့တယ်။ မင်းသားကြီး အိမ်တော်က ဒီနေ့ ကျုပ်ကို ဟန့်တားမယ်ဆိုရင် နောက်တစ်ခေါက် ရောက်လာတဲ့သူက ကျုပ် တစ်ယောက်တည်း မဟုတ်တော့ဘူး။ ဒီကိစ္စကို ဒီမှာ မရပ်တန့်ရင် ပေးဆပ်ရမယ့် တန်ဖိုးအတွက် ခင်ဗျား အဆင်သင့် ဖြစ်ပြီလား”

လီကျင့် မျက်နှာတစ်ချက် ပျက်သွားသည်။ ရီဖူရှင်း မသေခဲ့သည့်အတွက် အရာအားလုံးက ရေစုန်မျောသွားခဲ့ခြင်း ဖြစ်ကြောင်း သူနားလည်သည်။ ထို့အပြင် သူက ရန်ယွင်ပြောသည့် စကားများက အမှန်တရား ဖြစ်ကြောင်းကိုလည်း သိသည်။ အကယ်၍ သည်ကိစ္စသည်သာ ပိုကြီးမားသော ပြဿနာအဖြစ် အသွင်ပြောင်းကာ တော်ဝင် အကြံပေးအမတ်နှင့် မင်းသားကြီးတို့ ထိပ်တိုက်တွေ့ကြလျှင် အင်ပါယာလီကိုပင် ပါဝင်ပတ်သက် လာစေခဲ့ပါက နှစ်ဖက်လုံး အခြေအနေ လှတော့မည် မဟုတ်ပေ။

မင်းသားကြီး အိမ်တော်က တော်ဝင်အကြံပေး အမတ်၏တပည့်ကို တိုက်ခိုက်ခဲ့ခြင်းအား တာလီပြည်သူများက မည်သို့ ထင်ကြမည်နည်း။

အရှင်မင်းကြီးကရော မည်သို့ ထင်မည်နည်း။

“သူ့ကို ခေါ်သွားခွင့် ပေးလိုက်” တည်ငြိမ်၍ သြဇာအာဏာ ပြည့်ဝသော အသံက ရုတ်တရက် ထွက်ပေါ်လာလျှင် လူတိုင်း တုန်လှုပ် သွားကြသည်။

အသံလာသည့် ဘက်သို့ ကြည့်ကာ လီကျင့် သူ့လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်သည်။

လီကျွမ်း ... သူ၏သနားစရာ ကောင်းသည့် သားလေးသည် အလဟဿ သေဆုံးခဲ့ရလေပြီ။

***

All Chapters